လူမဆန်အောင်ရက်စက်
Vol. 12 Ch. 159
အခန်း (၁၅၉) လူမဆန်အောင်ရက်စက်
ဝါဒတောင်က ကြီးကျယ်ခမ်းနားပြီး စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်လေရာ ဧရာမပန်ဒါကြီးကို ကျွေးမွေးရန် ပြဿနာမရှိပေ။ ယခုဆိုလျှင် ရန်ကျောက်ကဲကိုယ်တိုင်ကလည်း ဂိုဏ်း၏ရင်းမြစ်ပစ္စည်းများကို ကိုယ်ရေးကိုယ်တာ အသုံးပြုရန် အခွင့်အရေးရရှိထားပြီဖြစ်သောကြောင့် ငွေကြေးနှင့်ပတ်သက်ပြီး လက်ဖွာသည့်သခင်လေးပမာ စိတ်ကြိုက်အသုံးပြုနိုင်ပြီ ဖြစ်သည်။ အချိန်အတန်ကြာ စဉ်စားပြီးနောက် ပန်ဒါကြီးအတွက် အစားအသောက်ကို မည်သို့သန့်စင်ရမည်ကို နည်းလမ်းတစ်ခု စဉ်းစားမိသည်။
အစာအတွက် ပါဝင်ပစ္စည်းက ထုတ်လုပ်မှုမြင့်မားပြီး စရိတ်သက်သာသလို အခြားသော သတ္တုများနှင့် ကုန်ကြမ်းများထက်လည်း သက်ရောက်မှုက ပိုမိုကောင်းမွန်သည်။ စရိတ်နည်းပြီး အရည်အသွေးကောင်းသည့် အကောင်းဆုံးစားသောက်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ထို့နောက် ထိုကောင်ကြီးကို နာမည်ပေးရန် ရန်ကျောက်ကဲ အပြင်းအထန် စဉ်းစားတော့သည်။
““ပန်ပန်” ဆိုရင်ရော...”
““ကျားပုတ်” လည်း ရတာပဲ”
“နေဦး နောက်တစ်မျိုးစဉ်းစားကြည့် ၊ အိမ်မွေးတိရိစ္ဆန်လေးဆိုလျှင် “ဝတုတ်” လို့လည်း နာမည်ပေးလို့ရတယ်”
ဤသည်က ရန်ကျောက်ကဲ၏ ခပ်တုံးတုံးအတွေးများသာဖြစ်ပြီး အခြားသူများ နားလည်နိုင်ကြမည် မဟုတ်ပေ။
“ဟူး... ဒီနာမည်တွေထဲက ဘာနာမည်ရွေးရမလဲ ၊ စဥ်းစားရတာ ခေါင်းတောင်ကိုက်နေပြီ”
ရန်ကျောက်ကဲ သူ့ရှေ့မှ ဧရာမပန်ဒါကြီးကိုကြည့်ရင်း မျက်နှာတစ်ခုလုံး ပြုံးရွှင်လျှက် ရှိသည်။
အလွန်ဉာဏ်ရည်ထက်မြက်သောဖီရှိုးကောင်၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက ထူးခြားမှုကို ခံစားမိပြီး အနည်းငယ်တုန်ခါသွားသည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း ထိုသတ္တဝါကြီး၏ ခေါင်းကိုအသာပုတ်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ထိုကောင်ကြီးဖြင့် မျက်ဝန်းချင်းဆုံလိုက်၏။
လေးသမားထံမှ ဝင်ရောက်လာသည့်မြားကို တိုက်ခိုက်ရင်း လှိုင်းနက်ဂေဟာမှ မိန်းကလေးနှစ်ယောက် ၊ အားဟူတို့နှင့် ရန်ကျောက်ကဲ လူစုကွဲသွားသည်။
သို့သော် ကိစ္စမရှိပေ ၊ သေးငယ်သည့်ကျွန်းလေးပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ရှာဖွေရန် ခက်ခဲမည် မဟုတ်ပေ။
ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ အစီမ်းရောင်ဝတ်မိန်းမပျိုလေးတစ်ယောက် သူ့ထံလာနေသည်ကို တွေ့ရသည်။
သူမက လှိုင်းနက်ဂေဟာမှ တပည့်မလေး ကျန်းယောင်ဖြစ်၏။
ရန်ကျောက်ကဲဘေးနားမှ သိမ်မွေ့ပြီးချစ်စရာကောင်းသည့် ပန်ဒါကြီးကို တွေ့လိုက်သည့်အခါ မျက်နှာဝိုင်းဝိုင်းလေးနှင့် မိန်းကလေးက စိတ်သက်သာရာရသွားဟန် ရှိသည်။
“အစ်ကိုကြီး’ရန်’ ၊ ဖီရှိုးကို ယဉ်ပါးအောင် ထိန်းလိုက်နိုင်ပြီလား”
မေးခွန်းနှင့်အတူ သူမက အနားသို့ အပြေးအလွှားရောက်လာသည်။
ထွားကြိုင်းပြီး ချစ်စရာကောင်းသည့် ပန်ဒါကြီးက ပျင်းရိစွာဖြင့် မြေပြင်ထက် လှိမ့်နေလေရာ ကျန်းယောင်အလွန်သဘောကျချစ်ခင်သွားသည်။
သူမအမူအရာကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးရင်းတွေးလိုက်သည်။
“အင်း... မိန်းကလေးငယ်လေးတွေကတော့ ဒီလို အမွှေးပွပွနဲ့ ချစ်စရာသတ္တဝါတွေကိုတွေ့ရင် မနေနိုင်ကြဘူး”
ကျန်းယောင်က ဂရုတစိုက်ဖြင့်...
“အစ်ကိုကြီး’ရန်’ ၊ ကျွန်မ သူ့ကို ပွတ်သပ်ကြည့်လို့ရလား”
ရန်ကျောက်ကဲ လှည့်ကြည့်လိုက်တော့ သူ့ဘေးမှသတ္တဝါကြီးက အဆင်ပြေနေသည်ကိုတွေ့ရပြီး ခေါင်းညိတ်ပြလိုက်သည်။
“ရတယ်... ကိုင်ကြည့်”
ကျန်းယောင်က ထိုသတ္တဝါကြီးအနား ဝှစ်ခနဲ ရောက်ရှိသွားသည်။
သူမ ပန်ဒါကြီးအနား ကပ်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက မေးသည်။
“အဲဒီလေးသမားက မင်းတို့ဂိုဏ်းက မဟုတ်ဘူးမလား”
ရန်ကျောက်ကဲ ရုတ်တရက်မေးလိုက်သည့်စကားကို ကျန်းယောင်က ပြန်ဖြေသည်။
“အစ်ကိုကြီး’ရန်’ ကို မျက်နှာပျက်စေရပြီ ၊ အဲဒီလူက တကယ်တော့ ကျွန်မတို့ဂိုဏ်းက မဟုတ်ပါဘူး ၊ သူက ရေကန်နယ်မြေ ၊ ‘ချူး’ဒေသက သိုင်းသမားပါ ၊ ‘ချူး’ဒေသဆိုတာ အခု ဒီကြည်လင်လျှို့ဝှက်ရေကန်တည်ရှိတဲ့ဒေသပေါ့”
“ကျွန်မ သူ့ကို တစ်ခါမှမမြင်ဖူးပေမယ့် ကြည်လင်လျှို့ဝှက်ရေကန်ရဲ့ အစီအရင်ထဲကို ဝင်ရောက်နိုင်တယ်ဆိုကတည်းက ကျွန်မတို့ဂိုဏ်းရဲ့ ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်စွမ်းအားရှိသူ ဖြစ်ရမယ် ၊ မဟုတ်ရင်လည်း တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတွေ ဖြစ်နိုင်တယ်”
“သူက ဒီဖီရှီုးကောင်ကို ဖမ်းချင်တာ ဖြစ်ရမယ် ၊ ဒါပေမဲ့ ကျွန်မတိုအပေါ် ရန်ငြိုးထားတာတော့ မရှိပါဘူး”
သူမက ငယ်ရွယ်ပြီး အတွင်းပိုင်းကြယ်တာရာချီအဆင့်သာ ရှိသေးသော်လည်း လှိုင်းနက်ဂေဟာ၏ ပင်မတိုက်ရိုက်တပည့်ဖြစ်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်က ရှဲ့ယိုချန် ၊ ရွမ်ပင်းတို့နှင့် မယှဉ်နိုင်သော်လည်း သူမက သူတို့နှစ်ယောက်နှင့်အဆင့်အတန်းတူညီပြီး တူညီသည့် ထောက်ပံ့မှုအကျိုးအမြတ်များကိုလည်း ရရှိထားသည်။
သို့သော် ကျန်းယောင်သည် တိုက်ပွဲအတွေ့အကြုံသိပ်မရှိဟု ရန်ကျောက်ကဲ ပြောနိုင်သည်။
မည်သို့ပင်ဖြစ်စေ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာကတည်းက သူမ၏သိုင်းစွမ်းနှင့်ပတ်သပ်ပြီး မေးခွန်းထုတ်စရာမလိုသည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲက ကျန်းယောင်၏သိုင်းစွမ်းကို မတွေ့မြင်ဖူးသော်လည်း ယခု အတူတကွ လှည့်လည်သွားလာကြသည့် အချိန်ခဏအတွင်းတွင် သူမကို အကဲခတ်ကြည့်မိသည်။ သူမအသုံးပြုသည့် လျှပ်စီးခန္ဓာသိုင်းပညာနှင့် သူမ၏အသက်ရှူသံကို လေ့လာကြည့်ခြင်းအားဖြင့် သိုင်းစွမ်းမနိမ့်ပါးကြောင်း သိနိုင်သည်။ သူမ၏အရည်အချင်းက အဆုံးမဲ့တောင်တန်းမှ ဟိုရှန်းထက် နိမ့်ကျခြင်း မရှိပေ။
ကျန်းယောင်ကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
“အင်း... ငါ နားလည်ပြီ”
“ငါတို့ရှိနေတာကို သိတယ်ဆိုရင်တောင်မှ သူက ဖီရှိုးကောင်ကို ဖမ်းချင်မှာပဲ ၊ ဘာလို့လဲဆိုတော့ ဖီရှီုးကောင်က ပိုင်ရှင်မရှိဘူး မဟုတ်လား ၊ အစကတည်းက ပိုင်ရှင်မရှိလို့ မင်းတို့လှိုင်းနက်ဂေဟာက နှင်ထုတ်ဖို့လုပ်နေတာလေ”
“ပိုင်ရှင်မဲ့သားရဲတစ်ကောင်ကို အရည်အချင်းရှိတဲ့သူ ဘယ်သူမဆို ရယူနိုင်တာပဲ ၊ ဒါပေမဲ့ သူက ငါ့ကို ပစ်မှတ်ထားတိုက်ခိုက်မယ်ဆိုရင်တော့ ညှာတာမှာမဟုတ်ဘူး”
ကျန်းယောင်က ပြုံးလိုက်ရင်း...
“အစ်ကိုကြီး’ရန်’ကို အဲဒီလူ နိုင်မှာမဟုတ်ပါဘူး”
ရန်ကျောက်ကဲက...
“ကဲ... တခြားသူတွေကို သွားရှာရအောင် ၊ ဒီကျွန်းက သိပ်မကြီးပါဘူး ၊ ငါတို့ နည်းနည်းလောက် အော်ခေါ်လိုက်ရင် အစ်မ’ရှဲ့’ နဲ့ အားဟူတို့ ကြားမယ်ထင်တယ်”
ရန်ကျောက်ကဲနှင့် ရင်းနှီးလာပြီဖြစ်သော ကျန်းယောင်က သူ့စကားကြောင့် ရယ်မောလိုက်ရင်း...
“အော်ရမယ်ဆိုရင် ကျွန်မက အသံမကျယ်ဘူးနော်”
ရန်ကျောက်ကဲကလည်း ရယ်မောရင်း...
“မင်းကိုလည်း မအော်ခိုင်းပါဘူးကွာ...”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ကိုမျက်နှာမူကာ ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။ ကျယ်လောင်သည့်အသံကြီးက ကောင်းကင်ကိုးထပ်ကို ဖောက်ထွင်းသွားသည့် နဂါးဟိန်းသံကြီးအလား ထင်မှတ်ရသည်။
ဘေးတွင်ရပ်ပြီး နားထောင်နေသည့် ကျန်းယောင်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ မငြိမ်မသက်ဖြစ်သွားသလို ခံစားလိုက်ရပြီး နှလုံးခုန်သံများပင် လျှင်မြန်လာသည်။
“အစ်ကိုကြီး’ရန်’ရဲ့ ကျင့်ကြံခြင်းက အရမ်းမြင့်မားတာပဲ”
ကျန်းယောင် အံ့အားသင့်စွာဖြင့် လျှာကိုကိုက်လိုက်သည်။ သူမက တိုက်ပွဲအတွေ့အကြုံနည်းပါးသော်လည်း သိုင်းပါရမီရှင် များစွာဖြင့် တွေ့ဆုံဖူးသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင်ပါဝင်ပြီး ဝါဒတောင်နည်းတူ ကြီးမားခမ်းနားသော လှိုင်းနက်ဂေဟာတွင် ရှန်ထျန်းအဆင့် သိုင်းကျင့်ကြံသူများ ဒုနှင့်ဒေးဖြစ်သည်။
သို့သော် ကျန်းယောင်က သူမ၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်သည့်အခါ သူမသိမြင်ခဲ့ဖူးသော ရှန်းထျန်း ကနဦးအဆင့် သိုင်းပညာရှင်များတွင် ရန်ကျောက်ကဲကို ယှဉ်နိုင်မည့်သူ မရှိလှပေ။
သေသေချာချာစဉ်းစားကြည့်တော့ ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်ဖြစ်သော ရွမ်ပင်းသည်ပင် ရန်ကျောက်ကဲကို အနိုင်ယူနိုင်မည်မဟုတ်ဟု ကျန်းယောင်တွေးထင်မိသည်။
စောစောက ရွမ်ပင်း ရန်ကျောက်ကဲကို ပညာစမ်းရန်ကြိုးစားသည်ကို စဉ်းစားမိသည့်အခါ ကျန်းယောင် ခေါင်းခါယမ်းမိသည်။
“ဂိုဏ်းတူအစ်ကို’ရွမ်’ သူ့ကို ရန်မစမိတာ တော်သေးတာပေါ့”
ဟု တွေးမိသည်။
ရန်ကျောက်ကဲ ကြုံးဝါးသံပြုခြင်းကို ရပ်တန့်လိုက်သည့်အခါ ကျန်းယောင်က ဆိုသည်။
“ဒီအသံကိုကြားမယ်ဆိုရင် ဂိုဏ်းတူအစ်မ’ရှဲ့’ နဲ့ ဟိုအစ်ကိုကြီး ဒီနေရာကို ရောက်လာကြမယ်ထင်တယ် ၊ ကျွန်မတို့ ဒီမှာပဲ သူတို့ကိုစောင့်ကြမလား ၊ သူတို့ကို လိုက်ရှာကြမလား”
ရန်ကျောက်ကဲက သူမ မေးခွန်းကို မဖြေဘဲ တခြားဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းယောင်က သိချင်စိတ်ဖြင့်...
“အစ်ကိုကြီး’ရန်’... ဘာဖြစ်လို့လဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကျွန်းပေါ်မှာ တခြားလူတွေရှိနေသေးတယ်”
ရှည်လျားသည့် ကြုံးဝါးသံကြီး ပြုလုပ်ပြီးသည့်နောက် အဝေးတစ်နေရာမှ သိုင်းသမားတစ်ယောက်၏ စွမ်းအားအတက်အကျကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
တစ်ဖက်လူကလည်း သူ၏တည်ရှိမှုကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိဘဲ ရန်ကျောက်ကဲတို့ရှိရာလမ်းကြောင်းသို့ စတင်ထွက်ခွာလာသည်။
ထိုသူ ချဉ်းကပ်လာသည်နှင့်အမျှ ထိုသူ၏သိုင်းတာအိုစွမ်းအားမှာ အားဟူလည်းမဟုတ်သလို ရှဲ့ယိုချန်လည်းမဟုတ်ကြောင်း ရန်ကျောက်ကဲ သိလိုက်ရ၏။
ထို့နောက် သူတို့အနားတွင် လေးလံသောခြေသံများ ကျယ်လောင်စွာထွက်ပေါ်လာသောအခါ တစ်ဖက်လူ၏တည်ရှိမှုကို ကျန်းယောင်ပင် ခံစားနိုင်လာသည်။
ထိုလူ ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးများ တုန်ခါလာပြီး မြင့်မားသောတောင်ကြီးတစ်ခု ရွေ့လျားလာသည့်အလား ထင်မှတ်ရသည်။
“အကန့်အသတ်မဲ့တောင်တန်းက သိုင်းသမားပဲ ၊ ရှန်ထျန်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင်”
ထိုသူက အသက် (၃၀)အရွယ်ဝန်းကျင်ရှိပြီး မျက်ဝန်းများက သွေးဆာနေသည့်အရောင်များဖြင့် တောက်ပနေသည်။ ထိုသူသည်ကား အဆုံးမဲ့တောင်တန်းမှ လျိုရှန်းဖုန်းမှလွဲပြီး အခြားသူ မဟုတ်ပေ။
ရန်ကျောက်ကဲကြည့်နေစဉ် ထိုသူက လူတစ်ယောက်ကို ခြေထောက်မှဆွဲကိုင်ပြီး ဒရွတ်ဆွဲလာသည်ကို တွေ့လိုက်ရသည်။
လျိုရှန်းဖုန်း ဒရွတ်ဆွဲလာသူမှာ ပေါက်ကွဲဝိညာဉ်မြားဖြင့် ဖီရှိုးကို ပစ်ခတ်ခဲ့သည့် လူရွယ်သိုင်းသမားဖြစ်ပြီး ဆွဲကိုင်ခံလာရသည့် ခြေထောက်မှာ ဒူးဆစ်မှကျိုးကြေနေပြီး သွေးများတသွင်သွင်စီးကျနေရာ လမ်းတစ်လျှောက် သွေးစွန်းသောလမ်းကြောင်းရှည်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
လျိုရှန်းဖုန်း၏ အခြားလက်တစ်ဖက်တွင်တော့ လူရွယ်၏လေးညှို့ကို ဆုပ်ကိုင်ထားသည်။
ရန်ကျောက်ကဲနှင့် ကျန်ယောင်ရှေ့သို့ ရောက်သည်နှင့် လျိုရှန်းဖုန်းက ထိုလူရွယ်၏ခြေထောက်ကို လွှတ်ချလိုက်သည်။ လူရွယ် မြေပြင်ထက်ပြုတ်ကျသွားပြီး ခြေထောက်သာမက အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းမှအရိုးများ ကျိုးပဲ့နေပြီး ဒဏ်ရာအပြင်းအထန်ရထားကြောင်း တွေ့ရသည်။
သေလုမျောပါး ဒဏ်ရာများရရှိထားသော လူရွယ်သည် လျိုရှန်းဖုန်းလက်မှလွတ်မြောက်သွားသည့်တိုင် အိပ်မက်ဆိုးမှ နိုးထလာရန် ရုန်းကန်နေရကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လျိုရှန်းဖုန်းရှေ့တွင် ဒူးထောက်လိုက်သည်။
လျိုရှန်းဖုန်းက ခေါင်းမော့ပြီး ရန်ကျောက်ကဲနှင့် ကျန်းယောင်ကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းများက ပြုံးနေပြီး လူရွယ်သိုင်းသမားကို ဆွဲမလိုက်ကာ လက်ထဲမှလေးကြိုးကိုအသုံးပြုပြီး လည်ပင်းကိုညှစ်လိုက်လေတော့၏။