← Chapters

ဒါဆိုလည်း သေလိုက်ပေါ့

Vol. 81-85 Ch. 1235

ဒါဆိုလည်း သေလိုက်ပေါ့

Vol. 81-85 Ch. 1235

“မင်း …”

အဘွားအိုက စကားပြောရန် ပြင်လိုက်သော်လည်း အေးစက်သော အငွေ့အသက်က သူမကို လွှမ်းခြုံလာ၏။

“ဖောင်း”

ထိုအသံအဆုံး၌ သူမ လက်မောင်းတစ်ခုလုံး တစ်စစီ ဖြစ်သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ထို့နောက် အုတ်အော်သောင်းတင်း ဖြစ်သွား ကြသည်။

*ယဲ့မိသားစုက အဘွားကြီး မျက်နှာချင်းဆိုင် တစ်ခါပဲ တွေ့ရသေးတာကို လက်တစ်ဖက် ပြတ်သွားပြီလား*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

ယဲ့မိသားစု၏ သမိုင်းတစ်လျှောက်၌ ဤအဘွားအိုသည်လည်း အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သို့သော် ယဲ့ဖန်ရှေ့၌ သူမသည် ကြက်ကလေး၊ ငှက်ကလေးသဖွယ် ဖြစ်နေ၏။

အခြားဘုရင်များလည်း နေရာမှာတင် မှင်တက်သွားကြသည်။ ဤအဘွားအိုက သူတို့ကြားထဲ၌ အသန်မာဆုံး မဟုတ်သော်လည်း အနည်းဆုံး ထိပ်တန်းသုံးယောက် စာရင်းဝင်လေသည်။ သို့သော် သူမ ဤသို့ ကြုံတွေ့လိုက် ရသည်တဲ့လား။

တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်ထဲ၌ ယဲ့ဖန်ကို အထင်သေး၍ ဆဲဆိုကြိမ်းမောင်းခဲ့သူများ ချက်ချင်း ပါးစပ်ပိတ် သွားကြသည်။ သူတို့ လှောင်ပြောင်ခဲ့သမျှကို ယဲ့ဖန်အား အချက်ကျကျ ပြန်ဆော်လိုက်လေသည်။

လက်ရှိအချိန်၌ သူတို့အားလုံး၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိသွားပြီး မယုံနိုင်သလို ခံစားလာရသည်။ ထိုအတွေးမှာ ဒီလူ နဂါးမြို့တော်ကို တကယ် တစ်ယောက်တည်း ထိုးဖောက်နိုင်မှာလား မသိဘူး ဟူသည့် အတွေးပင်။

တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှလူတိုင်း အေးစက် တောင့်တင်းသွားပြီး အားလုံး၏ မျက်နှာတွင် ထိတ်လန့် အံ့ဩဟန်များ ပြည့်နှက်နေ၏။

*ဖိနှိပ်ခံလိုက်ရပြီ*

*တစ်ချိန်က နဂါးမြို့တော်ကို လွှမ်းမိုးခဲ့တဲ့လူက အခု ဒီနတ်ဆိုးရှေ့မှာ ခံနေရပြီပဲ*

“မင်း ... ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်းက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”

အဘွားအိုသည် နာကျင်စွာ အော်ဟစ်ပြီး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ သူမရင်ထဲတွင် အလွန် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်နေ၏။ တတိယဘိုးဘေး‌တောင်မှ မအံ့ဩဘဲ မနေနိုင်တော့ချေ။

*ဘယ်လိုလုပ် ဒီမိစ္ဆာကောင်က ငါတို့ တိုက်ခိုက်ခဲ့တုန်းကထက် ပိုကြောက်စရာကောင်းလာရတာလဲ*

ထိုအချိန်က တတိယဘိုးဘေးသည် ကောင်းကင်တာအို မျက်လုံးအသွင်ပြောင်းခဲ့ပြီး ယဲ့ဖန်ကို သတ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုအခါ၌ သူ့တွင် ထိုယုံကြည်ချက် ပျောက်ဆုံးသွားလေပြီ။ အဘွားအိုကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သဖြင့် သူ ပို၍ အံ့ဩရသည်။

ထိုစဉ် ထန်ယွင်အာက ဖန်သားပြင်ကို စိတ်ဝင်တစား ကြည့်ရင်း ယဲ့ဖန်အတွက် ထိုမေးခွန်းကို ပြန်ဖြေနေမိသည်။

“ဘာလို့လဲဆိုတော့ ငါက ယဲ့ဘုရင်လေ”

“အ‌ရေးမပါတာတွေ ပြောမနေနဲ့၊ အေးအေးဆေးဆေး သေလိုက်တော့”

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး သူ့လေသံ၌ ရက်စက်၍ အမိန့်ပေးသံများ ပါဝင်နေ၏။

“ရွှစ်”

သူ လှံတံဖြင့် အဘွားအိုကို ထပ်မံ၍ ထိုးနှက်လိုက်သည်။ သွေးများ ရွှဲရွှဲစိုနေ‌သော လှံတံထိပ်များမှ အနက်ရောင် အလင်းတန်းက အဘွားအို၏ ရင်ဘတ်ထံသို့ ဦးတည်သွားသည်။

“မဟုတ်ဘူး”

အဘွားအို ရုတ်တရက် အော်ဟစ်ကာ နောက်ဆုတ်လိုက်သည်။ သူမ အလွန်အမင်း သွေးပျက်နေသည်။ သူမက သူ၏ ပြိုင်ဘက် မဟုတ်ပေ။ သူမက ပြိုင်ဘက် လုံးဝ မဟုတ်နိုင်ပါ။ သူမတစ်ဦးတည်း၏ ခွန်အားဖြင့် ဤမိစ္ဆာကောင်ကို သူမ မတားဆီးနိုင်ပေ။

မသဲမကွဲအသံနှင့်အတူ အဘွားအို၏ ဝမ်းဗိုက် ပွင့်ထွက်သွားပြီး သူမ၏ ခန္ဓာကိုယ် တစ်ဝက်တိတိ ပြတ်ကျလာကာ သွေးများ ပန်းထွက်လာလေသည်။

*ဘာ*

*ထပ်ထိပြန်ပြီလား*

လူတိုင်း ကျောချမ်းသွားကြသည်။ ဤမြင်ကွင်းက သူတို့ကို သေမတတ် ကြောက်လန့်သွားစေသည်။ ဤအဘွားအိုသည် ယဲ့ဖန်၏ လက်အောက်၌ ပြန်တိုက်နိုင်သည့် အခွင့်အရေးပင် မရှိခဲ့ချေ။ သူမသည် ကုန်းပေါ် ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အသာလေး အသတ်ခံလိုက်ရသည်။

*ယဲ့မိသားစုရဲ့ သန်မာတဲ့ သိုင်းပညာရှင်တောင်မှ ယဲ့ဘုရင်ရှေ့မှာ ဘာမှမဟုတ်တော့ပါလား*

ဘုရင်နှစ်ယောက် အသတ်ခံလိုက်ရပုံက သိပ်မကွာခြားပေ။

“မျိုးမစစ်လေး နင် ...”

အဘွားအိုသည် နာကျင်သော်လည်း ဒေါသူပုန်ထနေသည်။ သူမ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း တစ်ခါမှ ဤသို့သော အရှက်ကွဲခြင်းမျိုး မကြုံတွေ့ဖူးပါ။ လက်ရှိတွင် သူမ ခွေးလိုဝက်လို အသတ်ခံရပြီး ပြန်တိုက်နိုင် စွမ်းလည်း မရှိပေ။

*ရှက်ဖို့ကောင်းလိုက်တာ*

*ဒီကောင်က ငါ့ကို ရှစ်ပိုင်းပိုင်းချင်နေတာပဲ*

ယဲ့ဖန်က အပြုအမူဖြင့်သာ ပြန်ဖြေလိုက်သည်။

“ရွှစ်”

ကျန်လက်မောင်းတစ်ဖက်လည်း အဖြတ်ခံလိုက်ရသည်။ လက်ရှိတွင် အဘွားအို၌ ဦးခေါင်းနှင့် ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့ပြီး သေလုမျောပါး ဖြစ်နေ၏။

“သေစမ်း သေစမ်း”

ပြင်းထန်လှသော ဝေဒနာကြောင့် သူမမျက်နှာ ရှုံ့မဲ့နေပြီး နာကျင်စွာ ‌အော်ဟစ်နေမိသည်။

“နင်တို့တွေ အခုထိ ဘာကြောင်ကြည့်နေတာလဲ၊ သူ့ကို မြန်မြန် မသတ်သေးဘူးလား”

အဘွားအို ချက်ချင်း အော်ဟစ်လိုက်ပြီး မြို့နံရံအောက်သို့ အလျင်အမြန် တွားသွားကာ အကာအကွယ် ရှာနေ မိသည်။ ထိုအခါ လူအများ အံ့ဩသွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဘုရင်တစ်စုသည် ဒီရေအလား သပ်ရပ်စွာ နောက်ပြန်ဆုတ်သွားပြီး လမ်းကြောင်းရှင်းကာ ထိုအဘွားအိုနှင့် ခပ်ဝေးဝေးသို့ ရှောင်လာကြသည်။ ထို့အပြင် သူတို့အားလုံး မျက်နှာ ဖြူရော်နေ၏။

“နင်တို့ ...”

အဘွားအို မှင်တက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်မှ လူများလည်း ကြက်‌သေ သေသွားကြသည်။ ဘုရင်များ ပြိုင်တူ နောက်ဆုတ်သွားသည့် မြင်ကွင်းကို သူတို့ မယုံနိုင်ကြသေးပေ။

ထိုသို့နောက်ဆုတ်ပြီးသည်နှင့် ဘုရင်များ၏ မျက်နှာများ နီမြန်းလာသည်။ သူတို့ သတိလက်လွတ် ပြုမူလိုက် မိခြင်းပင်။ ၎င်းသည် သူတို့၏ ခန္ဓာကိုယ်မှ အန္တရာယ်ကို အလိုအလျောက် တုံ့ပြန်လိုက်မိခြင်းသာ။ သူတို့၏ မသိစိတ်က ဤနတ်ဆိုးနှင့် ရန်သူ မဖြစ်ရန် ပြောနေ၏။

“သူ့ကိုတားကြ”

သို့သော် သူတို့ သတိပြန်ဝင်လာသည့်အခိုက်မှာပင် ယဲ့ဖန်ထံသို့ ပြိုင်တူ ပြေးဝင်ကာ အရပ်မျက်နှာအနှံ့မှ ဝိုင်းပိတ်ဆို့ လိုက်ကြသည်။

သူတို့၏ မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ရှိနေလို ဖုံးကွယ်ထားသည့် ကြောက်စိတ်လည်း ရှိပေသည်။ သူတို့ ရှက်ရွံ့နေကြသလို ထွက်ပြေးချင်နေ၏။

သူတို့သည် မည်သို့မှ မလှုပ်ရှားရခင်မှာပင် ရန်သူကြောင့် ကြောက်လန့်ကာ နောက်ဆုတ်သွားရသည်ကို တစ်နိုင်ငံလုံးမှ လူများ မြင်သွားကြသည်။ ယနေ့ သူတို့ ယဲ့ဖန်ကို မသတ်လျင် ကျုံးကျိုးအင်ပါယာ၌ သူတို့ မည်သို့သော မျက်နှာမျိုးနှင့် နေရမည်နည်း။

တစ်ဖက်တွင်မူ ယဲ့ဖန်သည် ခက်ထန်သော အမူအရာနှင့် ကြောက်လန့်၍ နတ်ဆိုးဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။ ကြောက်စရာကောင်းသော အငွေ့အသက်များကို အသက်ရှူထုတ်လိုက်တိုင်း ထွက်ပေါ် နေစေပြီး တစ်လောကလုံးအား တိတ်ဆိတ် ငြိမ်သက်သွားစေသည်။

ထို့နောက် သူသည် လေထဲ၌ နတ်ဆိုးတစ်ကောင်သဖွယ် လျှောက်လာနေပြီး သူ့လက်ထဲမှ ရွှေရောင်လှံတံမှ သွေးများ တတောက်တောက်ကျကာ မူလအရောင် ပျောက်နေ၏။ ထိုသွေးမှာ ဘုရင်နှစ်ပါး၏ သွေးများဖြစ်ပြီး မကြာခင်၌ ဘုရင်များစွာတို့၏ သွေးများကို သောက်သုံးလာနိုင်သည်။

ဤသို့တွေးမိပြီး လူတိုင်း တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက ‌ဘေးဘီကိုဝေ့ကြည့်၍ ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။

“ငါ သတ်ချင်တဲ့လူကို မသတ်ဖို့ မင်းတို့ တားရဲသလား”

တစ်ခဏအတွင်း မည်သူမှ ထိုအမေးကို ပြန်မဖြေရဲကြချေ။ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတစ်ချို့သည် ဤဘုရင်များကို အထင်သေးကာ လှောင်ရယ်လာကြသည်။

“ကြောက်လွန်းလို့ ပြန်မပြောရဲတော့တာလား”

“အားနည်းတဲ့လူတွေကို အနိုင်ကျင့်ချင်သလောက် ကျင့်ခဲ့ပြီးမှ အခု လူတစ်ယောက် မေးတာကို ပြန်ဖြေဖို့ ကြောက်နေကြတာလား”

ဤဘုရင်များသည် မျက်နှာနီမြန်းနေပြီး ယဲ့ဖန်ကို တိုက်ခိုက်ရန် တွေးမိကြသည်။ သို့သော် ယဲ့ဖန်ကို ကြည့်မိသည်နှင့် သူတို့ အကြောက်လွန်ကာ စကားပင် မပြောရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ စကားပြောမိသည်နှင့် ဤလှံတံအောက်၌ သေရမည့်သူက မိမိတို့ ဖြစ်လာ လိမ့်မည်ကို စိုးထိတ်နေသောကြောင့်ပင်။

“ယဲ့ဘုရင် မြို့ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ပါ့မလားဆိုတာကို ခဏထားဦး၊ ဒီခွန်အားနဲ့ အရှိန်အဝါနဲ့တင် ဒီဘုရင်တွေကို နင်းချေဖို့ လုံလောက်နေပြီ”

“ဘုရင်ဟုတ်လား၊ ငါတော့ ဘုရင်အတုတွေလို့ပဲ ထင်တယ်၊ ဟုတ်တယ်မလား၊ ဒီနတ်ဆိုးကမှ ဘုရင်အစစ်”

“နဂါးမြို့တော်က လူတွေ ဘာလို့ တစ်ခွန်းမှ ဝင်မပြောတော့တာလဲ၊ မင်းတို့ နဂါးမြို့တော်က ဘုရင်ဆိုတဲ့ ဟာတွေကို လာကြည့်ပါဦး၊ ဒီလောက် လူများတာတောင် ကြောက်ပြီး စကား မပြောနိုင်ကြဘူး”

တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရိမ်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာ၏။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်၌ သူတို့ တကယ့် ဘုရင်အစစ်ကို တွေ့လိုက်ရသောကြောင့်ပင်။

ပြိုင်ဘက်ကင်းသော စိတ်ဓာတ်၊ အထက်စီးဆန်သော အပြုအမူ၊ ထိပ်တန်း စွမ်းအား။ ဤသည်မှာ သူတို့ ယဲ့ဖန်၌ မြင်နေရသော အရာများ ဖြစ်လေသည်။

ယဲ့ဖန်က လှံတံကို အဘွားအိုထံသို့ ချိန်ရွယ်၍ အပြုံးဖြင့် ပြောလိုက်သည်။

“ငါ အခု သူ့ကို သတ်ချင်တယ်၊ ဘယ်သူ ငါ့ကို တားရဲမလဲ ကြည့်ကြသေးတာပေါ့”

ဤဘုရင်များကို လျစ်လျူရှုကာ အထင်သေးနေခြင်းပင်။ ပုရွက်ဆိတ်တစ်သိုက်အား သေလမ်းမရှာရန် သတိပေး လိုက်သလိုပင်။ တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရိမ်မှ လူများအားလုံး စိတ်လှုပ်ရှားကာ ကတုန်ကယင် ဖြစ်လာ ကြသည်။

*မောက်မာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တယ်၊ ရက်စက်တယ်၊ ဒါကမှ ယောက်ျားသားအစစ်”

ယဲ့ဖန်က “ဘုရင်” သူသည့် စကားလုံးအပေါ် သူတို့ နားလည်ထားသမျှက စိတ်ကူးယဉ်သာသာမျှသာ ဖြစ်ကြောင်း ပြသနေ၏။

လူတစ်ချို့သည် ယဲ့ဖန်ကဲ့သို့ ဖြစ်လာရန် စိတ်အားထက်သန်နေကြသလို ယဲ့ဖန်ဘေး၌ အတူ ရပ်တည်ကာ တိုက်ခိုက်ချင် နေကြပြီး လောကကို အထင်သေးသလို ကြည့်တတ်သည့် အရှိန်အဝါမျိုးအား ခံစားချင်မိလာသည်။

လူတစ်ယောက်တည်းက ဘုရင်အယောက်နှစ်ဆယ်ကို ခြိမ်းခြောက်၍ သတိပေးခြင်း။ ဤသို့သော ရူးသွပ်မှုက လိုက်မမီနိုင်တော့ပါ။ ကျုံးကျိုး အင်ပါယာ၏ သမိုင်း၌ သူ့လိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

တတိယဘိုးဘေး၏ မျက်နှာ မည်းမှောင်လာပြီး မျက်မှောင်ကြုတ်ကာ ရက်စက်ဟန်များ ပိုမိုပီပြင်လာ၏။ ယဲ့ဖန်သည် သူတို့ ယဲ့မိသားစုအား ထပ်ခါထပ်ခါ အရှက်ခွဲနေသည်။

“င့ါကို ဘယ်သူ တားရဲမလဲ ကြည့်ရသေးတာပေါ့”

ထိုစကား၌ မှော်စွမ်းအင်များ ပါဝင်နေပုံရပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရိမ်အနှံ့ ပျံ့နှံ့လာသည်။ ဖန်သားပြင်ပေါ်၌ ထိုစာသားသာ နေရာယူနေ၏။

“ငါ့ကို ဘယ်သူတားရဲမလဲ ကြည့်ကြသေးတာပေါ့၊ ငါ့ကို တားတဲ့လူတိုင်း သေရမယ်၊ ဟားဟား ... ယဲ့ဘုရင်က ထင်ထားတဲ့အတိုင်းပဲ တကယ့် ယောက်ျားသားတစ်‌ယောက်ပဲ၊ ငါ သူ့ဆီမှာ အမှုထမ်းချင်လာပြီ”

“မင်းတို့အမှိုက်တွေက ယဲ့ဘုရင်ကို တားဖို့ ထိုက်တန်လို့လား၊ အရှင်ယဲ့ဘုရင် သူတို့ကို သတ်ပစ်လိုက်ပါ’

“ရာစုနှစ်တစ်ခုရဲ့ နံပါတ်တစ် ပုဂ္ဂိုလ် ယဲ့ဘုရင်”

ထိုအခိုက်တွင် အင်ပါယာ၏ အမြင့်ဆုံး စစ်တပ်အဖွဲ့အစည်း၌ စစ်နတ်ဘုရားဟု ‌ကျော်ကြားသော အဘိုးအိုက လက်ထဲမှ လက်ဘက်ရည်ခွက်ကို ချေမွလိုက်မိပြီး သူ့အရှေ့မှ မောက်မာ၍ မထီမဲ့မြင်ပြုမူသော ပုံရိပ်ကို ကြည့်နေသည်။ သူ့မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းကာ အလေးအနက် ဖြစ်လာ၏။ အချိန်အတော်ကြာ ပြီးနောက် သူ သက်ပြင်းချလိုက်သည်။

“ငါ မင်းကို အခုထိ အထင်သေးနေမိတာပဲ”

“ဘုန်း”

စွန်းထောင် ဖင်ထိုင်လျက်သား လဲကျသွားပြီး ချွေးပြန်ကာ မျက်နှာတစ်ခုလုံး ဖြူရော်၍ တစ်ကိုယ်လုံး တုန်ယင် နေ၏။

“ဖြောင်း”

ထို့‌နောက် သူ့ကိုယ်သူ အားဖြင့် ရိုက်လိုက်မိသည်။ သူ့မျက်နှာ၌ စိတ်ပျက်ဟန် ပေါ်နေသည်။

*သေချင်နေတာပဲ*

*ဒါ သေတွင်းတူးမိတာပဲ*

*ငါ့မှာ ဘာသတ္တိများ ရှိနေခဲ့လို့ ဒီကြောက်စရာကောင်းတဲ့ နတ်ဆိုးကို ဒေါသဖြစ်အောင် ဆွမိခဲ့တာလဲ*

ခို့ကျန်းဟွိုက်သည်လည်း မချိပြုံး ပြုံးလိုက်မိပြီး မြေကြီးပေါ် လဲကျသွားကာ ယဲ့ဖန်အား ထိတ်လန့်၍ တွေဝေသော အကြည့်များဖြင့် ကြည့်နေမိသည်။

“ငါ နားလည်သွားပြီ”

သူ့၌ သတ္တိ အဆတစ်ရာ ပိုရှိနေလျင်တောင်မှ ယဲ့ဖန်လုပ်သလို လုပ်နိုင်မည် မဟုတ်ပါ။ ဘုရင်အ‌ယောက်နှစ်ဆယ်၏ ဝိုင်းထားခြင်း ခံထားရသော လူတစ်ယောက် ဖြစ်သော်ငြားလည်း ယဲ့ဖန်က ထိုသို့ ရင့်သီးသော စကားများ ပြောနိုင်‌သေးသည်။

ခို့ကျန်းဟွိုက်ပင် မဆိုထားနှင့် လုံခွေသည်လည်း မျက်နှာဖြူရော်နေပြီး အချိန် အတော်ကြာအောင် စကား တစ်ခွန်းမှ မပြောနိုင်ပေ။ သူမတွင်တောင်မှ ထိုသို့သော သတ္တိမျိုး မရှိပါ။

မည်သူ တားဆီးဝံ့သနည်း။ မိမိလမ်း၌ ဝင်ပိတ်သူတိုင်းအား သတ်ပစ်သည်။ ဤသို့သော စိတ်ဓာတ်မျိုး ရှိသည့် ယောက်ျားမျိုးကို လုံခွေ မမြင်ဖူးပေ။

ဘုရင်အားလုံး၏ မျက်နှာများ သုန်မှုန်လာ၏။ ယဲ့ဖန်၏ စကားများက သူတို့အတွက် ခြိမ်းခြောက်ခြင်းထက် စော်ကားခြင်း ဖြစ်နေလေသည်။

အစ၌ သူတို့မျက်နှာကို ဖြတ်ရိုက်ရုံမျှသာ လုပ်ခဲ့သည်ဆိုလျင် ယခုက သူတို့၏ မျက်နှာကို ဆွဲစုတ်လိုက်ခြင်းပင်။

“သူ့ကိုသတ်ကွာ”

ဘုရင်အယောက်နှစ်ဆယ်လုံး ဒေါသတကြီး ပြိုင်တူ အော်ဟစ်လာသည်။ သူတို့သည် အဆင့်အတန်း မြင့်မားသူများ ဖြစ်သဖြင့် ဤသို့ စော်ကားခံရသောအခါ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း။

ယဲ့ဖန် သေကိုသေရပေမည်။ ရုတ်ချည်းဆိုသလိုပင် ဘုရင် အယောက်နှစ်ဆယ်လုံး တစ်ပြိုင်တည်း တိုက်ခိုက် လာ၏။

“ဒုန်း”

အဘိုးအိုတစ်ယောက်သည် လက်ထဲမှ မိုးကြိုးဗုံကို တီးလိုက်သည်။ ထိုအခါ ကောင်းကင်ယံ၌ ခရမ်းရောင် လျှပ်စီးများ လက်လာပြီး လျှပ်စီးများ အချင်းချင်း ယှက်နွယ်ကာ လှောင်အိမ်တစ်ခု အဖြစ်သို့‌ ပြောင်းလဲလာသည်။

၎င်း၏ စွမ်းအားက အဆုံးအစမဲ့လှပြီး မိုးကြိုးနတ်ဘုရား၏ မိုးကြိုးအစစ်နှင့်ပင် ယှဉ်နိုင်သော မိုးကြိုး လှောင်အိမ်က ယဲ့ဖန်ထံ ကျဆင်းလာ၏။ တစ်ချက်ထိမိသည်နှင့် ပြာဖြစ်သွားနိုင်သည်။

ဘုရင်များသည် ဒေါသူပုန်ထနေသောကြောင့် နောက်ဆုံးသိုင်းကွက်များကို ထုတ်သုံးနေကြသည်။ ဤသည်ကို မြင်သော် ယဲ့ဖန်က ရယ်လေသည်။

“မင်းတို့က ငါ့လမ်းကို တားချင်လို့လား”

“ဒါဆိုလည်း အားလုံး သေလိုက်ကြပေါ့”

ထို့‌နောက် ယဲ့ဖန်က လှံတံကို ကိုင်၍ ပစ်လွှတ်လိုက်သည်။ လှံတံသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် နတ်စွမ်းအင်လှိုင်းများ ချက်ချင်း ပျံ့လွင့်လာ၏။

All Chapters