← Chapters

ပြတ်ပြတ်သားသားတိုက်ပွဲ (၄)

Vol. 124 Ch. 1712

ပြတ်ပြတ်သားသားတိုက်ပွဲ (၄)

Vol. 124 Ch. 1712

ဝမ်လင်း၏နောက်၌ ကျင့်ကြံသူတစ်သိန်းကျော်၏ ဦးခေါင်းများ ရှိနေ၏။ ထိုဦးခေါင်းများထံမှ ထွက်ပေါ်လာသော နာကျင်စွာအော်မြည်သံများသည် သည်တိုက်ပွဲကွင်းပြင်ရှိ သတ်သံဖြတ်သံများနှင့် ပူးပေါင်းသွားလေသည်။

“သေခြင်းရှင်ခြင်းအစီအရင် အဆုံးသပ်ပြီ။ ကံမ္မအစီအရင်လည်း ပျက်စီးသွားပြီ။ ငါ နောက်ထပ် ကံမ္မအစီအရင် ထပ်ဖွဲ့စည်းရမယ်…” ဝမ်လင်းသည် အင်ပါယာမီးပြင်းဖိုပေါ်တွင် ရှိနေဆဲ ဖြစ်ကာ သူ၏ညာလက်ကို ဝေ့ယမ်း၏။ ထိုအခါ ဦးခေါင်းငါးသောင်းသည် သူ၏ရှေ့၌ ဧရာမဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။

ထိုဝဲကတော့သည် ရုတ်တရက် စတင်လှည့်ပတ်လာပြီး တဝီဝီအသံများ ပဲ့တင်ထပ်၏။ သိပ်မကြာခင်တွင် ၎င်းလှည့်ပတ်ခြင်း ရပ်တန့်ကာ ကံမ္မအစီအရင် ပေါ်လာသည်။

“မျက်လုံးဖွင့်ရင် အမှန်၊ မျက်လုံးမှိတ်ရင် အမှား။ အမှန်အမှားတာအို ပြီးပြည့်စုံမယ်။ အမှန်အမှားအစီအရင်…” ဝမ်လင်း၏အသံမှာ လန့်စရာကောင်းနေ၏။ သူ ထိုသို့ ပြောလိုက်စဉ် သူ၏နောက်ရှိ ကျန်သည့်ဦးခေါင်းငါးသောင်းမှာ ပျံသန်းထွက်၍ နောက်ထပ်ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်သည်။

ထိုဝဲကတော့သည် ပုံရိပ်ယောင်နှင့်အစစ်အမှန်ကြား၌ ရှိလေ၏။ ၎င်းကို ဤလောကမှ မပိုင်ဆိုင်သည့်အလား။ ၎င်းသည် တွန့်ခေါက်ဝေဝါးကာ ၎င်း၏လှည့်ပတ်မှုတိုင်းက ကျယ်လောင်စွာတုန်ဟည်းမှုများကို ဖန်တီးလေ၏။ အမှန်အမှားအနှစ်သာရ၏ အော်ရာ ပျံ့နှံ့လာချေသည်။

ထိုအခိုက်အတန့်တွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်ကာ အမှန်အမှားအစီအရင်သည် ပုံစံဖွဲ့တည်သည်။

အလေးအနက်ဟန်ပန်ဖြင့် ဝမ်လင်းက သေခြင်းရှင်ခြင်းဝဲကတော့ထံ လက်ညွှန်လိုက်၏။ ထိုအခိုက်၌ သေခြင်းရှင်ခြင်း၊ အမှန်အမှား၊ ကံမ္မတို့ကို ကိုယ်စားပြုသော ဝဲကတော့သုံးခုမှာ စုစည်းလာ၏။ ယင်းတို့သည် ဝမ်လင်း၏ရှေ့တွင် တစ်ခုနှင့်တစ်ခု ထပ်သွားကြသည်။

ထိုအခါ ဆန်းကြယ်အနှစ်သာရသုံးခုကြောင့် ဖြစ်ပေါ်လာသော အစီအရင် ပေါ်ပေါက်လာ၏။

“ငါ့ရဲ့ အနှစ်သာရသုံးခုဘီးတွေရဲ့အစီအရင်စိတ်ဝိညာဉ် ဖြစ်လာဖို့ သူတို့ရဲ့မူလစိတ်ဝိညာဉ်ကို လိုလိုလားလား ပေးချင်တဲ့ ရောင်းရင်းကျင့်ကြံသူတစ်သောင်း လိုအပ်တယ်။ ပြီးရင် ဒီနေရာက ပြင်ပနယ်မြေကျင့်ကြံသူအားလုံးကို သတ်ပစ်မယ်…”

သူ၏ ဘီးသုံးဘီးအစီအရင်သည် အစီအရင်စိတ်ဝိညာဉ်များ ရှိလာဖို့ မူလစိတ်ဝိညာဉ်တစ်သောင်း လိုအပ်ပေ၏။ ထိုမှသာ ၎င်းသည် ခွန်အားပြည့် လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်။

သူ၏စကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ အတွင်းနယ်မြေ၏ ကျင့်ကြံသူတစ်သောင်းသည် မည်သည့်တွေဝေမှုမှ မရှိဘဲ ထိုင်ချလိုက်၏။ သူတို့၏မူလစိတ်ဝိညာဉ်များသည် ပျံသန်းထွက်ကာ ဝမ်လင်း၏ အနှစ်သာရဘီးသုံးဘီးထံ ပျံသန်းလာကြသည်။

ချက်ခြင်းပင် ထိုမူလစိတ်ဝိညာဉ်တစ်သောင်း ရောက်ရှိလာ၏။ ဘီးသုံးဘီးသည် မာန်ဟိန်းမြည်ကာ စတင်လှည်ပတ်သည်။ ထို့နောက် ယင်းတို့က ဘီးတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကာ မြန်မြန်ဆန်ဆန် စတင်ချဲ့ကားလာ၏။ ၎င်းသည် သိပ်မကြာခင်တွင် ကောင်းကင်ထုကိုယ်တိုင် ဖြစ်သည့်အလား ဧရာမဘီးကြီးအဖြစ် ကြီးမားလာသည်။

ထိုဘီးသည် သေခြင်းရှင်ခြင်း၊ အမှန်အမှား၊ ကံမ္မအနှစ်သာရများကို ပေးစွမ်းသည်။ ၎င်းသည် လည်ပတ်ချိန်၌ လောကရှိ အာကာသလမ်းကြောင်းပင် ပြောင်းလဲရလိမ့်မည်။ ၎င်း ရွှေ့လျားသည့်အခါ ကောင်းကင်သည် ပြိုပျက်စီးရလိမ့်မည်။

ယင်းမှာ ဝမ်လင်းကိုယ်တိုင်ဖန်တီးထားသော မန္တာန်များထဲ၌ အသန်မာဆုံး ဖြစ်၏။ သူသည် ၎င်းကို သူ၏ဘဝတွင် ထပ်မံ အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ ဤသည်မှာ သူ၏မဟာဆန်းကြယ်အနှစ်သာရ သုံးခုကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ဒုတိယတစ်ခု ရှိလာနိုင်တော့မည် မဟုတ်ပေ။

ထိုဧရာမဘီးအောက်ရှိ မူလစိတ်ဝိညာဉ်တစ်သောင်းသည် အစီအရင်၏စိတ်ဝိညာဉ်များ ဖြစ်လာကာ ၎င်းဘီးကို တွန်း၏။ သူတို့သည် ဘီးကို ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်သောင်းချီထံ ဦးတည်၍ တွန်းလာ၏။ သူတို့က ထိုဘီးကို တစ်ပတ်ပြည့်အောင် လည်ပတ်စေလိုက်သည်။

ကောင်းကင်နှင့်မြေကြီး တစစီဖြစ်၏။ ဂြိုဟ်အစီအရင်မှ ဖြစ်ပေါ်လာသော ဂြိုဟ်များ စတင် ပျက်စီးသည်။ ဟင်းလင်းပြင်ရှိ အသက်ဓာတ်အားလုံး ထုတ်နှုတ်ယူခြင်း ခံရသည့်အလား။ ပြင်ပနယ်မြေ၏ ကျင့်ကြံသူထောင်သောင်းသိန်းချီ၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးသည် သေဆုံးသွားရသည်။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီးခြင်း ဆိုက်ရသည်။

ဘီးကို တစ်ပတ်ပြည့်အောင် လည်ပတ်စေပြီးနောက် ထိုဘီးကို တွန်းပေးသော မူလစိတ်ဝိညာဉ်တစ်သောင်းသည် မှိန်ဖျော့သွားကြ၏။ သူတို့ထံ၌ ဒုတိယကြိမ်မြောက် တွန်းရ အင်အားမကျန်တော့ပေ။ ထိုအခိုက်တွင် အတွင်းနယ်မြေမှ ကျင့်ကြံသူအားလုံးသည် နောက်ဆုတ်ကာ ထိုင်ချလိုက်၏။ မူပင်းမေသည်ပင် ထိုသို့ လုပ်ဆောင်သည်။ သူတို့ ထိုင်ချလိုက်သည့်အချိန်၌ သူတို့၏မူလစိတ်ဝိညာဉ်များသည် ကြီးမားလှသည့်ဘီးထံ ပျံသန်းလာကြ၏။ ယ‌နေ့၌ သူတို့သည် ထိုဘီးကို တွန်းခြင်းသည် ကံကြမ္မာကိုယ်တိုင်ကို ထပ်မံလှည့်ပတ်စေသည့်အလား ထင်မှားရလေ၏။

ကျယ်ကျယ်လောင်လောင် ဟိန်းမြည်သံများ ဒီကြယ်အဖွဲ့အစည်းအနှံ့ ပဲ့တင်ထပ်၏။ ဧရာမစက်ဝန်းဘီးသည် နောက်တစ်ဖန် လည်ပတ်သည်။ ချက်ခြင်းပင် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများ၏ နောက်ထပ်သုံးဆယ်ရာခိုင်နှုန်းမှာ ပျက်စီးကာ ထိုအနှိုင်းမဲ့အားကြောင့် သေဆုံးကုန်သည်။

လတ်လတ်ဆတ်ဆတ်သွေးများက မြစ်တစ်စင်းနှယ် ဒီကြယ်အဖွဲ့အစည်း၌ ဖြစ်ပေါ်၏။

ပြင်ပနယ်မြေမှ ကျန်သည့်ကျင့်ကြံသူများသည် အဆုံးစွန်အကြောက်တရားကို ခံစားမိကြ၏။ သူတို့သည် ရူးသွပ်သွားကြကာ ရုတ်တရက် ပြောင်းလဲမှုကြောင့် ကြောက်ရွှံ့ကာ သူတို့၏စိတ်များ တုန်ယင်ကုန်သည်။ ထိုအခိုက်တွင် သူတို့သည် မတူညီသောအရပ်မျက်နှာများသို့ ထွက်ပြေး ပျံသန်းကြ၏။

သူတို့ နားမလည်နိုင်သည့် စွမ်းအားကို ရင်ဆိုင်ရသည့်အခါ သူတို့ မခုခံဝံကြပေ။ မခုခံနိုင်ကြပေ။

ချင်းလင်၊အရှင်ဟုန်ရှန်၊ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးတို့နှင့် တိုက်ခိုက်နေသော ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ ထိတ်လန့်မှုသည်ပင် အကန့်အသတ်သို့ ရောက်လာခဲ့၏။ အဘွားအိုနှင့် နောက်ဆုံးကျန်နေသော အင်ပါယာကိုယ်လုပ်တော်တို့သည် နောက်သို့ အသည်းအသန် ဆုတ်၏။ သူတို့သည် ချင်းလင်နှင့် တခြားနှစ်ယောက်၏ တိုက်ခိုက်မှုများမှ ချိုးဖျက်လာကြ၏။ သူတို့၏ ကျင့်ကြံမှုနည်းလမ်းများမှာ သာမန်မဟုတ်ကြပေ။ ထို့ကြောင့် သူတို့သည် ချက်ခြင်း အဝေးသို့ ထွက်ပြေးသွားနိုင်သည်။

တကွဲတပြား ဖြစ်သွားသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ရင်ဆိုင်နေရင်း အတွင်းနယ်မြေရှိ ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ် သောင်းချီသည်ပင် ထိုဧရာမဘီးကို တတိယကြိမ်မြောက် လည်ပတ်စေဖို့ စွမ်းအား မကျန်တော့ပေ။

ချင်းလင်က မျက်လုံးမှိတ်လိုက်၏။ သူ၏မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည်။ တတိယအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်၊ မိုးကောင်းကင်ဘုံနယ်မြေ၏ အင်ပါယာအဖြစ် သူ၏မူလစိတ်ဝိညာဉ် ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်း၏။ သူ၏မူလစိတ်ဝိညာဉ်သည် ဧရာမအဖြစ်သို့ ပြောင်းကာ သူသည် ဘီးထံ ခြေလှမ်းကာ ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

တစ်ချိန်တည်းမှာ အရှင်ဟုန်ရှန်၊ ဆင့်ခေါ်ခြင်းမြစ်မှ ခရမ်းရောင်ဝတ်စုံဖြင့် အမျိုးသမီးတို့မှာလည်း မျက်လုံးမှိတ်လိုက်၏။ သူတို့၏မူလစိတ်ဝိညာဉ်များ ပျံသန်းထွက်လာသည်။ အကွာအဝေးတစ်ခုရှိ ချင်းရွှေက သူ၏ဒဏ်ရာများကို လစ်လျူရှုကာ သူ့မူလစိတ်ဝိညာဉ်ပါ ပျံသန်းထွက်လာသည်။

ဧရာမမူလစိတ်ဝိညာဉ်လေးခုက ထိုဘီးကို တွန်းလိုက်ရာ တုန်ဟည်းသွားပြီး ဘီးသည် တတိယကြိမ်မြောက် ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။

ထိုဘီး တတိယကြိမ်မြောက် လည်ပတ်သည့်အခါ ဟင်းလင်းပြင်ကိုယ်တိုင် ပျက်စီးပြိုလဲရ၏။ အစစ်အမှန် ပြိုလဲခြင်းပင်။ အပိုင်းအစအလွှာများ အဘက်ဘက်သို့ ပြန့်ကြဲသွားသည်။ အဝေးသို့ ထွက်ပြေးရောက်ရှိနေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည်ပင် ထိုစွမ်းအားထံမှ လွတ်မြောက်နိုင်စွမ်း မဲ့ရသည်။ ထိုဘီး၏စွမ်းအားကြောင့် သူတို့၏ခန္ဓာကိုယ်များသည် ဖျက်စီးခြင်း ခံရသည်။

၎င်းဘီးသည် တတိယကြိမ်မြောက် လည်ပတ်ပြီးနောက် နောက်ထပ်အပိုအားတစ်ချို့ ကျန်နေသေးရာ ဖြည်းဖြည်းထပ်မံ လည်ပတ်သည်။ သို့သော် ၎င်းသည် လေးကြိမ်မြောက်ကို ပြီးပြည့်စုံအောင် မလှည့်ပတ်နိုင်တော့ပေ။ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက် သူ၏မူလစိတ်ဝိညာဉ်သည် ပျံသန်းထွ်ကလာကာ သူက ထိုဘီးကို တွန်းထုတ်သည်။

ထိုသို့ဖြင့် ထိုဘီးသည် နောက်တစ်ဖန် လှည့်ပတ်ကာ နောက်ဆုံးတွင် လေးကြိမ်မြောက် ပြီးပြည့်စုံစွာ လည်ပတ်သွားသည်။ ထိုအခါ ကြယ်အဖွဲ့အစည်းသည် တညံညံ၊ တဝီဝီ ဖြစ်ကုန်၏။ ထူးဆန်းသောအားတစ်ခုက အတွင်းနယ်မြေရှိ ကျင့်ကြံသူအားလုံး၏ မူလစိတ်ဝိညာဉ်များနှင့်အတူ ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ တုန်လှုပ်ဖွယ်ရာ တွန်းအားကို ဖြစ်စေလေ၏။

ထိုတွန်းအားအောက်၌ သူတို့ ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မည်သည့်နေရာတွင် ရှိနေပါစေ ကျန်သည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်များသည် ပျက်စီးကုန်လေသည်။

ဝမ်လင်းကို သတ်ရန် ကြိုးစားခဲ့ဖူးသော ဆန်းကြယ်လေဟာနယ်အဆင့် အဘွားအိုသည်ပင် တုန်ယင်ကာ ပျောက်ကွယ်သွား၏။ သူမ၏စိတ်ဝိညာဉ်မှာ ဖျက်စီးခြင်း ခံလိုက်ရသည်။

နောက်ဆုံးကျန်နေသေးသော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် တစ်ယောက်သာ ခြေတစ်လှမ်းဦးသွားသည်။ ဘီး၏စွမ်းအား ဝေ့ခတ်လာသည့်အခါ၌ သူမသည် အသက်ကယ်မန္တာန်ကို အသုံးပြု၍ လေဟာနယ်ကို ချိုးဖျက်ကာ အက်ကြောင်းတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အသက်ရှင်နိုင်ရုံမျှ ဖြစ်သွားလေ၏။

အရာအားလုံး ပြီးဆုံးသွားလေပြီ။

ဘီး၏အပြင်ဘက်၌ အားနည်းသွားကြသော မူလစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်များထဲ ပြန်ဝင်ရောက်လာကြ၏။ သူတို့ ပြန်ဝင်ရောက်လာသည့်အခါ အားလုံးသွေးအန်ကာ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

ဝမ်လင်းသည်လည်း သွေးအန်လိုက်ရ၏။ သည်ဘီးမှာ သူ၏မဟာဆန်းကြယ်သိမ်မွေ့အနှစ်သာရ သုံးခုကြောင့် ဖြစ်ပေါ်လာသည့်အတွက် သူ့အပေါ် ဝန်အားက များပြားလွန်းလှ၏။ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ထိုဝန်အားကို တောင့်ခံထားနိုင်ရုံမျှသာ ရှိလေ၏။

အတွင်းနယ်မြေ၏ ကျင့်ကြံသူသောင်းချီကြောင့်သာ မဟုတ်ပါက သူသည် ထိုအနှစ်သာရဘီးကို လည်ပတ်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလားတူပင် ကျန်သည့် ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ သူ၏ အဖမ်းခံရခြင်းနှင့် အသတ်ခံရခြင်းကြောင့်သာ မဟုတ်ပါက ထိုသူတို့သည် စုပေါင်း၍ ခုခံကြလိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင် သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူများ သူ့ကို ကူညီကြလျှင်ပင် ဒီအနှစ်သာရဘီးကို လည်ပတ်အောင် တွန်းနိုင်စွမ်း ရှိခဲ့လိမ့်မည် မဟုတ်ပါ။

“သုံးနှစ်…လာမယ့်သုံးနှစ်…” ဝမ်လင်းသည် ပင်ပန်းလွန်းနေပြီ ဖြစ်၏။ သူက အင်ပါယာမီးပြင်းဖိုပေါ်၌ ရပ်နေ၏။ သူသည် အင်ပါယာမီးပြင်းဖိုနှင့် အနှစ်သာရဘီးတို့ကို ယူဆောင်ကာ အဝေးသို့ ပျံသန်းသွားလေသည်။

“သင်တို့အားလုံး…သုံးနှစ်ကြာ ပြန်ကုစားပြီး အင်အားအပြည့် ဖြစ်အောင် လုပ်ကြ။ ငါ လူတိုင်းကို စောင့်ကြပ်ပေးထားမယ်…”

***

All Chapters