← Chapters

ငါ့တူလေး တော်တယ်

Vol. 38 Ch. 528

ငါ့တူလေး တော်တယ်

Vol. 38 Ch. 528

အခန်း (၅၂၈) ငါ့တူလေး တော်တယ်

ပင်လယ်ပြင်တစ်ခုလုံး ကြယ်စင်ရောင်များဖြင့် ဖုံးလွှမ်းနေသဖြင့် ရန်ကျောက်ကဲရော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပါ အာရုံခံနိုင်စွမ်း အလွန်ထိခိုက်ခဲ့သည်။

ကိုယ့်မျက်လုံးဖြင့် မြင်နိုင်သည့်အရာကိုသာ သိရှိအာရုံခံနိုင်ကြသည်။

ရန်ကျောက်ကဲက လက်ထဲမှ ကျောက်စိမ်းဓားကို ငုံ့ကြည့်ရင်း အပြောင်းအလဲအချို့ကို ခံစားမိ၏။

အရေးကြီးဆုံး ခြေလှမ်းတွင် သူ မလွဲချော်ခဲ့ကြောင်း ဤသည်က သက်သေပြခဲ့ပြိး ရှီကျွင်းသည် ဤ ကြယ်စင်စမ်းချောင်းမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။

‌သွေးနီရောင်အလင်းတန်းမှတစ်ဆင့် ခြေရာခံနိုင်ခဲ့သဖြင့် ရှီကျွင်း မည်သည့်နေရာတွင်ရှိကြောင်း ခြေရာခံရန် နယ်မြေကျဉ်းမြောင်းသွားပြီဖြစ်ရာ ရှာဖွေရန် ခက်ခဲတော့မည် မဟုတ်ပေ။

ကျောက်စိမ်းဓား၏ လမ်းညွှန်မှုဖြင့် ရန်ကျောက်ကဲသည် အနီးနားပတ်ဝန်းကျင်ကို စတင်ရှာဖွေခဲ့သည်။

ထိုစဉ် အနီးပတ်ဝန်းကျင်တွင် သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများလည်း ရှိနေကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။ သူတို့က ဤနေရာတစ်ဝိုက်တွင်လှည့်လည်လျှက် သဲလွန်စများ ရှာဖွေနေကြခြင်းပင်။

သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများစွာက ကြယ်စင်လှည့်ပြောင်းပင်လယ်တစ်ခုလုံးတွင် အလူအများဖြန့်ကျက်ပြီး ရှာဖွေနေသော်လည်း ကောက်ရုံးပုံထဲ အပ်ပျောက်ရှာရသကဲ့သို့ပင်။ ကျယ်ပြန့်ရှုတ်ထွေးသော ပင်လယ်ဒေသတွင် လူနှစ်ယောက်ကို ရှာဖွေရန်မှာ အဘယ်မှာ လွယ်ပါမည်နည်း။ ထိုသူနှစ်ယောက်က ပုန်းအောင်းနေသူများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

သို့သော် ထိုသူများ ဤနေရာသို့ရောက်နေခြင်းက ကံကောင်းခြင်းသက်သက်မဟုတ်ဘဲ သဲလွန်စတစ်ခုခု ရရှိသောကြောင့် ဖြစ်ရမည်ဟု ရန်ကျောက်ကဲ သံသယဝင်မိသည်။

သွေးနီနဂါးဂိုဏ်းသားများအနားမှ တိတ်တဆိတ် ဖြတ်ကျော်သွားချိန် သူတို့ပြောဆိုနေသည့်စကားများကို ကြားလိုက်ရ၏။

“ဝင်္ကပါပင်လယ်နဲ့ ကြယ်စင်လှည့်ပြောင်းပင်လယ်လိုနေရာမျိုးမှာ လူပျောက်ရှာရတာ စိတ်ရှုတ်စရာကောင်းပြီး ခက်ခဲလွန်းတယ်”

“ဒါပေမဲ့ မရှာလို့ မဖြစ်ဘူးလေ ၊ အဲဒီ ရှီကျွင်းက အကြီးအကဲ’နျန်’ ရဲ့ မြေးကို ဒဏ်ရာရအောင်လုပ်ပြီး ဂိုဏ်းချုပ်ရဲ့ သမီးကို ပြန်ပေးဆွဲသွားတာ ၊ ဒီကောင် မြေရှိုးသွားတယ်ဆိုရင်တောင် တွင်းတူးပြီး ရှာရမှာပဲ”

“ဟုတ်တယ် ၊ သူက ချန်လီတောင်က ဧည့်သည်အကြီးအကဲတစ်ယောက်ရဲ့ တပည့်ပဲ ၊ ဘာအရေးစိုက်စရာရှိလဲ ၊ ချန်လီတောင်ကတပည့်ဆိုရင်တောင် ငါတို့ သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး”

“အကြီးအကဲ’နျန်’ တံခါးပိတ်ကျင့်ကြံရာကထွက်လာပြီး ဂိုဏ်းချုပ်နဲ့အတူ ကြယ်စင်လှည့်ပြောင်းပင်လယ်ကို လိုက်လာလို့ တော်သေးတယ် ၊ သူတို့က လျှို့ဝှက်နည်းပညာအသုံးပြုပြီး ပင်လယ်ပြင်ကို ကန့်သတ်လိုက်လို့ ရှာရမယ့်နေရာ ကျုံ့သွားတာပဲ ၊ ဟို လူယုတ်မာနဲ့ ဂိုဏ်းတူညီမလေး’ရှန်ယင်း’ ကို အမြန်ရှာရမယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ခုံးပင့်လိုက်၏။

သမုဒ္ဒရာကမ္ဘာသို့ ရောက်လာပြီးနောက် ရန်ကျောက်ကဲက ဤကမ္ဘာ၏ အခြေအနေကို ပိုမိုသဘောပေါက်စေရန် အချက်အလက်များ စုဆောင်းခဲ့သည်။

ချန်လီတောင်တွင် နေထိုင်သည့်ကာလအတွင်း စနစ်တကျ သုတေသနပြု လေ့လာခဲ့သည်။

ထို့ကြောင့် သွေးနီနဂါးဂိုဏ်းမှသိုင်းသမားများက မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မပြောဆိုသည့်တိုင် ရန်ကျောက်ကဲကတော့ ထိုသူများ မည်သူဖြစ်ကြောင်း သိရှိ၏။

သူတို့ပြောနေသည့် အကြီးအကဲ’နျန်’ ဆိုသည်က သွေးနီနဂါးဂိုဏ်း၏ အကြီးအမှူးလည်းဖြစ် ၊ ယခင်ဂိုဏ်းချုပ်လည်းဖြစ်သော ‘နျန်ချန်’ ကို ပြောခြင်း ဖြစ်သည်။ သူက သွေးနီနဂါးဂိုဏ်း၏ နံပါတ် (၁) သိုင်းကျင့်ကြံသူဖြစ်ပြီး ‘နဂါးကိုးကောင်လက်ချောင်း’ ကိုလည်း ထိန်းချုပ်ထားသူ ဖြစ်၏။

ထို့ပြင် နျန်ချန်က သမုဒ္ဒရာကမ္ဘာ၏ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၃) ဖြစ်သည်။ ထိုအဆင့်သတ်မှတ်ချက်တွင် ‘နဂါးကိုးကောင်လက်ချောင်း’ကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။

လွန်ခဲ့သည့် (၁၀)နှစ်က နျန်ချန်သည် ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန်အတွက် သွေးနီနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးမှ နှုတ်ထွက်ပြီး တပည့်ဖြစ်သူ ရှန်စစ်ချန်ကို ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းပေးခဲ့သည်။

သို့သော် သွေးနီနဂါးဂိုဏ်း၏ အလုံးစုံအခွင့်အာဏာကို နျန်ချန်က အဆုံးစွန် ဆုပ်ကိုင်ထားဆဲ ဖြစ်၏။ ထို့ကြောင့် သွေးနီနဂါးဂိုဏ်းနှင့် ဆက်ဆံရေးမကောင်းသူများက ရှန်စစ်ချန်ကို ရုပ်သေးရုပ်ဂိုဏ်းချုပ်ဟု လှောင်ပြောင်လေ့ ရှိကြသည်။

ရှန်စစ်ချန်ကတော့ ထိုအကြောင်းများကို အရေးမစိုက်ပေ။ နျန်ချန် တံခါးပိတ်ကျင့်ကြံသည့် ယခုနှစ်ပိုင်းမှာတော့ သူက ဂိုဏ်း၏ကိစ္စရပ်များအားလုံးကို တပည့်ဖြစ်သူကို လွှဲအပ်ခဲ့သည်။

ယခုတော့ နျန်ချန်ကိုယ်တိုင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ရောက်ရှိလာဟန်ပင်။

“ကျွင်းအာ ဒဏ်ရာရသွားအောင် လုပ်လိုက်တဲ့သူက နျန်ချန်ရဲ့ မြေးလား...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

နျန်ချန်၏သားဖြစ်သူက အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့ပြီး မြေးဖြစ်သူ နျန်ဝေ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အဘိုးကြီးက မြေးဖြစ်သူကို အတော်လေး တန်ဖိုးထားချစ်ခင်လေသည်။ ဤအကြောင်းက သမုဒ္ဒရာကမ္ဘာတစ်ခုလုံး သိကြသည့်အချက်ပင်။

ရန်ကျောက်ကဲ စဉ်းစားနေစဉ် သွေးနီနဂါးဂိုဏ်းသားများ ဆက်လက်စကားပြောနေသံကို ကြားရသည်။

“ဂိုဏ်းတူအစ်ကို’နျန်ဝေ’ က ဟို ‘ရှီ’မျိုးနွယ် လူယုတ်မာကြောင့် ဒဏ်ရာရတာတောင် မသက်သာသေးဘူး... ဂိုဏ်းတူညီမလေး’ရှန်’ ကို လိုက်ရှာနေရတယ် ၊ သူ့အတွက် ခက်ခဲမှာပဲ”

“ဟုတ်ပ... ပြီးတော့ ဂိုဏ်းတူအစ်ကို’နျန်’ နဲ့ ဂိုဏ်းတူညီမလေး’ရှန်’ တို့က တကယ့်ကို နတ်ဖက်တဲ့စုံတွဲပဲနော် ၊ ဂိုဏ်းတူညီမမလေး’ရှန်ယင်း’ ကြယ်စင်လှည့်ပြောင်းပင်လယ်ကို ခရီးထွက်လာတော့ ဂိုဏ်းတူအစ်ကို’နျန်ဝေ’ က သေသေချာချာ စောင့်ကြပ်ကာကွယ်ပေးခဲ့တာ ၊ အခုလိုတွေ ဖြစ်ကုန်မယ်လို့ ဘယ်သူထင်မလဲ ၊ ပြီးတော့ ဂိုဏ်းတူအစ်ကို’နျန်ဝေ’ လည်း စိတ်ပူလွန်းလို့ ဘယ်ငြိမ်ငြိမ် ထိုင်နေနိုင်ပါ့မလဲ”

“ဂိုဏ်းတူညီမလေး’ရှန်’ အချိန်အကြာကြီး ဖမ်းခေါ်ခံသွားရတာ ၊ ဘယ်ရောက်နေမှန်းလဲမသိဘူး ၊ ငါ စိုးရိမ်တာက...”

“တော်စမ်း... မင်းစကားတွေက ဘယ်ရောက်ကုန်ပြီလဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်ရင်း...

“တော်လိုက်တဲ့ ငါ့တူလေး ၊ မင်းက သွေးနီနဂါးဂိုဏ်း လူငယ်မျိုးဆက်ထဲက တကယ့်လူတွေကိုမှာ သွားထိတာကိုး ၊ သွေးနီနဂါးဂိုဏ်း ပေါက်ကွဲနေတာ မအံ့သြတော့ပါဘူး ၊ ကောင်းတယ်... ငါ့တူလေး တော်တယ်”

ထို့နောက် သူက သွေးနီနဂါးဂိုဏ်းသားများမသိအောင် တိတ်ဆိတ်လျှို့ဝှက်စွာ ထွက်ခွာလာခဲ့သည်။

ရှီကျွင်းကိုရှာရင်း သူ့စိတ်များသည်လည်း တောင်တွေးမြောက်တွေး တွေးမိသည်ပင်။

ရှန်ယင်းက သူမနှင့် နျန်ဝေ၏ စေ့စပ်ထားခြင်းကို သဘောမကျဘဲ ရှီကျွင်းကိုများ မြင်မြင်ချင်း ချစ်မိသွားပြီး နှစ်ယောက်အတူတူ ထွက်ပြေးသွားခဲ့သည်လား...။

နျန်ဝေက မလိုလားအပ်သောအပြုအမူများ ပြုလုပ်သဖြင့် ရှီကျွင်းက သတ္တိရှိရှိဖြင့် ရှန်ယင်းကိုကာကွယ်ပြီး ထွက်ပြေးသွားခြင်းလေလား။ ထို့ကြောင့် နျန်ဝေက လက်တုံ့ပြန်သည့်အနေဖြင့် ရှီကျွင်းက ရှန်ယင်းကို ဖမ်းခေါ်သွားသည်ဟု စွပ်စွဲ ပြောဆိုခြင်းလား။

သူက ရှီကျွင်း၏ ဆရာဦးလေးအဖြစ် ရှီကျွင်းအတွက် ဘက်လိုက်ကာ စဉ်းစားပေးသည်။ ထိုလူငယ်နှင့်ပတ်သက်ပြီး အမြဲတမ်း အကောင်းမြင်လေသည်။

“တွေးနေတာ အသုံးမဝင်ဘူး ၊ ဒီကောင်လေးကိုတွေ့အောင် အရင်ရှာရမယ်”

ရန်ကျောက်ကဲ အတွေးများကို ရပ်တန့်လိုက်ပြီး သူ့လက်ထဲမှ ကျောက်စိမ်းဓားကို ပြန်လည်အာရုံစိုက်လိုက်သည်။

သွေးနီနဂါးဂိုဏ်းမှ လူများတွင်လည်း လျှို့ဝှက်နည်းပညာတစ်ခု ရှိပြီး ပစ်မှတ်ကို နီးကပ်လာစေရန် ပင်လယ်ပြင်ကို ဘောင်ခတ်ထားနိုင်ခဲ့သည်။ ရန်ကျောက်ကဲက သူတို့ကို လျစ်လျူရှုမထားနိုင်လေရာ ရှီကျွင်းကို အမြန်ဆုံးရှာတွေ့ရန် နည်းလမ်းရှာရသည်။

ကျောက်စိမ်းဓား၏ လမ်းညွှန်မှုအတိုင်း ရန်ကျောက်ကဲ လိုက်လံရှာဖွေသော်လည်း အချိန်များစွာကုန်သွားသည့်တိုင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့ရင်း ကျောက်စိမ်းဓား အပြင်းထန်ဆုံး တုံ့ပြန်သည့်နေရာများတွင် လိုက်လံရှာဖွေသည်။

ရန်ကျောက်ကဲက ပင်လယ်ပြင်ပေါ်သို့မတက်ဘဲ ရေအောက်ရှိ လျှို့ဝှက်နေရာများ ၊ ကြယ်စင်စမ်းချောင်းများ ၊ ရေအောက်သန္တာကျောက်တန်းများရေဝဲဂယက်များကြားတွင် လှည့်ပတ်နေသည်။

“ဒီနေရာပဲ ဖြစ်ရမယ်”

ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်၏။

ပင်လယ်ရေထဲတွင် ပိုက်လုံးကြီးတစ်ခုပမာ တည်ရှိနေသော ရေဝဲဂယက်တစ်ခုကို တွေ့ရသည်။ ရေဝဲဂယက်အတွင်းပိုင်းက ထူးထူးခြားခြား အခေါင်းပေါက်ကြီး ဖြစ်နေပြီး ရေများပြည့်လျှံနေခြင်းမရှိပေ။

ထိုရေဝဲဂယက်ကြီးက ကန်တော့ကြီးတစ်ခုအလား ပင်လယ်ရေပြင်အ‌ပေါ်ဘက်သို့ မြင့်တက်လျှက် ရှိသည်။

ထိုနေရာရောက်သည့်အခါ ကျောက်စိမ်းဓား၏တုံ့ပြန်မှုက အလွန်ပြင်းထန်လာသည်။

ရန်ကျောက်ကဲက ပင်လယ်ရေလွှာကို ဖြတ်ကျော်ပြီး ရေမရှိသော ဝဲဂယက်အခေါင်းပေါက်ကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်။

ရေဝဲဂယက်အလယ်ဗဟိုကို ဖြတ်ကျော်သွားပြီးနောက် သဏ္ဌန်မဲ့လမ်းကြားလေးတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး အံ့အားသင့်စရာကောင်းစွာ သီးခြားနယ်မြေတစ်ခုသို့ ဦးတည်နေကြောင်း တွေ့ရသည်။

သီးခြားနယ်မြေအတွင်း ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ခရမ်းရောင်မြူခိုးများ ထူထပ်ပြည့်နက်နေလေသည်။

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်၏။

မြူခိုးများက အဆီအနှစ်များပမာ ပျစ်ခဲနေသဖြင့် အတွင်းသို့ဝင်ရန် အတော်လေး ခဲယဉ်းသည်။

ရန်ကျောက်ကဲ စမ်းသပ်ကြည့်တော့ ရှေ့ဆက်သွားရန်ထက် နောက်ပြန်ဆုတ်ရန်က ပိုမိုလွယ်ကူကြောင်း တွေ့ရသည်။ နောက်ပြန်လှည့်ရန် မခဲယဉ်းသော်လည်း သိုင်းဆရာသခင်အဆင့်မဟုတ်ပါက ဤနေရာမှ ပြန်လည်ထွက်ခွာရန် ခက်ခဲပေမည်။

“ကျွင်းအာနဲ့ ဟိုကောင်မလေး ဒီထဲမှာ ပိတ်မိနေတာ ဖြစ်ရမယ်”

ခရမ်းရောင်မြူခိုးများကို ဖြတ်ကျော်လျှက် သီးခြားနယ်မြေထဲဝင်လာရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

မကြာမီ နက်ရှိုင်းသောချိုင့်ဝှမ်းတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့ သတိထားပြီး ဝင်ရောက်လိုက်သည်။

“လူနှစ်ယောက်မကဘူးလို့ အာရုံခံမိတယ် ၊ ကျွင်းအာနဲ့ ကောင်မလေးအပြင် တခြားသူတွေရော ရှိသေးတာလား”

ချိုင့်ဝှမ်းအတွင်းထဲသို့ ရောက်သည်နှင့် နေရာတစ်ခုလုံး စွမ်းအားတစ်ခုက လွှမ်းခြုံနေသလို ရှုတ်ထွေးသည့်မြင်ကွင်းတစ်ခုက ဆီးကြိုနေ၏။

သွေးရနံ့က လေထုထဲစိမ့်ဝင်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ မြေပြင်ထက်လဲကျနေသည့် အလောင်းအချို့ကို တွေ့ရသည်။ အဝတ်အစားများကိုကြည့်ခြင်းဖြင့် သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများဖြစ်ကြောင်း သိနိုင်သည်။

ထိုအလောင်းများဘေးတွင် တုန်လှုပ်ဖွယ်ရာ ပျက်ဆီးနေသော မှော်ဝင်လက်နက်တစ်ခုရှိနေပြီး အလောင်းတိုင်းက အရိုးများကျိုးကျေလျှက် ဆိုးဆိုးရွားရွား ပျက်ဆီးနေကြသည်။ သို့သော် မှော်ဝင်လက်နက်က ကာကွယ်ပေးထားသဖြင့် ပျက်ဆီးမသွားသေးသော အလောင်းတစ်လောင်းလည်း ကျန်ရှိနေသည်။

အနားသို့တိုးကပ်ကြည့်လိုက်တော့ ထိုသူက လူငယ်‌လေးတစ်ယောက်ဖြစ်ပြီး ရင်ဘတ်ထက်တွင် ဓားဒဏ်ရာ (၇)ချက် ခုတ်ပိုင်းခံရလျှက် အသက်ပျောက်နေကြောင်း တွေ့ရ၏။

All Chapters