အဆုံးအထိ မကောင်းတဲ့စိတ် ရှိရတာပေါ့
Vol. 81-85 Ch. 1232
ယဲ့ဖန်က စွန်းထောင်ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့် မထားမိပါ။ ဤသည်မှာ မယုံနိုင်စရာကောင်းလွန်းလှသည်။
စွန်းထောင်သည် ချွန်းယန်အဆင့် ဘုရင်တစ်ပါး ဖြစ်သည်။ ထို့အတူ သူသည် ရှေးခေတ် တော်ဝင်မိသားစု၏ မျိုးဆက်တစ်ယောက် ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်က တစ်မူထူးခြားစွာ ကြံ့ခိုင်ပေ၏။ သူတို့မျိုးနွယ်သည် ရှေးခေတ်ကတည်းက နတ်ဘုရားနှင့် နှိုင်းယှဉ်ခံရပြီး ယခုမျိုးဆက်များအထိ နောက်ကောက်ကျကျန်ခဲ့ခြင်း မရှိပေ။
သို့သော် ဤသို့သောလူက ယဲ့ဖန်၏ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ အထူးခြားဆုံးမှာ သူတို့၌ တုံပြန်ချိန် မရှိလိုက်ခြင်းပင်၊ စွန်းထောင် လွင့်ထွက်မသွားခင်အထိ သူတို့ သတိမပြုမိလိုက်ပေ။
လျန်မြန်ခြင်း၌ ဖြစ်စေ၊ ခွန်အား၌ ဖြစ်စေ၊ ယဲ့ဖန်၏ တိုက်ခိုက်မှုက ထင်မှတ်မထားလောက်အောင် ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ထားပြီးသား ဖြစ်သည်။
ယဲ့ဖန်သာ စွန်းထောင်ကို သတ်လိုလျင် လက်ရှိ၌ သူ သေနေလောက်သည်။
*မိစ္ဆာ*
*ဒီလူက မိစ္ဆာပဲ*
လုံခွေတို့နှစ်ယောက်လုံး၏ အတွေးထဲသို့ ထိုသို့သော အတွေးမျိုး ပေါ်လာလေသည်။ ထို့အပြင် သူတို့ ဒေါသလည်း ထွက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်ခံကို ပြောထားပြီးသား ဖြစ်သောကြောင့်ပင်။ ထိုသို့ ပြောထားသော်ငြားလည်း ယဲ့ဖန်က စွန်းထောင်ကို တိုက်ခိုက်ရဲသဖြင့် ပေါင်လုံ အဖွဲ့အစည်းကို အရှက်ခွဲလိုက်သလို ဖြစ်နေသည်။ ပေါင်လုံ အဖွဲ့အစည်းကို အထင်သေးခြင်းပင်။
ယဲ့ဖန်ကမူ သူတို့ ဘာတွေတွေးနေသလဲ လုံးဝ ဂရုမစိုက်ပေ။ လက်ရှိတွင် သူက စွန်းထောင်ကို အထင်သေးစွာ ကြည့်၍ အေးတိအေးစက် ပြောလိုက်သည်။
“အခုက နမူနာပဲ ရှိသေးတယ် နောက်တစ်ခါဆို ငါ့အတွေးတွေ ပြောင်းနိုင်တယ်”
မောက်မာ၍ မထီမဲ့မြင် ပြုလွန်းသည်။ သူ့စကားကြောင့် လုံခွေတို့ နှစ်ယောက်လုံး မျက်နှာ မည်းမှောင်သွား၏။
*ဒါ အထင်သေးတာ မဟုတ်ဘူး မလေးစားတာ*
“မင်း …. သေချင်နေတာပဲ”
စွန်းထောင် အလွန် ဒေါသထွက်နေသဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ မျိုးဆက်တစ်ခု၏ ပါရမီဖြစ်သည့် အားလျော်စွာ သူ ယခင်က ဤသို့ တစ်ခါမှ လှောင်ပြောင်မခံခဲ့ရဖူးပါ၊ သူ ချက်ချင်း ဒေါသူပုန် ထလာရသည်။
သူသည် လက်ကိုဆန့်၍ မှော်စာလုံးများ ပြည့်နှက်နေသည့် ရွှေရောင်လှံတံတစ်ချောင်းကို ထုတ်ကာ ယဲ့ဖန်၏ ရင်ဘတ်သို့ အညှာအတာမဲ့စွာ ပစ်လွှတ်လိုက်သည်။
သနားညှာတာခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်လွန်းသည်၊ တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ကြံစည်ထားခြင်းပင်။
ဤသည်ကိုမြင်သော်လည်း လုံခွေတို့သည် တားဆီးသော စကားဟူ၍ တစ်ခွန်းမျှ မပြောပေ။ ယဲ့ဖန်၏ အလေးအနက် မထားဟန်က သူတို့ကို ဒေါသထွက်သွားစေသဖြင့် စွန်းထောင်အား ယဲ့ဖန်၏ လက်ရည်ကို စမ်းသပ်ခွင့် ပေးလိုက်သည်။
ဤသည်ကိုမြင်သော် ယဲ့ဖန်သည် နဂါးတစ်ကောင်က ပုရွက်ဆိတ်ကို အထင်သေးသကဲ့ ကြည့်နေပြီး လှောင်ရယ်လိုက်မိသည်။
“မင်း သေချင်တာလား၊ ဒါဆိုလည်း ငါ ဖြည့်ဆည်းပေးရတာပေါ့”
ထို့နောက် သူ၏ ခန္ဓာကိုယ်က မထိရှနိုင်သော ဓားသဖွယ် ဖြစ်လာပြီး အရှိန်အဝါက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး”
တစ်ချိန်တည်းမှာပင် လုံခွေနှင့် သူမအနောက်မှ အမျိုးသားတို့၏ မျက်နှာတွင် ထိတ်လန့်ဟန်များ ပြည့်နှက်လာ၏။ အဘယ်ကြောင့်ဆိုသော် တစ်ခုခု မှားနေသည်ကို သူတို့ သတိပြုမိသွားပြီး အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်လာတော့မည်ဟု သူတို့ ခံစားမိသွားသောကြောင့်ပင်။
ရွှေရောင်လှံတံက အရှိန်အဟုန်ဖြင့် လေကိုခွင်း၍ ယဲ့ဖန်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
“ဟားဟားဟား … ဘာကို ယဲ့ဘုရင်လဲ၊ ငါ့လှံချက်အောက်မှာ သူက သေလူပဲလေ၊ မင်းတို့ မြင်လား၊ မင်းတို့ ယဲ့ဘုရင်က ငါ့ရှေ့မှ ခွေးလိုဝက်လို သေသွားပြီကွ”
စွန်းထောင်သည် အလွန် ပျော်ရွှင်နေဟန်ဖြင့် အားပါးတရ ပြုံးရယ်နေ၏။ သူ ဂုဏ်ယူနေလေသည်။
“ကပ္ပတိန်၊ လူအိုကြီးက အသက်ကြီးလာလို့ တွေဝေလာတယ်ထင်တယ်၊ အဲ့ဒါကြောင့် ဒီလိုအမှိုက်ကောင်မျိုးကို သူ သဘောကျတာ၊ ခင်ဗျား မြင်တယ်မလား၊ သူ ကျုပ်လက်ချက်ကြောင့် တစ်ချက်တည်းနဲ့ သေသွားရတာကိုလေ”
စွန်းထောင်က တစ်ဖက်လှည့်၍ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းမော့နေသည်။ သို့သော် လုံခွေတို့နှစ်ယောက်၏ မျက်နှာတွင် ဖော်မပြနိုင်သော သွေးပျက်ဟန်များ ထင်ဟပ်နေပြီး သူ့ထံသို့ ပြိုင်တူ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ထို့အတူ ပါးစပ်မှလည်း အော်ဟစ်သတိပေးလာ၏။
“ပြေးတော့”
မသိလျင် ကမ္ဘာပျက်ကိန်း ဆိုက်လာသလိုပင်။ နတ်ဆိုးနတ်ဘုရား ပြန်ရောက်လာပြီဟု ထင်မှတ်မှားရသည်။
*ဟမ်*
စွန်းထောင် ထိတ်လန့်သွားပြီး တစ်ခုခုကို သတိပြုမိသွားသည်။ မမြင်ရသော အအေးဓာတ်တစ်ခုက သူ့အား လွှမ်းခြုံလာပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားမိလာသည်။ ထိုခံစားချက်က သူ့အား နှစ်တစ်သောင်းကြာ တည်ရှိခဲ့သော ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားစေသဖြင့် ခိုက်ခိုက်တုန်သွားရသည်။
သူ နောက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သောအခါ သူ့ဘဝ၌ ကြောက်စရာအကောင်းဆုံးနှင့် အန္တရာယ် အများဆုံးသော မျက်နှာတစ်ခုကို မြင်လိုက်ရတော့သည်။
ထိုမျက်နှာပုံစံကို သူ ပုံမဖော်တတ်တော့ချေ။ စကြဝဠာတစ်ခုလုံး၏ ရက်စက်မှုနှင့် အမုန်းတရားများ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး တီဗွီ၌ ပြတတ်သည့် သရဲဇာတ်ကားများထဲမှ သရဲများထက် ပိုကြောက်စရာ ကောင်း၍ ကြမ်းကြုတ်လွန်းသည်။
တစ်ချက် ကြည့်လိုက်မိပြီးသည်နှင့် စွန်းထောင် ကြက်သေ သေသွားပြီး တစ်ကိုယ်လုံး အကြောဆိုင်းသွားသေည်။ သစ်သားရုပ်တုကြီးသဖွယ် နေရာ၌ မလှုပ်မယှက် ရပ်နေမိသည်။
ယဲ့ဖန်၏ ပါးစပ်မှနေ၍ အနက်ရောင် အခိုးအငွေ့များ ထွက်လာပြီး မသိလျင် နတ်ဆိုးတစ်ကောင် အသက်ရှူ ထုတ်လိုက်ပုံနှင့်ပင် တူနေလေ၏။
အနက်ရောင် အခိုးအငွေ့က စွန်းထောင်၏ ပါးနှင့် ထိတွေ့သွားသောအခါ အရိုးကွဲမတတ် အေးစိမ့်သွားရသည်။ ထို့နောက် သူ့မျက်နှာ၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး ကွဲကြေသွားသော ကြွေထည်ကဲ့သို့ တစ်စစီ ဖြစ်လုနီးပါး ဖြစ်လာရသည်။
ဤသည်ကိုမြင်သောအခါ လုံခွေတောင်မှ မနေနိုင်ဘဲ သွေးပျက်သွားရသည်။
*အသက်ရှူသံနဲ့တင် လူသတ်နိုင်တာလား*
*ဒါ ဘာနည်းကြီးလဲ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ထိတ်လန့်စရာပဲ*
*မယုံနိုင်လောက်အောင် ထိတ်လန့်စရာ ကောင်းလွန်းတယ်*
*ဒါကို ဘယ်လိုခေါ်တာလဲ*
လုံခွေ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက ဆက်တိုက် တုန်ယင် နေ၏။
*ထူးဆန်းလိုက်တာ*
*ဒီလူက ဘာကြီးလဲ*
ထိုအခိုက်တွင် ယဲ့ဖန်က သွားတန်းများပေါ်အောင် ပြုံးလိုက်သည်။ ထိုအပြုံးကို စွန်းထောင်က သားရဲ၏ အစွယ်များဟု မြင်ယောင်နေ၏။ ထို့အတူ ခက်ထန်သော အသံတစ်သံလည်း ထွက်ပေါ်လာသည်။
“ကောင်းလိုက်တဲ့ လှံရေး”
ထိုစကားလုံး၌ သတ်ဖြတ်ချင်စိတ်နှင့် မထီမဲ့မြင်သဘောများ ပြည့်နှက်နေသည်။
“မင်း …”
စွန်းထောင်သည် အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်နှင့် တူနေပြီး မျက်ခုံး တဆတ်ဆတ် လှုပ်က မျက်နှာ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ တစ်ခဏကြာသော် သူ ရုတ်တရက် သတိဝင်လာပြီး ထွက်ပြေးရန် ပြင်လေသည်။ သူ အမှားကြီးတစ်ခု လုပ်လိုက်မိကြောင်း သတိပြုလိုက်မိသည်။ ထိုအမှားမှာ ဤမိစ္ဆာကောင်ကို တိုက်ခိုက်မိခြင်း ဖြစ်ပေသည်။
*ဒါ လုံးဝ သေတွင်းတူးမိတာပဲ*
*ဒီကောင်က လူမဟုတ်ဘူး*
သူ ထွက်ပြေးလိုက်သည့်အခိုက်မှာပင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ လက်ကြီးနှစ်ဖက်က သူ့ခါးကို ရုတ်တရက် လှမ်းချုပ်လာလေသည်။
“ငါ့အလှည့်”
အေးစက်သော စကားသံကို ကြားလိုက်ရသောအခါ စွန်းထောင်သည် မိမိခေါင်းထက်မှနေ၍ ရေအေးတစ်ခွက် လောင်းချလိုက်သလို ခံစားလိုက်ရလေသည်။
“ရပ်လိုက်”
“ယဲ့ဘုရင် မင်း လုပ်ရဲလား”
လုံခွေတို့ နှစ်ယောက်လုံး စိုးရိမ်တကြီးဖြင့် ပြိုင်တူပြေးဝင်လာသည်။ သို့သော် ယဲ့ဖန်က ခနဲ့သံပေး၍ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ဂျွတ်”
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယဲ့ဖန်ကြောင့် လက်မောင်းနှစ်ဖက် ပြတ်ထွက်ပြီး သွေးများ ပန်းထွက် လာလေသည်။
“အား…”
ထို့အတူ ကြောက်လန့်တကြားနှင့် ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတစ်သံသည်လည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ စွန်းထောင်၏ မျက်နှာ ရှုံ့မဲ့နေပြီး နာကျင်စွာ ဟစ်အော်နေမိသည်။
ပြင်းထန်လှသည့် ဒဏ်ရာကြောင့် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေပြီး မျက်နှာပျက်ကာ ဘဝက သေသည်ထက် ဆိုးနေ၏။ ဤနတ်ဆိုး၏ ကြောက်စရာကောင်းပုံကို စွန်းထောင် သေချာနားလည် သွားလေတော့သည်။
ယဲ့ဖန်က လက်ပြတ်နှစ်ခုကို မြေကြီးပေါ် သာမန်ကာလျှံကာ လွှင့်ပစ်လိုက်ပြီး မချိုမချဉ်အပြုံးဖြင့် သူ့ရင်ဘတ်၌ ထိုးစိုက်နေသည့် ရွှေရောင်လှံတံကို ဆွဲထုတ်လိုက်သည်။
ဖြည်းဖြည်းချင်းစီ ဆွဲထုတ်သော်လည်း သွေးတစ်စက်မှ ထွက်မလာချေ။ လှံရှည်က သူ့ကိုယ်ကို အစကတည်းက မထိုးဖောက်ခဲ့သလိုပင်။ ဤမြင်ကွင်းကြောင့် စွန်းထောင် လိပ်ပြာလွင့်မတတ် ဖြစ်သွားရသည်။
ယခု ယဲ့ဖန်နှင့် ရင်ဆိုင်ရချိန်တွင် သူ့၌ ယခင်ကဲ့သို့ အထက်စီးဆန်၍ မောက်မာဟန်များ မရှိတော့ပေ။ လက်နှစ်ဖက်လုံး ဆွဲဖြုတ်ခံလိုက်ရပြီးနောက် သူ့စိတ်ထဲ၌ ကြောက်စိတ်နှင့် နောင်တရစိတ်တို့သာ ရှိနေ တော့သည်။
ယဲ့ဖန်က စွန်းထောင်၏ လှံရှည်နှင့်အတူ သူ့ထံ လှမ်းလာသည်။ သူ့အပြုံးက ပိုမို၍ အေးစက်ခက်ထန်လာ၏။ စွန်းထောင် ခေါင်းမွေးထောင်သွားပြီး ထွက်ပြေးရန်ပင် မေ့နေကာ နေရာ၌ ရပ်နေမိသည်။
*ငါ မစခဲ့သင့်ဘူး၊ ငါ ဒီကိစ္စကို စမလုပ်ခဲ့သင့်ဘူး*
*ဒီကောင်က လုံးဝကို မိစ္ဆာကောင်ပဲ*
“ငါ့ပေါင်လုံအဖွဲ့အစည်းကို စော်ကားမှတော့ မင်း သေသင့်တယ်”
ယဲ့ဖန်၏ အနောက်မှ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ နောက်လူတစ်ယောက်က တိုက်ခိုက်လာသည်။ သူသည် နှစ်ဖက်ချွန် တူကြီးနှစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်းတို့ကို ဘယ်အရာဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း အရောင် တလက်လက် တောက်ပနေ၏။
ထိုတူနှစ်လက်ဖြင့် ယဲ့ဖန်၏ ကျောပြင်ကို ဒေါသတကြီး ထုချလေသည်။ ယဲ့ဖန်က ရုတ်တရက် နောက်လှည့်လာပြီး ထိုလူကို ကြည့်လေသည်။ ထိုလူသည် အလွန် ကြောက်စရာကောင်း၍ ရက်စက်သော မျက်နှာတစ်ခုကို မြင်လိုက် ရလေသည်။
ထို့နောက် သူ နောင်တရလာ၏။ ထိုမျက်နှာတစ်ခုတည်းနှင့်တင် သူ့အား ညတိုင်း အိပ်မက်ဆိုးမက်အောင် လုပ်နိုင်သည်အထိ ကြောက်လန့်သွားစေသည်။ သို့သော် ယခုမှ နောက်ဆုတ်လျင်လည်း မမှီတော့ချေ။
လေးလံသော တူများက ယဲ့ဖန်၏ နဖူးပေါ်သို့ အရှိန်ဖြင့် ကျရောက်လာသည်။ မြို့ခွင်း ခို့ကျန်းဟွိုက်ဟူသော နာမည်ကို သူ အလကားသက်သက် ရလာခြင်း မဟုတ်ပါ။
“ရွှစ်”
သို့သော် ထိုအခိုက်တွင် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖန်၏ လက်ထဲမှ ရွှေရောင်လှံတံသည် အသက်ဝင်လာပုံရပြီး နဂါးတစ်ကောင်ကဲ့သို့ ရှေ့နောက် လှုပ်ရှားလာပြီးနောက် ကျဆင်းလာသည့် တူကြီး နှစ်လက်ကို ဝင်တိုက်လေသည်။
“ဝုန်း”
နှစ်သောင်းချီ သက်တမ်းရှိသည့် မီးသံတို့ဖြင့် ပြုလုပ်ထားသည်ဟု ဆိုခဲ့ဖူးသော တူကြီးနှစ်လက်သည် ချက်ချင်း ပျက်စီးသွားသည်။
အဆိုပါမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ခို့ကျန်းဟွိုက်သည် လက်ထဲမှ တူလက်ကိုင် နှစ်ခုကို ငေးကြည့်ပြီး နားဝေတိမ်တောင် ဖြစ်နေ၏။ လုံခွေနှင့် စွန်းထောင်တို့လည်း ကြက်သေ သေနေကြသည်။
*မြို့တံခါးကိုတောင် အလွယ်လေး ဖျက်ဆီးနိုင်တဲ့ တူကြီးနှစ်လက်က ယဲ့ဖန်ရဲ့ တိုက်ခိုက်မှုကြောင့် ချက်ချင်း ပျကစီးသွားတာလား*
*စွန်းထောင်ရဲ့ ရွှေရောင်လှံတံကို သုံးပြီးတော့လေ*
သူ၏ လှံတံက တစ်မူထူးခြားမှန်း စွန်းထောင် သိပါ၏။ သို့သော် ခို့ကျန်းဟွိုက်၏ တူကြီးနှင့်ယှဉ်လျင် အနည်းငယ် နိမ့်ကျသည်။ သို့သော်ငြားလည်း လှံတံကြောင့် နှစ်ဖက်ချွန် တူကြီးနှစ်လက်က တစ်စစီ ဖြစ်သွားသည်တဲ့လား။
သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု တွေးမိပြီး မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်လိုက်မိသည်။ ထို့နောက် သုံးယောက်လုံး ကျောချမ်းသွားလေသည်။
လူနှစ်ယောက်ဆက်တိုက် တိုက်ခိုက်ပါသော်လည်း ရလဒ်နှစ်ခုလုံးက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခြင်းနှင့်သာ အဆုံးသတ် သွားသည်။ စစ်နတ်သမီး လုံခွေပါ ထပ်တိုက်မည်ဆိုလျင် … နိုင်နိုင်ချေ မရှိလောက်သေးပေ။
သုံးယောက်သား ငိုချင်စိတ် ပေါက်လာပြီး ဘာကြောင့် ဤလူကို မိစ္ဆာဟု ခေါ်သလဲဆိုတာကို နားလည် သွားကြသည်။
“သေချင်နေတာ ငါ မဟုတ်ဘူး၊ မင်း”
ယဲ့ဖန် အသာပြုံးလိုက်ပြီး လက်ကိုမြှောက်၍ အသာဝှေ့ယမ်းလိုက်သည်။
“ဖြောင်း”
ခို့ကျန်းဟွိုက် အရိုက်ခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။ ပြင်းထန်လှသော ဝေဒနာက အရိုးကျိုးမတတ်ပင်။ သူ၏ နံရိုး နှစ်ဆယ့်ခြောက်ချောင်းလုံး အကောင်းပတိ မရှိတော့ကြောင်း ခို့ကျန်းဟွိုက် ခံစားမိနေ၏။
သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် ချွန်းယန်အဆင့် ရောက်နေခြင်းကြောင့်သာ မဟုတ်ပါက ဤရိုက်ချက်က သူ့အား အခါတစ်ထောင်မက သေအောင် လုပ်နိုင်လောက်သည်။
ဤသည်က ပါရမီရှင်ဖြစ်သော သူ၏ မာန်မာနကို နင်းခြေဖျက်စီးခံလိုက်သလို ဖြစ်သွားစေသည်။ ဤမိစ္ဆာကောင်နှင့် ယှဉ်လျင် သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု ဘယ်လိုလုပ် ခေါ်ရဲပါတော့မည်နည်း။
ယခင်က စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့၌ အထင်သေးသော မျက်နှာပေးများ ရှိခဲ့သော်လည်း ယခုအခါ၌ သူတို့ စိတ်ဓာတ်ကျ နေကြသည်။
တစ်ကွက်တည်းနှင့် ရှုံးနိမ့်ခြင်းသည် သူတို့ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသော အရာဖြစ်သည်။ ထို့ကြောင့် သူတို့ စိတ်ရောကိုယ်ပါ ချုံးချုံးကျနေ၏။
ယဲ့ဖန်က သူတို့အား ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူခဲ့ရုံသာမက သူတို့၏ တိုက်ခိုက်လိုစိတ်များကိုလည်း နင်းချေသွား လေသည်။ ဤသို့သော အရှက်ကွဲခြင်းမျိုးက သူတို့အတွက် သေခြင်းထက်ပင် ဆိုးရွားနေသေးသည်။
“ယဲ့ဖန် ငါတို့ ဒီခရီးမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး”
လုံခွေက နောက်ထပ် မတော်တဆမှုဖြစ်မည်ကို စိုးရွံ့သောကြောင့် အလျင်အမြန် ပြောလိုက်သည်။ ထို့အတူ ယဲ့ဖန်ကို ကြည့်နေသော အကြည့်၌ သွေးပျက်ဟန်များ ပြည့်နှက်နေသည်။
*ဒီလူက တော်တော် ကြောက်စရာကောင်းတာပဲ*
“ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး ဟုတ်လား၊ ငါ့ခေါင်းနဲ့ မြေကြီး ထိတဲ့အထိ စောင့်နေတာကို မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ခေါ်တာလား”
ယဲ့ဖန် ခနဲ့လိုက်ပြီးနောက် ခက်ထန်ရက်စက်သော အကြည့်များဖြင့် သူတို့သုံးယောက်ကို ဝေ့ကြည့်လိုက်သည်။
“ဒါဆိုလည်း ငါက အဆုံးအထိ မကောင်းတဲ့စိတ် ရှိရတာပေါ့”