← Chapters

အစိမ်းရောင်ခေါင်းတလားဝဲ

Vol. 101 Ch. 1400

အစိမ်းရောင်ခေါင်းတလားဝဲ

Vol. 101 Ch. 1400

ပင်လယ်အိပ်မက်၏နတ်ဘုရားအာရုံသည် တစတစ ဖြာထွက်ပျံ့နှံ့နေ၏။ သူမခါးအောက်မှ အရာအားလုံး အလင်းမှုန်များအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ထိုစဉ် ... အလွန့်အလွန်ဝေးကွားသော တစ်နေရာ၌ လည်နေသော ဝဲတစ်ဝဲကို သူမ သတိထားမိလိုက်၏။

ဝဲသည် ပါရာဂွန်အင်မော်တယ်လောက တစ်ခါက ပိုင်စိုးခဲ့သော ဧရိယာထက်ပင် ကြီးမား၏။ ၎င်းအတွင်း၌ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ထုတ်လွှတ်နေသော ဖိအားနည်းတူ ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားတစ်ခုကို ခံစားရနိုင်သည်။

ထိုအထဲတွင် မယုံကြည်နိုင်ဖွယ်ရာအန္တရာယ်ကြီး ကိန်းအောင်းနေပြီး လည်နေသောဝဲ၏ အက်ကွဲကြောင်းများထဲမှတစ်ဆင့် ... အလယ်အကျဆုံးဧရိယာတွင် .... ခေါင်းတစ်လားတစ်ခုရှိကြောင်း မြင်လိုက်ရ၏။

ခေါင်းတလားသည် အစိမ်းရောင်ဖြစ်ပြီး အထဲ၌ အိပ်စက်နေသည့်အလား ထင်ရသော အမျိုးသမီးတစ်ဦး၏အလောင်း ရှိသည်။

ခေါင်းတလားဘေးတွင်တော့ ကျောက်စာတိုင်တစ်တိုင်။ ၎င်းအပေါ်တွင် ရေးထားသော စာတစ်ကြောင်းကို ပါရာဂွန်ပင်လယ်အိပ်မက် ဖတ်နိုင်သည်ဆိုရုံကလေး ဖတ်လိုက်နိုင်၏။

“ကြယ်တာရာကောင်းကင်ဟာ ငါ့အပေါ် အကြွေးတင်နေသလို... ငါလည်း မင်းအပေါ် အကြွေးတင်နေတယ်။ မင်းဟာ အိပ်စက်နေရာကနေ နိုးထလာနိုင်ပေမယ့် မထလာခဲ့ဘူး။ ဒါကြောင့် ... ဒီကြယ်တာရာကောင်းကင်ကို ... အာကာပြင်ကျယ်စကြဝဠာအဖြစ် ပြောင်းလဲပြီး အိပ်ပျော်နေတဲ့မင်းကို အ‌ဖော်ပြုစေမယ်”

ထိုဝဲသည် တောင်ပင်လယ်လောက၊ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကတို့နှင့် ဘာမှမသက်ဆိုင်သော နေရာတစ်နေရာဖြစ်သည်။ ၎င်းက အခြားကမ္ဘာတစ်ခု၊ မရေမတွက်နိုင်သောခေတ်များ ကုန်လွန်သွားသည်ကို မြင်တွေ့ခဲ့ရသော ကမ္ဘာတစ်ခုဖြစ်၏။ ကြည့်ရသရွေ့ ၎င်းကား အင်မော်တယ်နတ်ဘုရားကမ္ဘာသော်လည်းကောင်း၊ နတ်ဆိုးလောကသော်လည်းကောင်း မဖြစ်တည်ခဲ့ခင်ကတည်းက တည်ရှိခဲ့သယောင်ပင်။

အာကာပြင်ကျယ်စကြဝဠာ စတင်ဖြစ်တည်လာခဲ့သည့် အကြောင်းရင်းကလည်း ထိုကမ္ဘာကြောင့်သာ ဖြစ်နိုင်သည်။

ပင်လယ်အိပ်မက်သည် ဤအမျိုးသမီးကို တစ်ခါမှမမြင်ဖူးသော်လည်း သူမကို ကြည့်လိုက်လျှင်ချင်း သူမ၏စိတ်နှလုံးချာချာလည်သွားသည်။ ဤသည်မှာ တောင်ပင်လယ်လောက ... ရှင်သန်လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ရှာတွေ့နိုင်သောနေရာဖြစ်သည်ဟု သူမ ခံစားလိုက်ရ၏။

ဝဲ၏ပုံစံသည် ဆန်းပြား၏။

၎င်းတွင် အဖြူနှင့်အမည်း အရောင်နှစ်ရောင်သာ ရှိပြီး အချိန်ပြောင်းလဲမှော်အစွမ်းတစ်မျိုးလည်း ပါဝင်နေရာ ပါရာဂွန်ပင်လယ်အိပ်မက်မှာ ၎င်းကို ကြာမြင့်စွာ မစစ်ဆေးကြည့်နိုင်ပေ။ တခဏကြာသော် သူမ၏နတ်ဘုရားအာရုံသည် ကုန်ခမ်းခါနီးဖြစ်လာ၍ သူမက ၎င်းကို ပြန်ရုပ်သိမ်းလိုက်သည်။ ယခုတွင် သူမလည်ပင်းအောက်ရှိ အရာအားလုံး အလင်းမှုန်များ ဖြစ်သွားခဲ့လေပြီ။

“အဲဒီနေရာပဲ။ အဲဒီနေရာမှာ ... တောင်ပင်လယ်လောက အသက်ရှင်နိုင်မယ့် အခွင့်အရေးရှိလိမ့်မယ်” ပါရာဂွန်ပင်လယ်အိပ်မက် စိတ်လှုပ်ရှားစွာဖြင့် သူမနတ်ဘုရားအာရုံကို ပြန်ရုတ်လိုက်သည့်အခိုက်အတန့်မှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာက မလှမ်းမကမ်းတွင် ပေါ်လာသဖြင့် အာကာပြင်ကျယ်ကြီးမှာ တဝုန်းဝုန်းထစ်ချုန်းသွားသည်။

သို့ရာတွင် ပါရာဂွန်ပင်လယ်အိပ်မက်သည် သူမခေါင်းကို အလင်းမှုန်များအဖြစ် ပြောင်းလဲစေလျက် ပြုံးနေဆဲပင်။ ထိုအလင်းမှုန်များက လိပ်ပြာကြီးကို ‌တောင်ပင်လယ်ကျင့်ကြံသူများနှင့်အတူ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားစေသည်။

လိပ်ပြာကြီးသည် ဝုန်းခနဲ အရှိန်တင်၍ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် အလှမ်းကွာသွားသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာက ဇွဲကြီးကြီးဖြင့် ဆက်လိုက်နေဆဲပင်။

ပါရာဂွန်ပင်လယ်အိပ်မက်သည် အလင်းမှုန်များအဖြစ်သာ ကျန်ရှိတော့ပြီး အလင်းမှုန်များမှာ မှေးမှိန်စပြုလာနေချေပြီ။ သူမသည် သူမနတ်ဘုရားအာရုံဖြင့် ရှာတွေ့ခဲ့သော ဝဲထံသို့ လိပ်ပြာကြီးကို မြန်မြန်ဆန်ဆန် တွန်းပို့၍ ဖန်ရှုံ့ဖုန်းနှင့်မန်လီကိုလည်း အကြောင်းကြားလိုက်၏။

“အဲဒီကိုသွား... မျှော်လင့်ချက် အဲဒီမှာ ရှိတယ်”

လိပ်ပြာကြီးသည် လမ်းကြောင်းပြောင်းရင်း ပါရာဂွန်ပင်လယ်အိပ်မက် ညွန်ပြခဲ့သော အရပ်မျက်နှာသို့ လျင်မြန်စွာ ထွက်သွားတော့သည်။

ဤအခိုက်အတန့်တွင် ပါရာဂွန်ပင်လယ်အိပ်မက်ဖြစ်သည့် အလင်းမှုန်များသည် တစတစ မှေးမှိန်လာ၏။ လိပ်ပြာကြီး အဝေး၌ပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ် သူမက ပြုံးပြီး ဆုမွန်ကောင်းတောင်းပေးလိုက်သည်။

သူမသည် ‌ပါရာဂွန်အင်မော်တယ်လောက၏ နောက်ဆုံးတိုက်ပွဲပြီးကတည်းက ‌တောင်ပင်လယ်လောကကို စောင့်ရှောက်ပေးခဲ့သော ပင်လယ်အိပ်မက်ဖြစ်၏။ ယခုတော့ သူမ သေရတော့မည်။

ရွှေတုန်းလျှိုက တောင်ပင်လယ်လောကအတွက် မျှော်လင့်ချက်ပေးရန် သူ၏နောက်ဆုံးအသက်ဓာတ်ကို စတေးခဲ့သည်။ ယခုတွင် ပင်လယ်အိပ်မက်လည်း ထိုနည်းတူ လုပ်နေချေပြီ။ သူမသည် လောကသို့ လမ်းမှန်သို့ ညွှန်ပြဖို့ သူမအသက်ကို ပေးအပ်နေ၏။

“အစ်ကိုကြီးကိုးတံဆိပ်၊ ငါ အစ်ကိုကြီးတို့ဆီ လာနေပြီ......

“ငါက အားလုံးထဲမှာ အသုံးမကျဆုံးပဲ။ အဲဒီတုန်းကလည်း အသုံးမကျခဲ့ဘူး။ အခုလည်း အသုံးမကျဘူး။ ပါရာဂွန်မပြောနဲ့ အင်ပါယာသခင်တစ်ဦးကိုတောင် မသတ်နိုင်ခဲ့ဘူး... အမှိုက်လောက်တောင် အသုံးမကျခဲ့ပါဘူး

“တောင်ပင်လယ်လောကရဲ့ ကလေးတွေ.. မင်းတို့အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်” ပြုံးရင်း ပါရာဂွန်ပင်လယ်အိပ်မက်သည် ... ထာဝရ ပျောက်ကွယ်သွားလေပြီ။

လိပ်ပြာပေါ်ရှိ တောင်ပင်လယ်လောကသားများအနက် ခိတိဂဗ္ဗသာလျှင် သူမပျောက်ကွယ်နေသည်ကို မြင်ရ၏။ သူမ မရှိတော့သောအခါ သူ့မျက်ဝန်းများတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်လာသည်။

မန်ဟိုမှာတော့ လောလောဆယ်တွင် သူ့စိတ်ထဲရှိ ကမ္ဘာတွင် ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံပင်လယ်ကြောင့် သူသည် အင်အားကြီးမားသထက် ကြီးမားလာနေ၏။ သူ့ကို ဝန်းရံထားသော ဝိညာဉ်မီးအိမ်များအနက် ... စုစုပေါင်း အလုံး ၂၀ ငြိမ်းနေလေပြီ။

သူ့နဖူးပေါ်ရှိ ချုပ်နှောင်ခြင်းအမှတ်အသားများအနက် ပထမမန္တန်ကို ကိုယ်စားပြုသောတစ်ခုမှာ တစ်ဝက်ကျော် ပေါ်လွင်လာခဲ့ပြီးဖြစ်သည်။

အနှစ်သာရသည် အမှတ်ရှစ်ခုထဲတွင် လျင်မြန်စွာ ပြည့်ဝလာနေ၏။ သူ့ကိုယ်ထဲရှိ မိစ္ဆာချီ၊ အင်မော်တယ်ချီနှင့် ကျန်စွမ်းအင်အားလုံးက အချင်းချင်းပေါင်းစည်း၍ ... အတိုင်းထက်အလွန် လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါတစ်ခု အသွင်ပြောင်းနေသည်။

သူ့နှလုံးသားက ကျယ်လောင်စွာ ခုန်စပြုလာသည်။

ဒုတ် ဒုတ်

ဒုတ် ဒုတ်

ဒုတ် ဒုတ်

သူ့နှလုံးတစ်ချက်ခုန်လိုက်တိုင်း မိုးကြိုးများက သူ့ဦးနှောက်ကို ပစ်ချနေသကဲ့သို့ ခံစားရသည်။ တဖြည်းဖြည်း သက်ရောက်မှုက သူ့ခန္ဓာကိုယ်အပြင်သို့ ပျံ့နှံ့လာသည့်အတွက် လိပ်ပြာအပြင်ရှိ အာကာပြင်ကျယ်ထဲတွင် လျှပ်စီးမိုးကြိုးများ ပေါ်ပေါက်လာတော့သည်။

အချိန်ကုန်သွားသော်လည်း မည်မျှကြာသွားပြီလဲ အတိအကျပြောဖို့ ခက်သည်။ လိပ်ပြာသည် ပါရာဂွန်ပင်လယ်အိပ်မက် လမ်းပြပေးခဲ့သော အရပ်မျက်နှာသို့ ဦးတည်လျက် သူမ ရှာတွေ့ခဲ့သည့် ဝဲနှင့် နီးသထက် နီးလာနေ၏။

တစ်ရက်တွင် အာကာပြင်ကျယ်၏ မှုန်ဝါးမှောင်မိုက်မှုမှာ လျော့နည်းသွား၏။ လိပ်ပြာ၏အရှေ့၌ ဝဲကြီးတစ်ဝဲ ပေါ်လာခဲ့လေပြီ။ ၎င်းမှာ အလွန်ဝေးကွာသေးသော်လည်း အင်မတန်နီးကပ်နေပုံပေါ်သည့်တိုင်အောင် ကြီးမားလှသည်။

ဤသည်ကား .... ပါရာဂွန်ပင်လယ်အိပ်မက် သူမ၏နတ်ဘုရားအာရုံဖြင့် မြင်ခဲ့သော နေရာမှတစ်ပါး အခြားမဟုတ်ပေ။

ဝဲကို မြင်လိုက်ရသည့်အခိုက်အတန့်မှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာ ပေါ်လာပြန်သဖြင့် အာကာပြင်ကျယ်စကြဝဠာမှာ တဂျုန်းဂျုန်းမြည်သံများဖြင့် ပြည့်နှက်သွား၏။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်သည် ၎င်းမည်မျှကြီးမားသလဲ မည်သူမျှမသိသည့်တိုင်အောင် အတိုင်းထက်အလွန်ကြီးမား၏။ သို့မဟုတ် ထိုမေးခွန်း၏အဖြေကို သိသူမှာ ချီလင်ချိုများထက်ပင် ရှားပါးသည်ဟုလည်း ဆိုနိုင်ရာသည်။

ကျင့်ကြံသူအများစုအတွက်သာမက ၊ တခြားဖြစ်တည်မှုများအတွက်ပင် .... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှာ .. အဆုံးမရှိပေ။ အာကာပြင်ကျယ်စကြဝဠာ၏အဆုံးသို့ သွားနိုင်မည့်သူ မရှိသလောက် ရှားသည်မဟုတ်ပါလော။ အင်မော်တယ်နတ်ဘုရားကမ္ဘာပင် မသွားနိုင်ပေ။

၎င်းသည် .... အင်မတန်ကြီးမားကျယ်ပြောလွန်း၏။

၎င်းအတွင်း၌ ဝဲများ၊ လွင့်မျောနေသောမြေထုကြီးများ မည်မျှရှိသလဲ ဘယ်သူမှ တိတိကျကျမပြောတတ်ပေ။ သို့သော် အာကာပြင်ကျယ်စကြဝဠာအတွင်း၌ တည်ရှိသည့် ဝဲမှန်သမျှထဲတွင် ... ဖြစ်တည်မှုများကို ရှာတွေ့နိုင်ကြောင်း လူတိုင်း သိသည်။

သူတို့မျိုးသုဉ်းသွားလျှင်တောင်မှ သူတို့၏အကြွင်းကျန်များက သူတို့၏တည်ရှိမှုကို သက်သေထူလိမ့်မည်။

လွင့်မျောနေသောမြေထုကြီးများမှာတော့ ...အစွမ်းထက်ပညာရှင်များ စံမြန်းရာဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် မရဏမြေများဖြစ်တတ်သည်။

သို့သော် အာကာပြင်ကျယ်စကြဝဠာမှာ အလွန်ကြီးမားလှသဖြင့် ထိုမြေထုများ၏အကြား အကွာအဝေးမှာ မယုံနိုင်လောက်အောင် ဝေးကွာလှလေသည်။ နှစ်သောင်းပေါင်းများစွာ ခရီးလိုက်ရှာလျှင်တောင်မှ တစ်ခုလေးပင် ရှာမတွေ့နိုင်ဖို့ များသည်။

အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကအတွက်မူ သူတို့သည် အာကာပြင်ကျယ်စကြဝဠာထဲ၌ ဟိုဟိုသည်သည် ခရီးနှင်ဖြတ်သန်းခဲ့ဖူး၏။ အာကာပြင်ကျယ်စကြဝဠာ၏ ပုံစံတစ်ခုလုံးကို မြင်ယောင်ကြည့်နိုင်သည်အထိတော့ ဝေးလံစွာ ခရီးမနှင်ခဲ့ဖူးသော်လည်း တခြားအင်အားစုများ၊ ဖြစ်တည်မှုများနှင့်တွေ့တိုင်း သူတို့က အမြဲအနိုင်ယူနိုင်ခဲ့လေသည်။

အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်လာသည်နှင့် ၎င်းမြေထုအပေါ်မှ အမျိုးသမီးတစ်ယောက်၏အသံက အာကာပြင်ကျယ်ကို ဖြတ်သန်းလျက် လိပ်ပြာပေါ်၌ ရပ်နေသောလူများ၏ နားထဲ ရောက်ရှိလာသည်။

“အာကာပြင်ကျယ်စကြဝဠာမှာ တားမြစ်နေရာသုံးနေရာရှိတယ်။ အာကာပြင်ကျယ်စကြဝဠာရဲ့ မူလအစနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ချက်တွေ ငုပ်လျှိုးနေတဲ့ လျှို့ဝှက်ဆန်းကြယ်နေရာတွေပေါ့လေ။ အခု နင်တို့ ဦးတည်နေတဲ့ နေရာက အဲဒီနေရာသုံးနေရာထဲက တစ်နေရာ ..... အစိမ်းရောင်ခေါင်းတလားဝဲ ပဲ”

ခိတိဂဗ္ဗ၏အမူအရာက နိုးနိုးကြားကြား ဖြစ်သွားသည်။ သူ့ဘေးတွင် မန်ဟို မေ့မျောနေသည့်အတွက် ရိုးရိုးသာမန်အသိစိတ်တစ်ခုသာ ရှိသော ပါရာဂွန်ရုပ်သေးရုပ် ရပ်နေသည်။ ဝမ်ယိုချိုင်လည်း ကျီယင်တို့နှင့် တောင်ပင်လယ်သခင်များ၊ ခဲကျုံစစ်တို့ဖြင့် ရှိနေသည်။

ဤလူများသည် တောင်ပင်လယ်လောကတွင် အစွမ်းထက်ဆုံးပညာရှင်များ ဖြစ်ပေ၏။

သူတို့က မန်ဟို့ကို စောင့်ရှောက်ပေးထားကြပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာဘက် လှမ်းကြည့်နေကြစဉ် သူတို့၏အမူအရာများသည် တင်းမာခက်ထန်နေ၏။

အမျိုးသမီးအသံက ထပ်မံပဲ့တင်ထပ်လာသည်။ “အဲဒီလိုနေရာမျိုးကို သွားဖို့ ရွေးချယ်တာက ... သေဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပဲ”

သူမ စကားပြောနေသည့်အချိန်မှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူတစ်ချို့ အာကာပြင်ကျယ်ထဲ ပျံထွက်လာကြသည်။

ထိုကျင့်ကြံသူတချို့သည် နေနှင့်တူပြီး အံ့မခန်းလိလိအခိုးအငွေ့များကို ထုတ်လွှတ်နေသည်။ နောက်ဆုံးတွင် တောင်ပင်လယ်လောကမှာတုန်းက ပေါ်လာခဲ့သည့် အနှစ်သာရ ၉ ခုအဆင့် အေးစက်စက်အမျိုးသမီး ရှိသည်။

သူမက ယခုလေးတင် စကားပြောခဲ့သူပင်။

“ဒဏ္ဍာရီတွေအရ” သူမက ဆက်ပြောသည်။ “အစိမ်းရောင်ခေါင်းတလားဝဲအပြင်မှာ လည်နေတဲ့ အဖြူအမည်းဝဲမှာ အချိန်တာအိုတစ်ခု ပါဝင်တယ်။ အဲဒီတာအိုက ပေါ်ချင်လို့ ပေါ်လာခဲ့တာမဟုတ်ဘူး။ ခေါင်းတလားထဲက အမျိုးသမီးကို အားဖြည့်ပေးဖို့ အတင်းအကြပ် ‌ချန်ထားခံခဲ့ရတာ

“အဲဒီအမျိုးသမီး ဘယ်သူလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ လွန်ခဲ့နှစ်ပေါင်းများစွာက ငါ့ယောက်ျားဟာ ဒီကို ရောက်လာခဲ့ပြီး ဒီနေရာကို အကြာကြီး လေ့လာခဲ့တယ်။ အဆုံးသတ်မှာ သူ ပြောခဲ့တာက စကားတစ်ခွန်းတည်းပဲ

“အဲဒီခေါင်းတလားထဲက ပုဂ္ဂိုလ်မှာ အာကာပြင်ကျယ်စကြဝဠာဖြစ်လာတဲ့ ကြယ်တာရာကောင်းကင်ရဲ့ မူလအစတဲ့” နောက်ဆုံးတော့ အနှစ်သာရ ၉ ခုအဆင့် အမျိုးသမီး၏မျက်လုံးများက လိပ်ပြာကြီး၏ကျောပေါ်တွင် သတိလစ်နေသော မန်ဟို့အပေါ် ကျရောက်သွားသည်။

“ငါအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ရပ်လိုက်သင့်တဲ့ အချိန်‌ရောက်လာခဲ့ပြီ။ နင်တို့ဆက်ပြေးစရာလည်း မလိုဘူး။ ဒီစစ်ပွဲကို စခဲ့ရတဲ့ ငါတို့ရဲ့ရည်ရွယ်ချက်တစ်ခုလုံးက ... ပထမ အင်မော်တယ်ကို အညွန့်ချိုးပစ်ဖို့၊ ဒုတိယ ကြေးမုံတစ်ချပ် ယူဖို့ပဲ”

အမျိုးသမီးက အေးစက်သောအမူအရာဖြင့် လိပ်ပြာကို ကြည့်ကာ ပြောသည်။ “ရယ်စရာကောင်းတာက အဲဒီအကြောင်းရင်းနှစ်ခုက အစတုန်းက တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဆက်စပ်သွားခဲ့ပြီ။ အဲဒီလူကို ငါတို့လက်ထဲ ထည့်ပြီး နင်တို့ကျင့်ကြံခြင်းအခြေခံတွေကို ချိတ်ပိတ်ခွင့်ပေးသာ ပေးလိုက်။ ဒါဆို နင်တို့လမ်းနင်တို့ ဆက်သွားနိုင်မယ်

“အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်မှာ အနှစ်သာရပါရာဂွန်တွေက .... အစွမ်းထက်ဆုံးဖြစ်တည်မှုတွေပဲ။ နင်တို့ အာကာပြင်ကျယ်စကြဝဠာထဲမှာ အသက်ရှင်လျက် နေထိုင်ချင်ရင် .... အနှစ်သာရ ၉ ခုအဆင့် ပါရာဂွန်တစ်ဦး ရှိဖို့ လိုလိမ့်မယ်”

သူမစကားလုံးများက အာကာပြင်ကျယ်စကြဝဠာအပေါ် မယုံကြည်နိုင်ဖွယ်ဖိအားကြီး သက်ရောက်လာစေ၍ လိပ်ပြာများမှာ တုန်ရီလာပြီး မလှုပ်နိုင်တော့‌ပေ။

“သဘောမတူဘူးပေါ့လေ” တခဏကြာသော် အမျိုးသမီးက ညာလက်ကို ဝှေ့ယမ်းကာ ဖိအားတစ်ခု သက်ရောက်စေလိုက်သည်။ သူမ ရှေ့တစ်လှမ်းလှမ်းရန် ပြင်လိုက်စဉ်မှာပဲ မန်ဟို လှုပ်သွားသည်ကို သတိထားမိလိုက်၍ ရင်ဒိန်းခနဲ ခုန်သွားသည်။

“နိုးလာပြီလား” သူမက မျက်လုံးများအေးစက်စွာ တောက်ပနေလျက် ပြုံးရင်း ပြောသည်။ “ဘယ်လောက်အထင်ကြီးစရာကောင်းလိုက်လဲ။ မိစ္ဆာဖြစ်လာတဲ့ ဒီအင်မော်တယ်ရဲ့ တန်ခိုးအစစ်ကို ငါမြင်ချင်မိတယ်”

သူမက လိပ်ပြာကို လက်ညိုးထိုးလိုက်သည်။

“တစ်ယောက်မှ အရှင်မထားနဲ့”

စကားလုံးများ သူမပါးစပ်မှ ထွက်သွားလျှင်ချင်း ပတ်ဝန်းကျင်ရှိ အင်မော်တယ်နတ်ဘုရားကမ္ဘာသားတို့သည် တိုက်ခိုက်ဖို့ ထွက်သွားကြ၏။ နေလေးစင်းက စူးရှတောက်ပစွာဖြင့် လိပ်ပြာကြီးထံ ပြေးဝင်လာသည်။

ခိတ္တိဂဗ္ဗ၏မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုတို့ ထင်ဟပ်နေပြီး ကျန်ရှိသူများလည်း မျက်လုံးများနီရဲနေကြသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ကျင့်ကြံသူများ အနားရောက်လာသည့်အခါ လိပ်ပြာထံမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ၎င်းက ဒိုင်းအသွင်ပြောင်းသွား၏။

သို့ရာတွင် စက္ကန့်ပိုင်းလေးအတွင်း ကွဲကြေသွား၏။ ထိုအခိုက်အတန့်တွင် ဝမ်ယိုချိုင်၊ ပါရာဂွန်ရုပ်သေးရုပ်နှင့် အခြားသူများနှင့်အတူ ခိတိဂဗ္ဗသည် တိုက်ခိုက်ရန် ပျံထွက်သွားတော့သည်။

(Etrans Deathblade ၏ခံစားချက် - အရှေ့အပိုင်းတွေ ရေးတုန်းက ကျွန်တော် ဒီလောက်စိတ်မကောင်းမဖြစ်ပေမယ့် ပင်လယ်အိပ်မက် သေသွားတာနဲ့ပတ်သက်ပြီး တော်တော်လေး ဝမ်းနည်းမိတယ်ဗျာ။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရတဲ့သူ၊ အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့သူ၊ အစွမ်းထက်တဲ့သူတောင်မှ အခုလို ကိုယ့်ကိုယ်ကို အားမရဖြစ်တတ်ကြတယ်။ တကယ် ... သူ မသေခင် ကျွန်တော်လေ သူ့ကို ဖက်ပြီး ‘မင်းက အသုံးမကျတာမဟုတ်ပါဘူး’ လို့ ပြောချင်လိုက်တာ။ ပင်လယ်အိပ်မက်က ဘယ်သူ့ကိုမှ မသတ်နိုင်ခဲ့ပေမယ့်၊ အစီအစဉ်တွေ မချတတ်ပေမယ့် .... အကောင်းဆုံးကြိုးစားပြီး အဆုံးထိ တောင့်ခံပေးသွားခဲ့တာကိုတော့ ကျွန်တော်တို့ မငြင်းနိုင်ဘူးမဟုတ်လား။ ရောင်ရင်းတို့လည်း ဘဝရဲ့မှတ်တိုင်တစ်ခုမှာ ကိုယ့်ကိုယ်ကို အသုံးမကျသလို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ ပါရာဂွန်ပင်လယ်အိပ်မက်လေးရေ ... ကောင်းကောင်းအနားယူပါတော့)

All Chapters