← Chapters

ဒဏ္ဍာရီ

Vol. 18 Ch. 236

ဒဏ္ဍာရီ

Vol. 18 Ch. 236

“ အရှေ့တိုင်း ရှေးဟောင်းပုံပြင်တွေထဲမှာ ချန်အီက လပေါ်မှာ ပြေး၊ ယုန်လေးက ‌ဆေးမြစ်ထောင်းနေချိန်မှာ ဝူကန်ကတော့ အလိုအလျောက် ပြန်ကောင်းလာတဲ့ နတ်ဆိုးသစ်ပင်ကို ဖြတ်ခုတ်ပစ်နေတယ်၊ အဲဒီပုံပြင်တွေ အရဆို လပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ နတ်ဆိုးသစ်ပင်၊ ယုန်လေး၊ ချန်အီတို့ ရှိတယ်လို့ သိခဲ့ကြတယ်”

ဂိုဏ်းချုပ်၏ အသံမှာ အာရုံစိုက်နားထောင်သူတိုင်းကို စိတ်တည်ငြိမ်သွားစေနိုင်သည့် ဆန်းပြားသည့် စွမ်းအင်တစ်မျိုး ပါဝင်နေသည်။

“ ရှေးဟောင်း အိန္ဒိယပုံပြင်တွေမှာတော့ လမင်းက လက်လေးဘက်ပါတဲ့ နတ်သမီးတစ်ပါး ဖြစ်တယ်၊ လက်တစ်ဖက်စီမှာ တောင်ဝှေး၊ သက်တော်ရှည်နှင်းစက်၊ ကြာပွင့်လေးတွေ အသီးသီးကိုင်ဆောင်ထားတယ်။ နောက်ဆုံးလက်မှာတော့ အကာအကွယ် အမှတ်အသားလေး ထိုးထွင်းထားတယ် ”

“ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ရှေးဂရိဒဏ္ဍာရီတွေထဲမှာကျ လမင်းက နောက်ထပ် အသွင်အပြင်တစ်မျိုး ဖြစ်တယ်။ အဲဒီမှာကျ သူမက နေနတ်ဘုရား အပိုလိုရဲ့ ညီမငယ်၊ လနတ်ဘုရားမလေး အာတီးမစ်ဖြစ်တယ်။ တချိန်တည်းမှာပဲ သူမက လက်မထပ်ရသေးတဲ့ မိန်းမငယ်လေးတွေရဲ့ အစောင့်အရှောက်လည်း ဖြစ်တယ်။ သူကိုယ်တိုင်လည်း သေသည်အထိ အပျိုဘဝနဲ့ပဲ နေသွားတယ်။ ဝမ်းနည်းစရာ ပုံပြင်လေးလည်း ရှိသေးတယ်။ မင်းတို့ထဲက စိတ်ဝင်စားတဲ့သူရှိရင် ပြန်ရောက်တဲ့အခါကျမှ တာအိုကျောင်းရဲ့ စာကြည့်တိုက်အဆောင်မှာ သွားကြည့်လို့ရတယ် ”

“ နောက်ပြီး ရှေးရှေးကတည်းက လနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ နိုင်ငံအများကြီးမှာ ရှိကြတယ်။ ငါတို့က အဲဒီဒဏ္ဍာရီတွေကို လပေါ်မှာ ခြေချပြီးတဲ့နောက် အဖြေရှာနိုင်ခဲ့ကြတယ်။ အခုအချိန်မှာ လမင်းက နတ်သားတစ်ပါးလည်း မဟုတ်သလို နတ်ဘုရားမတစ်ပါးလည်း မဟုတ်ဘူး။ ယုန်လည်း မရှိသလို ချန်အီလည်း မရှိဘူး...”

“ ဒါပေမဲ့ ငါတို့အတွက် အဖြေရှာမရသေးတဲ့ တချို့ ပြဿနာတွေ ရှိနေသေးတယ်။ ဥပမာအနေနဲ့ လပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဧရာမအလောင်းကြီး၊ ထူးဆန်းလှတဲ့ လကမ္ဘာ အတွင်းပိုင်းရယ်၊ လပေါ်ကို လွန်ခဲ့တဲ့ နှစ်ငါးရာက ခြေချခဲ့တဲ့ ပထမဆုံး စူးစမ်းလေ့လာသူတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ခြောက်သယောင်းနေတဲ့ သစ်ကိုင်းခြောက်ကြီးရယ်၊ ဒါတွေ အားလုံးက တိုက်ဆိုင်တာလည်း ဖြစ်နိုင်သလို၊ ပြန်လည် ဝင်စားတာမျိုးလည်း ဖြစ်နိုင်တယ် ”

ဂိုဏ်းချုပ်၏ အသံမှာ ပျံ့လွင့်နေဆဲ ဖြစ်ပြီး ဝမ်ပေါင်လဲ့နှင့် အခြားသူများကို အတွေးနက်နဲသွားစေသည်။ သူတို့သည် လနှင့်ပတ်သက်သည့် ဒဏ္ဍာရီအချို့ကို ကြားဖူးနားဝ ရှိထားပြီး ယခုပြန်လည် ကြားသိရ‌သောအခါ အားလုံးကို ချိတ်ဆက်ကြည့်ကြသည်။

“ဒါပေမဲ့ အားလုံးက အတိတ်က ဖြစ်ရပ်၊ သမိုင်းတွေပဲ။ ရှေးဟောင်းကြေးညိုရောင် ဓါးကြီးနဲ့အတူ စကြဝဠာထဲမှာ အကျိုးအပဲ့တွေ အများကြီး ပြန့်ကျဲရောက်လာကြတာ။ အချို့က လပေါ်ကို ရောက်သွားပြီးတော့ အရင်က ငါတို့သိခဲ့တဲ့ လက အခုလုံးဝ ကွာခြားနေပြီ။ မင်းတို့ထဲက တချို့တွေ ဒီအကြောင်းကို သတင်းထဲမှာ တွေ့ဖူးကြမယ်ထင်တယ်”

“ အခုအချိန်မှာ လပေါ်မှာ အပင်တွေတင်မကဘူး။ တခြားသက်ရှိတွေလည်း ရောက်နေကြပြီ ”

အာကာသ သင်္ဘောပျံမှာ စကြဝဠာကို ဖြတ်သန်းသွားနေစဉ် အရှိန်လျော့ကျသွားသည်ဟု ထင်ရသည်။ သို့ရာတွင် အမှန်တကယ်မှာ အလွန်လျင်မြန်သည့် အရှိန်ဖြင့် သွားနေခြင်း ဖြစ်ကာ ကမ္ဘာကြီးဆီမှ တဖြည်းဖြည်း ဝေးကွာလာပြီး လဆီသို့ တစတစ နီးကပ်လာခဲ့သည်။ သင်္ဘောပျံပေါ်ရှိ မည်သူမှ ဤသည်ကို သတိမပြုမိကြပေ။ သူတို့အားလုံးမှာ ဂိုဏ်းချုပ်၏ ပြောစကားများပေါ်၌ အပြည့်အဝ အာရုံစိုက်ထားကြပြီး အချိန်ကုန်သွားသည်ကိုပင် မသိလိုက်ကြပေ။

ဂိုဏ်းချုပ်၏ ပြောစကားများမှာ အတွေးစများ ထုတ်ပေးလိုက်သည့်အလား ဖြစ်ကာ လကမ္ဘာမှော်ဝင်နယ်မြေအား ပိုမို နားလည်လာကြသည်။

“ လပေါ်မှာ ဟိုးအရင်တည်းက သက်ရှိတွေ နေထိုင်ခဲ့ကြတာ ဖြစ်ပြီးတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်ကွယ်သွားကြတာလည်း ဖြစ်နိုင်တယ်။ အကျိုးအပဲ့တွေ ရောက်လာပြီးတော့ လတစ်ခုလုံးမှာ ဝိညာဉ်ချီက အသက်သွင်းလိုက်သလိုမျိုး လွှမ်းခြုံသွားလို့ တချိန်က ပျောက်ဆုံးသွားတဲ့ သက်ရှိတွေက ပြန်လည် ပေါ်ပေါက်လာတာမျိုးလည်း ဖြစ်နိုင်တယ် ”

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောနေရင်း လကမ္ဘာမှော်ဝင်နယ်မြေထဲမှ အန္တရာယ်များကို စတင်ပြောကြားလိုက်သည်။

“ အခုလက်ရှိ မှတ်တမ်းတွေ အရ အန္တရာ‌ယ်ပေးနိုင်တဲ့ သက်ရှိ ခြောက်မျိုး ရှိတယ်”

“ ပထမတစ်ခုက ပုံစံအသွင်အပြင် အမျိုးမျိုး ရှိတယ်။ ထူးခြားဆန်းကြယ်တဲ့ အသွင်ပြောင်းခြင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အကုန်ခြုံကြည့်ရင် အဲဒီသက်ရှိက ရှေးဟောင်းသိုင်းအဆင့်ရှိတယ်။ သူတို့ကို လကမ္ဘာသားရဲတွေလို့ ခေါ်တယ် ”

“ ဒုတိယကတော့ ညဘက်ကျက်စားတဲ့ လကမ္ဘာလင်းနို့တွေဖြစ်တယ်။ သူတို့က လင်းနို့နဲ့ ဆင်တူပေမဲ့ သက်ရှိဝါစဉ် နေရာအရတော့ ကွာခြားချက် အသေးအမွှားလောက်ပါပဲ။ သူတို့က နည်းနည်း ပိုအန္တရာယ်များလာပြီးတော့ အာနာပါန ပထမ၊ သို့ ဒုတိယအဆင့်လောက် အစွမ်းထက်ကြတယ် ”

“ တတိယကတော့ လကမ္ဘာကပ်ပါးပိုးတွေပဲ။ သူတို့က သဲကန္တာရတွေထဲမှာ တွေ့ရတဲ့ ဒဏ္ဍာရီလာ သေမင်းအင်းဆက်ပိုးတွေလိုပဲ။ ငါတို့ သိထားသ‌လောက်တော့၊ အဲဒီကောင်တွေက ပေတစ်သောင်းကျော်ရှည်ပြီး၊ အသေးဆုံးဆိုတဲ့ အကောင်တွေကတောင် ပေတစ်ရာလောက် ရှည်တယ်။ အာနာပါန တတိယ၊ စတုတ္ထအဆင့်လောက်ပဲ ရှိကြတယ်ဆိုပေမဲ့ အင်မတန် အစွမ်းထက်ကြတယ်။ သူတို့က အုပ်စုလောက် နေကြပြီးတော့ အရမ်းအစွမ်းထက်လို့ အခြေတည်အဆင့်ကလူတောင် သူတို့နဲ့တွေ့ရင် မဖြစ်မနေ ရှောင်သင့်တယ် ”

“ စတုတ္တအမျိုးအစားကတော့.... ဒါကို မင်းတို့ အားလုံး အာရုံစိုက် နားထောင်ကြ၊ ဒါက ပုံသဏ္ဌာန်အမျိုးအမျိုး ရှိတဲ့ အမျိုးအစားပဲ။ ဒါပေမဲ့ ပုံစံအားလုံးမှာ တူညီတဲ့ ဝိသေသလက္ခဏာတစ်ခု ရှိတယ်။ အဲဒီလက္ခဏာကြောင့်ပဲ ထူးခြားနေကြတာ။ အဲ့အကောင်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်လုံးတွေ အများကြီးရှိတယ်။ အဲဒီမျက်လုံးတွေက လူ့အသားကို ကျောက်တုံးဖြစ်အောင် ပြောင်းနိုင်တဲ့ မန္တန်တွေ စီရင်နိုင်တယ်။ မျက်လုံးများလေလေ၊ ပိုအစွမ်းထက်လေလေပဲ။ သူတို့က အာနာပါန ပဉ္စမအဆင့်နဲ့ အထွတ်အထိပ်အဆင့်ကြားထဲမှာ ရှိလို့ အန္တရာယ် အတော်များတယ်။ သူတို့အုပ်စုထဲက သားရဲဘုရင်တွေဆိုရင် အခြေတည်အဆင့်က ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်တယ် ”

“ ပဉ္စမအမျိုးအစားက လကမ္ဘာဝိညာဉ်တွေလို့ ခေါ်တယ်။ ဆဋ္ဌမအမျိုးအစားက ညနတ်ဆိုးတွေလို့ ခေါ်တယ်။ မင်းတို့ အဲဒီနှစ်မျိုးကိုတော့ ဘယ်‌တော့မှ မတွေ့ဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ တွေ့ခဲ့ရင် အသက်ကယ် ကျောက်စိမ်းပြားကိုသာ ခွဲခြေလိုက်ကြ၊ ငါပြောတာယုံ၊ မင်းတို့ နှောင့်နှေးနေရင် သေမင်းက မင်းတို့ဆီ ရောက်လာနိုင်တယ် ”

“ ဘာလို့လဲဆိုတော့ အားအနည်းဆုံး လကမ္ဘာဝိညာဉ်တောင်မှ အခြေတည်အဆင့်ထက် ပိုကြောက်ဖို့ကောင်းတယ်။ အစွမ်းထက်ဆုံးက အခြေတည်အဆင့် အထွတ်အထိပ်အဆင့်လောက် အစွမ်းထက်တယ်။ ညနတ်ဆိုးတွေကတော့.... အမြုတေအဆင့်အောက် နိမ့်တဲ့လူတွေ သူနဲ့တွေ့ရင် သေမှာပဲ”

“ အဲဒီဧရာမအလောင်းကြီးကိုကျ ညနတ်ဆိုးဧကရာဇ်လို့ နာမည်ပေးထားတာ။ မင်းတို့ တွေ့ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ မသိရသေးဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဂိုဏ်းစောင့်အကြီးအကဲ နတ်လက်နတ် ကိုင်ဆောင်ခဲ့တုန်းက ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး အမြုတေအဆင့် ကျင့်ကြံသူတွေပါတဲ့ တိုက်ပွဲမှာ ငါတို့ဘက်က ခါးခါးသီးသီး ရှုံးသွားပြီးတော့ အသက်တွေ ဆုံးရှုံးတော့မတတ် ဖြစ်သွားခဲ့ရတာ”

ဂိုဏ်းချုပ်က ပြောပြီးနောက် ခေတ္တ ရပ်နားလိုက်ကာ အားလုံးကို ကြားလိုက်ရသမျှ အချက်အလက်များ ခေါင်းထဲစိမ့်ဝင်ကာ လက်ခံနိုင်ရန် အချိန်ပေးလိုက်သည်။

လကမ္ဘာသို့ သွားရန် ပြင်ဆင်နေကြသူများ၊ ဝမ်ပေါင်လဲ့အပါအဝင် လူအားလုံးမှာ အထိတ်တလန့်ဖြစ်သွားကြပြီး အသက်ရှူသံများ မြန်လာကြသည်။ အလောင်းကောင်ကြီးအကြောင်း မှတ်တမ်းများထဲတွင် အတိုချုပ် ပါဝင်ထားသည်မှတစ်ပါး အခြားသက်ရှိများအကြောင်း မရေးထားရာ ယခုမှ ပထမဆုံးအကြိမ် ထိုသက်ရှိများအကြောင်း ကြားဖူးခြင်း ဖြစ်သည်။

ခဏအကြာတွင် ဂိုဏ်းချုပ်အကြီးအကဲအသံကို တစ်ဖန် ကြားရပြန်သည်။

“ ဒီသက်ရှိ ခြောက်မျိုးက လပေါ်မှာ တွေ့ရတဲ့ အန္တရာယ်အများဆုံး အကောင်တွေပဲ။ ဒါပေမဲ့ အမှန်တကယ် လပေါ်ကို ကျူးကျော်သိမ်းယူဖို့ ခက်နေတဲ့ အကြောင်းရင်းက လရဲ့ ရာသီဥတုကြောင့်ပဲ”

“ မင်းတို့ လကမ္ဘာထဲကို ဝင်ရောက်တဲ့အခါ မထင်မှတ်ထားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ တွေ့ကြုံရနိုင်တယ်ဆိုတာကို မှတ်ထား။ မင်းတို့ အဲဒီလို ရာသီဥတု အပြောင်းအလဲ မဖြစ်ခင်ကို ရှောင်ရှားတာ အကောင်းဆုံးပဲ။ လကမ္ဘာမှာ တံလျှပ်လို ထင်ယောင်ထင်မှား ဖြစ်တာတွေလည်း ရှိတတ်တယ်။ ခဏလေးပဲ ကြာမှာဆိုပေမဲ့ အကျိုးသက်ရောက်မှုက လန့်လောက်အောင် ပြင်းထန်တယ်”

“ နောက်ပြီး ကမ္ဘာပေါ်မှာ သိပ်မတွေ့ရတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းမုန်တိုင်းတွေလည်း ရှိတတ်တယ်။ ဒါပေမဲ့ အဲဒီမုန်တိုင်းတွေက ဒီလကမ္ဘာပေါ်မှာတော့ ခဏခဏ တွေ့ရတယ် ”

“ နောက်ပြီး မှော်လမ်းကြောင်းမြူခိုးဆိုတာလည်း ရှိသေးတယ်။ အဲဒါက တစ်ခုခုကို လွှမ်းခြုံသွားပြီဆိုတာနဲ့ အထဲမှာ ရှိသမျှ အရာအားလုံးကို တည်နေရာရွှေ့ပြောင်းခြင်းနဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခုနဲ့ လကမ္ဘာထဲက နေရာအသီးသီးကို ပို့ပစ်တယ်။ ကံမကောင်းတဲ့လူက လကမ္ဘာအမှောင်ဘက်ခြမ်းက အတွင်းပိုင်းတစ်နေရာကို ရောက်သွားတာလည်း ဖြစ်နိုင်တယ် ”

“ အဆိပ်မိုး၊ တိုက်စားလေပြင်း.... ဒါတွေလည်း ရှိတယ် ”

ဝမ်ပေါင်လဲ့နှင့်အခြားသူများမှာ ဂိုဏ်းချုပ်အကြီးအကဲ ပြောသမျှ စကားလုံးတိုင်းအား သေချာစွာ နားထောင်ပြီးနောက် လကမ္ဘာထဲ၌ တွေ့ကြုံရမည့် အန္တရာယ်များအကြောင်း ပိုမို နားလည်လာသည်။

ဂိုဏ်းချုပ်အကြီးအကဲက လအကြောင်း မိတ်ဆက်ပြောကြားနေစဉ် အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့သည်။ ဂိုဏ်းချုပ်အကြီးအကဲ၏ ရှင်းလင်းချက် အပြီးတွင် လကမ္ဘာမှာ လူအများ၏ ရှေ့မှောက်၌ ပေါ်ထွက်လာသည်။

စိတ်ထဲတွင် သိပ်မကြီးဟု မှတ်ထင်ထားသည့် လမင်းစန္ဒာမှာ မျက်စိရှေ့ပေါ်လာသည်တွင် အရွယ်အစား ကြီးမားလှသည်။ သူတို့ ဆိုက်ရောက်သည်နှင့် အခြေစိုက်စခန်း အများအပြား လမျက်နှာပြင်တစ်ခုလုံးတွင် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

အခြေစိုက်စခန်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားခြင်း မရှိဘဲ ထောင်နှင့်ချီကာ ပျံ့နှံ့နေကြသည်။ သူတို့အားလုံးသည် မတူညီသော ပြည်ထောင်စု အဖွဲ့အစည်း အသီးသီးမှ ဖြစ်သည်။ အနီးကပ်ကြည့်လိုက်ပါက အခြေစိုက်စခန်း အများစုမှာ လမျက်နှာပြင်၏ အနားသတ်တစ်လျှောက် တည်ရှိနေကြပြီး လကို အပိုင်းပိုင်း ဖြတ်ထားသည့် ပုံရိပ်ယောင်မျဉ်းအသွင် ဖြစ်ပေါ်နေသည်။

အချိန်ကြာမြင့်စွာ သိမ်းယူထားနိုင်ခဲ့သည့် နေရာမှာ လမျက်နှာပြင် နေရာသေးသေးလေးသာ ဖြစ်သည်။ ထိုနေရာအတွင်း တာအိုကျောင်းလေးကျောင်းနှင့် သက်ဆိုင်သည့် အခြေစိုက်စခန်းများ တစ်ရာကျော်ရှိသည်။ လကမ္ဘာမှော်ဝင်နယ်မြေ၏ ဝင်ပေါက်အား အစွန်အဖျားရှိ အခြေစိုက်စခန်းများထဲမှ တစ်ခုတွင် ‌ရွေးချယ်ထားသည်။

လတစ်ခုလုံးပေါ်တွင် မှော်ဝင်နယ်မြေသို့ ဝင်ရောက်ရန် ဝင်‌ပေါက်များစွာ ရှိသည်။ ပြည်ထောင်စုထဲမှ အဖွဲ့တိုင်းတွင် ကိုယ်ပိုင် ဝင်ပေါက်ရှိကြပြီး နည်းလမ်းကိုယ်စီ ရှိကြသည်။ ထိုဝင်ပေါက်တစ်ခုစီတိုင်းကို ပြည်ထောင်စုအဖွဲ့အသီးသီးမှ တစ်ယောက်စီပါဝင်သည့် အုပ်စုက တင်းကြပ်စွာ စစ်ဆေးကြသည်။ ဤသည်မှာ လကမ္ဘာ မှော်ဝင်နယ်မြေထဲသို့ ဝင်ရောက်သည့် တစ်ယောက်ချင်းစီက သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း သေချာစေရန် ဖြစ်သည်။

တချိန်တည်းမှာပင် မှော်ဝင်နယ်မြေမှာ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားခြင်း မရှိသောကြောင့် အခြေတည်အဆင့် ကျင့်ကြံသူများထဲမှ မည်သူဝင်ရောက်သည်၊ ထွက်ခွာသွားသည့် စသည့် အချက်အလက်များအား တင်းကြပ်စွာ စစ်ဆေးမှတ်တမ်းတင်ထားရသည်။ ပြည်ထောင်စုအနေဖြင့် အာနာပါနအဆင့် ကျင့်ကြံသူများ အကဲဖြတ်အဆင့်မြှင့်တင်ချိန်တွင် အနှောင့်အယှက်ကင်းစေရန် ဦးစွာ စစ်ဆေးရှင်းလင်းထားကြသည်။

သူတို့ဆိုက်ရောက်လာသည်တွင် လမင်းမှာ သူတို့မျက်စိရှေ့တွင် သိသိသာသာ ထင်ရှားလာသည်။ မျက်နှာပြင်မှ ချိုင့်ခွက်များမှာလည်း ကြီးမားလှပြီး အဝေးမှ မြင်ရသည့် အခုံးသဏ္ဌာန် မြေပြင်မှာလည်း အပြားဖြစ်သွားကာ မြေပြင်ကျယ်ကြီးအသွင် ပြောင်းလဲသွားသည်။

အာကာသ သင်္ဘောပျံ ဆင်းသက်မည့် လေဆိပ်မှာလည်း ပိုမို ရှင်းလင်းပြတ်သားလာသည်။ သူတို့သည် အခြား တာအိုကျောင်းသုံးကျောင်းမှ အာကာသ သင်္ဘောပျံများကိုလည်း တွေ့နေရသည်။

ဝုန်းခနဲအသံကျယ်ကြီးနှင့်အတူ ‌ကောင်းကင်တာအိုကျောင်းမှ အာကာသ သင်္ဘောပျံမှာ အခြေစိုက်စခန်းရှိ လေဆိပ်ထဲသို့ ဆင်းသက်လာပြီး အကြိမ်ကြိမ် တုန်ခါသွားကာ ဖုန်မှုန့်များ လွင့်တက်လာသည်။

ထိုဖုန်မှုန့်များ နောက်ဆုံး ပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့သည် အခြားလူများနှင့်အတူ စိတ်လှုပ်ရှားကာ မျှော်လင့်ချက်ကြီးစွာဖြင့် သင်္ဘောပျံပေါ်မှ ဆင်းသက်လာခဲ့ကြသည်။ သူသည် ကမ္ဘာနှင့် လုံးဝ ကွာခြားသည့် ကြယ်တစ်လုံးကို လှမ်းကြည့်နေသည်။ ကောင်းကင်မှာ မှောင်မည်းနေသော်လည်း မြေပြင်မှာမူ လင်းထင်းနေသည်။

လေထုမရှိသည့်တိုင် လကမ္ဘာ၏ တိုးတက်ပြောင်းလဲမှုကြောင့် အသက်ရှူမရသည့် စိန်ခေါ်မှုမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ရောက်နေပါက ထူးထူးခြားခြား ခံစားရမည် မဟုတ်ပေ။ အထူးသဖြင့် ကျင့်ကြံသူများမှာ လေထဲမှ အန္တရာယ်ရှိ ဓါတ်ငွေ့များကို ခံနိုင်ရည်ရှိနေကြပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် ကျန်လူများ အသားမကျနိုင်သည့် ခံစားချက်မှာ သူတို့ကို အပေါ်မှ အဆက်မပြတ် ဖိထားသည့် ဖိနှိပ်အား ဖြစ်သည်။ သူတို့အားလုံးမှာ ကျောပေါ်တွင် တောင်ငယ်လေးတစ်လုံးစီ သယ်နေရသည့်အလား အသက်ရှူရာတွင်မက ခန္ဓာကိုယ်များပါ လေးလံနေသည်။

ထိုခံစားချက်မှာ နေသားတကျဖြစ်စေရန် အချိန်တစ်ခု စောင့်ဆိုင်းရသည်။ တချိန်တည်းမှာပင် ဤအချက်ကြောင့်ပင် သာမန်လူများအနေဖြင့် လပေါ်၌ အချိန်ကြာမြင့်စွာ ရှင်သန်မနေနိုင်ခြင်း ဖြစ်သည်။

ထိုစဉ် ဝမ်ပေါင်လဲ့နှင့် အခြားဂိုဏ်းသားများက သင်္ဘောပျံပေါ်မှ ဆင်းလာပြီး အခြေစိုက် စခန်းထဲသို့ ဝင်သွားကြရာ အခြားတာအိုကျောင်းသုံးကျောင်းမှ ကျင့်ကြံသူ တစ်ထောင်ခန့်သာမက တစ်ကျောင်းစီမှ အမြုတေအဆင့် ကျင့်ကြံသူများကိုပါ တွေ့လိုက်ရသည်။

ကျောင်းတစ်ကျောင်းစီမှ အမြုတေအဆင့် ကျင့်ကြံသူ ခုနစ်ယောက်မှ ရှစ်ယောက်ထိ ပါလာကြသည်။ ကောင်းကင်တာအိုကျောင်း ဆိုက်ရောက်လာခြင်းနှင့်အတူ အမြုတေအဆင့် ကျင့်ကြံသူများမှာ သုံးဆယ်ကျော်ဖြစ်လာသည်။ သူတို့အားလုံး စုဝေးနေကြသည့် ပတ်ဝန်းကျင်တစ်ခုလုံး ဟာရီကိန်း မုန်တိုင်းအလား ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ပြည့်နှက်ဖုံးလွှမ်းသွားသည်။ ဤသည်မှာ အဓိကတာအိုကျောင်းလေးကျောင်းက မည်မျှ အစွမ်းထက်ကြောင်းကို ပြသနေရုံမက ဤကျောင်းများသည် ယခု အကဲဖြတ်ပွဲအား မည်မျှ အ‌လေးထားကြောင့် သက်သေပြနေသည်။

All Chapters