ဒီဟာက အလုပ်မဖြစ်ပင်မယ့် ဒါကတော့ အလုပ်ဖြစ်တယ်
Vol. 81-85 Ch. 1236
ဤလှံတံမှဖိအားကြောင့် လေဟာနယ် အက်ကွဲပျက်စီးလာသည်။ ထို့နောက် ယဲ့ဖန်၏ လှံတံက ခရမ်းရောင် လျှပ်စီးနှင့် ထိမှန်ကာ နတ်ဘုရားစွမ်းအင်အား ချက်ချင်း လွင့်ပြယ်သွားစေသည်။
သို့သော် လှံတံက အဘိုးအိုထံ ဆက်တိုက် ဝင်ရောက်လာပြီးနောက် အော်သံတစ်သံကိုပါ ကြားလိုက်ရသည်။ ထိုအဘိုးအို ပွဲချင်းပြီး သေဆုံးသွားပြီး သွေးမြူခိုင်းအဖြစ်သို့ ပြောင်းလဲသွား လေသည်။
တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ ကြည့်ရှုသူများသည် ယခင်ကတည်းက ထိတ်လန့် ထားခဲ့သဖြင့် ထပ်မံ၍ ထိတ်မလန့်တော့ချေ။ လက်ရှိတွင် သူတို့ ဘာမှမပြောနိုင်တော့ဘဲ ငြီးငွေ့သွားသော အမူအရာဖြင့်သာ ကြည့်နေကြသည်။
*နောက်တစ်ချက်တည်းနဲ့ ဘုရင်တစ်ပါးကို သတ်လိုက်ပြန်ပြီ*
“သတ်ကြကွာ”
ဘုရင်များ ဒေါသူပုန်ထသွားပြီး ထပ်သတ်ရန် ကြိုးစားလေသည်။ ယခုတစ်ခေါက်တွင် ပြောစရာစကား မကျန်တော့ပေ။ နှစ်ဘက်လုံး၌ အမုန်းတရားများဖြင့် ပြည့်နှက်နေလေပြီ။
“ငါ သူ့ကို သုံးချောင်းထောက် မီးဖိုနဲ့ ပိတ်ထားပေးမယ်၊ ကျန်တဲ့လူတွေအားလုံး ပူးပေါင်းပြီး သူ့ကိုသတ်ကြ”
သုံးချောင်းထောက် မီးဖိုကို သယ်ထားသည့် ဧရာမ လူကြီးတစ်ယောက်က ရှေ့သို့ ပြေးတက်သွားပြီး ခြေလှမ်းတိုင်းက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လှသည်။
ထို့နောက် သူသည် ပခုံးပေါ်မှ သုံးချောင်းထောက် မီးဖိုအား ယဲ့ဖန်ထံ လွှင့်ပစ်လိုက်သည်။ ကြီးမားလှသော ထိုမီးဖိုသည် လေးလံလှပြီး ထောင်သောင်းချသော ချီစွမ်းအင်များ ပြည့်နှက်နေကာ အင်မော်တယ် ရတနာ တစ်ပါးနှင့် တူလေသည်။ ယင်းမီးဖိုသည် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျဆင်းလာပြီးနောက် တစ်ကိုယ်လုံးကို အုပ်သွားသည်။
“ပွဲသိမ်းပြီ”
ဤသည်ကိုမြင်ပြီး လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။ ဤမီးဖို၏ စွမ်းအင်ကို သူတို့အားလုံး သိကြသည်။ ဤကျုံးကျိုး အင်ပါယာတွင်း၌ ၎င်း၏ ခုခံမှုက ထိပ်တန်းဆယ်ခုစာရင်းထဲ ဝင်လေသည်။ အဖိုးတန် သန့်စင်သော ယန်အဆင့် လက်နက်တစ်ခုပင်။ ယခုအထိ ဤနတ်မီးဖိုကို မည်သူမှ ပျက်စီးအောင် မလုပ်နိုင်ပါ။
“သေပြီ၊ အဲ့မျိုးမစစ်ကောင် သေမှာပဲ၊ သူ့ကို မြန်မြန် သေခိုင်းလိုက်ပါတော့”
“ကောင်းတယ်၊ အဲ့မိစ္ဆာကောင်ကို အတူတူသတ်လိုက်၊ သူ့ကို နဂါးမြို့တော်ထဲ ခြေချခွင့်မပေးနိုင်ဘူး”
နဂါးမြို့တော်မှ လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသလို မျက်လုံးတွင်လည်း ရက်စက်မှုများ ထင်ဟပ်နေ၏။ ယဲ့ဖန် မြန်မြန်သေပါစေဟု သူတို့ ဆက်တိုက် ဆုတောင်းနေကြသည်။
“ဒေါင် ဒေါင်”
ယဲ့ဖန်က လှံတံဖြင့် ဧရာမ မီးဖိုကို ထိုးဖောက်နေသဖြင့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လှံတံ၏ အစွမ်းကို ပိတ်ဆို့နေသည်။
“ဟားဟားဟား မင်း လုပ်နိုင်တာ မရှိသလို ဖြစ်နေတယ်မလား၊ အရူးကောင်၊ ဒါကို ဘယ်သူမှ မဖျက်ဆီးနိုင်ခဲ့တာ၊ အဲ့တော့ မင်းလည်း သေမယ့်အချိန်ကိုသာ ထိုင်စောင့်နေလိုက်တော့”
ထိုဧရာမလူကြီးက ယဲ့ဖန်၏ ပုံစံကို မြင်ယောင်နေသကဲ့သို့ ရယ်မောလေသည်။ ထို့နောက် သူ့မျက်နှာ၌ ရက်စက် ခက်ထန်သော အမူအရာ ပေါ်လာသည်.
“မင်းတို့ ဘာတွေစောင့်နေတာလဲ၊ မင်းတို့ ဘာလို့ ဒီကောင်ကို ဝိုင်းတိုက်ပြီး မသတ်သေးတာလဲကွ”
“ဟားဟားဟား … အခု ဒီကောင်က လှောင်အိမ်က ငှက်လို ဖြစ်လာပြီဆိုမှတော့ ဘာလို့ သူ့ကို အသည်းအသန် သတ်တော့မှာလဲ၊ ငါတို့ သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး ယဲ့မိသားစုရဲ့ အမုန်းတရားကို လက်စားချေဖို့ မသေခင်အထိ နှိပ်စက်ကြမယ်လေ”
“ငါ သူ့ကို အရေခွံနွှာပြီး ငါးပိသိပ်သလို လုပ်ပစ်မယ်၊ သူ့ကို ငါ့ရှေ့ ဒူးထောက်လာပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လာအောင် လုပ်မယ်”
“ဘုရင်တစ်ပါးရဲ့ ခေါင်းပြတ်က ကောင်းမွန်တဲ့ စုဆောင်းမှုတစ်ခု ဖြစ်လာမှာပဲ၊ ဟဲဟဲ”
ထိုဘုရင်များက အပြုံးကြီးပြုံးကာ ယဲ့ဖန်ထံ ချဉ်းကပ်လာသည်။ ယခုအချိန်တွင် သူတို့အားလုံး စိတ်လက် ပေါ့ပါး နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤနတ်မီးဖို၏ သန့်စင်မှုမှနေ၍ မည်သူမှ မလွတ်မြောက်ဖူးသဖြင့် ယဲ့ဘုရင်လည်း လွတ်မြောက်နိုင်ချေ မရှိပေ။
သူတို့သည် ယဲ့ဖန်ရှိရာသို့ ဆာလောင်နေသော ဝံပုလွေတစ်သိုက်က ဆူဖြိုးနေသော သိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေပြီး ယဲ့ဖန်အား ဘယ်လို ရှစ်ပိုင်းပိုင်းလျင် ကောင်းမလဲဟု ဆွေးနွေးနေ၏။
“ဒေါင် ဒေါင်”
သို့သော် ယဲ့ဖန်သည် လက်လျှော့ချင်စိတ် ရှိပုံမပေါ်ဘဲ လှံတံကိုကိုင်ကာ ဆက်လက်၍ ထိုးနှက်နေသည်။
“အရူး မင်း အသုံးမဝင်တဲ့ အလုပ်ကို အခုထိ လုပ်ချင်နေတုန်းလား၊ မင်းလက်ထဲက လှံတံက ဘယ်တော့မှ ငါ့မီးဖိုကို ထိုးခွင်းနိုင်မှာ မဟုတ်ဘူး၊ အဲ့တော့ မင်း သေဖို့ပဲ စောင့်နေလိုက်သင့်တယ်”
ထိုဧရာမလူကြီးက အားပါးတရ ရယ်မောကာ အလွန် ဂုဏ်ယူနေ၏။
“အမှန်ပဲ၊ ဒီမီးဖိုကို လူတစ်ယောက် ပေါက်ထွက်အောင် လုပ်နိုင်ဖို့က မဖြစ်နိုင်ဘူး”
ယဲ့ဖန်က ခေါင်းညိတ်၍ ထောက်ခံလေသည်။
*ဘာ*
တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက်သွားသည်။
*ယဲ့ဘုရင်က ဘာပြောချင်တာလဲ၊ သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာများလား*
“သေဖို့ စောင့်နေလိုက် ဟုတ်လား၊ မင်းတို့ပဲ သွားသေလိုက်”
“ဟားဟားဟား မင်း ဒီလောက် မြန်မြန် လက်လျှော့ချင်တယ်ဆိုရင်လည်း ဘာလို့ ရဲတင်းတဲ့ စကားတွေ ပြောခဲ့သေးလဲ၊ ဒါနဲ့များ မင်းကိုယ်မင်း လွှမ်းမိုးနိုင်တဲ့ ယဲ့ဘုရင်လို့ ခေါ်သေးတယ်ပေါ့လေ”
“အဓိပ္ပာယ်မရှိတာတွေ ပြောတာကို ရပ်ပြီးတော့ သတ်လိုက်ရအောင်၊ ပြီးရင် သူ့အရေပြားကို နွှာပြီး နေလှမ်း ပစ်မယ်၊ သူ့ခေါင်းကို ဖြတ်ပြီးတော့ နဂါးမြို့တော်ရဲ့ နံရံမှာ ချိတ်ဆွဲထားမယ်၊ ဒါမှ ငါတို့ နဂါးမြို့တော်ကို အာခံရင် ဘာဖြစ်မလဲဆိုတာကို တစ်လောကလုံး သိသွားမှာ”
နဂါးမြို့တော်မှ လူများ ခုန်ပေါက်နေကြပြီး မျက်နှာ၌ ဝမ်းသာစိတ်များက ဖုံးဖိမရအောင် ပေါ်နေ၏။ သူတို့ မျက်လုံးထဲမှ ဆန္ဒများက ပိုမို ပြင်းပြလာသည်။
ဧရာမလူကြီးက ဝမ်းအသာဆုံးပင်။ အခြားသူများ မရှင်းနိုင်သော ယဲ့ဘုရင်က ယခု သူ့လက်ထဲ ရောက်လာလေပြီ။ သူ တစ်လောကလုံး၌ နာမည်ကြီးလာပြီး လူသိများလာပေတော့မည်။ မကြာခင်မှာပင် သူသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်၍ ပျက်ရယ်ပြုလိုက်သည်။
“မင်း သိနေပြီဆိုရင်လည်း ဘာလို့ မြန်မြန် ဒူးမထောက်သေးတာလဲ၊ ဒါဆို ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားချင် စဉ်းစားမှာပေါ့ကွာ”
ထိုစကားသံ၌ အထင်သေး၍ မောက်မာမှုများနှင့် ပြည့်နှက်နေသည်။
“ဒီဟာက အလုပ်မဖြစ်ပင်မယ့် ဒါကတော့ အလုပ်ဖြစ်တယ်”
ယဲ့ဖန်က ပြုံးလိုက်ပြီး သူ့လက်သီးကို ထောင်ပြလေသည်။ ထိုအခါ လူတိုင်း မျက်လုံး ပြူးသွားကြသည်။ ကွန်ပျူတာရှေ့မှ လူများအားလုံးသည်လည်း ခါးမတ်သွားပြီး တစ်ခုခု လွတ်သွားမည်ကို စိုးထိတ်ဟန်ဖြင့် ဖန်သားပြင်ကိုသာ အလန့်တကြား စိုက်ကြည့်လာ၏။
*ငါတို့ ကြားတာ မှန်လိုက်ပါတယ်နော်*
*ဒီဖျက်ဆီးမရတဲ့ နတ်မီးဖိုကို သူ့လက်သီးနဲ့ ဖျက်ဆီးနိုင်တယ်ဆိုတာက ယဲ့ဖန် ဘာပြောချင်နေတာလဲ*
*ဒီကောင် ရူးနေတာလား*
*ဒါ သန့်စင်တဲ့ယန်အဆင့် လက်နက်လေ*
*ကျုံးကျိုးအင်ပါယာရဲ့ ခံစစ်အစွမ်း ထိပ်တန်းဆယ်ခုထဲမှာ ပါတဲ့ဟာလေ*
“ဟားဟားဟား မင်းကို အရူးလို့ ငါ ပြောခဲ့တာက မင်းကို တကယ်ကြီး ရူးသွားစေတာလား၊ မင်းက ငါ့နတ်မီးဖိုကို ဖျက်ဆီးချင်တယ်ပေါ့၊ ဒါက ဘယ်လို …”
“ဒုန်း”
“ဂျွတ်”
ထိုးနှက်သံနှင့် အက်ကွဲသံတို့က ပြိုင်တူ ထွက်ပေါ်လာသည်။
“အိ”
တစ်နိုင်ငံလုံးမှ ကြည့်ရှုသူများအားလုံး ဤမိနစ်စက္ကန့်အချိန်၌ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွား ကြသည်။ အသံက ကျယ်လောင်လွန်းသဖြင့် နိုင်ငံအနှံ့သို့ ပဲ့တင်ထပ်သွားသည်ဟုပင် ထင်မှတ်ရသည်။
နတ်ဆိုးဆန်သော ယဲ့ဖန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်ကို သူတို့ ရှင်းလင်းစွာ မြင်လိုက်ရသလို သူ့လက်ချောင်းများကြား၌ အလင်းများ ဖြာထွက်နေသည်ဟု ထင်မှတ်မှားသွားကြသည်။ ထို့နောက် ယဲ့ဖန်က ဒေါသတကြီး ရှေ့သို့ ပြေးဝင်၍ နတ်မီးဖိုကို ထိုးနှက်လေသည်။
မီးဖိုအား လက်သီးနှင့် ထိုးလိုက်သည့်အခိုက်တွင် သူတို့ ဖျက်ဆီးမရနိုင်ဟု ထင်ထားသည့် မီးဖို၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။ ဤမြင်ကွင်း၏ ကြောက်စရာကောင်းပုံက ကောင်းကင်တစ်ခုလုံး ထိုးခွင်းခံ လိုက်ရသည်နှင့် အတူတူလောက်ပင်။
“ပျက်စီးသွားတယ်၊ အဲ့ဒါကြီးက တကယ် ပျက်စီးသွားတယ်ဟ”
“မိစ္ဆာ၊ ဘယ်လိုလုပ် ဒီလိုမိစ္ဆာမျိုး ရှိနေရတာလဲ”
“သန့်စင်တဲ့ ယန်အဆင့် လက်နက်ကို လက်ချည်းဗလာနဲ့ ဖျက်ဆီးတယ်၊ ဒါ … ဒါ”
တစ်နိုင်ငံလုံးမှ လူများအားလုံး ကြက်သေ သေကာ သေမတတ် ကြောက်လန့်သွားကြသည်။
*သူ့ခန္ဓာကိုယ်က သန့်စင်တဲ့ ယန်အဆင့် လက်နက်ထက်တောင် ပိုသန်မာနေတာလား*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
ကောင်းကင်ထက်မှ တတိယဘိုးဘေး၏ မျက်နှာ၌ သွေးပျက်ဟန်များ ပေါ်နေပြီး တုန်လှုပ်နေလေသည်။ သူ တော်တော်လေး ကြောက်လန့်နေသည်။
*ဒီကောင်က အရင်ကထက် ပိုကြမ်းလာတာပဲ*
အစ၌ သူသည် ယဲ့ဖန် ယန်နယ်မြေသို့ ရောက်လာသည်နှင့် ဖိနှိပ်ခြင်း ခံရလိမ့်မည်ဟု ထင်ထားမိသည်။ သို့သော် ယဲ့ဖန်၏ ခွန်အားက နှစ်ဆတိုးတက်လာလိမ့်မည်ဟု ထင်မထားမိပေ။
ဧရာမလူကြီးသည်လည်း လည်မျိုကို အညှစ်ခံထားရသလို ဖြစ်သွားပြီး သူ၏ တစ်ဝက်တစ်ပြက် ဖြစ်နေသော လှောင်ပြောင်စကားအား ဆက်ပြောရဲသည့် သတ္တိ မရှိတော့ချေ။
*ငါ့မီးဖိုက ပျက်စီးသွားတာလား*
*ဒါကလည်း လက်သီးကြောင့် ပျက်စီးတာတဲ့လား*
လက်ရှိတွင် သူသည် အခြားသူများထံမှ ဒါ အိပ်မက်ဟု ပြောလာသည်ကို လိုချင်နေမိသည်။
“ဟ … လက်သီးတစ်ချက်တည်းနဲ့တင် အပေါက်ဖြစ်နေပြီ၊ ဒီနတ်မီးဖိုက တော်တော်ကို ခိုင်ခံ့တာပဲ”
သို့သော် ယဲ့ဖန်က မချိုမချဉ် ပြုံးလိုက်ပြီး ဧရာမလူကြီးက စိုက်ကြည့်လေသည်။ ထိုစကားကြောင့် ဧရာမ လူကြီး တုန်လှုပ်သွားသည်။ ဤသရော်စကားအား သူ ဘယ်လိုလုပ် မကြားဘဲ နေမည်နည်း။
“ဒုန်း”
ယဲ့ဖန် လက်သီးဖြင့် ထပ်ထိုးလိုက်သည်။ အားပြင်းသော လက်သီးချက်ကြောင့် နတ်မီးဖိုက ထပ်မံ၍ ပျက်စီးလာ ပြန်သည်။ အများအမြင်၌ မပျက်စီးနိုင်သော နတ်မီးဖိုက သူ့လက်သီးအောက်၌ စက္ကူစလေးသဖွယ် ဖြစ်နေသည်။
“ဒုန်း ဒုန်း ဒုန်း”
လူတိုင်း၏ မျက်လုံးတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့ရှေ့မှ နတ်မီးဖိုအား ပျားတူသဖွယ် ဖျက်ဆီးနေသည့် ကြောက်စရာကောင်း၍ သန်မာသော လူကို ငေးကြည့်နေမိသည်။
*အိပ်မက်*
*ဒါ အိပ်မက်ပဲ ဖြစ်ရမယ်*
*ဒီလောက် သန်မာတဲ့လူမျိုး လောကမှာ မရှိဘူး*
“သူ ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာ ဖြစ်ကိုဖြစ်ရမယ်”
စစ်နတ်ဘုရားဟု ခေါ်ဝေါ်ခံရသည့် အဘိုးအိုသည် ဖန်သားပြင်ကိုကြည့်၍ အံကြိတ်၍ ကြုံးဝါးလိုက်သည်။ သူ့မျက်လုံးများက ကိုယ်လုံးတီးဖြစ်နေသည့် မိန်းမလှလေးကို မြင်လိုက်ရသကဲ့သို့ တလက်လက် တောက်နေ၏။
ယဲ့ဖန်သာ ရှိနေလျင် အင်အားကြီးသော နိုင်ငံများစွာကြား၌ ကျုံးကျိုးအင်ပါယာက ထိပ်သို့ ရောက်သွားမည် ဖြစ်သလို နိုင်ငံငယ်လေးတစ်ခုဟု သတ်မှတ်ခံရပြီး အနိုင်ကျင့်ခံရတော့မည် မဟုတ်ပါ။
အစပိုင်း၌ သူ့အစီအစဉ်မှာ ယဲ့ဖန် သဘောမတူလျင် သေရမည်ဟု တွက်ခဲ့သည်။ သို့သော် လက်ရှိ သူ့အကြံမှာမူ ယဲ့ဖန် လက်မခံလျင် သူ ယဲ့ဖန်ရှေ့၌ ဒူးထောက်လျင် ဒူးထောက်ရပါစေ၊ ယဲ့ဖန် လက်ခံလာအောင် လုပ်မည်ဟု စဉ်းစားမိနေ၏။
“မင်းတို့ ဘာကိုစောင့်နေတာလဲ၊ သတ်ကြလေ”
ဧရာမလူကြီးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ အော်ဟစ်လိုက်မိသည်။
*ဒီလူက လုံးဝ လူမဟုတ်ဘူး*
လက်ရှိမြင်ကွင်းကြောင့် ထိတ်လန့်နေသော ဘုရင်များသည် ရုတ်တရက် ပြန်သတိဝင်လာပြီး အားမချန်ထား ဝံ့တော့ဘဲ သူတို့ခန္ဓာကိုယ်၌ ရှိနေသည့် အားမှန်သမျှကို ထုတ်သုံး၍ ယဲ့ဖန်ကို တိုက်ခိုက်လာသည်။
သူတို့ ယဲ့ဖန်ကို သတ်ချင်လျင် ယခု အခွင့်အရေးကို အရယူမှ ဖြစ်မည်ဟု သိနေလေသည်။ သို့သော် ယဲ့ဖန်က ဧရာမလူ၏ စကားကို ကျယ်လောင်စွာ ရယ်မော၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ သတ်ကြတာပေါ့”
နောက်ဆုံးသော လက်သီးချက်အောက်၌ မီးဖို တစ်စစီ ပျက်စီးသွားသည်။ ထို့နောက် လှံတံသည် နဂါးတစ်ကောင် သဖွယ် အသက်ဝင်နေပြီး ဒေါသတကြီးဖြင့် ဘုရင်အိုကြီးတစ်ယောက်ကို သတ်ပစ်လိုက်သည်။
ထိုဘုရင်အိုကြီးသည် သူ၏ ကြံ့ခိုင်မှုကြောင့် ကျော်ကြားသော်လည်း ယခုအခါတွင် ဗိုက်ပေါက်ထွက်သွားပြီး ကိုယ်တွင်းကလီစာများက အပြင်သို့ လွင့်စဉ်လာသည်။
“ယဲ့ဘုရင် ဒီနေ့ မင်းခေါင်းကို သတ်ဖြတ်ခြင်းကျောင်းတော်က အရယူပြမယ်”
ထိုစဉ် မှောင်ရိပ်ထဲ၌ ကြာမြင့်စွာ ပုန်းအောင်နေသည့် သတ်ဖြတ်ခြင်း ကျောင်းတော်မှ လုပ်ကြံရေးသမားက ရုတ်တရက် ဓားဖြင့် ဝင်တိုက်လာ၏။ သူသည် နဂါးသတ်ဖြတ်ခြင်းအဆင့် လုပ်ကြံရေးသမား ဖြစ်သည်။ သူ၏ လုပ်ကြံရေး နည်းစနစ်က ထူးခြားပြီး သူမတူသလို အမှောင်ထဲ၌ ပုန်းအောင်းနိုင်၏။
“ဒေါင်”
သို့သော် ဓားဖြင့်ထိုးမိသွားချိန်တွင် မီးပွင့်လာပြီး ဓားသာလျင် ပျက်စီးသွားသည်။ ယဲ့ဖန်ကမူ ယခင်အတိုင်း ပြောင်းလဲခြင်း မရှိသလို ထိခိုက်ဒဏ်ရာ ရခြင်းလည်း မရှိပေ။
“မင်း … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လုပ်ကြံရေးသမားသည် သူ၏ နည်းစနစ်က ပထမဆုံးအကြိမ် ကျရှုံးသွားသဖြင့် အံ့ဩသွားလေသည်။ သူ၏ တိုက်ကွက်က ပြီးပြည့်စုံသော်လည်း ရန်သူအား တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့ပါ။ ယဲ့ဖန်၏ ခန္ဓာကိုယ်က သံဖြင့် လုပ်ထားလေသလောဟု သိချင်မိသွားသည်။
“မင်းကို ငါ မရှာနိုင်ဘူးလို့ ထင်နေတာလား”
ယဲ့ဖန်က နောက်လှည့်၍ နတ်ဆိုးသဖွယ် ကြည့်လာသည်။ သူ့မျက်လုံးများက အေးစက်နေပြီး သူငယ်အိမ်တွင်း၌ ငရဲရှိနေသလားဟု ထင်မှတ်ရသည်။ လူတိုင်း ပွက်လောရိုက်သွားလေသည်။
*ယဲ့ဖန် ဘာပြောချင်တာလဲ*
*သူ အစောကြီးကတည်းက သိနေပင်မယ့် တစ်ဖက်လူကို သူ့ကို လာသတ်ခွင့် ပေးခဲ့တာလား*
*လှောင်တာ*
*ဒါ လုံးဝကို အထင်သေးပြီး လှောင်ပြောင်တာပဲ*
“အနည်းဆုံးတော့ မင်း ငါ့ကို အံ့ဩအောင် လုပ်နိုင်မယ်လို့ ထင်ထားတာ”
ယဲ့ဖန်က မချိုမချဉ် ပြုံးလေသည်။ တစ်နိုင်ငံလုံး မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
*မင်းဘာသာမင်း နည်းနည်းပါးပါး ပျော်ချင်တာနဲ့ တခြားလူက မင်းကို ဓားနဲ့ထိုးလာတာကို မတွေဝေဘဲ ငြိမ်ခံနေ တယ်ပေါ့လေ*
*မင်းအသက်ကို သတ်ချင်နေတာကိုလေ*
*မင်းက ဘာကြီးလဲ*
*ဒီယဲ့ဘုရင်က ဘာကြီးလဲကွာ*
သို့သော် လုပ်ကြံရေးသမားသည် သတိပြန်ဝင်လာပြီး စိတ်လွတ်မတတ် ကြောက်သွားရပြန်သည်။ ယဲ့ဘုရင် ဤသို့ နေနေနိုင်သည့် အကြောင်းရင်းမှာ သူ့ရှေ့မှ လူသတ်သမားက သူ့ကို မသတ်နိုင်မှန်း သိနေသောကြောင့်ပင်။
“ဝုန်း”
ထိုစဉ် ယဲ့ဖန်က လုပ်ကြံရေးသမား၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သဖြင့် ထိုလုပ်ကြံရေးသမား၏ ဦးခေါင်း ပေါက်ကွဲ သွားလေသည်။
တစ်ခဏအတွင်း နောက်ဘုရင်တစ်ပါး အသတ်ခံလိုက်ရလေပြီ။ နိုင်ထက်စီးနင်း ပြုမူသော လုပ်ရပ်၊ ပြိုင်ဘက် ကင်းသော လူပုဂ္ဂိုလ်ပင်။
ထိုသို့သောအချိန်၌ ထန်မင်လီသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်ကျကာ လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလေသည်။
“ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကို တိုက်မယ်”
သူ့အနောက်မှ ထောင်သောင်းချီသော လူများကလည်း လက်သီးလက်မောင်းတန်း၍ ပြိုင်တူ ဟစ်ကြွေးလေသည်။
“ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကို တိုက်မယ်”