အငှားဓားနှင့် လူသတ်ခြင်း
Vol. 28 Ch. 393
အန်လင်းက သူ့၏ အုတ်ခဲနက်ပေါ်တွင် လေထုကို ဖြတ်၍ ပျံသန်းကာ အောက်ဘက်မြေပြင်တွင် ဖြစ်ပွားနေသော မရေမတွက်နိုင်သည့် တိုက်ပွဲများကို မြင်တွေ့နေရ၏။
သူက တစ်ချို့တိုက်ပွဲများတွင် ကိုယ်တိုင်ပါဝင်လိုသည့် စိတ်အားထက်သန်မှုကို ချိုးနှိမ်ကာ ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်နေ၏။
ထိုအချိန်အတွင်းတွင် အန်လင်းက ဓားပျံစီးကျောင်းသားတစ်ချို့က ဓားပျံအသုံးပြုကာ လျှောက်ပျံနေသည်ကို တွေ့လိုက်ရ၏။
သူတို့အားလုံးမှာ အန်လင်းကို ရှောင်ရန် သိသိသာသာကြိုးစားလာကြ၏။ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် စီနီယာကျောင်းသားတစ်ဦးနှင့် ရင်ဆိုင်ရန်မှာ ကြောက်မက်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်သော်လည်း တစ်ချို့မှာတော့ ကောင်းမွန်သည့်နေရာတစ်ခု သေချာရန်အတွက် အောင်မြင်မှုအမှတ်များ ပိုမို စုဆောင်းရန်လို၏။သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ နောက်ဆုံးရက်တွင် ဖြစ်ပွားခဲ့ပါက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျောင်းသားများက သူ့အား တုံ့ဆိုင်းခြင်းမရှိပဲ သေချာပေါက် စိန်ခေါ်မည်ဖြစ်သည်။
ဘုန်း...
အဝေးဆီမှ ကမ္ဘာမြေ အက်ကွဲစေနိုင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။
အန်လင်း၏ အမူအရာမှာ ပြောင်းလဲသွားကာ မူလပျံသန်းနေသော မြောက်အရပ်မှ ဦးတည်ချက်ပြောင်းလာခဲ့၏။
နောက်ထပ်သော ဓားအလင်းတန်းတစ်ခုက မြေပြင်မှ မြှင့်တက်လာပြီး အနီးမှ တောင်ထိပ်ကို ဖယ်ရှားပစ်လိုက်၏။
ထိုသည်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး ကြားမှ တိုက်ပွဲဖြစ်၏။
အန်လင်းက သူ့အုတ်ခဲပေါ်မှ တိုက်ပွဲဆီသို့ ပျံသန်းလာရာ လက်ရှိတိုက်ပွဲထဲ၌ တိုက်ခိုက်နေသည်မှာ ယောင်မင်ရှီနှင့် ထန်ရှီမန်တို့ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုသည်ကို မြင်ရသည်မှာ အနည်းငယ်တော့ အံ့ဩစရာကောင်းလှ၏။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများက ပုံမှန်ဆိုလျှင် သည်လောက်စောစော တစ်ယောက်နှင့်တစ်ယောက်မတိုက်ခိုက်ပါပေ။ ပထမဆုံးနေ့မှာ အမှတ်များစုဆောင်းရန်သာ အဓိကဖြစ်ပြီး သူတို့က တစ်ယောက်နဲ့ တစ်ယောက်တိုက်ပြီးတော့ ဘာလုပ်နေကြတာလဲ။
ထန်ရှီမန်မှာ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားတွင် စွမ်းအားအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပြီး ထိုသည်က သူ့၏ တိုက်ပွဲထဲတွင် ယောင်မင်ရှီထက် အသာစီးရနေသည်ကို ဖော်ပြ၏။ သို့သော်လည်း ယောင်မင်ရှီက စိန်ခေါ်ခြင်းမှ နောက်မဆုတ်ပါပေ။ သူက ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ရှိနေသော်လည်း သူ့ဓားသိုင်းပညာများက ပိုမို အစွမ်းထက်လာသည်ဟုသာ ထင်ရ၏။
"စီနီယာ ထန်၊ ကျွန်တော့်ရဲ့ နောက်သိုင်းပညာက ကျွန်တော့် ညီမငယ်လေးက တီထွင်ထားတာ။ အခု အဲ့တာကို အစ်ကို့အပေါ်မှာ သုံးမယ်နော်။" ယောင်မင်ရှီက ရုတ်တရက် နောက်ဆုတ်လိုက်ပြီး သူ့၏ အံ့ချီးလက်နက် အလင်းတန်းနက်ဓားမှ အနက်ရောင် အရှိန်အဝါများက ထိုးထွက်လာပြီး ဓားက မကောင်းဆိုးဝါး မိစ္ဆာနတ်ဘုရားတစ်ကောင်ကဲ့သို့ ဟိန်းစပြုလာလေ၏။
"ဟားဟားဟား... အဆိုးဆုံးကို လုပ်တာပဲ။ ငါမင်းကို မင်းညီမလေးနဲ့ ပြန်တွေ့ဖို့ ရင်ပြင်ဆီကို ပြန်ပို့ပေးမယ်။"
ထန်ရှီမန်က ဟက်ဟက်ပက်ပက် ရယ်မောလာပြီး ကြက်သွေးရောင် အရှိန်အဝါများက သူ့၏ဓားရှည်မှ ထိုးထွက်စပြုလာလေ၏။
အန်လင်းမှာ သူတို့၏ အပြန်အလှန် ပြောဆိုခြင်းများမှ ဘာဖြစ်ခဲ့သလဲဆိုတာကို အကြမ်းဖျဉ်း ကောက်ချက်ချနိုင်ပြီ ဖြစ်၏။ ယောင်ရှုက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကိုရောက်ခါစဖြစ်ပြီး ထန်ရှီမန်၏ အမဲလိုက်ခြင်းကို ခံရ၏။ ယောင်မင်ရှီက သူ့ညီမလေးအတွက် လက်စားချေရန် အသင့်ဖြစ်နေ၍ ယခုတွင်တော့ သူတို့နှစ်ဦးလံုး ရင်ဆိုင်ခြင်းနှင့် အဆုံးသတ်သွားလေ၏။
"ကြီးမြတ်လေပြင်း တေးသီချင်း...။ နတ်ဆိုးခိုးယူခြင်း သံစဉ်..."
ယောင်မင်ရှီ၏ ဓားမှာ လေပြင်းများနှင့် အောက်သို့ ခုတ်ပိုင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အော်ဟိန်းသံပြုလာလေ၏။ အနက်ရောင် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ထန်ရှီမန်အပေါ်သို့ လှိုင်းထနေသော ရေကဲ့သို့ ကျဆင်းလာ၏။ ထိုအထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုရှိနေပြီး ထိုသည်က ချိတ်ပိတ်ခြင်း စွမ်းအားများနှင့် အလွန်အမင်း ပြည့်နှက်နေလေ၏။
"ကောင်းတယ်..." ထန်ရှီမန်က သူ့၏ ဓားရှည်ကို ကိုင်ဆောင်ရင်း အော်ဟစ်လိုက်၏။ ကြီးမားသော ကြက်သွေးရောင် ဓားအလင်းတန်းကြီးတစ်ခုကလည်း ပေါ်ထွက်လာပြီး ယောင်မင်ရှီ၏ အနက်ရောင် ဓားအလင်းတန်းနှင့် ဆုံသွား၏။
ဘုန်း...
ဖျက်စီးနိုင်စွမ်းသော ဓားနှစ်ခုမှာ တိုက်မိသွားပြီး သူတို့ပတ်လည်မှ လေထုကို စုတ်ဖြဲကာ ပေပေါင်းများစွာ အချင်းဝက်ထိ စုတ်ဖြဲပစ်၏။
အဆုံးတွင်တော့ ပိုပြီး အစွမ်းထက်သည်မှာ ထန်ရှီမန်၏ ဓားဖြစ်နေ၏။ ကြက်သွေးရောင် ဓားအလင်းတန်းက အနက်ရောင်ဓားအလင်းတန်းကို ပျောက်ကွယ်သွားစေပြီး အနက်ရောင် ဓားအလင်းတန်းထဲရှိ ရွှေရောင်အလင်းမှာပင် ပျက်စီးသွားရ၏။
ယောင်မင်ရှီက ကြက်သွေးရောင် ဓားအလင်းတန်းမှ စွမ်းအင်အကြွင်းအကျန်များကြောင့် ထိခိုက်သွားပြီး ပါးစပ်မှ သွေးများထွက်ကာ မြေပြင်ပေါ်သို့ ကျသွားလေတော့၏။
ထန်မန်ရှီက ဤအခွင့်အရေးကို အသုံးချကာ သတ်ဖြတ်မှုနှင့် နီးကပ်စေလိုက်၏။
ရုတ်တရက် အစွမ်းထက် အရှိန်အဝါတစ်ခုက သူ့နောက်မှ ချဉ်းကပ်လာသောအခါ အန်လင်းက တိုက်ပွဲကို ပျော်ရွှင်စွာ ကြည့်ရှုနေခြင်းပင်။
"ယို့... အန်လင်း နောက်ထပ် သတ်ဖြတ်ခြင်း တိုက်ကွက်ကို ပြုလုပ်ဖို့ ပြင်နေတာလား။"
စနောက်သော အသံနေအသံထားနှင့် ကြည်လင် တက်ကြွသော အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာ၏။
အန်လင်းက သူ့နောက်ကို ကြည့်လိုက်သောအခါ အလွန်လှပသော အမျိုးသမီးတစ်ဦးက သူမ၏ ငှက်မွေး၆ခုတောင်ဝှေးပေါ်မှ သူ့ထံသို့ ပျံလာနေသည်ကို တွေ့လိုက်ရ၏။
အန်လင်းက အနည်းငယ် တုန်လှုပ်သွားလေ၏။ သူက ထန်ရှီမန်ကို ထုတ်ပယ်ရန် အစီအစဉ်တစ်ခု ဖန်တီးရန် အခွင့်အရေးပင် မရသေးသင့်အပြင် ထိပ်ဆုံး ခြိမ်းခြောက်မှု လျှိုချင်ဟွမ်က အခြေအနေကို ရုပ်ထွေးစေမည်မှာ သံသယ ဖြစ်ဖွယ်မရှိပါပေ။
"ငါ့လို အစွမ်းထက် ထူးချွန်သူတစ်ယောက်က အဲ့လို လှည့်စားတဲ့ နည်းဗျူဟာတွေအောက်ကို ငုံဝင်နေအုံးမယ်လို့ ထင်လို့လား။" အန်လင်းက သူ့၏ ပြာယာခတ်သွားမှုကို ချိုးနှိမ်လိုက်ပြီး တည်ငြိမ်သော အမူအရာနှင့် ပြန်ဖြေလိုက်၏။
"ဟားဟား... နင်က သတ်ဖြတ်မှုကို ခိုးယူတဲ့ကောင်လို့ကျော်ကြားတာပဲကို ဒီလို အရာတွေ ပြောရတာမရှက်ဘူးလား။" တောက်ပသောအပြုံးလေးက လျှိုချင်ဟွမ်၏ မျက်နှာထက်တွင် ပေါ်လာပြီး အောက်ဘက်မှ တိုက်ပွဲကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်၏။
လျှိုချင်ဟွမ်က သူနှင့်တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမရသည်မို့ အန်လင်းက သက်ပြင်းခိုးချလိုက်ပေ၏။
ထို့နောက် သူက ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ "လျှိုချင်ဟွမ်၊ ငါ ထန်ရှီမန်ကို နင်သတ်ဖြတ်ခြင်း ထိုးနှက်ချက်ကို ထိုးနှက်ရန် ချန်ထားပေးရင်ရော ဘယ်လိုလဲ။"
လျှိုချင်ဟွမ်က သူ့၏ အကြံပြုချက်တွင် အနည်းငယ် တုန့်ဆိုင်းသွားပြီး သိလိုစိတ်ပြင်းပြသော အမူအရာနှင့် ပြန်ဖြေလာ၏။ "ငါမလုပ်ချင်ပါဘူး။"
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး "ဒီလောက် အကျိုးအမြတ်များတဲ့ ကမ်းလှမ်းချက်ကို ဘာလို့ ငြင်းရတာလဲ။"
"ဟီးဟီး... ငါက ငတုံးမှ မဟုတ်တာ။ နင်က အားလုံးထဲမှာ အန္တရာယ်အများဆုံးပဲလေ။ နင်က ငါနဲ့ ထန်ရှီမန်ရဲ့တိုက်ပွဲပြီးသွားရင် ငါ့ကို ထုတ်ဖို့ ကြံစည်နေတာ ဟုတ်တယ်မလား။" လျှိုချင်ဟွမ်က အားလုံးသိနေသည်ဟူသော အမူအရာဖြင့် ခပ်ဖြေးဖြေးပင် ခွဲခြမ်းစိတ်ဖြာပြ၏။
အန်လင်းက ပြောစရာစကား ပျောက်ဆုံးနေလေ၏။
လျှိုချင်ဟွမ်က ဆက်ပြောလာ၏။ "ငါက နင် ထန်ရှီမန်နဲ့တိုက်မှာကို စောင့်နေတာ။ အဲ့တာပြီးမှ နင့်ကို ထုတ်ပစ်ဖို့ အခွင့်အရေးရှာရမယ်။"
အန်လင်းက ရုတ်တရက် အလွန်မောပန်းလာသည်ဟု ခံစားရပြီး ဘာဆက်လုပ်ရမည်ကို မသိတော့ပါပေ။
သူက ယောင်မင်ရှီက ထန်ရှီမန်၏ ထုတ်ပယ်ခံရသည်ကို ကြည့်လိုက်၏။ သူတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားလေပြီ။ သို့သော် သူက အချိန်ဆက်ဖြုန်းနေပါက ထန်ရှီမန်က လွတ်သွားပေတော့မည်...။
အန်လင်းက အံတင်းတင်း ကြိတ်လိုက်ကာ "နင် ငါ့အတွက် ထန်ရှီမန်ကို ထုတ်ပေးရင် နင်နဲ့ တစ်နေ့လုံး ဂိမ်းဆော့ပြီး အချိန်ဖြုန်းပေးမယ်လေ။"
လျှိုချင်ဟွမ်၏ ခရမ်းရောင် မျက်ဝန်းများက တောက်ပသွားပြီး အန်လင်းဆီသို့ စိတ်ရှုပ်ထွေးသောအမူအရာနှင့် လှည့်လာလေ၏။ "နင်ရူးသွားပြီလား။ ထန်ရှီမန်က ငါ့ကြောင့် ထုတ်ပယ်ခြင်းခံရရင် နင်က ဘာအကျိုးအမြတ်ရမှာမို့လဲ။ နင်က တကယ်ပဲ ငါထန်ရှီမန်နဲ့ တိုက်ပြီးသွားရင် ငါ့ကို အပြီးသတ်ဖို့ ကြံစည်နေတာလား။"
အန်လင်းက လျှိုချင်ဟွမ်ကို စိတ်ရင်းစစ်မှန်လှသော အမူအရာဖြင့် ကြည့်လိုက်၏။ "ငါက နင့်ကို သတ်ဖြတ်ခြင်း တိုက်ချက် ပြုလုပ်မဲ့ လူနဲ့တူနေလို့လား။ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကိုရော ဘယ်လိုလုပ်မလဲ။ ငါနင်နဲ့ ဂိမ်းကစားဖို့အတွက် ဆင်ခြေရှာချင်ယုံတင်ပါဟာ။"
လျှိုချင်ဟွမ်က သူမ၏ အသက်ရှုသံများအောက်တွင် မသံမကွဲပြောလာ၏။ "နင်က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ။"
သူမက အကြည့်လွှဲလိုက်သော်လည်း သူမ၏ ရှုပ်ထွေးလှသော သွင်ပြင်များတွင် ရှက်သွေး ခပ်ဖျော့ဖျော့က ပေါ်လာပြီး ဖြစ်၏။
ထန်ရှီမန်က ယောင်ရှုနှင့် ယောင်မင်ရှီတို့ကို လျင်လျင်မြန်မြန် အောင်မြင်အောင်တိုက်လိုက်နိုင်ပေ၏။ သူ့၏ အင်္ကျီလက်များက စုတ်ပြဲနေကာ သူ့၏ ညာဘက်လက်တစ်ခုလုံးက သွေးများစွန်းနေပြီး သူ့၏ ဝမ်းဗိုက်တွင် ဓားရာတစ်ခုပင် ရှိသေး၏။ သို့သော်လည်း ထို ဒဏ်ရာများမှာ သူ့ကို အများကြီး မထိခိုက်နိုင်ပါပေ။
သူ့အံ့အားသင့်သွားသည့် တစ်ချက်မှာ သူ့၌ သူမျှော်လင့်ထားသည်ထက်ပင်ပိုများသော သက်ရှိစွမ်းအင်များ ကျယ်ပြန့်နေခြင်းဖြစ်၏။
"ပဉ္စမနှစ် တန်းခွဲတစ်မှ လျှိုချင်ဟွမ်။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။" ပန်းရောင်ဆံပင်တိုနှင့် အမျိုးသမီးတစ်ဦးက သူမ၏ ငှက်မွေး၆ခုပါ တောင်ဝှေးနှင့် ကောင်းကင်မှဆင်းသက်လာပြီး သူမ၏ ကျယ်လောင်သော စိန်ခေါ်မှုက ထန်ရှီမန်၏ ကျောရိုးထဲထိပါ တုန်ယင်သွားစေ၏။
တန်ရှီမန်က လျှိုချင်ဟွမ်ကို ကြည့်ပြီးနောက် အဝေးတွင် ရပ်နေသော အန်လင်းကိုကြည့်ကာ သူ့ရင်ဘတ်မှာ တင်းကြပ်လာပေတော့၏။ "လျှိုချင်ဟွမ်၊ နင်က ဘာလို့ ငါ့ကို အနိုင်ကျင့်နေတာလဲ။"
"ထန်ရှီမန်၊ ဒီဟာက ဘယ်လိုလုပ် အနိုင်ကျင့်တယ်လို့ ခေါ်မှာလဲ။ 'ကန့်သတ်မဲ့ တိုက်ပွဲ'ဆိုတဲ့ စကားလုံးကို ခွဲခြားကြည့်ရင် 'ကန့်သတ်မဲ့'ဆိုတာရတယ်လေ။ ငါတို့က ငါတို့တိုက်ချင်တဲ့ ဘယ်သူ့ကို မဆိုတိုက်လို့ရပြီးတော့ ငါတို့ကြိုက်တဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်ခြင်း ထိုးချက် ကျရောက်စေလို့ရတယ်လေ။ အဲ့တာက တကယ့် လွတ်လပ်ခြင်းပဲပေါ့။" လျှိုချင်ဟွမ်က ခပ်ဖွဖွပြုံးကာ သူမ၏ မေးစေ့ကို မော့လိုက်၏။
"အဲ့တာကလဲ ငါ့ကို အနိုင်ကျင့်နေတဲ့ ပုံစံပေါက်နေသေးတာပဲနော်..." ထန်ရှီမန်၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။
"စကားများနေတာ တော်လောက်ပြီ။ ငါတို့က အတိတ်တုန်းက ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့တာဆိုတော့ ငါဓားမသုံးပါဘူး။" လျှိုချင်ဟွမ်၏ ပစ္စည်းက တောက်ပသောအလင်းရောင်တစ်ခုနှင့် ထွန်းတောက်နေပြီး ဖြစ်၏။
ထန်ရှီမန်က သက်ပြင်းချကာ သူ့ဓားကို ဆွဲထုတ်လိုက်၏။ ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် အောက်ဘက်မှ မြေပြင်ကို စုတ်ဖြဲကာ လျှိုချင်ဟွမ်ပေါ်သို့ ကျရောက်လာ၏။
လျှိုချင်ဟွမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အဖြူရောင် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းသွားပြီး ဓားအလင်းတန်းကို ရှောင်ရန်အတွက် ပေါလောမြောနေလေ၏။ မြူခိုး တိမ်တိုက်များက လျှိုချင်ဟွမ်၏ ပုံစံသို့ လျင်မြန်စွာ ပြန်လည် သိပ်သည်းသွားပြီး အဖြူရောင် အလင်းလုံးတစ်ခုက သူမ၏ ပစ္စည်းမှ ထိုးထွက်လာလေ၏။
ထန်ရှီမန်က ချက်ချင်းပင် နောက်ဆုတ်လိုက်၏။
ဘုန်း...
အဖြူရောင် အလင်းလုံးကြီးက ပေါက်ကွဲသံကြီးနှင့် ပေါက်ထွက်သွားပြီး ကြီးမားသော တိမ်တိုက် ဖုန်မှုန့်များကို ဖန်တီးလိုက်၏။
ထန်ရှီမန်က သူ့၏ အံ့ချီးစိတ်အာရုံမှ လျှိုချင်ဟွမ်၏ တည်ရှိမှုကို အာရုံခံလိုက်ပြီး ချက်ချင်းပင် ဓားအလင်းတန်း အမြောက်အများကို ခုတ်ပိုင်းလိုက်၏။
ကြက်သွေးရောင် မီးတောက်ဓားအလင်းတန်းများက တိမ်တိုက်ဖုန်မှုန့်များကို ပြိုင်ဘက်ကင်း အားအင်နှင့် ဖြတ်သန်းကာ အောက်ဘက်မှ မြေကြီးကို အက်ကွဲရာများ အမြောက်အများ ဖြစ်စေလေ၏။ ဓားအလင်းတန်းများတွင် ပြည့်နေသော စွမ်းအင်မှာ တိမ်တိုက်ဖုန်မှုန့်များကို ဖယ်ရှားလိုက်သော်လည်း လျှိုချင်ဟွမ်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရပါပေ။
ထန်ရှီမန်၏ လည်ပင်းနောက်မှ ဆံပင်များက ရုတ်တရက် ထောင်လာပြီး သူ့ဓားရှည်ကို ဒိုင်းအကာအဖြစ် အသုံးမပြုမီ တုံ့ဆိုင်းခြင်းမရှိပဲ အသုံးမပြုခင်တွင် နောက်လှည့်လိုက်၏။
ပန်းရောင် စွမ်းအင်တိုင်လုံးကြီးတစ်ခုက ထန်ရှီမန်၏ ဓားရှည်ကို မရိုက်ခတ်မီ လေဆာအမြှောက်တစ်ခုမှ ထွက်လာသကဲ့သို့ ထိုးထွက်လာ၏။ ဖျက်စီးစေတတ်သော စွမ်းအားများက ပေါက်ကွဲထွက်လာပြီး အောက်ဘက်မြေကြီးတွင် အချင်းဝက် ပေတစ်ထောင်ကျော် ကြီးမားသော တွင်းပေါက်ကြီးကို ဖန်တီးလိုက်၏။
အန်လင်းက သူ့အုတ်ခဲပေါ်တွင်ထိုင်ကာ တိုက်ပွဲကို အပေါ်မှနေ၍ အေးဆေးသော အမူအရာနှင့် စောင့်ကြည့်နေ၏။
လျှိုချင်ဟွမ်က မြူခိုးအင်မော်တယ်သိုင်းတွင် သူ့ထက်ပင် ကျွမ်းကျင်နေပြီး သို့ဖြစ်ပါ၍ သူမအား အလိုရှိသလို ပျောက်ဆုံးရန် ခွင့်ပြုနေပေ၏။
ထန်ရှီမန်၏ လတ်တလော အားအနည်းဆုံး အခြေအနေတွင် သူက လျှိုချင်ဟွမ်ကို ခြစ်ရာတစ်ခုပင် ထင်ရန် မပြုလုပ်နိုင်လောက်ပါပေ။
တိုက်ပွဲက လမ်းတစ်သာရှိသေးသော်လည်း ထန်ရှီမန်က ကျဆုံးခြင်းသို့ ဦးတည်နေသည်မှာ သိသိသာသာပင်။
အဆုံးတွင်တော့ သူက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး လျှိုချင်ဟွမ်၏ လက်မောင်းတွင် ဒဏ်ရာသေးသေးလေးတစ်ခု ရစေရန် စီမံနိုင်ခဲ့သော်လည်း သူကတော့မူ နောက်ဆုံးမီးပွား၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ရလာဒ်အနေနဲ့ ထုတ်ပယ်ခြင်း ခံလိုက်ရ၏။
လျှိုချင်ဟွမ်က အန်လင်း၏ ဘေးသို့ သူမ၏ ပစ္စည်းပေါ်မှ ပျံသန်းလာ၏။
အန်လင်းက သူမ၏ လက်မောင်းပေါ်မှ ဒဏ်ရာကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်၏။ "အဲ့ဒဏ်ရာက ပြင်းလား။"
"အဲ့တာက အတော်လေးပြင်းထန်တဲ့ ဒဏ်ရာလို့ ပြောရင် နင်က ငါ့ကို အဆုံးသတ်လိုက်မှာလား။" လျှိုချင်ဟွမ်က အပြုံးတစ်ခုနှင့် ဆိုလာ၏။
အန်လင်းက မျက်လုံးလှန်လိုက်ပြီး "ငါက အဲ့လို လူမျိုးလား။ အချိန်တွေ ဖြုန်းမနေနဲ့တော့။ မင်းဒဏ်ရာကို ကုလိုက်။ ပြီးရင် ဂိမ်းသွားဆော့ရအောင်။"
"ငါတို့ ဘယ်မှာ သွားဆော့ကြမလဲ။" လျှိုချင်ဟွမ်က မေးလိုက်၏။
"အရင်က နေရာပဲပေါ့။ ကျောက်ဆောင်နက် တောင်ထိပ်လေ။"
***