အန်လင်းနဲ့ အန်ကီရင်
Vol. 28 Ch. 382
"ဒီကိုလာခဲ့ အန်ကီရင်၊ ဖေဖေ မင်းကိုချီပါစေ။" စုရှောင်လန်က သူ့လက်ထဲမှ ကလေးငယ်လေးကို အန်လင်းဆီသို့ ကမ်းပေးလိုက်၏။
အန်လင်းက ရွှေရောင် ကလေးလေးကို တုန်ယင်နေသော လက်များနှင့် ချီလိုက်ကာ ပြောစကားများ ပျောက်ဆုံးနေလေတော့သည်။
ကလေးငယ်၏ အသားအရေမှာ အလွန်ချောမွေ့ပြီး ထိတွေရသည်မှာ ထုံထိုင်းသည့် ခံစားချက်ရှိပြီး ဖြစ်နိုင်သည်မှာတော့ ထိုကလေး၏ ပတ်ဝန်းကျင်၌ တစ်ဖြောက်ဖြောက်မြည်နေသော လျှပ်စီးကြောင့် ဖြစ်နိုင်၏။
ရွှေရောင် ကလေးလေးမှာ ငိုကြွေးခြင်းမှ မောပန်းသွားပုံရပြီး တိတ်ဆိတ်သွားလေတော့သည်။ ထိုနောက် ထိုသည်က အန်လင်းကို မော့ကြည့်ကာ သူ့၏ ချစ်စဖွယ် အပြစ်ကင်းသော မျက်နှာတွင် စိတ်ဝင်စားမှုများပြည့်နှက်သွား၏။
"မင်းက ဘယ်သူလဲ။ မင်းက ဘာလို့ ငါ့ရဲ့ဗိုက်ထဲက ထွက်လာရတာလဲ။" အန်လင်းက ရွှေရောင် ကလေးငယ်၏ ပါးကို ညင်သာစွာ ထိလိုက်၏။
ကလေးငယ်က အန်လင်းပြောသည်ကို နားလည်သည့်ပုံ မပေါ်ကာ ပျော်ရွှင်စွာဖြင့် ရယ်မောလာလေ၏။ "ပါးပါး..."
"ငါက မင်းအဖေ မဟုတ်ဘူး။" အန်လင်းက ချက်ချင်းပင် တည်ငြိမ်သော မျက်နှာထားနှင့် ပြန်ဖြေလိုက်၏။
ကလေးလေးက စိတ်ရှုပ်ထွေးစွာ မျက်တောင် တဖြတ်ဖြတ် ခတ်ကာ သူ့ခေါင်းကို စုရှောင်လန်ဆီသို့လှည့်ကာ မော့ကြည့်လိုက်၏။ "မားမား..."
ထိုသည်ကို ကြားပြီးနောက် စုရှောင်လန်က ရှက်သွေးဖြာလာကာ အန်လင်းကို စိုက်ကြည့်ပြီး အေးစက်စွာ မကျေမနပ် အသံပြုလာလေ၏။ "ဟွန့်... အဖေတူသားဆိုတဲ့ စကားပုံက တကယ့်ကို မှန်တာပဲ။ အန်ကီရင်က အခုမှ မွေးကာရှိသေးတယ် သူက နှာဘူးဖြစ်နေပြီ။"
အန်လင်းက သူမ၏ စကားလုံးများကြောင့် မေ့လဲတော့မလို ဖြစ်သွား၏။ အဲ့ဒီ့ အဖေတူသားဆိုတာကြီးက သောက်ကျိုးနည်းဘာကြီးလဲ။ သူက အဖေမဖြစ်ချင်ပါဘူးနော်။
မမျှော်လင့်ထားသော စကားပြောသံများက သူ့ပတ်လည်မှ ကြည့်ရှုသူများထံမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
စုချန်းရန်က သူ့၏ ချယ်ရီရောင်နှုတ်ခမ်းများကို အလန့်တကြား ဖိကိုက်လိုက်၏။ "အတန်းဖော် အန်လင်းနဲ့ ရွှေရောင် ဟာလာပြင် လျှပ်စီး ကီရင်က တစ်ယောက်နဲ့ တစ်ယောက်တောင် မနမ်းတာကို သူက ဘယ်လိုလုပ်ပြီး ဗိုက်ကြီးသွားတာလဲ။ ပြီးတော့ အမျိုးသမီးတွေကပဲ ကလေးမွေးရမှာ မဟုတ်ဘူးလား။ အမျိုးသားတွေရော အတူတူပဲလား။ ဟင် ခဏ ရွှေရောင်ဟာလာပြင်လျှပ်စီး ကီရင်က အမျိုးသားလား အမျိုးသမီးလား။"
လူတိုင်းက စုချန်းရန်၏ မေးခွန်း တသီကြီးကို လျစ်လျူရှုထား၏။ သူမ၏ ကမ္ဘာကြီးကို မြင်သည့် ရှုထောင့်က မည်သို့ပြောင်းသွားမည်ကို ဘုရားသာ သိပေလိမ့်မည်။ ထို့ပြင် မည်သူကမှလည်း ချန်အာ၏ ဒေါသကို သွားစဆွသင့်သည်မို့ သူမကို အမှန်ပြင်ပေးရန် သတ္တိမရှိကြပါပေ...။
ဟူကွမ်၊ ယောင်မင်ရှီနှင့် တခြား စူပါ ပရိသတ်များက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ချီးကျူးစကားများ ပြောလာလေ၏။ "အစ်ကိုကြီး အန်က မျှော်လင့်ထားသလိုပဲ တကယ့်ကို ကျောင်းရဲ့ ပုဂ္ဂိုလ်ကျော်ပဲ။ ဒီကမ္ဘာပေါ်မှာ တခြားဘယ်သူကများ အံ့ချီး လျှပ်စီးနဲ့ အိပ်ပြီး လျှပ်စီးကလေးလေး မွေးနိုင်မှာလဲ။"
"နတ်ဘုရားတွေက အစ်ကိုကြီးအန်ရဲ့ ရှေ့ဆက်မဲ့ ခြေလှမ်းတွေကို ဟန့်တားလို့မရတော့ဘူး။ ဝုတ်..."တပိုင်က ပြောလာလေ၏။
"မကြာသေးခင်က လုံအိုထျန်လို့ အမည်ရတဲ့ ကိုးပြည်ထောင်စု နိုင်ငံတော်ထဲမှာ ပေါ်လာတဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ရှိတယ်လို့ ငါကြာဖူးတယ်။ သူက နတ်ဘုရားတွေကို ဆန့်ကျင်မယ်လို့ ကြေညာထားတာ။ သူက အတန်းဖော် အန်လင်းကို နှိုင်းယှဉ်လို့တောင် မရဘူး။ ဘာပဲဖြစ်ဖြစ် အန်လင်းက ကောင်းကင်ဘုံကို အောင်နိုင်ပြီးတော့ အန်ကီရင်ကို မွေးပြီးပြီလေ။" ထန်ရှီမန်က စိတ်လှုပ်ရှားစွာ ဆိုလာလေ၏။
ကျန်ရစ်နေသော တစ်ချို့သော အကျိုးအကြောင်း ဆင်ခြင်တတ်သည့် လူများကဲ့သို့ လျှိုတပေါင်နှင့် ကျောက်ဟွိုင်ရင်က အပြည့်အဝ ပြောစရာ စကားမဲ့နေလေတော့၏။ သူတို့မှာ ပတ်ဝန်းကျင်ကိုသာ အမူအရာမဲ့နှင့် ကြည့်လိုက်ပြီး ကမ္ဘာကြီးက သူတို့ ဦးခေါင်းကို မှောက်ခုံဖြစ်စေသည်လားကို သိချင်နေပေ၏။
မြေကမ္ဘာအင်မော်တယ် မင်ယွမ်က တောင်ခြေမှ တောင်ထိပ်သို့ လျှင်မြန်စွာ လျှောက်လာလေ၏။ သူက ရင်ဘတ်ကို လက်တစ်ဖက်နှင့် ဆုတ်ကိုင်ထားသော်လည်း သူ့၏ မျက်လုံးများမှာမူ တောက်ပသော အလင်းဖြင့် လင်းလက်နေ၏။
"ဟားဟားဟား... ကျောင်းသား အန်လင်း ငါ့ကို အသိပညာပေးတာ ကျေးဇူးပါကွာ။ ငါက အခုပဲ အထီးကျန် နေရာကို သွားတော့မယ်။ ငါ ဟာလာပြင်သို့ အပြန်အဆင့်ကို ဖြတ်ကျော်နိုင်ရင် မင်းဆီကို လက်ဆောင်နဲ့ သေချာပေါက်ပြန်လာမယ်။"
မြေကမ္ဘာအင်မော်တယ် မင်ယွမ်က အရူးတစ်ယောက်ကဲ့သို့ ရယ်မောကာ ဒုကျောင်းအုပ် ယွီဟွားဆီသို့လှည့်လိုက်၏။ "ကျောင်းအုပ်ကြီး။ ငါထွက်စာတင်ချင်တယ်။ ငါ့ရှေ့က တခါးပေါက်က ပွင့်သွားပြီးပြီ။"
ဒုကျောင်းအုပ် ယွီဟွားက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့၏ ထိုးထွက်လာသော ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မင်ယွမ်ကို လက်ယမ်းပြလိုက်၏။ "မင်းရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီ။ တကယ်လို့ မင်းက ဟာလာပြင်သို့ အပြန်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင်လည်း ကျောင်းနဲ့ ကောင်းကင်ဘုံ ခုံရုံးအတွက် ကံကြမ္မာကောင်းတစ်ခုဖြစ်မှာပါ။"
မြေကမ္ဘာအင်မော်တယ် မင်ယွမ်က အန်လင်းကို နက်နက်ရှိုင်းရှိုင်းဦးညွှတ်ပြကာ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားကာ ကြည့်ရှုသူများကိာ အံ့ဩတကြီး ချန်ရစ်ခဲ့တော့သည်။
"အဲ့တာက ဘာလဲ။ အန်လင်းရဲ့ အတိဒုက္ခကျော်လွှားခြင်းက ဆရာတွေကို ဟာလာပြင်သို့ အပြန်အဆင့်ကို ရောက်အောင် ကူညီပေးတာလား။"
"ငါ့နှလုံးသားက တုန်ယင်နေတာကို ခံစားရတယ်။ အတန်းဖော် အန်လင်းရဲ့ အတိဒုက္ခ လျှပ်စီးက ရွှေဆရာင် ဟာလာပြင် လျှပ်စီးဆိုတဲ့ အချက်ကို ငါလက်ခံပါတယ်။ ရွှေရောင် ဟာလာပြင် လျှပ်စီးက ကီရင်ပုံစံ ယူနိုင်တာကိုလဲ ငါက တုံ့ဆိုင်းပြီး လက်ခံပါတယ်။ သူက ရွှေရောင် ဟာလာပြင် လျှပ်စီးကိုပါ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အချက်ကိုပါ လက်ခံနိုင်သေးတယ်...။ ဒါပေမဲ့ အတိဒုက္ခကျော်လွှားတာ ပြီးပြီးချင်းမှာ သူမွေးလိုက်တဲ့ ကလေးက ဘာကြီးလဲ။ အဲ့တာတင်မကသေးဘူး သူက ဆရာမင်ယွမ်ကိုလဲ ဟာလာပြင်သို့ အပြန်အဆင့်ကို ထိုးဖောက်နိုင်ဖို့ ကူညီပးတယ်လား။ တကယ်ပဲ ဘာတွေ ဖြစ်နေကြတာလဲ။"
ကျောင်းအုပ်ကြီး ယွီဟွားမှာ ကိစ္စများကို ဤကဲ့သို့ ဆက်လက်ဖြစ်ရန် ခွင့်မပြုနိုင်တော့ပေ။ သို့မဟုတ်ပါက အခြေအနေက အထိန်းအချုပ်မဲ့ ဖြစ်လာနိုင်ပေ၏။
သူက ချက်ချင်းပင် ကျောင်းသားနှင့် ဆရာအများစုကို အဝေးသို့ပို့ရန် ဆုံးဖြတ်လိုက်ပြီး အန်လင်းနှင့် သူ့သူငယ်ချင်းများကို ကြည့်ရှုသာမရှိသော နေရာသို့ ခေါ်ဆောင်သွားလိုက်၏။
ကန်တစ်ခု၏ ဘေးမှ ပွဲကြည့်စင်လေးတွင် အန်လင်း၊ စုရှောင်လန် နှင့် ရွှမ်ယွမ်ချန်တို့က ဒုကျောင်းအုပ်ကြီး ယွီဟွားနှင့် စုစည်းနေလေ၏။ သူတို့က ဤနေရာသို့ ဒုကျောင်းအုပ်ကြီး ယွီဟွား၏ လေဟာနယ် မန္တန်နည်းလမ်းနှင့် ကူးပြောင်းခံလိုက်ရ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားက အန်လင်း၏ လက်ထဲမှ ရွှေရောင် ကလေးငယ်လေးကို စိုက်ကြည့်ကာ သူ့၏ ဝမ်းဗိုက်သို့ လက်တစ်ချောင်း စမ်းကာ ပုတ်ကြည့်လိုက်၏။
ရွှေရောင် ကလေးငယ်က သူ့သွားများကို လှစ်ပြကာ ယွီဟွားကို စိုက်ကြည့်နေလေ၏။
ယွီဟွား၏ လက်ချောင်းမှာ အလင်းရောင်ဖြင့် တောက်ပလာသည်ကို မြင်ပြီးနောက် ရွှေရောင် ကလေးငယ်က အန်လင်း၏ လက်ထဲတွင် တွန့်လိမ်စပြုလာကာ သည်းအခံနိုင်ဖွယ် ဆူညံသံများက သူ့ပါးစပ်မှ ထွက်လာပြီး ယွီဟွား၏ လက်ကို ကိုက်ချလိုက်၏။
ခွပ်...
ယွီဟွားက အလွန်အမင်း သန့်စင်သော လျှပ်စီးကြောင်းက သူ့လက်ကို တိုက်လာသည်ကို ခံစားလိုက်ရပြီး အထိန်တလန့်အမူအရာ ပေါ်လာလေ၏။
"ကျောင်းအုပ်ကြီး၊ ဒီကလေးက ဘာလဲဆိုတာ သိလားဟင်။"
အန်လင်းက ဒုကျောင်းအုပ်ယွီဟွားမှာ ဤကလေး၏ ရင်းမြစ်နှင့် ပတ်သတ်၍ တစ်ခုခု သို့မဟုတ် နှစ်ခုသိသည်ဟု ခံစားလိုက်ရ၏။
ယွီဟွားက တဖြည်းဖြည်း သူ့လက်ကို ဆုတ်လိုက်ပြီး သူ့၏ ထူထဲသောမျက်ခုံးများကို ကြုံ့လိုက်၏။ "အန်ကီရင်က ပြည့်စုံပြီး ဉာဏ်ရည် မြင့်တဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ သူက သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်ေတာ့ ရှိပါတယ်။ မင်းက သူ့ကို မွေးလိုက်တာဆိုတော့ သူ့နဲ့ စိတ်ဝိညာဉ် ဆက်သွယ်ခြင်း လုပ်ကြည့်ဖို့ စမ်းကြည့်သင့်တယ်လို့ ငါထင်တယ်။"
အန်လင်းက ယွီဟွား၏ သုံးသပ်ချက် ကြားပြီးမှသာ သက်ပြင်းချနိုင်တော့၏။ ရွှေရောင်ကလေးငယ်က တကယ်ကြီး ကလေးမဟုတ်တာ ဘုရားမတာပဲ။ မဟုတ်ပါက သူ့၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားပေလိမ့်မည်။ သူက ကမ္ဘာတစ်လွှားတွင် ပထမဆုံးသော ကလေးမွေးသည့် အမျိုးသားအဖြစ် ကျော်ကြားသွားပေလိမ့်မည်။
သူက သူ့ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး သူ့၏ သိစိတ်ကို အသုံးပြုကာ ရွှေရောင် ကလေးငယ်နှင့် ဆက်သွယ်ရန်ကြိုးစားလိုက်၏။
ယွီဟွားမှာ အန်လင်း၏ မအောင်မြင်သည့် ကြိုးစားမှုကြောင့် ရပ်တန့်မည့်ဟန် မပေါ်ပါပေ။ ထိုအစား သူက တခြားနည်းလမ်းကို အကြံပေးလာ၏။ "အန်ကီရင်မှာ အလွန်ကို သန့်စင်တဲ့ လျှပ်စီး စွမ်းအင်နဲ့ ထူးကဲတဲ့ စွမ်းအင်လှည့်ပတ်နေတဲ့ အတွင်းအားဗဟိုချက် ရှိတယ်။ မင်းသူနဲ့ ဆက်သွယ်မှုတစ်တစ်ခု ပြုလုပ်ချင်ရင် သွေးတစ်စက် အသုံးပြုဖို့ အကြံပေးမယ်။"
"အဲ့အကြံ ကောင်းတယ်။" အန်လင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်လာလေ၏။
သူက မကြာသေးမီက အခြေအနေများကြောင့် အန်လင်းက ကြောင်အနေပြီး သူ့၏အခြေအနေအကြောင်း တွေးရန် ပမာဏလုံးဝပျောက်ဆုံးနေပြီဖြစ်သည်။
ဤရွှေရောင်ကလေးလေးမှာ ဘာလဲဆိုတာ မသိသေးသော်လည်း သူက သူ့၏ ဝမ်းဗိုက်ထဲမှ ထွက်လာတာဖြစ်၍ သူက အန်လင်းနဲ့ သန်မာသော ဆက်နွယ်ချက်တစ်ခုရှိရမည် ဖြစ်သည်။ အကယ်၍ သူက အသက်ပုံစံတစ်ခု မရှိပင်လျှင်တောင် သူက လေဟာနယ်ပစ္စည်းတစ်ခု ဖြစ်ရပေမည်။ အကယ်၍ အန်လင်းက သူ့အကြောင်းပိုသိချင်ပါက သူ့သွေးနှင့် ဆက်သွယ်ချက်တစ်ခု ပြုလုပ်ရန် ကြိုးစားကြည့်နိုင်၏။
အန်လင်းက သူ့သွေးအဆီအနှစ်တစ်စက်ကို ထုတ်လွှတ်လိုက်ပြီး ရွှေရောင်ကလေး၏ မျက်နှာရှေ့တွင် ရစ်ဝဲနေလေ၏။
လူတိုင်းက အသက်အောင့်လိုက်ပြီး ကလေးကို စိုက်ကြည့်နေသည်မှာ မြေပြင်အက်ကွဲစေနိုင်သည့်တစ်စုံတစ်ရာကို မျက်မြင်တွေ့နေရသကဲ့သို့ပင်။
အန်ကီရင်က သွေးအဆီအနှစ်ကို သိလိုစိတ် အပြည့်နှင့် အမူအရာဖြင့် ကြည့်လိုက်၏။ သူကထို့နောက် အနံခံလိုက်ပြီး သူ့မျက်လုံးများက အရောင်တောက်လာပြီး သူက ချက်ချင်းပင် သွေးအဆီအနှစ်ကို မျိုချလိုက်သည်။
"မင်းအခု တစ်ခုခုကို ခံစားရပြီလား။" ဒုကျောင်းအုပ်ကြီး ယွီဟွားက သိလိုစိတ်ပြင်းပြစွာ မေးလာ၏။
အန်လင်းက စိတ်ရှုပ်ထွေးမှု အပြည့်နှင့် အမူအရာဖြင့် သူ့ခေါင်းကို ခါပြလိုက်၏။
သူက ကျေနပ်သော အမူအရာနှင့် နှုတ်ခမ်းသပ်နေသော ကလေးကိုကြည့်လိုက်၏။
သို့သော်လည်း သူ့၏ အခြေအနေမှာ ရုတ်တရက် အဆိုးဘက်သို့ ဦးတည်စပြုလာလေ၏။
လူတိုင်းက ကလေးမျက်မှာပေါ်တွင် ပေါ်လာသော နာကျင်သည့်အမူအရာကြောင့် ကြောင်အသွားပြီး ဒုကျောင်းအုပ်ကြီး ယွီဟွားပင်လျှင် အလန့်တကြား မျက်လုံးပြူးလာလေ၏။
"ဝါး... ဝါး... ဝါး..."
အန်ကီရင်က စတင်ငိုကြွေးလာပြီး အန်လင်း၏ ပေါင်ပေါ်တွင် နာကျင်စွာ လူးလိမ့်လာတော့လေသည်။
"ဘာတွေဖြစ်နေတာလဲ။ အန်ကီရင်ရဲ့ ခန္ဓာကိုယ်က အတန်းဖော် အန်လင်းရဲ့သွေးကို ငြင်းပယ်နေတာလား။" ရွှမ်ယွမ်ချန်က စိတ်ရှုပ်ထွေးသော အမူအရာနှင့် ဆိုလာ၏။
"အန်ကီရင်က အဆိပ်မိသွားတယ်လို့ ငါက ဘာလို့ခံစားနေရတာပါလိမ့်..." ရှောင်ဟုန်က သူ့ခေါင်းကို ဘယ်ညာယိမ်းကာ ချိုသာသော အသံလေးနှင့် ပြောလာ၏။
"ဂေ့..." ထိုသည်ကိုကြားပြီးနောက် အန်လင်းက အတွေးတစ်ခု ပေါ်လာလေ၏။
သူ့သွေးမှာ တစ်ချို့သော အသက်ပုံစံတွေအတွက် သေစေနိုင်သော အဆိပ်ဖြစ်၏။
ထိုသို့ဆိုပါက... ထိုကလေးငယ်က သူ့သွေးကြောင့် အဆိပ်မိသွားသည်လား။
အန်လင်း၏ ထင်မြင်ချက်ကို အတည်ပြုလိုက်သကဲ့သို့ အန်ကီရင်က ရုတ်တရက် သွေးများအန်ထွက်လာပြီး သူ့မျက်လုံးများက နောက်လှန်သွားကာ သူ့ဝမ်းဗိုက်မှာ ဘောလုံးတစ်လုံးကဲ့သို့ ကျယ်ပြန့်လာလေ၏...။
ဘန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
အန်ကီရင်မှာ လူတိုင်း၏ မျက်စိရှေ့တွင် ပေါက်ကွဲသွားလေတော့သည်...။
***