လေမုန်တိုင်း တိုက်ခတ်ခြင်း
Vol. 81-85 Ch. 1231
“ဝှစ်”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ ပုံရိပ်က နေရာမှ ပျောက်ကွယ် သွားသည်။
“ဘာ”
အမှောင်ထဲရှိ သတ်ဖြတ်ခြင်းကျောင်းတော်မှ လုပ်ကြံရေးသမားများအားလုံး ထိတ်လန့်သွားပြီး မျက်လုံး ပြူးကျယ် သွားသည်။
*သူက လုပ်ကြံရေးကို တက်လို့လား*
သူတို့၏ တိုက်စစ်က အချည်းနှီးဖြစ်ကာ ချက်ချင်း ပျက်စီး သွားရသည်။ ယဲ့ဖန်သည် သူတို့၏ ဓားစွမ်းအင်များ ထွက်ပေါ် လာရာ နေရာကို ခန့်မှန်းမိထားပုံရသည်။ ဤသည်က ထိုလုပ်ကြံရေးသမားများကို ချက်ချင်း ခေါင်းမွေးထောင် သွားစေ၏။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
သူတို့၏ အမှောင်ထုတွင်း၌ သတ်ဖြတ်ခြင်း နည်းစနစ်သည် လက်ရာမြောက်သော နည်းစနစ်ဖြစ်ပြီး ဤနည်းစနစ်ကိုသုံးလျင် နဂါးအသွင်ပြောင်းခြင်းအဆင့်မှ သိုင်းပညာရှင်က ချွန်းယန်အဆင့် သိုင်းပညာရှင်ကို သတ်ပစ်နိုင်သည်။ သို့သော် ၎င်းအား ယဲ့ဖန်က ထိုးထွင်းသိမြင်နေပုံရသည်။
“အား…”
ရုတ်ချည်းဆိုသလိုပင် ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာပြီး လေထဲမှနေ၍ ဦးခေါင်းမဲ့ အလောင်းတစ်လောင်း ပြုတ်ကျလာသလို ခေါင်းပြတ်တစ်လုံးပါ ကျဆင်းလာ၏။ ထိုခေါင်းပြတ်၏ မျက်နှာတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေဆဲပင်။ ယဲ့ဖန်က သူ့နေရာ အတိအကျကို ရှာတွေ့နိုင်လိမ့်မည်ဟု တစ်ခါမှ မျှော်လင့်ထားပုံ မရချေ။
“မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
သတ်ဖြတ်ခြင်း ကျောင်းတော်မှ လုပ်ကြံရေးသမားများအားလုံး ခေါင်းနပမ်းကြီးသွားပြီး မယုံသင်္ကာ ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ တည်နေရာကို သူတို့ ရှာမတွေ့နိုင်ဘဲ ယဲ့ဖန်က သူတို့၏ တည်နေရာကို ရှာတွေ့နေသောကြောင့်ပင်။
မည်သူက လုပ်ကြံရေးသမား အစစ်နည်း။
ကောင်းကင်ယံ၌ အအေးဓာတ်တစ်ခု ထွက်ပေါ်လာသဖြင့် လေထုအတွင်း၌ ပုန်းကွယ်နေသော လုပ်ကြံရေးသမား များအားလုံး တုန်ယင်သွားပြီး အလွန်အမင်း ကြောက်လန့်လာကြသည်။ သူတို့ကို လုပ်ကြံရေး နည်းစနစ်ဖြင့် သတ်ခြင်းက သူတို့အတွက် အရှက်ခွဲခံရသလိုပင်။
*ဒီလူ ဘယ်လိုလုပ်လိုက်တာလဲ*
“ဘာလို့လဲဆိုတော့ မင်းတို့က အမှောင်ထုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တာ၊ ငါက … အမှောင်ထုပဲ”
ယဲ့ဖန် အေးစက်စွာ ပြောလိုက်ပြီးနောက် သတ်ဖြတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ ပြန်သည်။
“ရွှစ် ရွှစ် ရွှစ်”
အမှောင်ထုထဲ၌ နောက်ထပ် လူသုံးယောက်တို့သည် ယဲ့ဖန်၏ ရှာဖွေခြင်း ခံလိုက်ရပြီး ဆိုးရွားစွာ ပွဲချင်းပြီး သေဆုံး သွားကြသည်။
လေထုထဲမှနေ၍ အလောင်းများ တစ်လောင်းပြီး တစ်လောင်း ပြုတ်ကျလာပြီး တစ်ခုမှ ကိုယ်လက်အင်္ဂါ စုံလင်ခြင်း မရှိပေ။ ဤမြင်ကွင်းက နောက်ဆုံးသော လုပ်ကြံရေးသမားများအား အေးစက်တောင့်တင်းသွားစေသည်။
*သူက အမှောင်ထုလား*
*ဒါ ဘာကိုပြောချင်တာလဲ*
အားလုံး သေဆုံးသွားလေပြီ။ အစပိုင်း၌ ယဲ့ဖန်ကို သတ်ခြင်းက လွယ်ကူလိမ့်မည်ဟု သူတို့ တွေးခဲ့ကြသည်။ အလုပ်ရှင်က ယဲ့ဖန်ကို သတ်ရန် သူတို့ထံမှ လူများများငှားသဖြင့် ထိုအချိန်က သူတို့ လှောင်ရယ်ခဲ့ဖူးသည်။
ယခုအခါ၌ သူတို့၏ အတွေးများ အလွန် မှားယွင်းနေကြောင်း သိလိုက်ရလေပြီ။ သူတို့သည် ရောက်လာသည်နှင့် ယဲ့ဖန်၏ ဖိနှိပ်ခြင်း ခံနေရသည်။ သူတို့ ဘာတစ်ခုမှ မခုခံလိုက်နိုင်သဖြင့် သွေးပျက်လာရသည်။
“ဒါ ဘယ်လို မိစ္ဆာမျိုးလဲ”
“ဒီလူရဲ့ လုပ်ကြံသတ်ဖြတ်ရေး စနစ်က သေချာပေါက် နဂါးသတ်ဖြတ်ခြင်းအဆင့်ကို ရောက်နေပြီ”
သတ်ဖြတ်ခြင်း ကျောင်းတော်၌ လုပ်ကြံရေးသမားများ၏ အဆင့်ကို လေးဆင့်ခွဲခြားထားသည်။ ၎င်းတို့မှာ ကျားသတ်ဖြတ်ခြင်း၊ နဂါးသတ်ဖြတ်ခြင်း၊ တစ္ဆေသတ်ဖြတ်ခြင်းနှင့် နတ်ဘုရား သတ်ဖြတ်ခြင်းတို့ ဖြစ်လေသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် နဂါးသတ်ဖြတ်ခြင်းအဆင့်သို့ ရောက်နေပြီဟု သတ်မှတ်မိသွားသည်။ လူတိုင်း မျက်ခုံး လှုပ်နေပြီး သူတို့၏ လုပ်ကြံရေး နည်းစနစ်အား ယဲ့ဖန်က တူတူပုန်းတမ်း ကစားနည်းဟု ပြောလာခြင်းအား မအံ့ဩမိတော့ချေ။
“သတ်ဖြတ်ခြင်း ကျောင်းတော်က လူအိုကြီးတွေပဲ သူ့ကို သတ်နိုင်တော့မယ်၊ ငါတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး၊ နောက်ဆုတ်ကြ”
သူတို့သာ ဤနေရာ၌ ဆက်နေနေလျင် သေဆုံးခြင်းသာ ရှိတော့မည်ဟု သိလိုက်ကာ ချောက်ချားလာကြသည်။ သူတို့ မည်မျှ ကြိုးစားပါသော်ငြားလည်း ယဲ့ဖန်၏ လုပ်ကြံရေး နည်းလမ်းကို သူတို့ မသိကြပေ။ ထို့ကြောင့် သူတို့သည် လုပ်ကြံရေး နည်းစနစ်ကိုသုံး၍ အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြလေသည်။
အမှောင်ထုတွင်း၌ သတ်ဖြတ်ခြင်း နည်းစနစ်သည် အံ့ဩဖွယ်ကောင်းပြီး တစ်ခဏအတွင်း သူ မီတာတစ်ရာ အဝေးသို့ ထွက်ပြေးလာနိုင်၏။
“မင်းတို့ မကစားတော့ဘူးလား၊ ဒါဆိုလည်း မင်းအသက်ကို ထားခဲ့တော့”
အမှောင်ထုတွင်းမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည့် လက်တစ်ဖက် ထွက်ပေါ်လာပြီး လုပ်ကြံရေးသမား တစ်ယောက်ရှိရာ အရပ်အား အားဖြင့် ဖျစ်ညှစ်လာ၏။
“ဂျွတ်”
လေဟာနယ် အက်ကွဲသွားပြီး ထိုလုပ်ကြံရေးသမားသည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ ဖျစ်ညှစ်ခံလိုက် ရလေသည်။ ဤမြင်ကွင်းက ထွက်ပြေးနေသော ကျန်လုပ်ကြံရေးသမားများအား သည်းခြေပျက်သွားစေသည်။
*လေထဲကနေ လူသတ်တာလား*
*လုပ်ကြံရေး သူတော်စင် သိုင်းကွက်ပဲ*
“မင်းက နဂါးသတ်ဖြတ်ခြင်း မဟုတ်ဘူးပဲ၊ မင်းက …”
လုပ်ကြံရေးသမားတစ်ယောက်က စကားပြောရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က ပြုံး၍ သူ့ဘက်သို့ လက်ဆန့်လာ၏။
“ဂျွတ်”
ယဲ့ဖန်ကြောင့် သူ့ဦးခေါင်း ကြေမွသွားပြီး သွေးများနှင့် ဦးနှောက် အစနအများ ပန်းထွက်လာသည်။ သွေးအေး၍ ရက်စက်လွန်းသည်။
ထိုလုပ်ကြံရေးသမားများသည် ငိုချင်သော်လည်း မျက်ရည်ကျမလာပေ။ ဤသို့သော နတ်ဆိုးဖြင့် ရင်ဆိုင်နေရ သောကြောင့် သူတို့ ပြေးမလွတ်နိုင်တော့ချေ။
တစ်ခဏကြာသော် ယဲ့ဖန် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လေထုထဲ၌ သွေးနံ့များ တထောင်းထောင်း ထနေသဖြင့် အော်ဂလီဆန်စရာ ကောင်းလှသည်။
ယဲ့ဖန်သည် နဂါးမြို့တော်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ပြီး ရက်စက်သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။
“မင်းတို့ မစောင့်နိုင်တော့ဘူးပေါ့လေ”
“ငါရောပဲ”
….
ယဲ့မိသားစု သုသာန်မြေမှ ထွက်လာပြီးနောက် ထန်မင်လီနှင့် အခြားသူများ အချိန်အတော်ကြာစဉ်ကတည်းက စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ဒေါသူပုန်ထနေသော မျက်လုံးများဖြင့် ပြောလာလေသည်။
“ဖျင်အန်းမြို့က အဖွဲ့အစည်းကိုးခုလုံး ထွက်လာပါပြီ”
“ဟွိုင်အန်းမြို့က အဖွဲ့အစည်း ရှစ်ခု ရောက်လာပါပြီ”
“ကျင်းကျန်းမြို့က အဖွဲ့အစည်း ဆယ့်သုံးခု ရောက်လာပါပြီ”
“ဖုန်းတု …”
ထို့နောက်တွင်မူ အားလုံးက ပြိုင်တူ ကြွေးကြော်လာ၏။
“ဟွိုင်အန်းစီရင်စုက အဖွဲ့အစည်း သုံးဆယ့်ခုနစ်ခုလုံးက ယဲ့ဘုရင်အတွ်က နဂါးမြို့တော်ကို ခြေချပြီး မြို့ကို သိမ်းပိုက်လိုစိတ် ရှိပါတယ်”
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံး၍ လက်သီးလက်မောင်းတန်းကာ ပြောလိုက်သည်။
“ငါ့လူတို့ သွားကြစို့ … သွားသတ်ကြမယ်”
“အမိန့်အတိုင်းပါ”
ကြွေးကြော်သံများက မိုးခြိမ်းသံလိုပင်။
….
“နောက်ဆုံးရသတင်း ဟွိုင်အန်း စီရင်စုက အင်အားစုတွေ နဂါးမြို့တော်ကို ချီတက်လာပြီ”
“အချိန်သုံးရက် ပေးထားတာ ကုန်ဆုံးသွားပြီ၊ ယဲ့ဘုရင် ရောက်လာပြီ”
“ယဲ့မိသားစုနဲ့ သူသေကိုယ်သေ တိုက်ပွဲ စတင်တော့မယ်”
ယဲ့ဖန် စထွက်လာသည်နှင့် ကျုံးကျိုး အင်ပါယာ၏ ကွန်ရက်တစ်ခုလုံးတွင် သူနှင့် ပတ်သက်သော သတင်းများ အားလုံး အသည်းအသန် ထွက်ပေါ်လာသည်။
ဒရုန်းများ လွှတ်တင်၍ သူတို့ လာနေသည့် လမ်းတစ်လျှောက်ကို မှတ်တမ်းတင် လိုက်ရိုက်ကူးနေသည့် လူများပင် လူများပင် ရှိလေသည်။ ယခုအခါတွင် အင်တာနက်မှ ကြည့်ရှုနေသူများက သန်းတစ်ရာပင် ကျော်နေ၏။
လူတော်တော်များများသည် ဤတုန်လှုပ်ဖွယ်ကောင်းသည့် စစ်ပွဲအား ကြည့်ရှုရန် အလုပ်ခွင်ကို ဖျက်၍ ကွန်ပျူတာရှေ့၌ နေရာယူထားကြသည်။
ယဲ့ဖန် စထွက်လာချိန်တွင် သူတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်လာကြသည်။
*လာပြီ*
*နောက်ဆုံးတော့ ဒီတိုက်ပွဲ စတော့မယ်*
“ယဲ့ဘုရင်ရဲ့ အင်အားစုက ချမ်လုံ ပင်လယ်အော်ကို ဖြတ်လာပြီးတော့ နဂါးမြို့တော်နဲ့ မိုင်တစ်ရာပဲ ကွာတော့တယ်”
“ယဲ့မိသားစုရဲ့ မိသားစုဝင်အားလုံး ပြန်ရောက်လာပြီ၊ အဲ့ထဲက ရှစ်ရာရှစ်ဆယ့်လေးယောက်က ဈာန်ဝင်စားခြင်း အဆင့်၊ တစ်ရာ့ရှစ်ယောက်က နဂါးအသွင်ပြောင်းခြင်းအဆင့်၊ အယောက်နှစ်ဆယ်က ချွန်းယန်အဆင့်နဲ့ သုံးယောက်က ချွန်းယန် အထွတ်အထိပ်အဆင့်၊ မြို့တိုက်ပွဲဗျူဟာကို အသက်သွင်းထားပြီးတော့ ယဲ့ဘုရင်တို့ လာတိုက်မှာကို စောင့်နေတယ်”
“ယဲ့ဘုရင်ရဲ့ အင်အားစုက နဂါးမြို့တော်ရဲ့ နယ်နိမိတ်ထဲ ရောက်လာပြီ၊ နဂါးမြို့တော်နဲ့ ဆယ်မိုင်တောင် မလိုတော့ဘူး၊ ထောင်သောင်းချီတဲ့လူတွေက ဓားတွေဆွဲပြီး ကျယ်ကျယ်လောင်လောင် ကြွေးကြော်နေတယ်”
သတင်းများ ထွက်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်ထဲမှ လူတိုင်း ပို၍ စိတ်လှုပ်ရှားပြီး မျက်တောင် မခတ်ဘဲ ဖန်သားပြင်ကို ကြည့်နေကြသည်။ တစ်ခုခု လွတ်သွားမည်ကို စိုးထိတ်နေသည့်ပုံပင်။
“လာစမ်းပါ၊ ယဲ့ဘုရင် လာအသေခံလိုက်”
“ယဲ့မိသားစုရဲ့ ဝင်္ကပါအစီအရင်က နှစ်ထောင်ချီပြီး ရှိနေခဲ့ပြီးတော့ ဘယ်သူမှ ပြိုကွဲအောင် မလုပ်နိုင်တာ၊ မင်းလို ယဲ့ဘုရင်ဆိုတဲ့ လူလေးက ဘာလို့ လုပ်နိုင်မှာလဲ”
“ထွက်ပြေးသွားတဲ့လူတွေ သေချာကြည့်ကြ၊ ငါ့ယဲ့မိသားစုက ထည်ဝါတဲ့ခွန်အားကို ဘယ်လိုပြပြီး အဲ့မျိုးမစစ်ကို သတ်ပစ်မလဲဆိုတာကို ကြည့်နေ”
အင်တာနက်ပေါ်၌ ထီမထင်သော လှောင်ပြောင်စကားများ ပျံ့နှံ့လာ၏။ ယဲ့ဖန် သေချာပေါက် သေရမည်ဟု သူတို့ တထစ်ချ ယုံကြည်ထားသည်။
အဘယ်ကြောင့်ဆိုသော် တောင်ဘီလူးဘုရင်နှင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတို့က ဤသို့ လာနေသည့် လမ်းတွင် ရှိနေပြီး သူတို့ ရောက်လာလျင် ယဲ့ဘုရင်တစ်ယောက် ဝင်္ကပါ အစီအရင်ကို ထိုးဖောက်နိုင်မည် မဟုတ်ပါ။ သူတို့ ရောက်လာသည်နှင့် ယဲ့ဘုရင် ပြေးမလွတ်နိုင်တော့ပေ။
“ဟားဟားဟား … ဦးနှောက်မရှိတဲ့အရူး၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ တောင်ဘီလူးဘုရင်တို့ လာနေတာ သိတာတောင် သူ ရောက်လာရဲသေးရင်တော့ သေတွင်းတူးနေတာပဲ”
“ဟုတ်တယ် ငါသာ သူ့နေရာမှာဆိုရင် ဝေးဝေး ပြေးနေလောက်ပြီ၊ ပြီးတော့ တစ်ဘဝလုံး ခွေးလို ပုန်းကွယ်နှိမ့်ချပြီး နေနေမှာ”
သေနိုင်ကြောင်း သိနေရက်နှင့် လာအသေခံနေသောကြောင့် သူတို့ ယဲ့ဖန်ကို ရူးနေပြီဟု ထင်နေကြလေသည်။ ယဲ့ဘုရင်ရဲ့ မရှုံးနိုင်တဲ့ ဒဏ္ဍာရီက ဒီနေရာမှာတင် အဆုံးသတ်လောက်ပြီ။
“ဘာဖြစ်တာလဲ၊ ဘာလို့ ပုံတွေပျောက်သွားတာလဲ”
“လျှပ်စစ်ကွန်ရက် ဝင်နှောင့်ယှက်ခံရတာ၊ တစ်ယောက်ယောက်တော့ ဝင်ပိတ်နေပြီ”
“နိုင်ငံတော်ဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်ခြင်းကွန်ရက်ကို ဝင်နှောင့်ယှက်နိုင်တဲ့ နည်းလမ်းမျိုး ဘယ်သူ့မှာ ရှိတာလဲ”
တစ်နိုင်ငံလုံး ထိတ်လန့်သွားကြသည်။ ထိုအခိုက်တွင် ယဲ့ဖန်နှင့် အခြားသူများလည်း ချီတက်လာရာမှ ရပ်သွားပြီး သူတို့ရှေ့၌ တည်ငြိမ်သော အမူအရာနှင့် ရပ်နေသော လူသုံးယောက်ကို ကြည့်လိုက်သည်။
ထိုသုံးယောက်၏ ရင်ဘတ်တွင် အထူးတံဆိပ်များ ရှိနေသည်။ ထိုတံဆိပ်က သူတို့၏ မြင့်မားသော အဆင့်အတန်းကို ပြသနေ၏။ လူသုံးယောက်က ထောင်သောင်းချီသော လူများကို တားဆီးရဲသည် ဆိုကတည်းက သူတို့၏ ခွန်အားက မည်မျှကြောက်စရာကောင်းကြောင်း သက်သေပြနေ၏။
“ဘာဖြစ်တာလဲ”
ယဲ့ဖန်က ဆက်လျှောက်သွားသည်။
“အင်ပါယာရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ ပေါင်လုံ အဖွဲ့အစည်းပါ”
ထန်မင်လီက အလေးအနက် ပြောလိုက်သည်။ ထိုအဖွဲ့အစည်းသည် ယဲ့မိသားစုကိုပင် ဖိနှိပ်နိုင်သည်။
“ယဲ့ဘုရင် ရှေ့ထွက်လာခဲ့စမ်း”
အေးစက်၍ ကြော့မော့သော အမျိုးသမီးတစ်ယောက်က ရှေ့တက်လာ၏။
“လုံခွေ”
ထိုအမျိုးသမီးကို မြင်သောအခါ ထန်မင်လီနှင့် အခြားသူများ ချက်ချင်း မျက်နှာပျက်သွားပြီး သူတို့မျက်လုံးတွင် ကြောက်လန့်ဟန်များ ထင်ဟပ်လာသည်။
“သူက ဘယ်သူလဲ”
ယဲ့ဖန် မေးလိုက်သည်။
“အင်ပါယာရဲ့ စစ်နတ်ဘုရားမပါ၊ ပေါင်လုံအဖွဲ့အစည်းရဲ့ ကပ္ပတိန်၊ တစ်ခါက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ တိုက်ခိုက်ဖူးပြီး တစ်ကွက်တည်းနဲ့ ရှုံးခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူ့ကို ဘယ်သူမှ အထင်မသေးရဲဘူး၊ ဘာလို့လဲဆိုတော့ သူက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက် နှစ်တစ်ရာ ပိုငယ်လို့ပါ”
အချိန်အတိုင်းအတာတစ်ခု ရောက်လာလျင် လုံခွေတစ်ယောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို အနိုင်ယူနိုင်လိမ့်မည်ဟု လူတိုင်း ယုံကြည်ထားကြသည်။
ပေါင်လုံအဖွဲ့အစည်း၏ ကပ္ပတိန်တောင် ရောက်လာသဖြင့် ထန်မင်လီနှင့် အခြားသူများ ရုတ်တရက် အလေးအနက် သတိထားလာကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ဘာအတွက်ကြောင့် လာသလဲ သူတို့ စဉ်းစားမရ သောကြောင့်ပင်။
တစ်ဖက်လူက ရန်သူဖြစ်ရန် ရည်ရွယ်ထားပါက ပေါင်လုံအဖွဲ့အစည်း၏ အင်အားကို ယဲ့မိသားစုတောင်မှ မယှဉ်နိုင်သဖြင့် သူတို့ တားနိုင်ပါမည်လော။
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တစ်ချက်လှမ်းလိုက်သောအခါ လုံခွေနှင့် အခြားသူနှစ်ယောက်ရှေ့သို့ ချက်ချင်း ရောက်သွားသည်။ ဤလှုပ်ရှားမှုကိုကြည့်ပြီး လုံခွေနှင့် အခြားသူတို့၏ မျက်လုံးများ အရောင်တောက်လာသည်။
*ကောလာဟလတွေက တကယ် မှန်တာပဲ၊ ဒီလူက ကြောက်စရာကောင်းလောက်အောင် သန်မာတာပါလား*
“ဘာကိစ္စရှိလို့လဲ”
ယဲ့ဖန်က ခပ်အေးအေး ပြောလိုက်သည်။ အမူအရာပြောင်းလဲခြင်းမရှိဘဲ အထက်စီးဆန်နေစမြဲပင်။ ဤအပြုအမူက လုံခွေအနောက်မှ ဘုရင်ငယ်နှစ်ပါးအား မျက်မှောင်ကြုတ်သွားစေသည်။
သူတို့သည် လုံခွေနှင့် အသက်တူတူ ဖြစ်ပြီး သူတို့သုံးယောက်လုံးက ထူးချွန်သည့်သူများ ဖြစ်သည်။ သူတို့သည် ရာစုနှစ်အတွင်း တွေ့ရခဲသည့် ရှားပါး ပါရမီရှင်များဖြစ်သောကြောင့် ပေါင်လုံအဖွဲ့အစည်းတွင်းသို့ ခေါ်ယူခြင်း ခံခဲ့ရသူများ ဖြစ်လေသည်။
သူတို့သည် အမြဲတမ်း ဘယ်နေရာသွားသွား လေးလေးစားစား ဆက်ဆံခံရသည်။ သူတို့သည် ကောင်းကင်ထက်မှ လမင်းကဲ့သို့ မြင့်မားသော လူများဖြစ်သော်လည်း ဘယ်လိုလုပ် ဤလူ၏ လျစ်လျူရှု၍ မထီမဲ့မြင်ပြုခြင်း ခံရသနည်း။
ချက်ချင်းဆိုသလိုပင် ငွေရောင်ဆံပင်နှင့် အမျိုးသားက ယဲ့ဖန်ကို အေးစက်စွာ ကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။
“ယဲ့ဖန် ငါတို့ ဘယ်သူလဲ မင်း သိလား၊ ငါတို့က ပေါင်လုံ အဖွဲ့အစည်းကကွ၊ မင်းအပြုအမူကို သတိထားစမ်း”
“မဟုတ်လို့ကတော့ ငါ မင်းကို ဒီနေရာမှာတင် သတ်ပစ်လိုက်မယ်၊ မင်းလက်အောက်ငယ်သားတွေ ရှေ့မှာ မင်းကို ခွေးတစ်ကောင်လို သေအောင် လုပ်ပစ်မယ်”
ထိုစကားအဆုံး၌ သူ အေးစက်စက် ပြုံးလိုက်သည်။
“စွန်းထောင်”
လုံခွေသည် သူ့စကားကိုကြားပြီး မကောင်းသော ကိစ္စဖြစ်တော့မည်ဟု ရိပ်စားမိကာ ချက်ချင်း အော်ငေါက် လိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။
“ဖြောင်း”
သတိပေးခြင်းမရှိဘဲ ကျယ်လောင်သော ရိုက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် လူတစ်ယောက် လွင့်ထွက် သွားသည်ကို အားလုံး မြင်လိုက်ရသည်။
အောက်သို့ပြန်ကျလာသောအခါ သူ့ညာဘက် မျက်နှာတစ်ခြမ်းလုံး ရောင်ကိုင်းနေပြီး သွေးအန်ကာ သွားများ ကျွတ်ထွက် သွားလေသည်။
လျှပ်တစ်ပြက်အတွင်း အားလုံး ဖြစ်ပျက်သွားခဲ့သဖြင့် လူတိုင်း တုံ့ပြန်ချိန် မရလိုက်ပေ။
“မင်း”
ရုတ်ချည်းဆိုသလိုပင် လုံခွေနှင့် သူမအနားမှ အမျိုးသားတို့က ယဲ့ဖန်ကို ဒေါသတကြီး စူးစိုက်ကြည့်လာ၏။