ငါလည်း သဘောကျတယ်
Vol. 81-85 Ch. 1234
“ဟေး ပုံပြန်ပေါ်လာပြီ”
“အဲ့လူက ယဲ့ဘုရင်လား၊ နဂါးမြို့တော်ရှေ့မှာ သူ တစ်ယောက်တည်း ဘာရပ်လုပ်နေတာလဲ၊ သူ့ခွေးလေးတွေ ဘယ်ရောက် ကုန်တာတုန်း”
“ဒီလူက ယဲ့ဘုရင် မဖြစ်နိုင်ဘူး၊ ရှေ့ပြေးတပ်ပဲ နေမှာ၊ ဘယ်လိုလုပ် သာမန်လူတစ်ယောက်ကို ဘာအကြောင်း ပြချက်နဲ့ သတ်ရမှာလဲ”
တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်၌ လူတိုင်းသည် ရုပ်ပုံများကို ပြန်မြင်လိုက်ရချိန်တွင် ဇဝေဇဝါ ဖြစ်သွားကြပြီး ယဲ့ဖန် ဘာလုပ်မလဲ မသိကြချေ။
သို့သော် ထိုအချိန်၌ ယဲ့ဖန်က “ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကိုတိုက်မယ်” ဟု အော်ပြောလာသည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တစ်ခုလုံး ချက်ချင်း တိတ်ကျသွားသည်။
“ငါ ဘာကြားလိုက်တာလဲ၊ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကိုတိုက်မယ် ဟုတ်လား”
“လူတစ်ယောက်တည်းက မြို့ကို တိုက်မလို့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“မြတ်စွာဘုရား ဒီလူ ဘာတွေတွေးနေတာလဲ”
လူတိုင်း ထိတ်လန့်သွားပြီး ဖန်သားပြင်ပေါ်မှ အရပ်ရှည်ရှည်နှင့် မာနကြီးသောလူကို မယုံနိုင်စွာ ကြည့်နေမိသည်။
*ထိန်းမရပါလား*
*ဒီလူက ဘယ်လိုမိစ္ဆာမျိုးလဲ*
*မင်း နဂါးမြို့တော်ကို တစ်ယောက်တည်းလာရင် မင်းတစ်ယောက်တည်း သေမှာပေါ့*
“ရူးနေပြီ၊ သူက အရူးပဲ”
လုံခွေက အံကြိတ်နေပြီး ဘာကြောင့်မှန်းမသိဘဲ သူမတစ်ကိုယ်လုံးသို့ အအေးဓာတ် စိမ့်ဝင်လာသည်ဟု ခံစားမိကာ တုန်ယင်လာသည်။
အင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် ယဲ့ဖန်ထက် မုန်းစရာကောင်းသူ ရှိနိုင်မည် မဟုတ်ပါ။ ယဲ့ဖန်ထက် ကြောက်စရာကောင်းသူလည်း မရှိနိုင်ပေ။ ဤသို့သော် အရှိန်အဝါမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသလို ထိုအရှိန်အဝါမျိုး ထုတ်ဖော်နိုင်မည့်သူလည်း မရှိနိုင်ချေ။
ထို့ကြောင့်ပင် လုံခွေ အလွန် ကြောက်ရွံ့သလို ခံစားမိနေပြီး ယဲ့ဖန် လုပ်ခဲ့သောအရာများက သာမန်အသိစိတ်ဖြင့် မရှင်းပြနိုင်ပါ။
“ဟားဟားဟား ကောင်းတယ်၊ ဒီခွေးမသားက သူ မြန်မြန် မသေလောက်ဘူးလို့ ထင်နေတယ်နဲ့တူတယ်”
“ကျွတ် ကျွတ် ကျွတ်၊ လေကြီးလိုက်တာ၊ အံ့ဩစရာကောင်းတဲ့လူပဲ၊ တစ်နိုင်ငံလုံးက လူတွေရှေ့မှာ ဟန်ဆောင်ဖို့ အတွက် သူ့အသက်တောင် သူ ရင်းနေတာပဲ၊ ဒီယဲ့ဘုရင်က ပြိုင်စံရှားပါပဲလား”
“တစ်ယောက်တည်း တိုက်ခိုက်မယ် ဟုတ်လား၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင် အဲ့လို မပြောရဲတာ၊ ယဲ့ဖန်ဆိုတဲ့မင်းက ဘာမို့လို့လဲ”
“မြို့ကို တစ်ယောက်တည်း တိုက်ခိုက်မယ်တဲ့၊ သူ လုပ်နိုင်တယ်လို့ ထင်နေတဲ့ပုံပဲ၊ ငါ သူ့ခေါင်းကို ဖြတ်ပြီး ဘောလုံးကန်ဖို့အတွက် သုံးပစ်လိုက်ဦးမယ်”
နဂါးမြို့တော်မှလူများအားလုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မသက်မသာ ဖြစ်နေသော စိတ်က အပြီးတိုင် တည်ငြိမ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် သေရလိမ့်မည်ဟု သူတို့ သိနေသောကြောင့်ပင်။
နဂါးမြို့တော်မှလူများ မဆိုထားနှင့် တစ်နိုင်ငံလုံးမှ စောင့်ကြည့်နေသည့်လူများပင် ရယ်ချင်သွားလေသည်။
“ဒီယဲ့ဘုရင်ကို ငါက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်လို့ ထင်နေတာ၊ ဒါပေမဲ့ သူ ဦးနှောက် ချောင်နေ လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ယီးပဲ ငါ့မှာ ဒီတိုက်ရိုက် ထုတ်လွှင့်တာကို စောင့်ကြည့်ဖို့ အလုပ်တောင် ဖျက်ထားရတာ၊ ယီးပဲ ယဲ့ဘုရင်၊ သောက်ရူးကောင်”
“ငါ ပွဲကို မကြည့်သင့်ဘူး၊ ငါ ပွဲကို မကြည့်လိုက်သင့်ဘူး၊ သွားပါပြီကွာ၊ ဒီကောင်က နာရီဝက်တောင် မကြာဘဲ သေမှာပဲ”
သူတို့ကို သိချင်စိတ် ပြင်းပြစေခဲ့သည့် ယဲ့ဘုရင်က ယခု သူတို့ကို စိတ်ပျက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က တစ်နိုင်ငံလုံးမှ လူများ မယုံကြည်နိုင်သည့် ဆုံးဖြတ်ချက်မျိုး ချခဲ့သောကြောင့်ပင်။ သူတို့၏ စိတ်ထဲတွင် ဤအပြုအမူက သေတွင်းတူးနေသော လုပ်ရပ်ဟု ထင်နေကြသည်။
“ဝှစ်”
ယဲ့ဖန် ကျယ်လောင်စွာ အော်လိုက်ပြီးသည်နှင့် နဂါးမြို့တော်၏ မြို့နံရံပေါ်၌ လူရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ ထိုသူများထံမှ ပြင်းထန်သော ယန်စွမ်းအင်များ ပျံ့လွင့်နေသောကြောင့် လူတိုင်း ဖိနှိပ်ခံထားရသလို ခံစားသွားရသည်။
ပထမဆုံးလူမှာ မျက်လုံးတစ်ဖက်သာ ရှိသော အဘိုးအိုတစ်ယောက်ပင်။ ရန်သူတော်ချင်း ပြန်ဆုံကြလေပြီ။ ထိုသူကို မြင်သည်နှင့် ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်သည်။
*ယဲ့မိသားစုရဲ့ တတိယဘိုးဘေး*
တတိယဘိုးဘေးသည် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားပြီးကတည်းက သူ့မျက်နှာသည် ပို၍ ကြမ်းကြုတ်ကာ မျက်လုံးတစ်ဖက်သာ ရှိသော ခွေးအသဖွယ် ကြောက်စရာ ကောင်းလှသည်။ လက်ရှိအချိန်တွင် သူသည် ယဲ့ဖန်အား မုန်းတီးစွာ စူးစိုက်ကြည့်၍ ပြုံးလိုက်သည်။
“မျိုးမစစ်လေး မင်း တကယ် လာရဲတာပဲ”
“ကျုပ် မလာရင် ခင်ဗျား ဘယ်လိုလုပ် သေမလဲ”
ယဲ့ဖန် ကျယ်လောင်စွာ ရယ်မော၍ ပြန်မေးလိုက်သည်။ မာနကြီးဟန် အပြည့်ပင်။ တတိယ ဘိုးဘေးက သရော်လိုက်ပြီးနောက် သူ့အမူအရာက ပို၍ ကြောက်စရာကောင်းလာ၏။
“မျိုးမစစ်လေး အဲ့နှစ်တုန်းက မင်းကို ငါ နုတ်နုတ် မစင်းနိုင်ခဲ့ဘူး၊ ဒါပေမဲ့ မင်း ဒီနေ့ တောင်ပံပေါက်နေရင်တောင် ပြေးလို့ မလွတ်စေရဘူးကွ”
“ဘာလို့လဲဆိုတော့ ဒါ မင်းရဲ့ ငရဲဘုံ မဟုတ်ဘူး၊ ငါ့ရဲ့ ယန်နယ်မြေ ဖြစ်နေလို့ပဲ”
တတိယဘိုးဘေးက ခက်ထန်စွာ ပြုံးလိုက်ပြီး ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်သည်။
“သူ့ကိုသတ်၊ အဲ့နှစ်တုန်းကလိုပဲ သူ့ကို ထပ်ပြီး တစ်စစီ ဖြစ်အောင် လုပ်ပစ်”
ယဲ့ဖန် ယခုတစ်ခေါက် အသက်ပြန်ရှင်နိုင်လေမလား သူ သိချင်နေသည်။ ချက်ချင်းဆိုသလိုပင် လူသတ်လိုသည့် အငွေ့အသက်များက မီးတောင် ပေါက်ကွဲသကဲ့သို့ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
မြို့နံရံပေါ်၌ ဘုရင်တစ်စုက ရှေ့သို့တိုးလာပြီး ယဲ့ဖန်အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်လာသည်။ ထို့နောက် လူတိုင်းက ဖိအားပေးနိုင်သော အရှိန်အဝါများ ထုတ်ဖော်၍ ယဲ့ဖန်ထံသို့ ပြေးဝင်လာ၏။
“လူတစ်ယောက်တည်းနဲ့ မြို့ကို တိုက်မယ် ဟုတ်လား၊ လေကြီးလေကျယ်ကောင်၊ ငါတို့ကို သေပြီများ ထင်နေ သလား”
“တစ်ယောက်တည်း တိုက်ပြီး တစ်ယောက်တည်း သေပေါ့ကွာ၊ မင်းက ကြင်နာတတ်ပင်မယ့် မင်းစိတ်က အသုံးမဝင်ဘူးကွ၊ မင်း သေပြီးတာနဲ့ မင်းနဲ့ ပတ်သက်တဲ့လူတိုင်းကို ငါတို့ ယဲ့မိသားစုက တစ်ယောက်ချင်းစီ လိုက်ရှာမှာ၊ ဒါမှ သူတို့တွေ တစ်ယောက်မကျန် အသက်မရှင်နိုင်တော့မှာလေ”
ယဲ့မိသားစုမှ အဘွားအိုတစ်ယောက်က ဆိုးရွားစွာ ရယ်မောလေသည်။
“လတ်စသက်တော့ မင်းက အဲ့မိန်းမပျက်ရဲ့ သားဖြစ်နေတာကိုး၊ အဲ့တုန်းက ငါ မင်းကို မသတ်နိုင်ခဲ့ပင်မယ့် ဒီနေ့ ငါ မင်းကို သတ်နိုင်တော့မယ်၊ ပြီးရင် မင်းအလောင်းကို အဲ့မိန်းမပျက်ရှေ့ ပစ်ချပြီး သူ့ကို ထပ်ရင်ကွဲအောင် လုပ်ရမယ်၊ ဟားဟားဟား …”
ယဲ့မိသားစု၏ ဘဏ္ဍာထိန်းက ဟားတိုက်ရယ်လိုက်သည်။ သူ့ပါးစပ်က ထွက်လာသော စကားက ကပ်ဘေးနှင့် ကံဆိုးမှုတို့ကို ယူဆောင်လာလိမ့်မည်ဟု သူ မသိလိုက်ချေ။
“ဂါး”
ထိုအခိုက်တွင် နဂါးမြို့တော် တစ်ခုလုံး၏ မြို့နံရံတစ်ခုလုံးသည် တုန်ခါလာ၏။
*ဒါ … ဘာတွေဖြစ်နေတာလဲ*
ဘုရင်များအားလုံး အမူအရာ ပြောင်းလဲသွားကြသည်။ နတ်ဆိုးနတ်ဘုရားတစ်ကောင်က နဂါးမြို့တော်ရှေ့၌ ဟစ်အော်လာသည်ဟု ထင်မှတ်မှားရပြီး သူတို့၏ စိတ်ဝိညာဉ်များပါ တုန်လှုပ်သလို ခံစားလိုက်ရသည်။ သူတို့ နားကွဲ၍ ရင်တုန်လာသလို ခံစားလာရသည်။
သူတို့ စဉ်းစားမနေတော့ဘဲ ယန်စွမ်းအင်များကို အလျင်အမြန် လည်ပတ်စေပြီး သွေးအန်တော့မလို ဖြစ်နေခြင်းအား ဖိနှိပ်လိုက်သည်။ သို့သော် အားလုံး၏ မျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်နေသေးသည်။
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှေရောင် အလင်းတန်းက လေကိုခွင်း၍ မြို့ကို ထိုးဖောက်တော့မည့် အရှိန်အဟုန်ဖြင့် မြို့နံရံထံ ဝင်ရောက်လာလေသည်။
ရုတ်ချည်းဆိုသလိုပင် ဘုရင်များအားလုံး ခေါင်းမွေးထောင်၍ တစ်ကိုယ်လုံး တောင့်တင်းသွားသလို ဖြစ်သွား လေသည်။ သူတို့ သတိဝင်လာချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ရွှေရောင် လှံတံ တစ်ချောင်းက မြို့နံရံ၌ ဒေါသတကြီး စိုက်ဝင်နေကာ အဖျားပင် လှုပ်နေ၏။
ဘုရင်များအားလုံး၏ ကျော၌ ဇောချွေးများ ဆို့တက်လာပြီး မျက်နှာတွင် ထိတ်လန့် တုန်လှုပ်ဟန်များ ပေါ်လွင် နေလေသည်။
*အမြင်မှားတာ*
*အမြင်မှားတာပဲ ဖြစ်မယ်*
*ဘယ်လိုလုပ် သူက တစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ထိတ်လန့်အောင် လုပ်နိုင်တာလဲ*
*အဲ့ဒါအပြင်ကိုမှ ငါတို့ ခုခံလို့တောင် မရဘူး*
သူတို့ ဤအဖြစ်ကို လက်မခံနိုင်သလို ယုံလည်းမယုံနိုင်ပါ။ ထို့ကြောင့် သူတို့သည် တောင့်နေသော ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်း၍ လှံတံရှိရာ နေရာသို့ လှမ်းကြည့်လိုက်မိသည်။ သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောခါ သူတို့ အသက်ပင် မရှူနိုင်တော့အောင် မှင်တက်သွားပြီး ခြေလှမ်းများပင် ယိုင်ထိုးလာသည်။
ယဲ့မိသားစု၏ ဘဏ္ဍာထိန်းသည် လှံတံနှင့်အတူ နံရံ၌ ထိုးစိုက်နေပြီး မျက်လုံးပင် မပိတ်နိုင်ဘဲ သေဆုံးနေ၏။
*ချွန်းယန် အထွတ်အထိပ်အဆင့်ရှိတဲ့ ဘုရင်တစ်ယောက်က ဘယ်လိုမှ မခုခံနိုင်ဘဲ ချက်ချင်း အသတ်ခံ လိုက်ရတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့အားလုံး ရင်ကွဲနာကျ ဖြစ်သွားလေသည်။ အကယ်၍ ယဲ့ဖန်သာ သူတို့ကို ယခုအတိုင်း တိုက်ခိုက်လာပါက သူတို့ ဘာဖြစ်သွားနိုင်သနည်း။ မတွေးဝံ့စရာပင်။
တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်ထဲမှ လူများအားလုံး သွေးပျက်သွားပြီး ယဲ့ဖန်၏ လက်ကို ကြောက်လာကြသည်။
*တစ်ချက်တည်းနဲ့ ချွန်းယန် အထွတ်အထိပ်အဆင့်ကို သတ်ပစ်လိုက်တာလား*
*ပြီးတော့ အဲ့ဒါကလည်း ဘုရင် အယောက်နှစ်ဆယ်ရဲ့ ရှေ့မှာလေ*
ထိုအခိုက်တွင် သူတို့၏ စိတ်ထဲ၌ စစ်သည်တစ်သောင်း၏ ဦးခေါင်းကို ဖြတ်ယူခဲ့သည့် စစ်သူကြီးတစ်ယောက် အကြောင်းကို တွေးမိသွားသည်။
ခပ်ဝေးဝေးမှ လုံခွေနှင့် အခြားသူများပင် မှင်တက်သွားကြသည်။ အထူးသဖြင့် စွန်းထောင်ပင်။ အကယ်၍ သူသာ ယဲ့ဖန်နေရာ၌ ဆိုလျင် လှံတံ၏ အစွမ်းကို ဤအတိုင်းအတာအထိ အသုံးချနိုင်ပါ့မလားဟု သူ့ကိုယ်သူ မေးမိနေသည်။ ချွန်းယန် အထွတ်အထိပ်အဆင့်ကို တစ်ချက်တည်းဖြင့် သူ သတ်နိုင်မည် မဟုတ်ပါ။
ဘုရင် အယောက်နှစ်ဆယ်လုံး ရုတ်တရက် သတိဝင်လာပြီး သူတို့မျက်နှာများ မည်းမှောင်ကာ အလွန် အရှက်ကွဲသလို ခံစားလိုက်ရသည်။
လူများစွာတို့ စောင့်ကြည့်နေစဉ်မှာပင် သူတို့ထဲမှ လူတစ်ယောက်က ရန်သူကြောင့် ချက်ချင်း အသတ်ခံ လိုက်ရသည်။ ဤသည်မှာ အကြီးအကျယ် အရှက်ကွဲခြင်းပင်။ တစ်ဖက်လူက သူတို့ကို မျက်နှာ ဖြတ်ရိုက် လိုက်ခြင်းပင်။
“ဒီနေ့ ယဲ့မိသားစုထဲက ဘယ်သူမှ အသက်မရှင်စေရဘူး”
ယဲ့ဖန်က ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး မျက်လုံးတွင် အမုန်းတရားများ ပြည့်နှက်နေ၏။ ငရဲမှ ထွက်လာသော နတ်ဆိုးဘုရင် ဒေါသူပုန်ထနေသည်နှင့်ပင် တူနေသေးသည်။
“သူ့ကိုသတ်၊ သူ့ကို ရှစ်ပိုင်းပိုင်းပစ်မယ်”
ယဲ့မိသားစု၏ အဘွားအိုက တင်းမာနေသော မျက်နှာထားဖြင့် အော်ဟစ်လေသည်။ သူမသည် ယဲ့ဖန်အား သူ၏ မောက်မာမှုအတွက် ပြန်လည်၍ ပေးဆပ်စေချင်နေသည်။
သူမသည် ဖြတ်ခနဲ လှုပ်ရှား၍ လက်ဝါးကိုဖြန့်၍ မှော်စာလုံးများ ပြည့်နှက်နေသော ရွှေရောင်တိမ်တစ်ခုကို ဖန်တီး၍ ယဲ့ဖန်ထံ အားဖြင့် ပစ်လွှတ်လိုက်သည်။
“ဒါ ယဲ့မိသားစုက အဘွားပဲ၊ သူက တော်တော်လေး ထူးချွန်ပြီး ဗဟုသုတလည်း များတယ်၊ သူက ကြောက်စရာ ကောင်းတဲ့ ငရဲနတ်ဆိုးပင်လယ်မှာ သွားကျင့်ကြံပြီးတော့ အောင်အောင်မြင်မြင်နဲ့ ပြန်လာနိုင်တာ”
“သူက ကြောက်စရာကောင်းတယ်၊ သူ ငယ်တုန်းကဆို နဂါးမြို့တော်ကို လွှမ်းမိုးခဲ့တာ၊ ဘယ်သူမှ သူ့ကို မတိုက်နိုင်ဘူး”
ယဲ့ဖန်က လှောင်ရယ်၍ လက်ကို အသာလှုပ်လိုက်သည်။ ထိုအခါ လှံတံက သူ့ထံ ပြန်ရောက်လာ၏။ ထို့နောက် လှံတံ၏ ထိပ်တွင် အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုး ပျံ့လွင့်လာသဖြင့် လှံတံတစ်ခုလုံးမှ ကျယ်လောင်သော အသံတစ်သံ ထွက်လာ၏။ တာအိုသဘောတရား ပေါက်ကွဲထွက်ပေါ်လာသလိုပင်။
လှံတံတစ်ခုလုံးတွင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ဒေါသထွက်နေသော နဂါးတစ်ကောင် သဖွယ် ရွှေရောင်တိမ်တိုက်ထံ ပြေးဝင်သွားသည်။
ကြောက်စရာကောင်းသော စွမ်းအင်က လွှမ်းမိုးလာပြီး လှံတံထိပ်မှ အလင်းက ဒုံးပျံသဖွယ် တောက်ပလာသည်။
ယဲ့ဖန်၏ လက်ထဲသို့ လှံတံ ပြန်ရောက်လာပြီး မြေဆီလွှာ အက်ကွဲကာ လျှပ်စီးများက အရပ်ဆယ်မျက်နှာအနှံ့ ပျက်စီးသွားလေသည်။
“အား…”
ယဲ့မိသားစုမှ အဘွားအို အော်ဟစ်လာက သူမ၏ ရွှေရောင်တိမ်တိုက် ချက်ချင်းပျက်စီးသွားသလို သူမလက်ဝါး သည်လည်း တစ်စစီဖြစ်သွားလေသည်။
“ဒါ ဘယ်လို မှော်လှံမျိုးလဲ၊ ဒီအဘွားကြီးကိုတောင် တစ်ချက်တည်းနဲ့ ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်တဲ့ အစွမ်း ရှိတာလား”
လူတိုင်း ထပ်မံ၍ ထိတ်လန့် သွေးပျက်သွားရပြန်သည်။
*တစ်ချက်တည်းနဲ့ ဘဏ္ဍာထိန်းကို သတ်ပစ်တယ်*
*တစ်ချက်တည်းနဲ့ ယဲ့မိသားစုရဲ့ အဘွားကြီးကို ဒဏ်ရာရအောင် လုပ်တယ်*
*ဒါ ဘယ်လိုလက်နက်ကြီးလဲ*
ထိုစဉ် လူအများ၏ ပြောဆိုသံများကို ကြားပြီး စွန်းထောင်၏ မျက်နှာ ပူလောင်လာ၏။ သူ၏ လှံတံသည် တစ်မူထူးခြားသော်လည်း မှော်ရတနာတစ်ခု မဟုတ်ကြောင်း သူသာလျင် သိပေသည်။
ဤသို့သော စွမ်းအားမျိုး ထွက်လာသည့် အကြောင်းရင်းက လှံတံကြောင့် မဟုတ်ဘဲ လှံတံကို သုံးသည့်လူ ကြောင့်သာ ဖြစ်လေသည်။
ထို့ကြောင့် စွန်းထောင်တစ်ယောက် ယဲ့ဖန်ကို လေးစားစွာ ကြည့်လိုက်မိသည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယဲ့ဖန်ကိုသာ စိတ်အားထက်သန်စွာ ကြည့်နေလေသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ မည်သို့ ကြောက်စရာကောင်းသည့် စွမ်းအားမျိုး ထွက်ပေါ်လာဦးမလဲဟု သူ အလွန် မျှော်လင့် စောင့်စား မိနေ၏။
“မျိုးမစစ်ကောင် နင်ကများ ငါ့ကို ဒဏ်ရာရအောင် လုပ်တယ်ပေါ့လေ”
ယဲ့မိသားစုမှ အဘွားအိုသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် သူမ စကားအဆုံး၌ မြို့နံရံအောက်၌ ရှိနေသော ယဲ့ဖန်က နေရာမှ ပျောက်ကွယ်နေသည်ကို သတိထားမိသွားသည်။
ချက်ချင်းဆိုသလိုပင် သူမကိုယ်က သစ်သားရုပ်တုသဖွယ် တောင့်တင်းသွားပြီး ကြက်သေ သေသွားရသည်။ သူမ အနောက်၌ နတ်ဆိုးဆန်သော လူတစ်ယောက်က အသက်ပြင်းပြင်း ရှူနေပြီး အသက်ရှူလိုက်တိုင်း အနက်ရောင် အခိုးအငွေ့များ ထွက်လာနေသည်။ ထို့နောက် ကြက်သီးတဖြန်းဖြန်း ထသွားစေသည့် နတ်ဆိုးအသံတစ်သံလည်း ထွက်ပေါ်လာ၏။
“ဒဏ်ရာရအောင် လုပ်တော့ ဘာဖြစ်လဲ၊ ကျုပ်လည်း သဘောကျတယ်လေ”