ငါ မင်းကို အခုချက်ချင်း ကယ်ပေးမယ်
Vol. 81-85 Ch. 1237
“ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကို တိုက်မယ်”
ဖန်သားပြင်၌ ဤစကားတစ်ခွန်းတည်းသာ နေရာယူနေ၏။
ဘုရင်တစ်ပါးအား ခွေးသတ်သလို သတ်လိုက်ခြင်းက အတိတ်၌ တစ်ခါမှ မဖြစ်ခဲ့ဖူးသော ကိစ္စပင်။ သူတို့ရှေ့မှ လူသည် ထင်ထားသည်ထက်ပင် ပိုမို အင်အားကြီးနေသည်။
ယဲ့ဖန်သည် စပေါ်လာကတည်းက သူတို့အား ဆယ်ကြိမ်မက ထိတ်လန့်အောင် လုပ်ပြီးနေလေသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုထိတ်လန့်စရာ ကောင်းလာပြီး ပိုကြောက်စရာကောင်းသောကြောင့် ကြက်သီးထ မိသည်။
ယနေ့ အင်ပါယာတစ်ခုလုံး လူတစ်ယောက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ လူတစ်ယောက်က တစ်ကိုယ်တည်း မြို့ကိုတိုက်ခိုက်ပြီး ဘုရင်တစ်ပါးအား တစ်ကြိမ်တည်းဖြင့် သတ်နိုင်နေသည်။ ထိုလူအား ယဲ့ဘုရင်ဟု ခေါ်ဝေါ် ပေသည်။
ထိုစဉ် ယဲ့ဖန်က ပေတစ်ရာအမြင့်သို့ ခုန်လွှားလိုက်ပြီး မီးဖိုသယ်လာသည့် ဧရာမလူကြီးကို ဖမ်းဆွဲကာ အားလုံး ရှေ့၌ သူ့အား နှစ်ပိုင်းဆွဲဖြဲလိုက်သည်။ ကောင်းကင်ယံမှ သွေးများ တတောက်တောက်ကျလာ၏။ ဘုရင်များကို ခွေးသတ်သလို သတ်နေသည့်သူအား မည်သူမှ မတားနိုင်ပေ။
“ငါတို့ မနိုင်တော့ဘူး၊ ငါတို့ မနိုင်နိုင်ဘူး”
လက်ရှိတွင် ဘုရင်များအားလုံး တုန်လှုပ်နေပြီး မျက်နှာများက စက္ကူသဖွယ် ဖြူရော်နေကြပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်ကာ နောက်သို့ ဆုတ်သွားကြသည်။ သူတို့ ဤတိုက်ပွဲတွင် ရှုံးနေပြီဖြစ်ပြီး ဤနတ်ဆိုးကို ရင်ဆိုင်ရဲသည့် သတ္တိမရှိတော့ပါ။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသာလျင် ယဲ့ဖနကို ယှဉ်နိုင်လောက်သည်။
“တော်လောက်ပြီ”
မြို့နံရံပေါ်မှ တတိယဘိုးဘေး ဒေါသတကြီး အော်ဟစ်လာသည်။ သူ့မျက်နှာက အလွန် ကြည့်ရဆိုးနေပြီး လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။
ယဲ့မိသားစုသည် ယခုအတိုင်းအတာအထိ ဖိအားပေးခြင်း မခံရဖူးပေ။ ယခု ဤမျိုးမစစ်ကောင်ကြောင့် ဒုက္ခတွေ့နေ ရလေသည်။
ထို့နောက် သူသည် လက်ဖျောက်တီးလိုက်သည်။ ထိုအခါ သွေးသံတရဲရဲနှင့် လူတစ်ယောက်ကို ဆွဲထုတ်လာကြပြီး တတိယဘိုးဘေး၏ ခြေထောက်ရှေ့သို့ ပစ်ချလိုက်သည်။ ထို့နောက် သူက ထိုလူအား ခြေထောက်တစ်ဖက်ဖြင့် နင်းလိုက်သည်။
တတိယဘိုးဘေးက အားပါးတရ ရယ်၍ အော်ပြောလိုက်သည်။
“ယဲ့ဖန် ဒါ ဘယ်သူလဲ ကြည့်ပါဦး၊ မင်း ရင်းနှီးနေမယ်လို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား”
နတ်ဆိုးနဂါးဖုရှန်ကို မြင်လိုက်ရပြီးနောက် ယဲ့ဖန် တုန်လှုပ်သွားပြီး မျက်လုံးများက စူးရှတောက်ပလာ၏။
*ငါ့ညီအစ်ကို၊ ငါ့ညီအစ်ကို အသက်ရှင်နေတယ်*
*ကောင်းတယ် သိပ်ကောင်းတယ်*
ယဲ့ဖန် အလွန် စိတ်လှုပ်ရှားလာသောကြောင့် မျက်နှာ နီရဲလာသည်။ နတ်ဆိုးနဂါး ဖုရှန်သည်လည်း ဤလောက၌ ပြန်မွေးဖွားလာသဖြင့် ညီအစ်ကိုအချင်းချင်း ပြန်ဆုံနိုင်လေပြီ။
နတ်ဆိုးနဂါးဖုရှန်သည်လည်း သူ့ကို မြင်သွားသည်။ သို့သော် သူက ပြန်ဆုံသည့်အတွက် မအံ့ဩပေ။ သူ့အား တတိယ ဘိုးဘေးက စကားမပြောနိုင်အောင် ချိပ်ပိတ်ထားသဖြင့် စိုးရိမ်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ခေါင်းခါပြရုံသာ တတ်နိုင်တော့သည်။
ထိုအခါ ယဲ့ဖန်၏ မျက်လုံးများက ဒေါသကြောင့် ရဲရဲနီလာ၏။ သူ၏ ညီအစ်ကိုသည် အသက်ရှင်နေသေးသော်လည်း ရန်သူလက်ထဲ၌ ခွေးသေတစ်ကောင်သဖွယ် အနင်းခံထားရသည်။ သူ ဒါကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန် ပထမဆုံးအကြိမ်အဖြစ် အထိန်းအကွပ်မဲ့သွားပြီး သူ့ကိုယ်မှ အရှိန်အဝါက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
“ဟားဟားဟား မင်းညီအစ်ကိုက ငါ့လက်ထဲ ရောက်နေလိမ့်မယ်လို့ ထင်မထားဘူးမလား၊ အာ … မဟုတ်သေးဘူး”
တတိယဘိုးဘေးက အားရစွာ ရယ်မော၍ တမင်သက်သက် နတ်ဆိုးနဂါး ဖုရှန်၏ လည်မျိုကို နင်းကာ အပြုံးဖြင့် ဆက်ပြောလေသည်.
“ငါ့ခြေထောက်အောက်လို့ ပြောတာကမှ ပိုမှန်မယ်ထင်တယ်”
လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။
*တစ်ဖက်လူက ယဲ့ဘုရင်ရဲ့ ညီအစ်ကိုကို ဖမ်းထားတာလား*
ထန်မင်လီနှင့် အခြားသူများလည်း အေးခဲသွားပြီး အခြေအနေ မကောင်းတော့မှန်း ရိပ်စားမိသွားသည်။ ထို့အတူ ဘုရင်များသည်လည်း အံ့ဩသွားပြီးမှ ထီမထင်သော အမူအရာဖြင့် ယဲ့ဖန်အား အေးစက်စွာ ကြည့်လာသည်။
“ယဲ့ဖန် အခုချိန်ကစပြီး မင်း ငါ့ကို တစ်ခါ ထိခိုက်အောင် လုပ်ရင် ငါ သူ့ကို တစ်ကြိမ် ဒဏ်ရာရအောင် လုပ်မယ်၊ မင်း ငါ့ကို သတ်ဖို့လုပ်ရင် သူ မသေမချင်း ငါ နုတ်နုတ်စင်းပစ်မယ်၊ ဟားဟားဟား”
တတိယဘိုးဘေးက ဟားတိုက်ရယ်မောနေပြီး သူ့စကား၌ ရက်စက်မှုများ ပေါ်လွင်နေသည်။
“စက်ဆုပ်ဖို့ ကောင်းလိုက်တာ၊ မင်း မနိုင်နိုင်တာနဲ့ ကလိမ်ကျတယ်၊ တော်တော် ယုတ်ညံ့တယ်”
“နဂါးမြို့တော်က ယဲ့မိသားစုက တော်တော်လေး အရှက်မဲ့တာပဲ၊ လူပါးဝပုံကတော့ အံ့ဩစရာပဲ”
“ထိပ်တိုက် မတိုက်နိုင်ရင် လှည့်ကွက်တွေသုံးတယ်၊ ပြီးရင် ပြိုင်ဘက်ရဲ့ ညီအစ်ကိုကို ငါးစာအဖြစ် အသုံးချပြီး ခြိမ်းခြောက်တယ်၊ ယဲ့မိသားစု သေသင့်တယ်”
တိုက်ရိုက် ထုတ်လွှင့်ခြင်းဖိုရမ်ထဲ၌ မကျေမနပ် ပြောဆိုသံများ ထွက်ပေါ်လာသည်။ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီး တစ်ဖက်လူ၏ အပြုအမူများက စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်ကင်းမဲ့လှသည်။
“စစ်သည်တော်တွေက ဘယ်တော့မှ မလှည့်စားဘူး၊ မင်းတို့က သောက်ချေးတွေပဲ”
ဘာဖြစ်လဲ စစ်မြေပြင်မှာ နိုင်တဲ့လူက ဘုရင်ပဲလေ၊ ရှုံးတဲ့လူက အရှုံးသမားပဲ၊ ဘာနည်းလမ်းသုံးသုံး ဘယ်သူ ဂရုစိုက်စရာ လိုလို့လဲ”
“ဘာပဲဖြစ်ဖြစ် ယဲ့ဘုရင်က သေတော့မှာပဲကို၊ ဘယ်လိုညစ်ညစ်ပေါ့ ဟားဟားဟား”
နဂါးမြို့တော်မှ လူများက အားရဝမ်းသာစွာ ရယ်မောနေကြပြီး အလွန် ဂုဏ်ယူနေလေသည်။ ယဲ့ဘုရင် သေသည်နှင့် သူတို့ ဘေးကင်းပြီ ဖြစ်သည်။ တတိယဘိုးဘေးက မည်သည့်နည်းလမ်းသုံးသုံး သူတို့ ဂရုမစိုက်ပါ။
“လူဖျင်း”
ထိုအခိုက်တွင် စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့တောင်မှ မျက်နှာ မည်းမှောင်နေ၏။ လုံခွေတစ်ယောက်တည်း သာလျင် ထူးထူးခြားခြား လှောင်ရယ်နေသည်။ သူမ ပြောခဲ့ဖူးသလိုပင် လောကကြီး၌ သန်မာနေရုံနှင့် မလုံလောက်ပေ။ ယဲ့ဖန် မည်သို့ တုံ့ပြန်မလဲ သူမ သိချင်နေ၏။
*ဘယ်လောက် သန်မာလဲ၊ ဘယ်လောက် ထူးခြားနေမှာလဲ၊ အစောပိုင်းနဲ့ အခု အခြေအနေ ဘယ်လို ဖြစ်သွားမှာလဲ*
*အရင်နဲ့ မတူတော့ဘူးဆိုရင် သူ အသတ်ခံမှာလား*
လုံခွေ စဉ်းစားနေသည့် အတွေးက တတိယဘိုးဘေး တွေးထားသည့် အတွေးပင်။ သူက ရယ်မော၍ ဆက်ပြော လေသည်။
“ယဲ့ဖန် ငါ့ဆုံးဖြတ်ချက်ကို ပြတဲ့အနေနဲ့ ငါ သူ့ကို အရင် နမူနာ ခုတ်ပြမယ်”
“ရွှစ်”
ချက်ချင်းဆိုသလိုပင် ဓားတစ်လက်ဖြင့် နတ်ဆိုးနဂါး ဖုရှန်၏ ကျောပြင်ကို ခုတ်ပိုင်းလိုက်သောကြောင့် ရှည်လျား၍ ကျဉ်းမြောင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများက ရေတံခွန်သဖွယ် ပန်းထွက်လာသည်။
ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လှပြီး အရှိန်အဝါက ပြင်းထန်လာသော်လည်း နေရာ၌ ရပ်နေပြီး မလှုပ်ရဲပေ။ သူ လှုပ်လိုက်လျင် သူ၏ ညီအစ်ကို သေရပေလိမ့်မည်။
*ငယဲ့လေး၊ ငါ့ကို ထားခဲ့၊ ငါ့ကို စိတ်ထဲမထားနဲ့*
နတ်ဆိုးနဂါးဖုရှန်က စကားမပြောနိုင်သဖြင့် မျက်လုံးမှိတ်ပြ၍ အချက်ပြနေသည်။ သို့သော် သူ့မျက်လုံးများက နီရဲနေလေသည်။
“ညီအစ်ကို၊ မင်းသေမှာထက် ငါပဲ အသေခံလိုက်မယ်”
*ဒါ ညီအစ်ကို စိတ်ဓာတ်ပဲ*
*ဒီလူနှစ်ယောက်က ညီအစ်ကိုတွေဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး*
ဤသည်မှာ အခြားသူများ သူတို့အပေါ် မြင်သည့်အမြင် ဖြစ်သည်။ မိမိ အသေခံနိုင်သော်လည်း မိမိညီအစ်ကိုအား အသေမခံနိုင်ပါ။
“မင်းတို့ ဘာလုပ်နေတာလဲ၊ ငါတို့ရဲ့ ယဲ့ဘုရင်ကြီးက အသတ်ခံဖို့ စောင့်နေတာကို မမြင်ဘူးလား”
တတိယဘိုးဘေးက အားပါးတရ ရယ်မော၍ ဘုရင်များကို အော်ပြောလိုက်သည်။ ထိုဘုရင်များ အချင်းချင်း ပြန်ကြည့်နေကြသည်။ မည်သူမှ အရင်ဝင်၍ မတိုက်ခိုက်ရဲကြချေ။
ယဲ့ဘုရင်က သူ့ညီအစ်ကိုအတွက် ငြိမ်ခံနေပါ့မလားဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ သူ လက်လျှော့သလို ဟန်ဆောင်နေပြီးမှ ရုတ်တရက် တိုက်ခိုက်လာလျင် ဘယ်လိုလုပ်မလဲ။
သူတို့ ကြောက်လန့်နေကြသည်။ ဤသည်ကိုမြင်ပြီး ဖန်သားပြင်ရှေ့မှ လူများအားလုံး အထင်သေးစွာ ပျက်ရယ်ပြု လိုက်မိသည်။ ဘာမှမလုပ်ဘဲ ငြိမ်နေလျင်တောင် အံ့ဩစရာကောင်းနေသေးသည့်သူက ယဲ့ဘုရင်ပင်။
“ကြွက်တစ်ကောင်လို သွေးကြောင်တဲ့ကောင်တွေ”
တတိယ ဘိုးဘေးက လှောင်ရယ်လိုက်ပြီး ရတနာ စည်းတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုရတနာ စည်းတံဆိပ်က လေထဲ မြောက်တက်သွားပြီး အလင်းများ ဖြာထွက်ကာ ယဲ့ဖန်ထံ ဦးတည်သွား၏။
ကောင်းကင်အာဏာ စည်းတံဆိပ်။ ၎င်းသည် တတိယဘိုးဘေး၏ အလွန် ကြောက်စရာကောင်းသော သန့်စင်သည့် ယန်အဆင့် လက်နက် ဖြစ်လေသည်။
“ဒုန်း”
ကျယ်လောင်သော အသံနှင့်အတူ ယဲ့ဖန် မီတာတစ်ရာမျှ လွင့်ထွက်သွားသည်။ သူ့ပါးစပ်ထောင့်၌ သွေးစီးကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။
*ဒဏ်ရာရသွားပြီ*
*နောက်ဆုံးတော့ ဒီနတ်ဆိုး ထိခိုက်သွားပြီပဲ*
“မင်းတို့ မြင်ပြီလား၊ သူ တိုက်ခိုက်ရဲမယ်လို့ ထင်နေသေးလား၊ သူ ပြန်တိုက်ရဲရင် သူ့ညီအစ်ကို ချက်ချင်း အသတ် ခံရမှာ”
တတိယ ဘိုးဘေး အော်ပြောလိုက်ပြီးနောက် နတ်ဆိုးနဂါး ဖုရှန်၏ မျက်နှာကို ဓားသွားဖြင့် ပုတ်၍ ပြောလိုက်သည်။
“ဟုတ်တယ်မလား နတ်ဆိုးနဂါး ဖုရှန်”
နတ်ဆိုးနဂါး ဖုရှန်၏ မျက်လုံးများမှာ နီမြန်း၍ မျက်ရည်များ စီးကျလာ၏။
*ငယဲ့လေး ငါ ဘာလုပ်ပေးနိုင်လို့လဲကွာ၊ ငါက မင်းအတွက် ဒီလောက် အရေးပါလို့လား*
*မင်းသာ သေသွားခဲ့ရင် ငါ့တစ်ဘဝလုံး အပြစ်တင်စိတ်နဲ့ မနေနိုင်ဘူး၊ အဲ့လို အသက်ရှင်နေမှာထက် သေသွားတာ ကမှ ပိုကောင်းဦးမယ်*
“သတ်၊ ငါတို့ မကျေနပ်ချက်တွေအတွက် ပြန်ပေးဆပ်ခိုင်းရမယ်၊ လက်စားချေဖို့ အချိန်တန်ပြီ”
ဘုရင်များသည် ချက်ချင်း သတိဝင်လာပြီး အားပါးတရ ရယ်မော၍ အော်ဟစ်ကာ ယဲ့ဖန်ထံ ပြေးဝင်သွားသည်။ သူတို့ အရှေ့မှ ယဲ့ဖန်သည် အသတ်ခံရရန် စောင့်နေသည့် ကုန်းပေါ်မှ ငါးတစ်ကောင်လိုပင်။ သူတို့ အနိုင်ကျင့် ချင်လျင် အနိုင်ကျင့်နိုင်ပြီး သတ်ချင်လျင် သတ်ပစ်နိုင်လေပြီ။
ချက်ချင်းဆိုသလိုပင် တောင်တစ်လုံးကိုပင် လှုပ်ခါစေနိုင်လောက်အောင် အားပါသော ပုဆိန်တစ်ချက်က ယဲ့ဖန်၏ ကျောပေါ်သို့ ကျရောက်လာသည်။
“ဝုန်း”
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယဲ့ဖန် လွင့်ထွက်သွားပြန်သည်။ သူ့မျက်လုံး၌ ခက်ထန်မှုများနှင့် ပြည့်နှက်နေသော်လည်း ရုတ်တရက် မြို့နံရံပေါ်သို့ အကြည့်ရောက်သွားသည်။ ထိုအခါ နတ်ဆိုးနဂါး ဖုရှန်၏ လည်ပင်းပေါ်မှ တတိယဘိုးဘေး၏ ဓားသွားက ပိုအားပါလာသည်ကို တွေ့လိုက်ရသည်။
“အိုး … ဒီခွေးရဲ့ အရေပြားက တော်တော်မာတာပဲ၊ ငါ့ပုဆိန်စာ မိတာတောင် ဘာဒဏ်ရာမှ မရဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ၊ ငါတို့မှာ အချိန်ရနေတာပဲ”
“ဟားဟားဟား ယဲ့ဘုရင် မင်း ရူးမတတ် ဖြစ်မနေဘူးလား၊ အခု ငါ စမ်းကြည့်ဦးမယ်ကွာ”
“ယဲ့ဘုရင် အခု မင်းက အသတ်ခံရဖို့ စောင့်နေလို့ ခွေးလိုဝက်လိုပဲကွ”
ဘုရင်များသည် တစ်ယောက်ပြီး တစ်ယောက် အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး နည်းလမ်းများကို သုံး၍ ယဲ့ဖန်ကို တိုက်ခိုက်နေသောကြောင့် ယဲ့ဖန် ထပ်ခါထပ်ခါ လွင့်ထွက်ကာ ဒဏ်ရာအလိမ်းလိမ်း ဖြစ်လာ၏။ မကြာခင်မှာပင် ယဲ့ဖန်သည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် သွေးလူသားသဖွယ် ဖြစ်လာလေသည်။ သို့သော် ယခုထိ ပြန်မတိုက်သေးပေ။
“ယီးပဲ သူတို့တွေ သေသင့်တယ်”
ထန်မင်လီ၏ မျက်လုံးများ မီးပွင့်မတတ် တောက်နေပြီး ဒေါသထွက်ကာ နဂါးမြို့ထံသို့ ပြေးသွားလေသည်။ သူ ချက်ချင်းပြေး၍ ယဲ့ဖန်အတွက် ဝင်တိုက်ချင်နေ၏။ သူ့အနောက်မှလူများလည်း ထိုနည်းတူ ခံစားနေရသည်။ ယဲ့ဖန် အလွန် အထင်သေး စော်ကားခံနေရသည်ကို မြင်ပြီး သူတို့အားလုံး မျက်ရည်ဝဲကာ အလွန် နာကျည်းမုန်းတီး နေကြသည်။
“နေဦး မသွားနဲ့”
ထိုစဉ် နလန်ရှောင်က အချိန်မီ အော်ဟစ်၍ အားလုံးကို တားဆီးလိုက်သည်။
“နလန်ရှောင် မင်း ဒါ ဘာသဘောလဲ၊ ငါ့ဘုရင်က အလှောင်ခံနေရာကို မင်း မသိချင်ယောင်ဆောင် နေတယ် ဆိုလည်း ထားလိုက်၊ ဒါပေမဲ့ ငါတို့ကို ဘာကိစ္စ လာတားနေတာလဲ”
ထန်မင်လီက ချက်ချင်း နလန်ရှောင်ကို အေးစက်စွာ တုံ့ပြန်၍ လူသတ်ချင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ နလန်ရှောင်သာ ကောင်းကောင်း မရှင်းပြနိုင်ပါက သူ နလန်ရှောင်ကို တန်းသတ်ပစ်မည့် သဘောပင်။
“စိတ်အေးအေးထားပါ၊ ငါတို့ဘုရင်က သူ့ညီအစ်ကို အသတ်ခံရမယ့်အစား သူ့ကိုယ်သူပဲ အလှောင်ခံနေရတဲ့ အကြောင်းရင်းကို မတွေးမိဘူးလား၊ အဲ့လူရဲ့ အဆင့်အတန်းက ငါတို့ဘုရင်ရဲ့ စိတ်ထဲမှာ ဘယ်လောက် မြင့်မားနေတယ် ဆိုတာကို မင်းတို့ နားလည်သင့်တယ်”
“သူ့ညီအစ်ကိုသာ အသတ်ခံလိုက်ရရင် ငါတို့ဘုရင်က မင်းတို့ကို ခွင့်လွှတ်ပေးမှာလား”
ထိုစကားများက ရေအေးနှ့် လောင်းချလိုက်သကဲ့သို့ ထန်မင်လီနှင့် အခြားသူများ၏ ဒေါသကို ငြိမ်းအေးသွားစေပြီး ချက်ချင်း သတိဝင်လာကြသည်။ ထန်မင်လီက အံ့ကြိတ်၍ ပြန်မေးလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ”
“စောင့်နေ”
နလန်ရှောင်က တိုက်ပွဲဖြစ်နေရာသို့ သုန်မှုန်နေသော မျက်နှာထားဖြင့် လှမ်းကြည့်၍ ပြတ်သားစွာ ပြောလိုက်သည်။
“တစ်ချိန်က မင်း ငါ့ကို ပြောခဲ့သလိုပဲ၊ ငါတို့ဘုရင်အပေါ် ယုံကြည်လိုက်”
*ငယဲ့လေး*
မြို့နံရံပေါ်မှ နတ်ဆိုးနဂါး ဖုရှန်သည် ရင်ထဲ၌ နာကျင်စွာ အော်ဟစ်နေပြီး မျက်လုံးများ စွေးစွေးနီနေ၏။ သူ၏ ညီအစ်ကိုသည် စကြဝဠာ၏ နတ်ဆိုး ဧကရာဇ် ဖြစ်သည်။ လူတိုင်း ကြောက်ရသော ငရဲဘုံ၏ အရှင်သခင် ဖြစ်လေသည်။
သို့သော် ယခုအခါ၌ သူ့ကြောင့်နှင့် ဤပုရွက်ဆိတ်ကောင်များ၏ လှောင်ပြောင်ခြင်း ခံနေရသည်။ ဤသည်ကို ကြည့်နေရခြင်းက နတ်ဆိုးနဂါး ဖုရှန်အတွက် သေသည်ထက် ဆိုးသော နာကျင်မှုကို ခံစားရစေသည်။
သူ ထပ်မကြည့်နိုင်သောသဖြင့် မျက်လုံးကို တင်းနေအောင် မှိတ်၍ အံကြိတ်ထားမိသည်။ မြင်ကွင်းတိုင်းက သူ့နှလုံးသားအား ဓားနှင့် မွှမ်းသလို ခံစားနေရသည်။
“ဟားဟား မင်း ဘာလို့ မကြည့်တော့တာလဲ၊ ဒါ နှစ်တစ်ရာအတွင်း ကြုံတောင့်ကြုံခဲ မြင်ကွင်းကွ၊ လုပ်စမ်းပါ မင်း မျက်လုံးကို ဖွင့်ပြီး သေချာကြည့်လိုက်၊ နတ်ဘုရားလို အင်အားကြီးတဲ့ မင်းညီအစ်ကိုက ဒီအဘိုးကြီးကြောင့် သေခြင်းတရားနဲ့ ဘယ်လို ကစားခံနေရလဲ ကြည့်ကြည့်”
တတိယဘိုးဘေးက ကျယ်လောင်စွာ ရယ်မောနေပြီး သူ့လေသံ၌ သွေးဆာ၍ ရက်စက်မှုများနှင့် ပြည့်နှက်နေ၏။
“ဝုန်း”
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် ဆက်လက်၍ တိုက်ခိုက်ခံနေရပြီး တရွတ်တိုက် လွင့်သွားသဖြင့် မြေကြီးတွင် ရှည်လျားသော လျှိုမြောင်တစ်ခု ဖြစ်လာရသည်။ သူ မနည်း ခြေကန်၍ လှံတံကို မြေကြီးတွင်း စိုက်ကာ ဟန်ချက်ကို ပြန်ထိန်းလိုက်ရလေသည်။
ယဲ့ဖန်သည် သွေးများနှင့် ဖုံးအုပ်နေသော်လည်း မျက်လုံးများက စူးရှဆဲဖြစ်ပြီး မြို့နံရံပေါ်သို့ လှမ်းကြည့် လိုက်သည်။ သူသည် ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီးနောက် ခပ်ပေါ့ပေါ့ ပြုံးလိုက်သည်။
“ငါ့ညီအစ်ကို စိတ်မပူနဲ့၊ ငါ မင်းကို ကယ်မှာ”