← Chapters

တောက်ပသောကြယ်စင်များအလယ်

Vol. 38 Ch. 527

တောက်ပသောကြယ်စင်များအလယ်

Vol. 38 Ch. 527

အခန်း (၅၂၇) တောက်ပသောကြယ်စင်များအလယ်

ရန်ကျောက်ကဲက ကျောက်စိမ်းဓားကို သိမ်းဆည်းလိုက်ပြီး ယင်ယွီကျန်းအခြေအနေကို ခဏမျှ အကဲခတ်ပြီးနောက် ရွှီဖေးနှင့်အတူ နေရာမှ ထွက်ခွာလာသည်။

ရွှီဖေးက ချန်လီတောင်မှ သိုင်းသမားများ ၊ သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများဖြင့် ခရီးထွက်ရန် ပြင်ဆန်နေချိန် ရန်ကျောက်ကဲက ပိုင်ကျင်းခန်းနှင့် သွားရောက်တွေ့ဆုံသည်။

“ကျွန်တော့်ရဲ့ ဆရာဒေါ်လေးက ဒဏ်ရာပြန်ကောင်းလာဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတာဖြစ်လို့ ကျေးဇူးပြုပြီး သူ့ကို မနှောက်ယှက်ပါနဲ့ဗျာ ၊ သူ တံခါးပိတ်ကျင့်ကြံရာကထွက်လာရင် ပင်လယ်လောင်မြိုက်စမ်းချောင်းကို တစ်ခေါက်လောက်သွားကြည့်ပေးဖို့ ပြောပေးစေချင်ပါတယ်”

ပိုင်ကျင်းခန်းက ခေါင်းညိတ်သဘောတူလိုက်သည်။

ရန်ကျောက်ကဲက...

“ကျွန်တော့်ကို ကြယ်စင်လှည့်ပြောင်းပင်လယ်အကြောင်း အသေးစိတ် ပြောပြပေးနိုင်မလား”

“‘ရန်’ သခင်လေးအတွက် လူတစ်ယောက် ရှာပေးပါ့မယ်”

ထို့နောက် ပိုင်ကျင်းခန်းက ကြယ်စင်လှည့်ပြောင်းပင်လယ်အကြောင်း သူ့ထက်ပိုမိုနားလည်သော ချန်လီတောင်မှ သိုင်းသမားတစ်ယောက် ရှာဖွေပေးသည်။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းကို ကျေးဇူးတင်စကားဆိုပြီးနောက် ချန်လီတောင်မှ သိုင်းသမားပြောပြသော ကြယ်စင်လှည့်ပြောင်းပင်လယ်အကြောင်း စိတ်ဝင်တစား နားထောင်ခဲ့သည်။

ကြယ်စင်လှည့်ပြောင်းပင်လယ်သည် သမုဒ္ဒရာကမ္ဘာ၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး အသင်္ချေသော ကြယ်စင်စမ်းချောင်းများ ၊ အလင်းရောင်ရေစီးကြောင်းများဖြင့် ပြည့်နက်နေသော ဒေသတစ်ခု ဖြစ်၏။

ကြယ်စင်စမ်းချောင်းများသည် ထူးခြားသော ရှုခင်းတစ်ခုပမာ လှပလွန်းပြီး စမ်းချောင်းတစ်ခုစီ၏အရင်းအမြစ်က ပင်လယ်ရေအောက်၌ တည်ရှိသည်။ ထိုစမ်းချောင်းများမှ ကြယ်ရောင်ပမာ အလင်းတန်းများထွက်ပေါ်နေပြီး ပင်လယ်ရေပြင်ထက်တွင် စီးဆင်းနေကြသည်။

အရွယ်အစားကြီးမားသော စမ်းချောင်းများဆိုလျှင် ပင်လယ်ရေပြင်ကိုထိုးဖောက်လျှက် ကောင်းကင်ထိတိုင် လင်းထိန်တောက်ပစေသည်။

သို့သော် ထိုကြယ်စင်အလင်းတန်းများက သိုင်းသမားများ၏ ကျင့်ကြံခြင်းအတွက် အကျိုးမရှိခဲ့ပေ။ ထိုဒေသတစ်ခုလုံး ကြယ်စင်စမ်းချောင်းများပြည့်နက်နေသဖြင့် တစ်နှစ်ပတ်လုံး ကြယ်ရောင်များ လွှမ်းခြုံလျှက်ရှိ၏။

ကြယ်စင်လှည့်ပြောင်းပင်လယ်ဒေသတွင် သိုင်းသမားများ ကျင့်ကြံရန်အလွန်ခက်သဖြင့် အများစုက ထိုနေရာသို့ မသွားရောက်ကြပေ။ သို့သော် အဖိုးတန်ရတနာပစ္စည်းများရှာဖွေရန် စွန့်စားသွားလာနေကြသူများကတော့ ရှိသည်သာ။

ရှီကျွင်း ချန်လီတောင်မှ ထွက်လာရသည့်ရည်ရွယ်ချက်က မိခင်ဖြစ်သူ ယင်ယွီကျန်း ပြန်လည်သတိရလာစေရန် ဆေးဝါးများ ရှာဖွေရန်ဖြစ်ပြီး သူကိုယ်တိုင်လည်း အတွေ့အကြုံရှာဖွေရန် ရည်ရွယ်ခဲ့သည်။

ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ဝင်ရောက်လာပြီးနောက် ကြယ်ရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသော ပင်ဠယ်ပြင်သည် သိုင်းကျင့်ကြံသူများ၏ အာရုံခံနိုင်စွမ်းကို ထိခိုက်စေသည့်အပြင် ဆက်သွယ်ရေးကိုလည်း အလွန်အဟန့်အတား  ဖြစ်စေသည်။

သွေးနီတိမ်တိုက်ဂိုဏ်းမှ သိုင်းသမားများ၏ စကားအရဆိုလျှင် သူတို့ဂိုဏ်းချုပ်’ရှန်စစ်ချန်’ ၏ သမီးဖြစ်သူ ရှန်ယင်းသည် အတွေ့အကြုံရှာဖွေရန် ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ခရီးထွက်ခဲ့ပြီး ဤသို့ နားမလည်နိုင်စရာ အဖြစ်အပျက် ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။

ရှီကျွင်းနှင့် ရှန်ယင်းတို့ ပင်လယ်ရေဝဲဂယက်တစ်ခုအတွင်း ခုန်ချသွားကြစဉ် သွေးနီနဂါးဂိုဏ်းသားများ လိုက်လံခုန်ဆင်းကာ ရှာဖွေခဲ့ကြသည်။ သို့သော် ထိုရေဝဲဂယက်က ကြယ်စင်စမ်းချောင်းတစ်ခု၏ သွေးကြောရင်းမြစ်ဖြစ်နေသဖြင့် သူတို့နှစ်ယောက် မည်သည့်ကြယ်စင်စမ်းချောင်းထဲ ရောက်ရှိသွားကြောင်း ခြေရာခံနိုင်ခြင်းမရှိဘဲ မျက်ခြေပြတ်သွားခဲ့၏။

“အင်း... သူတို့သာ ကြယ်စင်စမ်းချောင်းတစ်စင်းထဲ ရောက်သွားမယ်ဆိုရင် သွေးနီနဂါးဂိုဏ်းကလူတွေကို မျက်ခြေဖြတ်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်”

ရန်ကျောက်ကဲ ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ရောက်လာပြီး ပတ်ဝန်းကျင်အခြေအနေကို လေ့လာရင်း တွေးတောလိုက်သည်။

“ဒါပေမဲ့... ရန်သူကို မျက်ခြေဖြတ်ပြီးရင် သူတို့ ဘယ်ကိုဆက်သွားကြမလဲ”

သွေးနီနဂါးဂိုဏ်းသားများ ရှီကျွင်းကို ဖမ်းဆီးမိခြင်းမရှိသေးပါက သူတို့အနေဖြင့် ချန်လီတောင်ကို ရောက်လာသည်မှာ ဖြစ်သင့်သည့်ကိစ္စပင်။ အဘယ်ကြောင့်ဆိုသော် ရှီကျွင်းထွက်ပြေးလွတ်မြောက်သွားသည်ဆိုလျှင် ချန်လီတောင်တည်ရှိရာ တည်ရာမဲ့ပင်လယ်သို့ သေချာပေါက် ပြန်လာပြီး ဆရာဖြစ်သူ’ရွှီဖေး’ နှင့်တိုင်ပင်ကာ အစီအစဉ်များ ပြုလုပ်မည် ဖြစ်သည်။

အနည်းဆုံးတော့ ရွှီဖေးနှင့် အဆက်အသွယ်ရအောင်ကြိုးစားပြီး အခြေအနေကို အရင်ဆုံးရှင်းပြမည်ပင်။

ယခု ရှီကျွင်းထံမှ မည်သည့်သတင်းမှ မရရခြင်းက ဆက်သွယ်မရနိုင်သော တစ်စုံတစ်ခု အကြောင်းရှိသောကြောင့် ဖြစ်ရမည်။

စဉ်းစားရင်းဖြင့် ရန်ကျောက်ကဲက မြူခိုးများ ထူထပ်စွာဖုံးလွှမ်းနေသော ပင်လယ်ပြင်ကို ငေးကြည့်နေသည်။

ထို့နောက် ပင်လယ်ဒေသအတွင်းသို့ ဝင်ရောက်လိုက်သည်။ ပင်လယ်ရေမျက်နှာပြင်အောက်တွင် ကြယ်စင်ရောင်များတောက်ပလင်းထိန်လျှက် ရှိ၏။

ပင်လယ်ရေအောက်ကို ကြည့်မည်ဆိုလျှင် စကြာဝဠာအာကာသနှင့် ဆင်တူသည်။ ကြယ်ရောင်များသည် ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ်လင်းလက်လျှက် ၊ တစ်ခါတစ်ရံ ကြယ်ကြွေသည့်ပမာ ပင်လယ်ရေပြင်ထက်သို့ လွင့်ပျံလာပြန်သည်။

ကြယ်စင်လှည့်ပြောင်းပင်လယ်က မြူခိုးများဆိုင်းနေပြီး ကြယ်ရောင်များတောက်ပနေသဖြင့် နေ့မှန်းညမှန်းမသိနိုင်သော သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားသည်။

ကြယ်စင်လှည့်ပြောင်းပင်လယ်ထဲ ခရီးထွက်ရင်း ရန်ကျောက်ကဲ သူ့ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ်အကဲဖြတ်လျှက် သူ၏ခြေရာများကိုလည်း သဲလွန်စမကျန် ဖုံးကွယ်ထားသည်။

ကြယ်စင်လှည့်ပြောင်းပင်လယ်တွင် အခြားသိုင်းသမားများလည်း သွားလာနေသည်ကို တွေ့ရသည်။ ထူးခြားသောရတနာပစ္စည်းများ ရရှိမည်လားဟု ရောက်ရှိလာကြသော တစ်ကိုယ်တော်သိုင်းသမားများအပြင် လမ်းမှန်ဂိုဏ်းသားများနှင့် မိစ္ဆာဂိုဏ်းသားများကိုလည်း ရှိနေကြ၏။

ရတနာပစ္စည်းများရှာဖွေရာတွင် လမ်းမှန်နှင့် မိစ္ဆာဂိုဏ်းသားများ မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိပြီး ဤနေရာက ပရမ်းပတာနယ်မြေတစ်ခုဖြစ်သလို နှစ်ဖက်တိုက်ပွဲဖြစ်ရာ အဓိကနေရာတစ်ခုလည်း ဖြစ်သည်။

အခြားဂိုဏ်းသားများနှင့်ယှဉ်လျှင် သွေးနီနဂါးဂိုဏ်းသားများ ပိုမိုများပြားနေသည်ကို ရန်ကျောက်ကဲ သတိပြုမိသည်။ သူတို့က နေရာအနှံ့ အုပ်စုများခွဲကာ ရှီကျွင်းကို ရှာဖွေနေခြင်းပင်။

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း...

“ကြည့်ရတာ... ရှီကျွင်း သူတို့လက်ထဲ မရောက်သေးတာ သေချာတယ်”

ထိုအတွေးကြောင့် ရန်ကျောက်ကဲစိတ်ထဲ တင်းကျပ်မှုများ လျော့ကျသွားသည်။ ရှီကျွင်း သူတို့လက်ထဲ မကျရောက်သရွေ့ မည်သည့်အရာကိုမှ စိတ်ပူစရာမရှိဘဲ သူလုပ်ချင်ရာလုပ်နိုင်မည် မဟုတ်လား။

ရန်ကျောက်ကဲက ရွှီဖေးပေးလိုက်သော ကျောက်စိမ်းဓားကို လက်ဖြင့်ပွတ်သပ်ရင်း...

“ကျွင်းအာ ဘယ်ရောက်နေလဲ ၊ ငါတို့နဲ့ မဆက်သွယ်နိုင်တဲ့ တစ်နေရာရာမှာ ပိတ်မိနေတာများလား”

ရွှီဖေးစကားအရ ရှီကျွင်းတွင်လည်း ကျောက်စိမ်းဓားတစ်လက် ရှိလေသည်။ ထိုဓားနှစ်ချောင်း သတ်မှတ်ထားသောအကွာအဝေးသို့ ရောက်ရှိသည်နှင့် ပြင်းထန်သောပဲ့တင်ထပ်မှု ဖြစ်ပေါ်လာမည် ဖြစ်၏။

ရန်ကျောက်ကဲ ကျောက်စိမ်းဓားကိုကိုင်ရင်း ရှီကျွင်းကို နောက်ဆုံးတွေ့ခဲ့ရသည်ဆိုသောနေရာသို့ ဦးတည်ထွက်ခွာလာသည်။

ထိုနေရာက ကျွန်းငယ်လေးတစ်ခု ဖြစ်ပြီး ထိုကျွန်းအနီးအနားသို့ရောက်သည့်အခါ သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများ ရောက်ရှိနေကြောင်း တွေ့ရ၏။ ဝါရင့်အကြီးအကဲများလည်းပါရှိသလို ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် တပည့်များလည်းပါရှိလေသည်။

သူတို့က ရှီကျွင်းနှင့် ရှန်ယင်း ပျောက်ဆုံးသွားရာနေရာဖြစ်သော ဤကျွန်းလေးတွင် အဆက်မပြတ် ရှာဖွေမှုများ ပြုလုပ်နေကြသည်။

ရန်ကျောက်ကဲလည်း ခဏမျှ ရှာဖွေကြည့်သည့်တိုင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

ကျွန်းငယ်၏ အရွယ်အစားက မကြီးမားပေ။ ကြယ်စင်လှည့်ပြောင်းပင်လယ်ထဲတွင် သွားလာရင်း ရှီကျွင်းနှင့် သွေးနီနဂါးဂိုဏ်းမှတပည့်များ ဤနေရာတွင် တွေ့ဆုံခဲ့ကြသည်။

ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းမှ ပဋိပက္ခများကြောင့် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့ပြီး ရန်ပွဲကို ဖြန်ဖြေပေးခဲ့သူက ရှန်ယင်း ဖြစ်လေသည်။

အခြား သိုင်းဂိုဏ်းများမှ သိုင်းသမားများလည်း ဤအဖြစ်အပျက်ကို တွေ့မြင်ခဲ့ရပြီး အားလုံးက သနားညှာတာတတ်ပြီး စိတ်ထားသိမ်မွေ့သော ရှန်ယင်းကို ချီကျူးစကားဆိုကြသည်။

သို့ပေသိ ထိုညတွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့၏။

ရှီကျွင်းက သွေးနီဂိုဏ်းသားနှစ်ယောက်ကို သတ်ဖြတ်ကာ တစ်ယောက်ကို ဒဏ်ရာရစေပြီး ရှန်ယင်းကို ဖမ်းဆီးခေါ်ဆောင်ကာ ပင်လယ်ရေဝဲဂယက်ထဲ ခုန်ချထွက်ပြေးသွားခဲ့ခြင်းပင်။

ဤသတင်း ပျံ့နှံ့သွားပြီးနောက် လမ်းမှန်သိုင်းသမားအတော်များများက ရှီကျွင်းကို မကျေမနပ် ဖြစ်ခဲ့ကြသည်။

နှစ်ဖက်စလုံးမှားသည်ဆိုလျှင်တောင်မှ သိုင်းပညာဖြင့်သာ ဖြေရှင်းသင့်သည်။ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းကတော့ အတော်လေး နားဝင်ဆိုးသည့်ကိစ္စပင်။

မိစ္ဆာဂိုဏ်းသားများကတော့ ထိုသတင်းကြားသည့်အခါ အလွန်တရာ ပျော်ရွှင်ကြသည်။ သူတို့က မီးလောင်ရာလေပင့်ဆိုသလို ရှီကျွင်း၏လုပ်ရပ်ကို အဆက်မပြတ် ချီးကျူးပြောဆိုကြ၏။

ထိုကျွန်းငယ်လေးတွင် မည်သည့်သဲလွန်စမှ ရှာမတွေ့သည့်အခါ ရန်ကျောက်ကဲ ပင်လယ်ရေအောက်စီးကြောင်းများအတွင်း ဝင်ရောက်လာခဲ့သည်။ ဆန်းကျယ်သော လျှို့ဝှက်ရေစီးကြောင်းများသည် ရန်ကျောက်ကဲ၏စွမ်းအားကို ခုခံနိုင်ခြင်းမရှိသဖြင့် လွတ်လပ်စွာပင် သွားလာနိုင်ခဲ့၏။

ရုတ်တရက် သူ့မျက်လုံးရှေ့တွင် အလွန်လင်းထိန်တောက်ပသော ကြယ်ရောင်များကို တွေ့မြင်လိုက်ရသည်။ ဤသည်က ကြယ်စင်စမ်းချောင်းတစ်ခု၏ ရင်းမြစ်သွေးကြောဖြစ်ကြောင်း သိလိုက်သဖြင့် ရန်ကျောက်ကဲ ရပ်တန့်လိုက်သည်။

ထို့နောက် သူက ကျောက်စိမ်းဓားကို ထုတ်ယူပြီး ဓားသွားကိုလက်ဖြင့်သပ်ရင်း လေးလေးနက်နက်စဉ်းစားနေသည်။

ခဏကြာမှ သူက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ဓားအတွင်းသို့စီးဆင်းစေလိုက်ပြီး လက်ချောင်းထိပ်ကို ဓားသွားဖြင့် အနည်းငယ်ပြတ်ရှစေကာ သွေးတစ်စက် စီးဆင်းစေလိုက်သည်။

ရန်ကျောက်ကဲ၏ သွေးများက ဓားသွားထက် ကျဆင်းသွားသည်နှင့် ကျောက်စိမ်းဓားမျက်နှာပြင်တစ်ခုလုံး သွေးနီရောင်လွှမ်းခြုံသွားသည်။ ရန်ကျောက်ကဲက ဓားကိုဝှေ့ယမ်းလျှက် သူ့ရှေ့မှ ကြယ်စင်စမ်းချောင်းရင်းမြစ်အတွင်းသို့ တိုးဝင်သွားသည်။

ထိုအချိန် ကြယ်ရောင်အလင်းတန်းများကြားတွင် သွေးနီရောင်အလင်းတစ်ချက် လက်ခနဲတောက်ပသွားကြောင်း တွေ့လိုက်ရ၏။

ထိုအလင်းတန်းကို တွေ့သည်နှင့် ရန်ကျောက်ကဲက ပင်လယ်ရေပြင်ထက်သို့ ပြန်တက်လာပြီး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လိုက်သည်။

သူက ကျောက်စိမ်းဓားကို လက်မှာကိုင်ထားရင်း...

“ဒီနားတစ်ဝိုက်မှာထင်တယ်...”

All Chapters