ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
Vol. 81-85 Ch. 1238
“ငါ့ညီအစ်ကို စိတ်မပူနဲ့၊ ငါ မင်းကို ကယ်မှာ”
ထိုစကားလေးတစ်ခွန်းက တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတစ်ဝက်လောက်ကို ချက်ချင်း မျက်ရည်ကျ သွားစေသည်။ လူတိုင်း ရင်ထဲ၌ တဆစ်ဆစ် နာကျင်၍ မျက်လုံးထောင့်၌ စိုစွတ် လာသည်။
“ယီးပဲ သောက်ယဲ့မိသားစု သေသင့်တယ်”
“ဓားတစ်သောင်းနဲ့ ထိုးခုတ် အသတ်ခံရသင့်တဲ့ ယဲ့မိသားစု၊ ငါ မင်းတို့ကို သတ်ချင်တယ်ကွ၊ မြေယိုးတွေရဲ့”
“ခွေးသူခိုး ယဲ့မိသားစု၊ ခွေးတွေဝက်တွေကတောင်မှ မင်းတို့ထက် သာတယ်ကွ၊ လုံးဝ တိရစ္ဆာန်တွေ”
သူတို့အားလုံး၏ မျက်နှာတွင် အန္တရာယ်ပေးလိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး မျက်လုံးတွင် နောင်တနှင့် ဒေါသစိတ်များ ပြည့်နေ၏။
ယဲ့ဖန်၏ အပြုအမူကို ကြည့်ပြီးနောက် သူ့အတွက် မတရားကြောင်း သူတို့အားလုံး ခံစားမိသည်။ သူ့အတွက် ဤသို့သော အဖြစ်မျိုးက မထိုက်တန်ပေ။ ညီအစ်ကိုအတွက်နှင့် အသက်ကို ပေးဆပ်ရဲသည်။ သူသည် တကယ့် ယောက်ျားသား တစ်ယောက်ပင်။
ဤသို့သောလူက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အရှက်မဲ့သော ယဲ့မိသားစုလက်၌ သေဆုံးရတော့မည် ဖြစ်သဖြင့် သူတို့ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ယဲ့ဖန်၏ ခွန်အားနှင့်ဆိုလျင် ဤဘုရင်များကို အသာလေး သတ်လိုက်နိုင်သည်။ သို့သော် သူ၏ ညီအစ်ကိုအတွက် ငြိမ်၍ သည်းခံကာ အလှောင်ခံနေရသည်။ ယဲ့ဘုရင်သည် ကြောက်စရာကောင်းရုံသာမက လေးစားစရာလည်း ကောင်းပေသည်။
အချို့သော အမျိုးသမီးများဆိုလျင် မျက်ရည်များနှင့် မျက်နှာသစ်နေရသည်။ ယခင်က အထက်စီးဆန်ခဲ့သော ယဲ့ဖန်၏ ပုံစံကို ပြန်စဉ်းစားမိပြီး သူတို့ ထိခိုက်နာကျင်လာသည်။
ဤလူသည် သူတို့၏ ရင်ထဲတွင် ချက်ချင်း နေရာယူသွားလေပြီ။ လေးစားစိတ်များက မိုးရွာပြီးနောက် ဝါးပင်များ ပေါက်လာသကဲ့သို့ ထိန်းချုပ်မရစွာ ပေါက်ဖွားလာ၏။
“နင့်လိုလူမျိုး လောကမှာ တကယ် မရှိဘူးပဲ”
လုံခွေသည် လေးစားသော အကြည့်များဖြင့် လှမ်းကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“သူ့ကို ကယ်မယ် ဟုတ်လား၊ အခု နင့်ကိုယ်နင်တောင် မကယ်နိုင်တာ၊ သူ့ကို ဘယ်လိုကယ်မှာလဲ”
“ယဲ့ဖန် ယဲ့ဖန် မင်း သေခါနီး ဖြစ်နေတာတောင် အရေးမပါတာတွေ ပြောနိုင်သေးတာလား၊ ငါ မင်း မောက်မာမှုကို လေးစားလာပြီကွ”
“ဟားဟားဟား … ငါ့တိုက်ခိုက်မှုက လုံလုံလောက်လောက် မကြမ်းတမ်းသေးဘူးနဲ့ တူတယ်၊ ငါ ဒီမျိုးမစစ် ကောင်ကို လုံးဝ ပါးစပ်ပိတ်သွားအောင် မလုပ်နိုင်ဘူး၊ အားလုံးပဲ ကြိုးစားလိုက်ရအောင်”
“ဝုန်း”
ကြောက်စရာကောင်းသော စွမ်းအင်များ ရုတ်ချည်းဆိုသလို ပျံ့လွင့်လာ၏။ ဘုရင်များအားလုံးသည် သူတို့၏ အကြမ်းဆုံး တိုက်ကွက်များကို ပြိုင်တူ ထုတ်ဖော်၍ ယဲ့ဖန်ထံသို့ အသေသတ်မည့်ဟန်ဖြင့် ပြေးဝင်လာကြသည်။
ဆယ်ချက်၊ အချက်တစ်ရာ။ အချက်တစ်ထောင်။
ယဲ့ဖန်၏ ဒဏ်ရာများက တဖြည်းဖြည်း ပိုဆိုးလာသည်။ ထိုအခိုက်တွင် ထန်မင်လီနှင့် အခြားသူများ ဝင်တိုက်ခိုက်ရန် ပြင်လာကြသည်။ သို့သော် သူတို့ ဝင်တိုက်မည့် အကြိမ်တိုင်း နလန်ရှောင်၏ အတင်း တားဆီးခြင်း ခံရလေသည်။
“မင်း သေချာကြည့်၊ မင်းမျက်လုံးကို သေချာဖွင့်ပြီး ကြည့်လိုက်၊ သူ့ကို ကြည့် သူ ခွေးတစ်ကောင်လို ဖြစ်နေပြီ”
တတိယဘိုးဘေးက နားမခံသာသည့် ရယ်သံမျိုးနှင့် ရယ်မော၍ နတ်ဆိုးနဂါးဖုရှန်၏ လည်ပင်းကို နင်းလိုက်သည်။
သို့သော် ထိုအခိုက်တွင် သူ့နောက်ကျောမှနေ၍ လေလေးတစ်ချက် တိုက်ခိုက်လာ၏။ ကြောက်စရာကောင်း၍ သတ်ဖြတ်လိုသော မိစ္ဆာတစ်ကောင်က သူ့အနောက်၌ တိတ်တဆိတ် ပေါ်လာပြီး အသက်ပြင်းပြင်းရှူကာ သွေးကဲ့သို့ နီရဲသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
တတိယဘိုးဘေး ထိတ်လန့်သွားပြီး တစ်စုံတစ်ရာကို သတိပြုမိသွားသည်။
“ခွေးအိုကြီး ခင်ဗျား အေးအေးဆေးဆေး မသေစေရဘူးလို့ ကျုပ် ကတိပေးတယ်”
ထိုအသံအဆုံး၌ လေပြင်းတိုက်ခိုက်လာပြီး မိစ္ဆာတံစဉ်က တတိယဘိုးဘေး၏ ကျောအား တိုက်ခိုက်လာ၏။
“သေစမ်း”
တတိယဘိုးဘေး ကြက်သီးထသွားပြီး နတ်ဆိုးနဂါး ဖုရှန်အား ဂရုမစိုက်နိုင်တော့ဘဲ ခန္ဓာကိုယ်အား တစ်ဖက်သို့ တိမ်းရှောင်၍ ခုခံတိုက်ခိုက်လိုက်သည်။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ နှစ်ဖက်လုံး နောက်ဆုတ်လိုက်ရသည်။ ထိုအခိုက်တွင် တတိယဘိုးဘေးသည် နတ်ဆိုးနဂါး ဖုရှန်အနားမှ ဆုတ်လိုက်ရသဖြင့် ထိုနေရာ၌ ကြောက်စရာကောင်းသည့် အရိပ်ပိုင်ရှင်သာ ရှိနေသည်။
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်။ ယခင်တိုက်ပွဲ၌ ယဲ့ဖန်သည် သူ့အား တိုက်ပွဲတွင်း လုံးဝ ဝင်မပါခဲ့ဖူးချေ။ ဤသို့သော မမျှော်လင့်ထားသည့် အခြေအနေမျိုးနှင့် ကြုံလာပါက တားဆီးရန် ဝင်မပါခိုင်းခဲ့ခြင်း ဖြစ်ပြီး ယခု တကယ် အသုံးဝင်လာလေပြီ။
နတ်ဆိုးနဂါး ဖုရှန် သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားသည်ကိုမြင်ပြီး တတိယဘိုးဘေး မျက်မှောင်ကြုတ် မိသွားသည်။
“မကောင်းတော့ဘူး”
ဘုရင်များအားလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြကာ ချက်ချင်း သတိဝင်ကာ နောက်ဆုတ်ရန် ပြင်လေသည်။
“ခင်ဗျားတို့ ဘယ်သွားမလို့လဲ”
သို့သော် နောက်ကျသွားလေပြီ။ ငရဲမှကဲ့သို့သော ကြောက်စရာကောင်းသည့်အသံက လူတိုင်း၏ နားစည်သို့ ရိုက်ခတ်လာ၏။ ဘုရင်များအားလုံး မိမိတို့၏ ခန္ဓာကိုယ်အား လေအေး ဖြတ်တိုက်သွားသည်ဟု ခံစားမိပြီး တုန်လှုပ် လာကြသည်။
သူတို့ တအံ့တဩနှင့် လှည့်ကြည့်လိုက်သောအခါ မျက်နှာတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်သွားသည်။ နတ်ဆိုးက သွေးဆာသော အပြုံးနှင့် သူတို့ကို ပြုံးကာ ကြည့်နေ၏။
“ငါတို့ ကစားပွဲက အခုမှ စမှာ”
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ပစ်လွှတ်လိုက်သော အမြှောက်ဆန်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာပြီး ဓားဘုရင်၏ ဦးခေါင်းအား ဘယ်လက်ဖြင့် ဖမ်းချုပ်၍ လိမ်ချိုးလိုက်သည်။
“ဂျွတ်”
ထိုအသံနှင့်အတူ သွေးစွန်းနေသော ခေါင်းပြတ်တစ်လုံးက ယဲ့ဖန်၏ လက်ထဲသို့ ပါလာသည်။ ဘုရင်တစ်ပါး၏ ဦးခေါင်းကို ဆွဲဖြုတ်လိုက်ပုံက အိတ်ထဲမှ တစ်ခုခုကို ဆွဲထုတ်လိုက်သလိုပင်။
လူတိုင်း ကြက်သေ သေသွားကြသည်။ အအံ့ဩဆုံးလူက လုံခွေပင်။ ယဲ့ဖန်ကို ရဲရင့်သည်ဟု သူမ ထင်ခဲ့သော်လည်း အတွက်အချက် ဗျူဟာ၌လည်း ထူးချွန်လိမ့်မည်ဟု ထင်မထားမိပေ။
*အခွင့်မသာတုန်းတော့ တိုက်ပွဲမှာ ဒဏ်ရာရခံပြီး တိတ်တဆိတ် ဗျူဟာဆွဲနေခဲ့တာပဲ၊ ဒီလူရဲ့ နိုင်ငံရေး စစ်ရေး အမြင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ*
“ယဲ့ဘုရင် ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါ တိုက်ပွဲကနေ ချက်ချင်း ထွက်ပြေးပါ့မယ်၊ လုံးဝ ဝင်မနှောင့်ယှက်ပါဘူး”
ဘုရင်တစ်ပါးက ကြောက်လန့်တကြား အော်ဟစ်လေသည်။ နတ်ဆိုးက ယခင်အတိုင်း ပြန်ဖြစ်လာသဖြင့် သူတို့ မနိုင်နိုင်တော့ပါ။ ယဲ့ဖန်က ခေါင်းခါ၍ စိတ်ပျက်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“အရမ်း နောက်ကျသွားပြီ”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ လက်ငါးချောင်းက ချိတ်သဖွယ် ဖြစ်လာပြီး လက်ချောင်းထိပ်များမှ နတ်ဆိုး စွမ်းအင်များ ထွက်ပေါ်လာသည်။
ထိုဘုရင် ကြက်သီးထကာ ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်မိသည်။ သူ တတ်ထားသည့် အကြမ်းဆုံးသော တိုက်ကွက်များကို ထုတ်သုံး၍ ခုခံတိုက်ခိုက်လေသည်။ ဘာဗျူဟာမှ မရှိတော့ဘဲ အသက်ရှင်ရန် အတွက် အကုန် လုပ်နေတော့သည်။
သို့သော် ယဲ့ဖန်၏ အမြင်တွင် ဤပုံစံက နံရံကို ခုန်တက်နေသည့် ခွေးတစ်ကောင်ဟုသာ မြင်နေ၏။ သူ့လက်ချောင်းများကို ပြိုင်တူ ဆုပ်လိုက်သောအခါ လေဟာနယ် ဖိအားက ပြင်းထန်လာပြီး ကောင်းကင်ယံ အက်ကွဲလာသလို ဖြစ်လာသည်။
“မင်း ...”
ထိုဘုရင် ရုတ်တရက် မှင်တက်သွားသည်။ တစ်ဖက်လူသည် သူ့ထက် ခွန်အားအရာ၌ သာလွန်ကာ သူ့အား လုံးဝ ဖိနှိပ်ထားနိုင်သည်။
*ဒီကောင်က ချွန်းယန်အဆင့် မဟုတ်ဘူးပဲ*
ဤသည်ကို တွေးမိပြီးနောက် သူသည် ရုတ်တရက် လှည့်စားခံလိုက်ရပြီဟု တွေးမိကာ ဒေါသတကြီး ဟစ်အော် လိုက်သည်။
“လူငယ်လေးယဲ့ ငါက မင်းဦးလေးနော်”
သူ့အား ချွန်းယန်အဆင့်ထက် ကျော်နေသော လူတစ်ယောက်နှင့် တိုက်ခိုက်စေခြင်းအား သူ့အား သေခိုင်းလိုက် ခြင်းသာ ဖြစ်သည်။ ယဲ့ဖန်က ဆက်၍ တိုက်ခိုက်နေသည်ကိုမြင်ပြီး သူ့၌ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များကို လည်ပတ်စေပြီး အားကုန်သုံး၍ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
ဤသည်ကိုမြင်သော် ယဲ့ဖန်က အထင်သေးသလို ပြုံးလေသည်။
“ဒုန်း”
“ဂျွတ်”
ထိုဘုရင်၏ လက်တစ်ဖက်လုံး ချက်ချင်း ကျိုးကြေသွားသည်။ သူ ငယ်သံပါအောင် အော်ဟစ်လိုက်ချင် ပါသော်လည်း အေးစက်သော အသံတစ်သံက သူ့အား ချက်ချင်း ပါးစပ်ပိတ်သွားစေသည်။
“ထပ်လာ”
ယဲ့ဖန်က ခပ်နိမ့်နိမ့်အသံဖြင့် ထပ်၍ ထိုးနှက်လိုက်သည်။ ထိုဘုရင်သည် နာကျင်နေသော်လည်း ပြန်၍သာ တိုက်ခိုက်လိုက်ရသည်။ သူ မတိုက်လျင် အသေအကြေ ထိုးနှက်ခံရလောက်သည်။
“ဂျွတ်”
နောက်လက်တစ်ဖက် ကျိုးသွားပြန်သည်။ လူတိုင်း၏ မျက်နှာ ပြာနှမ်းသွားပြီး ထိတ်လန့်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာကြသည်။
*ဒီလူက ဒဏ်ရာ တော်တော်ပြင်းပြင်း ရထားတာတောင် ဒီလောက် အင်အားတွေ ရှိနေသေးတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လက်ရှိတွင် လူတိုင်းသည် ယဲ့ဖန်ကို လုံးဝ အထင်သေးခဲ့မိကြောင်း သတိပြုမိသွားသည်။
*ဒီမိစ္ဆာတွေကို ပုံမှန်စံချိန်စံနှုန်းတွေနဲ့ တိုင်းတာလို့ မရဘူးပဲ*
“ထပ်လာ”
ယဲ့ဖန် ဒေါသတကြီး ထပ်အော်လာပြီး သူ့ကိုယ်မှ လူသတ်ချင်သော အငွေ့အသက်များက တစ်ဟုန်ထိုး မြင့်တက် လာသည်။ ထိုဘုရင်သည် ငိုချင်စိတ် ပေါက်နေ၏။ သူ့လက်နှစ်ဖက်လုံး ကျိုးကြေသါားသဖြင့် ပြန်တိုက်နိုင်သည့် ခွန်အား မရှိတော့ပေ။
“ဝုန်း”
သို့သော် ယဲ့ဖန်၏ လက်သီးချက်က သူ့ရင်ဘတ်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်လာသည်။ ထိုဘုရင်၏ ရင်ညွန့်ရိုး နိမ့်ဝင်သွားပြီး သွေးအန်ကာ မျက်နှာတစ်ခုလုံး စက္ကူသဖွယ် ဖြူရော်လာ၏။
“ထပ်တိုက်”
ထိုအသံအဆုံး၌ ဒေါသပါသော လက်သီးချက်က ဘုရင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသဖြင့် သံမဏိထက် မာကြောသော ထိုဘုရင်သည် ပွဲချင်းပြီး ပေါက်ကွဲ သေဆုံးသွားလေသည်။ သူ သေဆုံးသွားလေပြီ။
ထိုအခိုက်တွင် ကျန်လူများအားလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး အသံတစ်သံပင် ထွက်မလာပေ။ လူတိုင်း လေထဲမှ သွေးနံ့ကို ရှူမိပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။
ထန်မင်လီနှင့် အခြားသူများတောင်မှ မှင်တက်နေ၏။ အပြင်းအထန် ဒဏ်ရာရထားပြီးသော ယဲ့ဖန်၌ ဤသို့ ကြောက်စရာကောင်းသည့် ခွန်အားမျိုး ရှိနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိပါ။
ထိုအခိုက်တွင် ကျုံးကျိုး အင်ပါယာ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူများအားလုံး ဆယ်မိနစ်မှ ဘာမှမရေးနိုင်တော့ဘဲ တစ်နိုင်ငံလုံး တိတ်ဆိတ်နေသည်။
ကျန်ဘုရင်များအားလုံး နေရာမှာတင် ကြက်သေ သေနေကြသည်။ သူတို့ ထွက်ပြေးချင်ပါသော်လည်း ထွက်မပြေးရဲပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သတိလက်လွတ် အပြုအမူကြောင့် ဤနတ်ဆိုး သူတို့အပေါ် အာရုံရောက်လာမည်ကို စိုးရိမ်နေ၏။
ယဲ့ဖန်က သူတို့အပေါ် အာရုံမရောက်သဖြင့် ကံကောင်းသွားသည်။ သို့သော် သူသည် လွှားခနဲ တစ်ချက် ခုန်လိုက်ပြီး နတ်ဆိုးနဂါး ဖုရှန်၏ ဘေးနားသို့ တန်းရောက်သွားလေသည်။ သူသည် နတ်ဆိုးနဂါး ဖုရှန်အား ဆွဲထူ၍ ပြုံးကာ ပြောလိုက်သည်။
“ညီအစ်ကို ကျုပ် ရောက်လာပြီ”
သို့သော် နတ်ဆိုးနဂါး ဖုရှန်က ခေါင်းခါနေပြီး မျက်နှာတွင် ထိတ်လန့်စိုးရိမ်စိတ်များ ပြည့်နှက်နေ၏။
“ဟမ်”
ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူသည် လက်ဆန့်၍ နတ်ဆိုးနဂါး ဖုရှန်၏ ပါးစပ်အား ပိတ်ထားသော အစီအရင်ကို ဖြေလိုက်သည်။ ထို့နောက် နတ်ဆိုးနဂါး ဖုရှန်ထံမှ ကြောက်လန့်ဖွယ်ကောင်းသော အော်သံ ထွက်လာ၏။
“ပြေး ငယဲ့လေး ဝေးဝေးပြေးတော့”
နတ်ဆိုးနဂါး ဖုရှန်၏ ရင်ဘတ်က နေကဲ့သို့ လင်းလက်လာပြီး ပေါက်ကွဲလာသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖန် မျက်လုံး ပြူးသွားသည်။
ထိုစဉ် တတိယဘိုးဘေးက ရက်စက်ခက်ထန်သော မျက်နှာထားနှင့် ဝမ်းသာအားရ ရယ်မော၍ နောက်ဆုတ် လိုက်သည်။
“မျိုးမစစ်ကောင် သေလိုက်တော့”
“ဝုန်း”
ကောင်းကင် တုန်ခါမတတ် ပေါက်ကွဲသံတစ်သံ ပဲ့တင်ထွက်ပေါ်လာသည်။ နှိုင်းယှဉ်မရအောင် ပြင်းထန် အားကောင်းလှသည့် အဖျက်စွမ်းအင် ပျံ့လွင့်လာလေသည်။
ထောင်ချီသော ယန်စွမ်းအင်များ ပါဝင်သည့် နတ်ပုတီး ပေါက်ကွဲလာခြင်း ဖြစ်သည်။ တတိယဘိုးဘေးသည် ယဲ့ဖန်က နတ်ဆိုးနဂါး ဖုရှန်ကို လာကယ်လိမ့်မည်ဟု ခန့်မှန်းမိထားသဖြင့် နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်ထဲသို့ ဤနတ်ပုတီးကို ထည့်ထားခြင်း ဖြစ်သည်။ အလွန် ကောက်ကျစ်သော အကြံအစည်ပင်။
ထောင်ချီသော ယန်စွမ်းအင်များ ပေါက်ကွဲသောအခါ ဖြစ်ပေါ်လာသည့် အဖျက်စွမ်းအင်က မိုးမြေကိုပင် ပြောင်းပြန် လှန်နိုင်စွမ်း ရှိပြီး ကောင်းကင်အနှံ့သို့ စွမ်းအင်လှိုင်းများ ဖုံးလွှမ်းသွားစေသည်။
လူတိုင်းနီးပါး မျက်လုံးမှိတ်လိုက်ရသည်။ စူးရှသော အလင်းက လူ့မျက်လုံးအား ချက်ချင်း ကန်းသွားစေနိုင်သည်။ တိမ်တိုက်ကြီးများ လွင့်ပြယ်သွားပြီး ကောင်းကင်တစ်ခုလုံး တုန်ခါလာ၏။ ဝင်္ကပါ အစီအရင်ကြောင့်သာ မဟုတ်လျင် နဂါးမြို့တော်တစ်ခုလုံး ပြာဖြစ်သွားလောက်သည်။
“ယဲ့ဖန် ငါ့ယဲ့မိသားစုရဲ့ ရတနာကြောင့် သေဆုံးရတာဆိုတော့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်၊ ဟားဟားဟား”
အဝေးမှနေ၍ တတိယဘိုးဘေး ရယ်မောနေသည်။
*သေသွားပြီ*
*နောက်ဆုံးတော့ သေသွားပြီ*
*ဒီမျိုးမစစ်ကောင် သေသွားပြီပဲ*
သူ၏ရယ်သံကြောင့် တစ်နိုင်ငံလုံးမှ ကြည့်နေသူများ တုန်လှုပ်သွားကြသည်။ လူတိုင်း မျက်လုံး ပြန်ဖွင့်လိုက်ပြီး မျက်နှာတွင် နောင်တနှင့် ဝမ်းနည်းရိပ်များ ပြည့်နှက်နေသည်။
*ဒီလောက် ပြင်းထန်တဲ့ အဖျက်စွမ်းအင်နဲ့ဆို ယဲ့ဘုရင်တောင်မှ …*
သို့သော် တိုက်ပွဲနေရာမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့မျက်နှာပေါ်မှ နောင်တနှင့် ဝမ်းနည်းရိပ်များ ပျောက်ကွယ်သွားသည်။ ထို့နောက် လူတိုင်း ပြိုင်တူနီးပါး ထအော်လိုက်မိသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”