ခင်ဗျားတို့ ဂုဏ်ယူနေတာ မဟုတ်ဘူးလား
Vol. 81-85 Ch. 1239
မီတာတစ်ရာနက်သော ဧရာမတွင်းချိုင့်တွင်း၌ လူတစ်ယောက်က စုတ်ပြတ်နေသော အဝတ်အစားများနှင့် မားမားမတ်မတ် ရပ်နေသည်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်ကာ ဆက်တိုက် သွေးစိမ့်ထွက်နေ၏။ သူ၏ အရိုးများကိုပင် မြင်နေရသည်။ သို့သော် သူ သေတော့မသေပေ။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
တတိယဘိုးဘေးသည် ငိုကြွေးလုနီးပါး အော်ဟစ်လိုက်မိပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင် ဖြစ်နေလေသည်။ သူတို့ ယဲ့မိသားစု၏ နှစ်ထောင်ချီ ထိန်းသိမ်းထားခဲ့သည့် ရတနာဖြင့် သတ်သော်ငြားလည်း ဤမိစ္ဆာကောင်ကို တစ်ချက်တည်းဖြင့် မရှင်းနိုင်ခဲ့ချေ။
*ဒီကောင် ဘာစားပြီး ကြီးတာတာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်သည် မှင်တက်နေသော မျက်နှာ အမူအရာ ရှိနေပြီး သူ့လက်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ သူ့လက်ပေါ်တွင် သူ့ညီအစ်ကို၏ အသားစများနှင့် သွေးစများ ကပ်တွယ်နေသည်။ သူ့အား စကားတစ်ခွန်းပင် ပြောချိန် မရလိုက်ပေ။
သူ့မျက်စိရှေ့၌ သူ့ညီအစ်ကို ဝမ်းနည်းဖွယ် သေဆုံးသွားသည်ကို တပ်အပ် မြင်လိုက်ရသဖြင့် ဤအဖြစ်က ယဲ့ဖန်အပေါ် မည်မျှ ကြီးမားစွာ သက်ရောက်နေနိုင်သလဲ လူတိုင်း တွေးကြည့်နိုင်သည်။
ထိုအခိုက်တွင် တတိယဘိုးဘေးသည်လည်း သတိပြန်ဝင်လာပြီး လှောင်ပြုံး ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဒဏ်ရာပေါ် ဒဏ်ရာ ထပ်နေပြီပဲ၊ ဒီကောင် အဆုံးသတ်နား ရောက်နေပြီ၊ သူ့ကို အတူတူ သတ်ရအောင်”
ကျန်ဘုရင်များသည်လည်း လှောင်ရယ်လိုက်သည်။ ယဲ့ဖန်က ကံကောင်း၍ အသက်ရှင်လည်း ဘာအရေးနည်း။ ဤနတ်ပုတီး၏ ပေါက်ကွဲမှုဖြင့် ထိမှန်ထားလျင် အင်မော်တယ်များပင် ကယ်ရန် ခက်ခဲပေသည်။ မသေလျင် တောင်မှ ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။
“ယဲ့ဘုရင်ရဲ့ ခေါင်းက ငါ့အပိုင်ပဲ”
မုတ်ဆိတ်မွေးနှင့်လူက ဝမ်းသာအားရ ရယ်မော၍ ယဲ့ဖန်အား အနောက်မှနေ၍ ဝင်သတ်လေသည်။ ယဲ့ဘုရင်ကို သတ်နိုင်လျင် သူ့ကိုယ်သူ နာမည်တစ်လုံး၌ နေနိုင်ပြီး ကျုံးကျိုး အင်ပါယာ၌ ကျော်ကြားလာပေမည်။
“သတ်၊ အဲ့ခွေးသား အရင် မသတ်နိုင်အောင် လုပ်ကြ”
အခြားဘုရင်များလည်း ညာသံပေးလာပြီး ယဲ့ဖန်ထံ ပြိုင်တူ ပြေးဝင်သွားကြသည်။ အားလုံး၏ မျက်လုံးတွင် နာကျည်း မုန်းတီးမှုများနှင့် ပြည့်နှက်နေ၏။
“ယဲ့ဘုရင် ဝမ်းမနည်းနဲ့၊ အခု မင်းညီနဲ့ တွေ့ရအောင် ငါ မင်းကို ပို့ပေးမယ်၊ တမလွန်လမ်းကို မင်းတို့ အတူတူ လျှောက်ကြပေါ့”
မုတ်ဆိတ်မွေးနှင့်လူက ဟားတိုက် ရယ်မောပြီး လက်သီးကိုဝင့်၍ ယဲ့ဖန်အား အားဖြင့် ထိုးချလိုက်သည်။ ထိုစဉ် ယဲ့ဖန် ခေါင်းမော့လာသလို နတ်ဆိုးစွမ်းအင်သည်လည်း ပေါက်ကွဲ ထွက်ပေါ်လာ၏။
သူ၏မျက်လုံးထဲတွင် ဥပဒေသများ ချိတ်ဆက်လာပြီး အဆုံးအစမဲ့သော စကြဝဠာတွင်းမှ သန်းရာချီသော ကြယ်တာရာများ မျောလွင့်နေပြီး လောကကို စိုးမိုးနိုင်သည့် စွမ်းအင်များ ရှိနေသည်ဟု ထင်မှတ်လာရသည်။
မုတ်ဆိတ်မွေးနှင့်လူ၏ အပြုံးက ချက်ချင်း အေးခဲသွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်ကာ နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး လှုပ်မရတော့ချေ။
“ရွှစ်”
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် သူ၏ ခန္ဓာကိုယ်က အစိတ်စိတ် အမြွှာမြွှာဖြစ်သွားပြီး သွေးမြူခိုးအဖြစ်နှင့် သေဆုံးသွားလေသည်။
*အကြည့်တစ်ချက်နဲ့ အသတ်ခံလိုက်ရတာလား*
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်နှာတွင် ထိတ်လန့်ဟန်များနှင့် ပြည့်နှက်လာသည်။
*ဘုရင်တစ်ပါးက စိုက်ကြည့်ခံလိုက်ရတာနဲ့ သေသွားတာလား၊ ဒါ ဘယ်လိုနည်းလမ်းကြီးလဲ*
ကျန်ဘုရင်များအားလုံးသည်လည်း ပြေးနေသည့် ခြေလှမ်းများကို ရပ်လိုက်ကြပြီး သွေးပျက်ဟန်များနှင့် ကြည့်နေကြသည်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ၊ သူ ဒီလောက် ဆိုးဆိုးရွားရွား ထိထားတာတောင် ဘုရင်တစ်ပါးကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သေးတာလား၊ အိပ်မက်လိုပဲ*
အမှန်တရားက သူတို့ မျက်စိရှေ့၌ ရှိနေသော်လည်း မယုံနိုင်သေးပေ။ ထို့အပြင် လက်ရှိ ယဲ့ဘုရင်က ယခင်ထက် ပိုကြောက်စရာကောင်းပြီး ရက်စက်နေသည်ဟု သူတို့ ခံစားမိနေကြသည်။
ထို့အပြင် လူတိုင်း၏ အကြည့်များက ယဲ့ဖန်ပေါ်သို့သာ ကျရောက်နေပြီး ကြောက်လန့်လွန်းသဖြင့် အသံပင် ပျောက်ဆုံး သွားသကဲ့သို့ ငြိမ်နေလေသည်။
ယဲ့ဖန် သေရတော့မည်ဟု လူတိုင်း ထင်ခဲ့သော်လည်း ယဲ့ဖန်က နေရာ၌ နတ်ဆိုးတစ်ကောင်သဖွယ်၊ အင်မော်တယ် သဖွယ် မားမားမတ်မတ် ရပ်နေသည်။
“ဂါး”
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်တုန်လှုပ်သွားစေမည့် အော်သံတစ်သံ ထွက်ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါ ပျံ့လွင့်လာသည်။
လူတိုင်း နားအူသွားပြီး အလျင်အမြန် ကိုယ့်နားကိုယ် အုပ်လိုက်ကြသည်။ အဆုံးသတ် ရောက်လာတော့မည်ဟု သူတို့ ခန့်မှန်းထားမိပြီးသား ဖြစ်ပေသည်။ ဆက်လက် ထွက်ပေါ်လာသည့် လူသတ်လိုသော အငွေ့အသက်က သူတို့အား ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။
သူတို့ရှေ့မှ ယဲ့ဖန်သည် စင်စစ် နတ်ဆိုးသဖွယ် ဖြစ်နေသည်။ ခန္ဓာကိုယ်ထဲမှ နတ်ဆိုး စွမ်းအင်များ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံးအား အမှောင်ထုအား လွှမ်းခြုံထားသဖြင့် မျက်နှာကိုပင် မမြင်နိုင်ပေ။ သူ့ထံမှ အလွန် ကြောက်စရာ ကောင်းသော စွမ်းအင်တစ်ခုကို လူတိုင်း ခံစားမိနေသည်။
ကြမ်းကြုတ်ခြင်း၊ ရက်စက်ခြင်း၊ နာကြည်းခြင်း စသည့် မကောင်းသော အငွေ့အသက်များ အားလုံးက သူ့ထံ၌ စုစည်းနေသလိုပင်။
*နတ်ဆိုး*
*သူက တကယ် နတ်ဆိုးပဲ*
ဆယ်မိုင်အတွင်းရှိ ငါး၊ သစ်ပင်၊ ငှက်များနှင့် သားရဲများအားလုံး သေဆုံးသွားကြသည်။ အနက်ရောင် တိမ်တိုက်က မြို့ကို လွှမ်းခြုံလာပြီး ဖျက်ဆီးချင်နေပုံ ရသည်။
လူတိုင်း ဖန်သားပြင်ကိုကြည့်ပြီး ထိုကြောက်စရာကောင်းသော စွမ်းအင်ကို ခံစားမိနေ၏။
“တစ်ယောက်တည်းနဲ့ မြို့ကို ဖျက်ဆီးမှာ၊ ပြီးတော့ သူ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ”
“လူတစ်ယောက်တည်းက မြို့ကို ဖျက်ဆီးတာ၊ ဒါ လုံးဝ ကြောက်ဖို့ကောင်းတယ်”
“နဂါးမြို့တော် ဒီနေ့ ပျက်သုဉ်းပြီပဲ”
“ယဲ့မိသားစု ကိုယ့်ဘာသာကိုယ် အခေါင်းသာ ပြင်ထားလိုက်တော့”
တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲ၌ ထိုသို့သော စကားများဖြင့် ပြည့်နှက်လာ၏။ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးမှ လူတိုင်း ဤမြင်ကွင်းကို ကြည့်ပြီး သဘောပေါက်သွားကြသည်။
ယဲ့မိသားစု ပျက်စီးသွားပြီး နဂါးမြို့တော် ပျက်သုဉ်းသွားပေတော့မည်။
“ဝုန်း”
မိုးမြေ တုန်ခါလာပြီး လေထုထဲ၌ အဖျက်စွမ်းအင်များ ပျံ့လွင့်နေကာ တာအိုသဘောတရားများ ပေါင်းစပ်နေ၏။ တာအိုသဘောတရားနှင့် ဥပဒေသများက လေဟာနယ်၏ နေရာလပ်မကျန် ထိုးဖောက်နေသည်။
နဂါးမြို့တော် အပြင်ဘက်၌ မြေဆီလွှာအက်ကွဲနေပြီး ကြောက်စရာကောင်းသော စွမ်းအင်က နဂါးမြို့တော်ထံသို့ ဦးတည်လာနေ၏။
“ဝင်္ကပါ အစီအရင်ကို အသက်သွင်းတော့”
တတိယဘိုးဘေး အော်ဟစ် အမိန့်ပေးလိုက်သည်။ သူ့အသံက အလွန် စိုးရိမ်သော လေသံအဖြစ်သို့ ပြောင်းလဲ နေသည်။ လက်ရှိအခြေအနေ၌ သူ အမှန်တကယ် ကြောက်ရွံ့နေ၏။
*ဒီမိစ္ဆာကောင်က ဘာလို့ အမတ ဖြစ်နေရတာလဲ*
အတိတ်က ဟောကိန်းကို ပြန်တွေးမိပြီးနောက် သူ့စိတ်ထဲတွင် စိုးရိမ်တုန်လှုပ်လာပြီး ပို၍ စိတ်တထင့်ထင့် ဖြစ်လာရသည်။
ဝင်္ကပါ အစီအရင် အသက်ဝင်လာပြီးနောက် ရှေးကျသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး အလင်းတန်းများ အချင်းချင်း ပေါင်းစပ်သွားပြီး အလွန် မှင်တက်ဖွယ်ကောင်းသော အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားကြံ့ခိုင်သော ပုံရိပ်ဆယ်ခု ပေါ်ထွက်လာ၏။ သူတို့သည် အတိတ်က ယဲ့မိသားစု၏ အသန်မာဆုံးသော ဘိုးဘေး ဆယ်ယောက်၏ ဝိညာဉ်ခန္ဓာများ ဖြစ်သည်။ သူတို့သည် အစီအရင်၏ ထောင့်နေရာတိုင်း၌ ရပ်နေပြီ လောကကို အုပ်မိုးကြည့်နေကြသည်။
နှစ်တစ်သောင်း ကျော်သွားသော်လည်း ဤရှေးဟောင်းအစီအရင်က အသစ်သဖွယ် ဖြစ်နေဆဲဖြစ်ပြီး ပြိုင်ဘက်ကင်း၍ မဖျက်ဆီးနိုင်သော ပုံစံမျိုး ဖြစ်နေလေသည်။
“ဝုန်း”
ပြင်းထန်သော အဖျက်စွမ်းအင်က ရှေးဟောင်း အစီအရင်ထံသို့ ထိမှန်လာသောအခါ အစီအရင် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ထိုးဖောက် ဖျက်ဆီးခြင်းငှာ မစွမ်းသာပေ။
“တားလိုက်ပြီ”
ဘုရင်များအားလုံး အံ့ဩသွားကြသည်။ ယဲ့ဘုရင်က ကြောက်စရာကောင်းသော်ငြားလည်း နှစ်ထောင်သောင်းချီ ကြာသော်လည်း ယိုယွင်းသွားခြင်း မရှိသည့် ဤအစီအရင်အား ကိုင်လှုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သူတို့ အစီအရင်အတွင်း၌ နေနေသရွေ့ ယဲ့ဖန် သူတို့ကို ဘာမှမလုပ်နိုင်ပါ။
“ဒီအစီအရင်ထဲမှာနေရင် ငါတို့ ဘာမှလုပ်စရာ မလိုဘူး၊ ဒီအစီအရင်နဲ့တင် သူ့ကို သတ်ဖို့ လုံလောက်နေပြီ”
တတိယဘိုးဘေးက ထပ်ခါထပ်ခါ ပျက်ရယ်ပြု၍ လေသံမာမာဖြင့် ခနဲ့လိုက်သည်။
“ဒီငနဲသားမှာ ခွန်အား ဘယ်လောက်ကျန်နေသေးလဲ ငါ သိချင်သား”
“ဒီမျိုးမစစ်ကောင် တကယ် သေသင့်တာ၊ ငါ အသက်ရှင်နေတာ နှစ်တွေ ကြာနေပြီ၊ တစ်ခါမှ ဒီလောက်အထိ စော်ကားမခံရဖူးဘူး၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး၊ သူ သေသွားပြီးရင် သူ့မိန်းမ၊ ကလေးတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ငါ လိုက်ရှာမယ်၊ ပြီးရင် သူတို့ကို မသေမချင်း နှိပ်စက်ပစ်မယ်”
ယဲ့မိသားစု၏ အဘွားအိုတစ်ယောက်က အံကြိတ်၍ ကြုံးဝါးလေသည်။
“ယဲ့ဖန် မင်း မစွမ်းတော့ဘူးလား၊ လုပ်စမ်းပါကွ၊ ဒီအစီအရင်ကို ဖျက်စီးပြီး ငါတို့ကို လာသတ်လေ၊ ငါတို့ မင်းကို ဒီမှာ စောင့်နေတယ်”
“ရွှစ်”
ထိုအခိုက်တွင် လှံတံက ယဲ့ဖန်၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ထိုအခါ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် လှံတံကို အသာ ပွတ်သပ်လိုက်သဖြင့် ရွှေရောင်လှံတံတစ်ခုလုံး အနက်ရောင်သို့ ပြောင်းသွားပြီး နတ်ဆိုး သဘော သဘာဝများ ပေါ်လွင်လာပြီး နတ်ဆိုးဝင်ပူးခံထားရသည့် နဂါးတစ်ကောင်လို ဖြစ်လာသည်။
“ဒါက …”
စွန်းထောင် ရုတ်တရက် ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားပြီး ကြက်သေ သေသွားလေသည်။
“မှော်ပညာ”
လုံခွေ တအံ့တဩ ရေရွတ်လိုက်မိသည်။ ၎င်းသည် ရှေးခေတ်အခါကတည်းက ပျောက်ဆုံးသွားခဲ့သည့် အံ့ဖွယ်ပညာ ဖြစ်သည်။ သို့သော် ယဲ့ဖန်က ၎င်းကို လုပ်ဆောင်နိုင်သည်တဲ့လား။
မကြာခင်မှာပင် လှံတံက လုံးဝ လငပုပ်ဖမ်းသကဲ့သို့ နက်မှောင်သွားပြီး အနက်ရောင် အလင်းများဖြင့် တောက်ပ လာသည်။ လှံတံ၏ ကိုယ်တည်တစ်ခုလုံး၌ ရှေးခေတ် ကြယ်တာရာ၊ နေနှင့် လတို့အား သဟဇာတဖြစ်စွာ ရေးထွင်းထားသည်။
ထိုစဉ် လှံတံ၏ ကိုယ်ထည် တုန်ခါလာပြီး ကမ္ဘာငယ်တစ်ခု ပွင့်လာကာ နဂါးငွေ့တန်းများ ထွက်ပေါ်လာပြီး ကြယ်တာရာများက အချင်းချင်း ပေါင်းစပ်ကာ တစ်ခုတည်း ဖြစ်လာသည်။
ဤသည်ကို မြင်သောအခါ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ဤသည်မှာ ထိတ်လန့်စရာ ကောင်းသော မြင်ကွင်း ဖြစ်ပြီး လူတိုင်း ကြက်သေ သေနေ၏။ ဤမြင်ကွင်းအား နောင်နှစ်ပေါင်း မည်မျှ ကြာသွားပါစေ သူတို့ တစ်သက် မေ့နိုင်တော့မည် မဟုတ်ပါ။
ထိုအခိုက်တွင် ယဲ့ဖန်က လက်မောင်းကို အသာမြှောက်၍ လှံတံအား ခပ်မြင့်မြင့်ကိုင်ပြီး လှံတံပစ် ပြိုင်ပွဲ ဝင်တော့မည် ကိုယ်နေဟန်ထားမျိုး ပြုလုပ်လာသည်။
“သူ ဘာလုပ်မလို့လဲ”
“ဒီနတ်ဆိုး စပြီး ထိုးစစ်ဆင်တော့မယ်”
လူတိုင်း စိုးရိမ်တကြီး ဖြစ်လာကြသည်။ ယနေ့ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက ယဲ့ဖန်၏ တိုက်ခိုက်မှုအပေါ် မူတည်နေလေပြီ။
တတိယဘိုးဘေးနှင့် အခြားသူများလည်း အသက်အောင့်ထားမိကြပြီး သူတို့၏ အပြုံးများ ပျောက်ကွယ်ကာ မျက်စိရှေ့မှ ကပ်ဘေးအား စိုးရိမ်တုန်လှုပ်စွာ ကြည့်နေမိသည်။
“ဒီနေ့ ငါ နဂါးမြို့တော် တစ်ခုလုံးကို သိမ်းမယ်၊ ဘယ်သူမှ အသက်မရှင်ကျန်စေရဘူး”
မိုးကောင်းကင်ပင် တုန်ခါလောက်သည့် ကျယ်လောင်သော အသံဖြင့် ဟစ်ကြွေးလိုက်ပြီးနောက် ကြယ်တာရာများ စုဝေးနေသည့် လှံတံအား ပစ်လွှတ်လိုက်သည်။
များစွာသော ကြယ်တာရာများ ဖွဲ့စည်းပါဝင်နေသည့် လှံတံက အရှေ့သို့ တစ်ဖြောင့်တည်း ပျံသန်းသွားသည်။ မြို့ကို ဖျက်ဆီးနိုင်သည့် အရှိန်အဝါများဖြင့် အစီအရင်အား ထိုးဖောက်လာ၏။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ လှံတံက အစီအရင်အား ပစ်ဆောင့်သဖြင့် ယခင်ထက် အဆတစ်ရာမက ပိုပြင်းထန်သော တုန်ခါမှု ဖြစ်ပေါ်လာလေသည်။
ထို့နောက် လူတိုင်း၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်အောက်၌ လှံတံသည် ဖြည်းဖြည်းချင်း အက်ကွဲကာ ပျောက်ကွယ်သွားသည်။
“အခုထိ အလုပ်မဖြစ်ဘူးလား”
တစ်နိုင်ငံလုံး စိတ်ဓာတ်ကျသွားသည်။
“ဟားဟားဟား ယဲ့ဖန် ငါ့အစီအရင်က နှစ်ထောင်သောင်းချီအောင် မပျက်စီးပဲ တည်ရှိနေခဲ့တာ၊ မင်းတစ်ယောက် တည်းက ဒါကို ဖျက်ဆီးနိုင်ပါ့မလား၊ စိတ်မကောင်းစရာပဲ၊ မင်းညီအတွက် မင်း လက်စားချေနိုင်မှာ မဟုတ်ဘူး”
တတိယဘိုးဘေးက အားပါးတရ ရယ်မောနေသည်။ အစီအရင် မပျက်စီးသရွေ့ သူတို့ ဘာမှမဖြစ်နိုင်ပါ။ အချိန်တန်လာလျင် သူတို့သည် အခွံထံ ပြန်ပုန်းနေသည့် လိပ်တစ်ကောင်ကဲ့သို့ နေမည် မဟုတ်ပေ။
သူတို့ အားပြန်ပြည့်လာပြီးလျင် ယဲ့ဖန်အနားမှ လူတိုင်းကို သတ်ပစ်ရန် ထူးချွန်သော သိုင်းပညာရှင်များကို စေလွှတ်မည် ဖြစ်သည်။ သူတို့ ယဲ့ဖန်ကို သတ်နိုင်မည်ဆိုလျင် ထိုပုရွက်ဆိတ်များကို သူတို့ မသတ်နိုင်ဘဲ ရှိပါမည်လော။
“ယဲ့ဖန် မင်း နိုင်ပြီလို့ တွေးမနေနဲ့၊ ငါ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ခေါ်ထားပြီးပြီ၊ သူတို့ရောက်လာရင် ငါတို့ ညီအစ်ကိုသုံးယောက် ပေါင်းပြီး မင်းကို သေချာပေါက် သတ်မှာကွ”
တတိယဘိုးဘေးက ယုံကြည်မှုရှိစွာ ပြုံးနေသည်။ သူ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သည် ယဲ့မိသားစု၏ ဘိုးဘေးများ ဖြစ်ပြီး သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားလေသည်။ သူ့ထက် ဆယ်ဆမက ပိုသန်မာသောသူများ ဖြစ်သည်။ ထိုအချိန် ရောက်လာလျင် ယဲ့ဖန်တောင်မှ သေခြင်းတရားဖြင့်သာ အဆုံးသတ်ရပေမည်။
“ဟားဟားဟား ယဲ့ဖန် ခွေးကောင်၊ မင်းညီ အသတ်ခံလိုက်ရတာတောင်မှ မင်း လက်စားမချေနိုင်ဘူး၊ မင်းက ဒီအတိုင်း အမှိုက်ကောင်ပဲ၊ မင်း …”
“ဂျွတ်”
လူတိုင်း ဆက်လက်၍ ပုတ်ခတ်ပြောဆိုရန် ပြင်နေစဉ်တွင် တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ဝင်္ကပါ အစီအရင်၌ အက်ရာတစ်ခု ပေါ်လာလေသည်။ တတိယဘိုးဘေးနှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။
“မကောင်းတော့ဘူး”
တစ်ခဏအတွင်း သူတို့ တစ်စုံတစ်ရာကို သတိထားမိပြီး အမူအရာ ပျက်ယွင်းကာ ကျယ်လောင်စွာ အော်ဟစ်လာသည်။
“ဂျွတ် ဂျွတ်”
အက်ရာက ပင့်ကူမျှင်သဖွယ် အစီအရင်တစ်ခုလုံးအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။
“ဝုန်း”
ကြောက်စရာကောင်းသော အသံကျယ်တစ်ခုနှင့်အတူ နှစ်ထောင်သောင်းချီ မပျက်စီးခဲ့သော အစီအရင်ကြီးသည် ချက်ချင်း ပြိုလဲပျက်စီးသွားလေတော့သည်။
ဖြစ်ပျက်သွားသော အရာရာတိုင်းက လျှပ်ကူးသည့်နှုန်းထက်ပင် မြန်ဆန်လွန်းသဖြင့် မည်သို့မျှ မတုံ့ပြန် လိုက်နိုင်ပေ။ တတိယဘိုးဘေး၏ ဂုဏ်ယူနေသော အပြုံးသည်လည်း ချက်ချင်း အေးခဲကာ ပျောက်ကွယ် သွားရသည်။
*အစီအရင် ပျက်စီးသွားပြီလား*
*ငါတို့ရဲ့ နောက်ဆုံး ခံစစ် မရှိတော့ဘူးပေါ့*
ထိုစဉ် သရဲတစ္ဆေကဲ့သို့သော ပုံရိပ်တစ်ခုက ဘယ်အချိန်ကတည်းက သူတို့ ရောက်နေမှန်း မသိဘဲ သွေးဆာသော အပြုံးမျိုး ပြုံးနေလေသည်။
“ခင်ဗျားတို့ ဂုဏ်ယူနေတာ မဟုတ်ဘူးလား”