ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကိုတိုက်မယ်
Vol. 81-85 Ch. 1233
“ဒါဆိုလည်း ငါက အဆုံးအထိ မကောင်းတဲ့စိတ် ရှိရတာပေါ့”
ထိုစကားအဆုံး၌ လူသတ်လိုသော အရှိန်အဝါများက မီးတောင်ပေါက်သကဲ့သို့ ထွက်ပေါ် လာ၏။ သုံးယောက်လုံး၏ မျက်နှာထက်တွင် အံ့ဩဟန်များ ထင်ဟပ်နေသည်။
လူတစ်ယောက်၌ ဤမျှ ကြောက်စရာကောင်းလောက်သည့် လူသတ်လိုသော အရှိန်အဝါများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားမိပေ။ သန်းပေါင်းများစွာသော လူများကို သတ်၍ သွေးချောင်းစီအောင် လုပ်ခဲ့ဖူးသောလူဟုပင် ထင်မှတ်ရသည်။
သူတို့ ပြိုင်တူ တုန်လှုပ်သွားပြီး ယဲ့ဖန်အား အုံ့မှိုင်းသော အမူအရာဖြင့် ကြည့်နေမိသည်။
*မှားပြီ*
*အမှားကြီး မှားသွားပြီ*
*ဒီလူက ငါတို့ ထင်ထားတာထက် အပုံကြီး ပိုကြောက်စရာကောင်းနေတာပဲ*
“ယဲ့ဖန် သူတို့နှစ်ယောက်ကိုယ်စား ကျွန်မ တောင်းပန်ပါတယ်၊ အခု သူတို့လည်း ပေးဆပ်ခဲ့ပြီးပြီဆိုတော့ ကျေးဇူးပြုပြီး စိတ်လျှော့လိုက်ပါတော့”
လုံခွေ အလျင်အမြန် ပြောလိုက်ရသည်။ သူမဘဝ၌ တစ်စုံတစ်ယောက်ကို နှိမ့်ချသော ကိုယ်နေဟန်ထားဖြင့် ပြောရခြင်းက ပထမဆုံးအကြိမ်ပင်။ သူမရှေ့မှ နောက်ခံမသိရသော ဤလူကြောင့် သူမ ကြောက်လန့်ကာ ခွန်အားမရှိသလို ခံစားနေရသည်။
ယဲ့ဖန်က ဘာမှမပြောဘဲ သူတို့ကို အေးစက်စွာ ကြည့်နေသည်။ ယဲ့ဖန် ဆက်၍ စိတ်မဆိုးတော့သည်ကို ကြည့်ပြီး လုံခွေ ကျိတ်၍ သက်ပြင်းချလိုက်မိသည်။ သို့သော် သူမ မသိမသာ စိတ်ပျက်မိသွားသည်။
*ငါကလည်း ပေါင်လုံအဖွဲ့အစည်းရဲ့ ကပ္ပတိန်ပဲကို၊ ဘယ်တုန်းက ငါက ကြွက်လို ကြောက်တတ်ပြီး တစ်ခြားလူ တွေကို မျက်နှာလုပ်နေရတာလဲ*
သူမက ချက်ချင်းဆိုသလို မာကြောသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အခု ငါတို့ရောက်လာတာတဲ့ အကြောင်းရင်းက အင်ပါယာရဲ့ ထိပ်တန်း အရာရှိတွေကိုယ်စား နင့်ကို ပေါင်လုံ အဖွဲ့အစည်းထဲ ဝင်ဖို့ လာဖိတ်တာ”
လေသံက မာနေပြီး မသိမသာ ရိုင်းပျရိပ် သန်းနေ၏။ ယဲ့ဖန်က သူမကို အေးအေးလူလူ ကြည့်နေပြီး ရယ်ချင်စရာ ကောင်းသည်ဟုသာ တွေးမိနေသည်။
ယဲ့ဖန်၏ အထင်သေးခြင်းကို ခံစားမိပုံရကာ လုံခွေ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် လေသံပြောင်းလိုက်သည်။
“ဆရာတစ်ယောက်အနေနဲ့ပေါ့”
ယဲ့ဖန်၏အနောက်မှ ထန်မင်လီနှင့် အခြားသူများ မှင်တက်သွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် ဓာတ်လိုက်ခံ လိုက်ရသလို ဖြစ်သွားပြီး တွေဝေကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။
အံ့ဩနေသော မျက်လုံးများက လုံခွေထံ ကျရောက်လာပြီး နားကြားမှားနေသလားဟု တွေးနေကြသည်။ ထိုစကားက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှသည်။
*ယဲ့ဖန်ကို ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခိုင်းမယ်တဲ့လား*
*ဒါဆို ယဲ့ဖန်ရဲ့ နောက်ခံက လုံခွေထက် မြင့်သွားသလို ဖြစ်မသွားဘူးလား*
သူတို့ကို ထိတ်လန့်သွားစေသည့် အကြောင်းရင်းမှာ ထိုအကြောင်းပြချက်ကြောင့် မဟုတ်ပေ။ သူတို့ကို ထိတ်လန့်သွားရသည့် တကယ့် အကြောင်းရင်းမှာ ပေါင်လုံအဖွဲ့အစည်း၌ ဆရာတစ်ယောက်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ ထိုဆရာမှာ ပေါင်လုံ အဖွဲ့အစည်း၏ တည်ထောင်သူ၊ ယနေ့ခေတ် အင်ပါယာ၏ စစ်နတ်ဘုရား ဟွမ်ဖန့်ဖိုပင်။
*ဒါက ယဲ့ဖန်ကို စစ်နတ်ဘုရားရဲ့ နေရာကို ဆက်ခံဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလား*
*ဒါက ကောင်းကင်မှ ရတနာ ကျလာသည်နှင့် အတူတူပဲ*
*ဒါပေမဲ့ ယဲ့ဖန်က ဒါကို လက်ခံပါ့မလား*
“ဆရာ ဟုတ်လား”
ယဲ့ဖန်က လှောင်ရယ်လိုက်သည်။
“စိတ်မဝင်စားဘူး”
နလန်ရှောင်နှင့် အခြားသူများသည် ခန့်မှန်းထားမိဟန်ဖြင့် အောင့်သက်သက် ပြုံးလိုက်ကြသည်။ ယဲ့ဖန်၏ ပင်ကိုယ်စိတ်အရ တစ်ဖက်လူ ဘာပြောပြော အာရုံထားမည် မဟုတ်ပါ။ အထင်သေးတတ်ပြီး အထက်စီးဆန် တတ်သည်မှာ ယဲ့ဘုရင်၏ မူပင်။
ယဲ့ဖန်သည် ဆရာဟူသော နေရာနှင့် စစ်နတ်ဘုရားဟူသော အရာကိုပါ တကယ် စိတ်မဝင်စားချေ။ စကြဝဠာ၏ နတ်ဆိုး ဧကရာဇ် ဖြစ်ခဲ့သူ၊ နေကိုးစင်းအား အရည်ပျော်အောင် လုပ်ခဲ့သူ၊ ဂြိုဟ်ပေါင်းမည်မျှကိုပင် ဖျက်ဆီးခဲ့မှန်း မမှတ်မိနိုင်တော့သည့်သူက အမှိုက်တစ်စု၏ ဆရာအဖြစ် တာဝန် ထမ်းဆောင်ပါမည်လော။ သူ စိတ်မဝင်စားပါ။
*ဘာ*
လုံခွေတို့ သုံးယောက်လုံး အံ့ဩသွားပြီး နားကြားမှားသည်ဟုပင် ထင်မိသွားလေသည်။
*ငြင်းတာလား*
*ယဲ့ဖန် တကယ် ငြင်းလိုက်တာလား*
*လောကကြီးကို ငုံ့ကြည့်နိုင်မယ့် ရာထူးကြီးတဲ့နေရာကို ရနိုင်မယ့် အခွင့်အရေးကြီးကို ငြင်းလိုက်တယ်တဲ့လား*
*သူ ရူးနေတာလား*
“နင် သေချာမကြားလိုက်ဘူးနဲ့တူတယ်၊ ပေါင်လုံ အဖွဲ့အစည်းက နင့်ကို ဆရာအဖြစ် တာဝန်ထမ်းဆောင်ခိုင်းမှာလို့ ငါ ပြောတာ”
လုံခွေ ထပ်ပြောလိုက်သည်။ သူမ၏ အေးစက်သော စိတ်အနေအထားအရ သူမ စိတ်မပါလက်မပါ ဖြစ်သွားရသည်။ ယဲ့ဖန်က သူမကို အေးအေးလူလူ ပြန်ကြည့်လိုက်သည်။
“ငါ သေချာကြားတယ်၊ မင်းပဲ သေချာမကြားတာ၊ ငါ စိတ်မဝင်စားဘူးလို့ ပြောလိုက်တာပဲ”
“နင်”
လုံခွေ သည်းမခံနိုင်တော့ဘဲ ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။
“ယဲ့မျိုးရိုးကောင်၊ ငါ နင့်ကို မမောက်မာတာ ပိုကောင်းမယ်လို့ ပြောလိုက်မယ်၊ ငါတို့ ပေါင်လုံအဖွဲ့အစည်းက နင့်ကို တွေ့ချင်တယ်ဆိုရင် နင် ဂုဏ်ယူသင့်တာ၊ နင် ဘာမှားနေမှန်း မသိရင် …”
“ပြောချင်တာ ဒါပဲလား”
ယဲ့ဖန်က မျက်ခုံးပင့်ကာ အပြုံးဖြင့် ပြောလိုက်သည်။ ထိုစဉ် လှံတံက လုံခွေ၏ နဖူးနား ကပ်နေပြီး ဖြည်းဖြည်းချင်း ထိုးစိုက်လာသောကြောင့် သွေးများ တတောက်တောက် ကျလာ၏။
ယခင်အတိုင်း အထက်စီးဆန်မြဲဆန်၍ ပြတ်သားသော လူသတ်လိုစိတ် ရှိနေလေသည်။ လုံခွေ ဆက်ပြောမည့် စကားကို စောင့်၍ သူမကို သတ်သင့်၊ မသတ်သင့် ဆုံးဖြတ်မည့်ပုံပင်။
*အရူး*
*ဒီလူတော့ ရူးနေပြီ*
လုံခွေနှင့်ကျန်နှစ်ယောက်သည် အံကိုကြိတ်ထားပြီး မျက်နှာထားများ ဆိုးရွားနေကြသည်။ ဤမျှ ရူးသော အရူးမျိုး လောက၌ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
*သူက အခွင့်အရေးကြီး ရလာမယ့် ဖိတ်ကြားချက်ကို တကယ် ငြင်းပြီးတော့ နိုင်ငံ့ရန်သူ ဖြစ်လာဖို့တောင် မတွန့်ဆုတ်ပါလား*
ယဲ့ဖန်၏ ယခု အပြုအမူက ပုန်ကန်မှုနှင့် မခြားနားပေ။ လုံခွေ သက်ပြင်းချ၍ သူမစိတ်ကို ပြန်ထိန်းညှိကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“နင် စဉ်းစားပြီးပြီလား၊ ငါတို့ တောင်းဆိုချက်ကို နင် သဘောတူရင် ယဲ့မိသားစုက ဆက်ပြီး နင့်ပြဿနာ ဖြစ်နေတော့မှာ မဟုတ်ဘူး၊ လက်ဖျောက်တီးလိုက်ရုံနဲ့ ဖျက်ဆီးလို့ရပြီ”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။
“မင်းတို့ ပါပါ၊ မပါပါ ယဲ့မိသားစုကို ငါ လက်ချောင်းလေး နည်းနည်းလောက် လှုပ်လိုက်ရုံနဲ့ ဖျက်ဆီးနိုင်သေးတယ်၊ ဘာလို့ မင်းတို့ကို ဒုက္ခခံခိုင်းမှာလဲ”
ဒေါသကို ဖိနှိပ်ထားရသည့် လုံခွေ ရုတ်တရက် ပြန်၍ ဒေါသထွက်လာ၏။
“ယဲ့မိသားစု ရပ်တည်လာတာ အနည်းဆုံး နှစ်ပေါင်း တစ်သောင်းလောက် ရှိနေပြီ၊ ပြီးတော့ ရှုရာဖုထျန်း အစီအရင်လည်း ရှိသေးတယ်၊ နင် ဘာလို့ ဒီလောက် ယုံကြည်ချက် ရှိနေတာလဲ”
လုံခွေ မာန်မဲလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ့နာမည်ကိုက ယဲ့ဘုရင်လေ”
ယဲ့ဖန်က အေးစက်စက်ပြုံး၍ ထပ်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ လောကမှာ ငါ့လိုလူ မရှိဘူး”
လုံခွေ တုန်လှုပ်သွားပြီး သုန်မှုန်နေသော မျက်နှာထား၌ ချွေးပြန်လာလေသည်။ ဤမျှ မောက်မာပြီး ရူးသွပ်သော လူမျိုး သူမ တစ်ခါမှ မမြင်ဖူးပါ။
*သူ့နားက အသုံးမကျတဲ့လူတွေကို အားကိုးရုံနဲ့ နဂါးမြို့တော်ထဲကို ဖောက်ဝင်နိုင်မယ်လို့ သူ တကယ် ထင်နေ တာလား*
*နဂါးမြို့တော်က နှစ်တစ်သောင်းလောက် ရပ်တည်လာတာ၊ ဘယ်လိုလုပ် သူတို့က မထူးချွန်ပဲ နေမလဲ*
ယဲ့ဖန်၏ မောက်မာမှုက သူမအတွက် ဟာသလိုပင်။ ယဲ့ဖန် သန်မာလွန်းသည်ကို သူမ ဝန်ခံပါ၏။ သို့သော် သူ၏ ခွန်အားကြောင့် မျက်ကန်းတစ္ဆေဖြစ်နေလျင် ဤခွန်အားကပင် သူ့အား အနှေးနှင့်အမြန်ဆိုသလို ပြန်သတ်သွား လိမ့်မည်။
*သူသာ ပြိုင်ဘက်ကင်းတဲ့လူ မဟုတ်ရင် သူတစ်ယောက်တည်းနဲ့ ရမှာ မဟုတ်ဘူး*
“နင် နဂါးမြို့တော်ကို ဖောက်ဝင်နိုင်တယ်ဆိုရင်တောင်မှ နင်နဲ့ စာရင်းရှင်းချင်လို့ ပြန်လာနေတဲ့ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားကို ဘယ်လိုလုပ်မလဲ၊ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း သူ့ဓားရေးက ထပ်ပြီး တိုးတက်လာတယ်လို့ ငါ ကြားခဲ့တယ်၊ ငါသာ သူနဲ့ ထပ်ရင်ဆိုင်ရရင် ဆယ်ကွက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”
“တောင်ဘီလူး စစ်တပ်ကို ဦးဆောင်လာတဲ့ တောင်ဘီလူးဘုရင်ဆို ပြောမနေနဲ့တော့”
“ဒါပေမဲ့ နင်သာ ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာတစ်ယောက် ဖြစ်လာရင် ဒီလူတွေက ပြဿနာ မဟုတ်တော့ဘူး”
ပေါင်လုံအဖွဲ့အစည်း၌ ဤသို့သော ယုံကြည်ချက်မျိုး ရှိပါသည်။ သို့သော် ယဲ့ဖန်က ယခင်အတိုင်း အမူအရာ မပြောင်းလဲဘဲ သက်ရှိအားလုံးကို အထင်သေးသည့် ဧကရာဇ်တစ်ပါးကဲ့သို့ အနှောင့်အယှက်ဖြစ်၍ အထင် သေးဟန်ဖြင့် ကြည့်နေသည်။
“မင်းမျက်လုံးထဲက စစ်နတ်ဘုရားက ငါ့မျက်လုံးထဲမှာ သေလူပဲ”
“ယဲ့ဖန်ဆိုတဲ့ ငါ့ဘဝမှာ မရှိမဖြစ်လိုအပ်တာက ရန်သူပဲ၊ ငါ မကြောက်ဆုံးသော အရာက လူသတ်ခြင်းပဲ”
ဘယ်သူလာလာ သေရမည်ဟူသော စကားက မုသားစကား မဟုတ်ပါ။ ယင်းသည် ယဲ့ဖန်၏ ယုံကြည်ချက် ဖြစ်သည်။ သူသည် တစ်ဘဝလုံး တိုက်ခိုက်၍ လောကကို စိုးမိုးခဲ့သည်။ သူတစ်ပါးကို မှီခိုခဲ့ခြင်း မဟုတ်ဘဲ သူ့လက်သူ့ခြေဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။
“နင် … နင်က တကယ်ကို ပြောမရတာပဲ”
လုံခွေ ဒေါသကြောင့် တဆတ်ဆတ် တုန်နေပြီး ယဲ့ဖန်၏ သွေးကြီးခြင်းက သူမကို ပို၍ စိတ်တိုစေ၏။ ဤလောက၌ သူ့အဆင့်အတန်းနှင့် တိုက်တန်သည့်သူ မရှိသလိုပင်။ ရန်သူက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ဖြစ်နေလျင် တောင်မှ မျက်လုံးထဲ မထည့်ပေ။ စွန်းထောင်တို့နှစ်ယောက်တောင်မှ ယဲ့ဖန်၏ စကားကြောင့် လှောင်ပြုံး ပြုံးလာလေသည်။
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ခွန်အားကို ယဲ့ဖန် တစ်ခါမှ မမြင်ဖူးလို့ ဒီလို စကားမျိုး ပြောရဲတာ ဖြစ်မယ်*
*ရေတွင်းထဲက ဖားလိုပဲ*
“နင်က ဒီလောက် မောက်မာနေမှတော့ ဘာမှပြောစရာမရှိတော့ဘူး”
လုံခွေ၏အသံက ချက်ချင်း အေးစက်သွားပြီး သရော်ရိပ်သန်းလာ၏။
“ဒါဆိုလည်း အရှင်ယဲ့ဘုရင်ကို ဒီနေ့ နဂါးမြို့တော်ကို သိမ်းပိုက် အနိုင်ရနိုင်မယ့်အတွက် ဂုဏ်ပြုပါတယ်”
ထိုစကား၌ လှောင်ပြောင် သရော်သံများ သန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ယဲ့ဖန် သေရလိမ့်မည်ဟု သူမ သိနေသောကြောင့်ပင်။
“ဒါပေမဲ့ ငါတို့ ဖိတ်ကြားတာကို နင် ငြင်းလိုက်မှတော့၊ သူတို့ကို နင် ခေါ်သွားလို့မရဘူး”
လုံခွေက ယဲ့ဖန်အနောက်မှ ထန်မင်လီနှင့် အခြားသူများကို လက်ညှိုးထိုးလေသည်။ ထိုအခါ ထန်မင်လီနှင့် အခြားသူများက သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်လာ၏။ သူတို့ ဒေါသထွက်သွားသည့်ပုံပင်။
“ဘာလို့လဲ”
ယဲ့ဖန်သည် လုံခွေကို အထင်သေးနေဆဲဖြစ်ပြီး သူ၏လှံတံက သူမနဖူးနှင့် ထိနေဆဲပင်။ သို့သော်ငြားလည်း သူမက အေးစက်စက် မျက်လုံးနှင့် သူ့ကို ဤသို့ ပြောဆိုဆက်ဆံရဲသည်တဲ့လား။
*ဒီမိန်းမက စိတ်ဝင်စားစရာပဲ*
“ယဲ့ဖန် ငါတို့ ပေါင်လုံအဖွဲ့အစည်းက နင့်ကို ခေါ်ချင်လို့သာ မဟုတ်ခဲ့ရင် နင် ဒီလောက် ပြဿနာတွေ ရှာထားတာတောင် ဘေးကင်းဦးမယ် ထင်နေလား”
လုံခွေ သရော်လိုက်သည်။
“ဒါပေမဲ့ နင် ငါတို့ကို ငြင်းလိုက်မှတော့ ငါတို့ကလည်း ဆက်ပြီး မသိချင်ယောင် မဆောင်နိုင်တော့ဘူး”
“နင် သူတို့ကို ဆက်ခေါ်သွားမယ်ဆိုရင် သူတို့အိမ်တော်က မိသားစုဝင်အားလုံး ဒီည သေလိမ့်မယ်လို့ ငါ ပြောရဲတယ်”
“ပြီးတော့ နင်တောင် အသက်ပြန်သွင်းနိုင်မှာ မဟုတ်ဘူး”
ခြိမ်းခြောက်ခြင်း၊ ဤသည်မှာ အလွန် အထက်စီးဆန်သည့် ခြိမ်းခြောက်ခြင်းပင်။
“သူ့ကိုသတ်ပါ၊ အရှင်ယဲ့ဘုရင် သူ့ကို သတ်လိုက်ပါ”
နလန်ရှောင်နှင့် အခြားသူများ ဒေါသတကြီး အော်ဟစ်လာသည်။ သူတို့ အလွန်အမင်း ဒေါသထွက်နေကြသည်။ သူမစကားအတိုင်းဆိုလျင် ယဲ့ဖန်တစ်ယောက်တည်း နဂါးမြို့တော်တစ်ခုလုံးနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလော။
လှည်စားနေခြင်းပင်။ လုံခွေက အခြားသူများ၏ ဆဲဆိုကြိမ်းမောင်းခြင်းကို မကြားသယောင်ပြုနေပြီး ယဲ့ဖန်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သူမ တောင်းဆိုချက်ကို ယဲ့ဖန် သဘောတူလိမ့်မည်ဟု သူမ သိနေသည်။
သဘောမတူလျင်လည်း ယဲ့ဖန်တစ်ယောက်တည်း နဂါးမြို့တော်သို့ သွား၍ နှစ်သောင်းချီတည်ရှိခဲ့သည့် ရှေးဟောင်းမြို့ကြီးကို ကိုင်လှုပ်နိုင်မည်တဲ့လား။
ယဲ့ဖန် သူမကို ဒေါသထွက်ပြီး သတ်မလား၊ မသတ်ဘူးလား ဆိုသည်ကိုလည်း သူမ မစိုးရိမ်ပါ။ စစ်မြေပြင်၌ အချိန်အတော်ကြာ ရှိနေခဲ့သော စစ်နတ်သမီးဖြစ်သည့် သူမအတွက် ဘယ်အချိန် သေရမလဲ သတ်မှတ်ထားခြင်း မရှိပေ။
ယဲ့ဖန်သာ သူမကို သတ်လိုက်လျင် သူ့အနောက်မှ ဘယ်အဖွဲ့အစည်းမဆို အသက်ရှင်တော့မည် မဟုတ်ပါ။ ထန်မင်လီနှင့် အခြားသူများက ယဲ့ဖန် ယခင်အတိုင်း စိတ်ရှိသည့်အတိုင်း ပြုမိလိမ့်မည်ဟု ထင်ထားသည့်အချိန်၌ ယဲ့ဖန်က အသာပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ငါ သူတို့ကို မခေါ်သွားဘူး”
“ဘာ”
“အရှင်ယဲ့ဘုရင် ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”
“ကျွန်တော်တို့ သေအတူရှင်မကွဲ ရင်ဆိုင်ဖြတ်ကျော်မယ်လို့ သစ္စာဆိုထားကြတာလေ၊ ဘာလို့ လမ်းတစ်ဝက် ရောက်မှ နောက်ဆုတ်ရမှာလဲ၊ ဒါ မဖြစ်နိုင်ဘူး”
ထန်မင်လီနှင့် အခြားသူများ ချက်ချင်း စိုးရိမ်လာသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်အား အရာအားလုံးထက် ရှေ့တန်းတင်ပြီး သူတို့ မိသားစုဝင်များထက်ပင် ပိုတန်ဖိုးထားကြသည်။ သို့သော် ယဲ့ဖန်က လက်ကာပြလိုက်သည်။
“ငါ ဆုံးဖြတ်ချက် ချပြီးပြီ၊ ထပ်ပြောစရာ မလိုဘူး”
သူ လက်မလျှော့ပါ။ သို့သော် ထန်မင်လီနှင့် အခြားသူများကို အချည်းနှီး သေခိုင်းခြင်းထက် သူ တစ်ယောက်တည်း သွားသတ်သည်က ပိုကောင်းမှန်း သူ သိနေပါသည်။ လူကို ပြန်အသက်သွင်းခြင်းက လူသတ်ခြင်းထက် ပိုအချိန်ကုန်၍ ပင်ပန်းခက်ခဲသည်။
“နင် ရူးနေလား”
လုံခွေက ယဲ့ဖန်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်လာပြီး သူမမျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်နေ၏။
*ယဲ့ဖန်က နဂါးမြို့တော်ကို တကယ် တစ်ယောက်တည်းသွားဖို့ ကြံနေတာလား*
*ဒီလူ တကယ် စိတ်လွတ်သွားပြီလား*
*သူ တစ်ယောက်တည်းနဲ့ ရှေးဟောင်းမြို့ကို ကိုင်လှုပ်နိုင်မယ်လို့ တွေးနေတာလား*
ယဲ့ဖန်က အညံ့ခံခြင်း သို့မဟုတ် ခုခံခြင်း မလုပ်ဘဲ ဤသို့သော ဆုံးဖြတ်ချက် ချလိမ့်မည်ဟု မထင်ထားသဖြင့် အံ့ဩ မိသွားသည်။
ယဲ့ဖန်က ဘာမှမပြောဘဲ ပြုံးရုံသာပြုံး၍ လှံတံကို မြှောက်ကာ စွန်းထောင်ကို ပြောလိုက်သည်။
“ကျုပ် စိတ်မကောင်းပါဘူး၊ ကြည့်ရတာ ကျုပ် ခင်ဗျားပစ္စည်းကို ခဏလောက် ငှားရမယ့်ပုံပဲ”
တစ်ခဏအတွင်း ယဲ့ဖန် ခြေလှမ်းလှမ်းလိုက်သောအခါ ရုတ်တရက် နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး နဂါးမြို့တော် ရှေ့သို့ ချက်ချင်း ရောက်သွားသည်။
နဂါးမြို့တော်၏ ဂိတ်တံခါးကို ခိုင်မာစွာ ပိတ်ထားပြိး နံရံများက မီတာတစ်ရာမြင့်မားကာ အမှောင်ထဲ၌ ရှေးဟောင်း လူ့ဘီလူးတစ်ကောင် လှဲနေသည်နှင့်ပင် တူနေလေသည်။ လူအများအား တစ်ချက်ကြည့်ရုံနှင့် စိတ်ဓာတ်ကျသလို ခံစားမိစေနိုင်သည်။
ယဲ့ဖန်က ခြေဆောင့်လိုက်ပြီး ရဲတင်း၍ မောက်မာသော လေသံဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကိုတိုက်မယ်”