ထတော့ ထတော့
Vol. 101 Ch. 1401
“မင်းတို့တွေ လက်သီးလေးတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူး” နေလေးစင်းထဲရှိ ပါရာဂွန်လေးယောက်က အမြန်ဆုံးဖြစ်သည်။ သူတို့ထဲမှတစ်ယောက်သည် သွေးအေးအေး ပြုံးနေပြီး ကြက်သွေးရောင်ဆံပင်ရှိသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ ရှေ့သို့လျှောက်လာပြီးနောက်တွင် သူက လက်ဝှေ့ယမ်းလိုက်ရာ ခိတိဂဗ္ဗတို့အားလုံး လည်ထွက်သွားသဖြင့် သွေးအန်လိုက်ကြရသည်။ တချို့ဆိုလျှင် တိုက်ရိုက်ပင် ပေါက်ကွဲကုန်ကြသည်။
တောင်ပင်လယ်ကျင့်ကြံသူများ ရန်သူများကို မတားနိုင်ကြောင်း သိသာထင်ရှားလာဖို့ တဒင်္ဂသာ ကြာလိုက်သည်။ တောင်ပင်လယ်လောကနှင့် လိပ်ပြာမှာ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် မည်သို့မျှ မယှဉ်နိုင်သည်သာ။
ကြက်သွေးရောင်ဆံပင်နှင့်လူက ရှေ့တစ်လှမ်းတက်၍ လိပ်ပြာပေါ် နင်းကာ ၎င်းတစ်ကိုယ်လုံး တုန်ရီသွားစေသည်။ သူသည် သတိလစ်နေသောမန်ဟို့ထံ ချက်ချင်း ဦးတည်သွားပြီး မန်ဟို့ခေါင်းထံ လက်လှမ်းလိုက်စဉ် သူ၏မျက်လုံးထဲ၌ အထင်သေးနေသောအရိပ်အယောင်ကို မြင်ရနိုင်၏။
တစ်ချိန်တည်းမှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျန်နေများနှင့် ကျင့်ကြံသူများလည်း အနားရောက်လာသည်။ တခဏလေးအတွင်း သူတို့သည် တောင်ပင်လယ်လောက၏ ရှင်ကျန်သူများပါရှိရာ ကမ္ဘာထဲ ဝင်ရောက်လာပြီး သတ်ဖြတ်ကြတော့၏။
ကြက်သွေးရောင်ဆံပင်နှင့်လူ မန်ဟို့ကို လှမ်းဆွဲတော့မည့်အချိန် လိပ်ပြာ၏တောင်ပံနှစ်ဖက်မှာ တုန်ရီသွားပြီး မန်ဟို့မိဘနှစ်ပါးက သူ့လမ်းကို တားရန် ဖျတ်ခနဲ ပေါ်လာသည်။
“မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးတာများနေတယ်” ထိုလူက ပြုံးရင်း ပြောသည်။ သူ့စွမ်းအားက မန်ဟို့မိဘနှစ်ပါးများကို ဖယ်ရှားသုတ်သင်ဖို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
သူ့လက်ထဲရှိ အဖျက်အစီးစွမ်းအားသည် မည်သည့်အရာကိုမဆို သုတ်သင်ချေမှုန်းရန် လုံလောက်ပြီး ယခုတွင် မန်ဟို့ကို ထိဖို့ နည်းနည်းလေးသာ လိုတော့ပေသည်။
မန်ဟိုရင်ဆိုင်နေရသော အန္တရာယ်ကို သူ့မိဘနှစ်ပါး၊ ခိတိဂဗ္ဗတို့နှင့် လိပ်ပြာကမ္ဘာထဲရှိ လူတိုင်းမှ မျှဝေခံစားနေကြသည်။
ထိုစဉ် ...
မန်ဟို့စိတ်ကမ္ဘာထဲတွင် မိုးတဂျုန်းဂျုန်း ထစ်ချုန်းသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ကိုယ်ပွားများစွာက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“ထတော့ ထတော့ ထတော့”
အသံများ အဆုံးမရှိပဲ့တင်ထပ်နေစဉ် မန်ဟို့ပုံရိပ်များစွာသည် တစ်ကမ္ဘာလုံးအပြည့် ပေါ်လာပြီး မန်ဟို့ကို နိုးဖို့ကြိုးစားနေကြ၏။
အသံများက ကျင့်ကြံခြင်းအခြေခံပင်လယ်ထဲ ထိုးဖောက်ဝင်ရောက်၍ မန်ဟို့ကိုယ်အစစ်၏ နားစည်ကို ရိုက်ခတ်ကာ သူ့အား တဆတ်ဆတ် တုန်လာစေသည်။ ထို့နောက် သူ့မျက်လုံးများ ပွင့်လာသည်။
ထိုစဉ် လိပ်ပြာ၏ကျောပေါ်၌ လဲနေသော မန်ဟို့မျက်လုံးများလည်း .. ပွင့်လာသည်။
သူ၏အနီရောင်သူငယ်အိမ်များ ပေါ်လာသည်နှင့် အရှိန်အဝါတစ်ခုက ဝုန်းခနဲ ပေါ်ထွက်လာရာ အာကာပြင်ကျယ်ကြီးနှင့် ၎င်း၏ကြယ်တာရာကောင်းကင်အား တသိမ့်သိမ့် တုန်ခါလာစေတော့သည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးလှုပ်ခတ်နေစဉ် မိုးကြိုးတန်းများလည်း မိုးကြိုးအိုင်ကြီးသဖွယ် ပေါ်လာသည်။ အာကာပြင်ကျယ်စကြဝဠာကြီးကိုယ်တိုင်က ဒေါသထွက်နေသည့်အလားပင်။
စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်လောက်အောင် ပြင်းထန်သော ဖိအားကြီးတစ်ခုလည်း သက်ရောက်လာသည်။ ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးအပြည့်နေရာယူ၍ လိပ်ပြာကမ္ဘာထဲ ဝင်ရောက်ဖို့ ကြိုးစားနေသော အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများအပေါ် ဖိနှိပ်လိုက်၏။ သူတို့အားလုံး သွေးအန်လိုက်ကြရပြီးနောက် မထိန်းချုပ်နိုင်တော့ဘဲ ဒူးထောက်ရှိခိုးကြရသည်။
အနှစ်သာရ ၈ ခုပါရာဂွန်များပင် တုန်ရီနေသည်ကို ခံစားလိုက်ကြရသည်။
တစ်ကမ္ဘာလုံး လုံးလုံးလျားလျား လှုပ်ခတ်နေလေသည်။
ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး အာကာပြင်ကျယ်စကြဝဠာလည်း တဝေါဝေါ အော်မြည်နေသည်။
ခိတိဂဗ္ဗတို့ကို သုတ်သင်ဖို့ ကြိုးစားနေသော အင်မော်တယ်နတ်ဘုရားကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံခြင်းအခြေခံများ အားနည်းလာသည်ကို ခံစားလိုက်ကြရပြီးနောက် တချို့ဆို ပေါက်ကွဲကုန်ကြသည်။
မန်ဟို မျက်လုံးလေးဖွင့်၍ စွမ်းအားထုတ်ဖော်ရုံသာ ရှိသေးသည်၊ ယခုလိုဖြစ်ကုန်ကြလေပြီ။
စွမ်းအား၏ပြင်းထန်မှုက အနှစ်သာရ ၉ ခုအဆင့်အမျိုးသမီးကို မျက်စိမျက်နှာပျက်သွားစေသည်။
မန်ဟို့အရှေ့ရှိ ကြက်သွေးရောင်ဆံပင်နှင့် အမျိုးသားမှာတော့ ခေါင်းနပန်းကြီးလာပြီး ကြောက်ဒူးတုန်နေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ မငြိမ်သက်တော့သည့်အပြင် မန်ဟို့မိဘနှစ်ပါးထံ သူ ထုတ်လွှတ်လိုက်သော တိုက်ကွက်လည်း ပျက်စီးသွားသည်။
မဖော်ပြနိုင်လောက်အောင် တန်ခိုးကြီးမားသောအငွေ့အသက်က မန်ဟို့ထံမှ ဖြာထွက်၍ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါနေစေ၏။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အနှစ်သာရ ၈ ခုပါရာဂွန်နေမင်း ဖြစ်သော ကြက်သွေးရောင်ဆံပင်နှင့်လူမှာ မန်ဟို့ကို မကြည့်မိဘဲ မနေပေ။ သူတို့အကြည့်ချင်းဆုံသောအခါ ထိုလူမှာ မျက်နှာပျက်သွားပြီး ချာချာလည်မူးဝေသွား၏။ ထိုအနီရောင်မျက်လုံးများက သူ့မျက်လုံးမှတစ်ဆင့် သူ့ဦးနှောက်ကို ထိုးဖောက်သွားသော အနီရောင်ဓားမြှောင်များအလားပင်။ နာကျင်မှုက သူ၏အသိစိတ်ပင်လယ်ကို လှိုင်းထအုံကြွစေ၍ သူ့ကျင့်ကြံခြင်းအခြေခံကို မငြိမ်မသက်ဖြစ်စေလိုက်ဖြင့် သူ၏ခုခံမှုမှန်သမျှ ပြိုကွဲသွားတော့သည်။ သေမင်းမြွေဟောက်က ပါးပျဉ်းဖြင့် သူ့ကို အုပ်မိုးနေချေပြီ။
“ဒါက...” သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ မန်ဟို၏ထူးခြားဆန်းပြားမှုကို ကြောက်လွန်းသဖြင့် ကတုန်ကယင် နောက်တစ်လှမ်းဆုတ်မိလိုက်သည်။
သူ ဆုတ်လိုက်သောအခိုက်အတန့်တွင် မန်ဟိုက ရှေ့တစ်လှမ်းတက်ပြီး ထိုလူမရှောင်နိုင်ခင် သူ့အား နဖူးချင်း ရက်ရက်စက်စက် တိုက်ချလိုက်၏။
ထိုလူ၏နဖူးကို စိစိညက်ညက်ကြေအောင် တိုက်ချလိုက်စဉ် မန်ဟို၏မျက်လုံးများသည် နီရဲတောက်နေ၏။ ကြက်သွေးရောင်ဆံပင်နှင့်လူမှာ စူးစူးဝါးဝါးအော်ရင်း ရုန်းသော်လည်း မန်ဟိုက ပြုံး၍ သူ့ခေါင်းကို နောက်တစ်ကြိမ် တိုက်ချပြန်သည်။
“ငါတို့က လက်သီးလေးတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူးလို့ မင်း မပြောခဲ့ဘူးလား” သူက ထိုလူ၏ဝတ်ရုံကို ဆွဲ၍ ခေါင်းချင်းတိုက်လိုက်ပြန်သည်။
“ငါတို့က ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလို့ မင်း မပြောခဲ့ဘူးလား” မန်ဟိုက မထီမဲ့မြင်ပြုံးရင်း ထိုလူကို ထပ်ခါလဲလဲ ခေါင်းနှင့်တိုက်နေသဖြင့် သူ့တစ်ခေါင်းလုံး သွေးတို့ရဲပလောင်းခတ်နေတော့သည်။ နောက်ဆုံးတွင် အနှစ်သာရ ၈ ခုပါရာဂွန်၏ခေါင်းမှာ ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်လည်း ပျက်စီးသွား၏။ သူ၏အနုသုခုမနတ်ခန္ဓာက မန်ဟို့ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်ရင်း ပျံထွက်လာသည်။
မန်ဟိုက ထိုလူ၏အနုသုခုမနတ်ခန္ဓာကို ထွက်ပြေးခွင့်ပေး၍ လိပ်ပြာပေါ် ဆင်းသက်လာခဲ့သော လူများကို လှည့်ကြည့်ပြီး ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်သည်။
“ထွက်သွားကြစမ်း”
သူ့ပတ်ပတ်လည်ရှိ မိုးကြိုးလျှပ်စီးများက တဂျိန်းဂျိန်းပေါက်ကွဲလျက် အာကာပြင်ကျယ်စကြဝဠာ၏မြူမျာကို တဖွေးဖွေးလှုပ်သွားစေသည်။ ချက်ချင်းပင် လိပ်ပြာပေါ်ရှိ အင်မော်တယ်နတ်ဘုရားကမ္ဘာသားများမှာ သွေးအန်၍ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲကုန်သည်။ အဆုံးသတ်တွင် လိပ်ပြာ၏ကျောပေါ်၌ တစ်ယောက်မှ မကျန်ခဲ့ပေ။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် ပျံထွက်လာပြီး မယုံနိုင်သောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေကြသည်။ အနှစ်သာရ ၉ ခုအမျိုးသမီးပါရာဂွန်အပြင် အင်မော်တယ်ရှေးဟောင်းနှင့် တိုက်ခိုက်ခဲ့သော မျက်ခုံးဖြူအဘိုးအိုလည်း ပေါ်လာပြီး မန်ဟို့ကို အလွန်လေးနက်စွာ ကြည့်နေ၏။
“သူက အနှစ်သာရ ၉ ခု ဖြစ်သွားပြီ....” ထိုစကားလုံးများက မန်ဟို့စွမ်းအားကို ပွတ်သီကာ ရှောင်နိုင်ခဲ့ပြီး လန့်ဖျတ်နေသော ကျင့်ကြံသူများထံမှ ထွက်လာသည်။
“အဲဒါ.. အနှစ်သာရ ၉ ခုစွမ်းအားကြီးဟ။ ဘယ်လိုတောင် ဖြစ်နိုင်မှာတုန်း”
“သူက ဘယ်လိုလုပ် အနှစ်သာရ ၉ ခု ဖြစ်နိုင်မှာလဲ။ ရွှေတုန်းလျှိုက သူ့ကို အဆင့်မြှင့်ပေးဖို့ အင်မော်တယ်တာအိုကူးပြောင်းမှု လုပ်ခဲ့တယ်ဆိုပေမယ့် ... သူ့မှာရှိသမျှအကုန်လုံး ဒီလူ့ကို ပေးလိုက်ရင်တောင်မှ ... အနှစ်သာရ ၉ ခုစွမ်းအားကို မရနိုင်ဘူးလေ”
“အရေးအကြီးဆုံးက ဒီကောင် အမွေကို ရာနှုန်းပြည့်တောင် မစုပ်ယူရသေးဘူး။ အပြည့်အဝသာ စုပ်ယူနိုင်သွားရင် သူ ဘယ်လောက်အစွမ်းထက်မလဲ စဉ်းစားကြည့်စမ်း”
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများမှာ ငယ်ထိပ်တည့်တည့် မြွေပေါက်ခံလိုက်ရသလို ခံစားလိုက်ကြရသည်။ သူတို့သည် မန်ဟို့ကို အံ့ဩမယုံကြည်နိုင်စွာ ကြည့်ရင်း ချာချာလည်နေကြ၏။
အနှစ်သာရ ၉ ခု။ အနှစ်သာရ ၉ ခုသာ ဤကဲ့သို့တန်ခိုးမျိုးကို ပိုင်ဆိုင်နိုင်သည်။ အနှစ်သာရ ၉ ခုသာ လက်ကလေးလှန်လိုက်သကဲ့သို့ လွယ်ကူစွာ အနှစ်သာရ ၈ ခု ပါရာဂွန်တစ်ဦး၏ အပြင်အားကိုယ်ကို ဖျက်စီးပစ်နိုင်သည်။
အနှစ်သာရ ၉ ခုသာ အဖွဲ့အစည်းတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်းကို အာကာပြင်ကျယ်စကြဝဠာအတွင်း၌ အကြောက်အရွံ့မရှိ မားမားမတ်မတ် ရပ်တည်စေနိုင်၏။
ရွှေတုန်းလျှိုသည် အနှိုင်းမဲ့သော အန္တိမကံတရားကို မန်ဟို့ကို ပေးဖို့ အဖိုးအခအနေဖြင့် သူ့ကိုယ်သူ စတေးခဲ့ရ၏။ ယင်းက ဖန်မျိုးနွယ်စုအပေါ် သူ တင်နေသော အကြွေးကို ပြန်ဆပ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သလို... သူသေသွားသည့်အခါ တောင်ပင်လယ်လောကကို စောင့်ရှောက်ပေးမည့် လူတစ်ယောက်ကိုလည်း စိတ်ချလက်ချ ချန်ခဲ့စေနိုင်သည်။
ယင်းက ရွှေတုန်းလျှို၏အစီအစဉ်အတွက် ရွေးချယ်ခံခဲ့ရသော မန်ဟို၏အခန်းကဏ္ဍ .... တောင်ပင်လယ်လောက၏ စောင့်ရှောက်သူ ဖြစ်သည်။
သူ၏အနီရောင်မျက်လုံးများက အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူအုပ်စုကို ဖြည်းညင်းစွာ လှည့်ကြည့်သည်။ သူ ရုတ်တရက် ထလာခြင်းက ခိတိဂဗ္ဗနှင့် လိပ်ပြာပေါ်ရှိ လူများကို အလွန်အားတက်သွားစေသည်။ မန်ဟို့မိဘနှစ်ပါးသည် ရှုချင်၊ လိပ်ပြာကမ္ဘာအတွင်းမှ လူများနှင့်အတူ ပေါ်လာ၏။ သူတို့အားလုံး မန်ဟို့ကို ဂရုတစိုက်ကြည့်နေကြသည်။
မန်ဟိုသည် ဆံပင်များလွင့်လူပျံဝဲနေလျက် သူတို့အားလုံး၏အရှေ့တွင် တောင်ကြီးသဖွယ် မတ်မတ်ရပ်နေ၏။ သူ့အနောက် လိပ်ပြာကျောပေါ်တွင် သူ့မိဘနှစ်ပါး၊ ဖန်ယု၊ ရှုချင်နှင့် ကျန်မိတ်ဆွေများနှင့်သူတို့မိသားစု၊ တောင်ပင်လယ်လောကမှ အသက်ရှင်ကျန်ခဲ့သော ကျင့်ကြံသူအနည်းစုရှိသည်။
မန်ဟို့မျက်နှာမူနေရသည်မှာတော့ အကန့်အသတ်မဲ့ ကြီးမားလှသော အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် အဆုံးမရှိသည့်အလား ထင်ရသော ကျင့်ကြံသူများပင်။ အနှစ်သာရ ၈ ခုပါရာဂွန်များ၊ မရေမတွက်နိုင်သည့် အင်ပါယာသခင်များနှင့်အတူ ရန်သူစစ်တပ်၏ အင်အားအကြီးမားဆုံးပုဂ္ဂိုလ်နှစ်ယောက်.... အနှစ်သာရ ၉ ခုပါရာဂွန်နှစ်ယောက်လည်း ရှိနေကြသည်။
မန်ဟို သူတို့ကို ကြည့်နေစဉ် သူ၏မိစ္ဆာချီက သူ့ပတ်ပတ်လည်ရှိ အာကာပြင်ကျယ်စကြဝဠာမြူများကို မှေးမှိန်၍ ကြယ်အလင်းရောင်တို့ တောက်ပလာစေသည်။ သူ့ထံမှ စီးမျောနေသော မိစ္ဆာချီများမှာ အဆုံးမရှိသည့်အလား များပြားပြီး တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံလည်း ဆက်လက်တိုးတက်နေ၏။
ရွှေတုန်းလျှို၏အမွေကို လက်မခံခင်တုန်းက သူသည် ပါရာဂွန်များကို တိုက်ခိုက်နိုင်ခဲ့၏။ ထို့နောက် အတုမရှိမိစ္ဆာဖြစ်လာသည့်အခါ သူ၏အတိုက်အခိုက်စွမ်းရည်က အနှစ်သာရ ၈ ခုပါရာဂွန်များနှင့် ထိပ်တိုက်တိုက်ခိုက်နိုင်သည်အထိ ကြောက်ခမန်းလိလိ မြင့်တက်သွားခဲ့သည်။ သို့သော် ယခုတွင် ရွှေတုန်းလျှိုပေးခဲ့သော ကံကြမ္မာကောင်း၏ကျေးဇူးဖြင့် သူ၏ချုပ်နှောင်မန္တန်များ စုံသွားခဲ့၏။ နဝမမန္တန်ကို လိုအပ်နေသေးသော်လည်း မန္တန်ရှစ်ခုလုံးပြည့်စုံသွားပြီဟု ပြောနိုင်သည်။
ထို့နောက် ရွှေတုန်းလျှိုထံမှ ကျင့်ကြံခြင်းအခြေခံနှင့် အနှစ်သာရစွမ်းအားက သူ့ကို ခုန်ပျံကျော်လွှား အဆင့်တက်သွားစေခဲ့သည်။
နောက်ဆုံးတွင် သူ၏မီးငြိမ်းဝိညာဉ်မီးအိမ်များက ပို၍ပင်မြင့်မြင့်ရောက်အောင် တွန့်ပို့ပေးခဲ့၏။ ဤအခိုက်အတန့်တွင် သူ၏အတိုက်အခိုက်စွမ်းရည်ကား .. အနှစ်သာရ ၉ ခု ထက်အားမနည်းတော့ပေ။
ထိုအရာအားလုံးဖြင့်ပင် .... မန်ဟိုသည် အထွတ်အထိပ်အဆင့်အထိ မရောက်သေး။ သူ့ကျင့်ကြံခြင်းအခြေခံက အဆင့်တက်နိုင်သေးသည်။ မီးမငြှိမ်းရသေးသည့် ဝိညာဉ်မီးအိမ်လည်း ဆယ်လုံးကျော် ကျန်သေးသည်။ နဝမမန္တန်ကို ဖန်ဆင်းဖို့ လိုသေးသည့်အပြင် ကျန်ချုပ်နှောင်မန္တန်အားလုံးတွင် အနှစ်သာရပမာဏ အတိုင်းအတာတစ်ခုစီအထိ ရှိသော်လည်း ဉာဏ်အလင်းထပ်ရှာဖို့ လိုသေး၏။
သူသာ အမှန်တကယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလျှင် မည်မျှတန်ခိုးကြီးမည်လဲ စိတ်ကူးသာကြည့်နိုင်သည်။ သူ၏လက်ရှိစွမ်းအားကပင် ထိုစွမ်းအားကို ယှဉ်နိုင်တော့မည်မဟုတ်ပေ။ သူက ... အတုမရှိမိစ္ဆာ မဟုတ်ပါလော။
သူသည် အင်မော်တယ်အဖြစ်မှ ... မိစ္ဆာအဖြစ် ပြောင်းလဲသွားခဲ့၏။
နတ်ဘုရားအားလုံးအနက် ဘုန်းတန်ခိုးအကြီးဆုံးဖြစ်သော အတုမရှိနတ်ဘုရားတစ်ပါး ရှိသည်။
နတ်ဆိုးအားလုံး၏ စံနမူနာဖြစ်သော အတုမရှိနတ်ဆိုးတစ်ပါး ရှိသည်။
အင်မော်တယ်များအကြားက ရှင်ဘုရင်တစ်ဦးသဖွယ်ဖြစ်သော အတုမရှိအင်မော်တယ်လည်း ရှိသည်။
ထိုနည်းတူစွာပဲ မိစ္ဆာအားလုံး၏ အမြင့်ဆုံးဥသျှောင်ဖြစ်သော ....အတုမရှိမိစ္ဆာလည်း ရှိချေသည်။
ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်စကြဝဠာကြီးသည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေ၏။ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ လူများကို အေးစက်စွာ ရပ်ကြည့်နေစဉ် မိစ္ဆာချီများက မန်ဟို့ထံမှ အလိပ်လိပ်ထွက်နေသည်။ ကြည့်လိုက်သူတိုင်းကို အသည်းထဲအေးသွားစေသော သွေးအေးအေးအပြုံးတစ်စက သူ့နှုတ်ခမ်းထောင့်တွင် တွဲခိုနေသည်။
မည်သူမှစကားမပြောကြ။ အနှစ်သာရ ၉ ခုအဆင့် ပါရာဂွန်အမျိုးသမီးပင်လျှင် မန်ဟို့ကို အေးစက်စွာ တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေသည်။ ထို့နောက် သူမက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး မန်ဟိုက ပြုံးသည်။
သူသည် သူ့နဖူးအပေါ် လှမ်းဖိလိုက်ရာ တောင်ပင်လယ်အစုအဝေးတစ်စု ထွက်လာသည်။
တောင်ကိုးလုံးနှင့် ပင်လယ်ရှစ်စင်း
၎င်းက တောင်ပင်လယ်လောကပင်။
ဤအခိုက်အတန့်တွင် မန်ဟိုကား တောင်ပင်လယ်လောကကို လက်ဖြင့် ကိုင်ထားနေလေပြီ။