ရှီကျွင်းထောင်ချောက်ဆင်ခဲ့ခြင်းလား
Vol. 38 Ch. 529
အခန်း (၅၂၉) ရှီကျွင်းထောင်ချောက်ဆင်ခဲ့ခြင်းလား
ချိုင့်ဝှမ်းတစ်ခုလုံးကို သေသေချာချာ အကဲခတ်လိုက်တော့ တစ်ဖက်ခြမ်းတွင် လုံးလုံးလျားလျား ပြိုကျနေသော ဝင်ပေါက်တစ်ခု ရှိနေကြောင်း တွေ့ရသည်။
ထိုနေရာတွင် ချိုင့်ဝှမ်းအောက်ခြေသို့ ရေများဝင်ရောက်လာဟန် သဲလွန်စရှိနေပြီး ကြီးမားသောအဖျက်စွမ်းအားက အတွင်းထဲမှ လူများအားလုံးကို သေစေခဲ့ဟန်ပင်။
ဤသည်က ရိုးရှင်းသောရေလွှမ်းမိုးခြင်း မဟုတ်ဘဲ ကြယ်စင်စမ်းချောင်းတစ်ခုထက် ပိုမိုသိပ်သည်းပြင်းထန်သော ကြယ်စင်ရောင်ရေလွှမ်းမိုးမှုကြီးဖြစ်ပြီး ဤနေရာမှ တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
အောက်သို့ ငုံ့ကြည့်လိုက်တော့ ချိုင့်ဝှမ်းထဲမတွင် ရေလွှမ်းမိုးခံရပြီး သေဆုံးသွားသော ရုပ်အလောင်းများက ရုပ်ပျက်ဆင်းပျက် ရှိနေကြောင်း တွေ့ရသည်။ အလောင်းများ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များဖြင့် အရိုးများ ကျိုးကျေနေသည်ပင်။
သို့သော် ရန်ကျောက်ကဲ မျက်စိရှေ့မှ လူငယ်ကတော့ ရေလွှမ်းမိုးခြင်းကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ဓားဒဏ်ရာဖြင့် အသက်ပျောက်ခဲ့ရသည်မှာ သေချာသည်။ သူ၏ ရုပ်အလောင်းကို မှော်ဝင်လက်နက်က အကာအကွယ်ပေးထားသဖြင့် ရုပ်ပျက်ဆင်းပျက် ပျက်ဆီးသွားခြင်း မရှိသေးပေ။
သူ့ရင်ဘတ်တစ်လျှောက်မှ ဓားဒဏ်ရာ (၇)ချက်ကိုကြည့်ခြင်းအားဖြင့် ခုနစ်စဉ်ကြယ်ဓားသိုင်းလက်ချက်ဖြစ်ကြောင်း ပြောနိုင်သည်။
သို့သော် ကြယ်စင်ရောင်ရေလွှမ်းမိုးမှုကြီး ဖြစ်ပျက်ခဲ့ပြီးနောက် ထိုဓားချက်များက မည်သူ့လက်ချက်ဖြစ်ကြောင်း သဲလွန်စများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
“ရှီကျွင်း လက်ချက်ပဲ ဖြစ်ရမယ်”
ရှီကျွင်း ဤနေရာသို့ရောက်နေသည်ကို သွေးနီနဂါးဂိုဏ်းမှလူများက သူ့ထက်အရင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည့်အခါ ရန်ကျောက်ကဲ စိတ်လှုပ်ရှားသွားသည်။
သို့သော် တစ်ယောက်နှင့်အများ တိုက်ပွဲတွင် ရှီကျွင်းက အသာစီးရ အနိုင်ယူနိုင်ခဲ့၏။
ရေကြီးရေလျှံခြင်းကတော့ ရှီကျွင်းထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်နိုင်သလို တိုက်ပွဲအတွင်း အမှတ်မထင် ဖြစ်ပျက်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ ရှီကျွင်းသည် ဒီရေလွှမ်းခြုံမှုများအောက်တွင် ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီး သွေးနီနဂါးဂိုဏ်းသားများစွာ သေဆုံးခဲ့ရသည်။
ရန်ကျောက်ကဲက လေးနက်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှီကျွင်း၏ ရုပ်အလောင်း မရှိသည်မှာသေချာတော့မှ စိတ်သက်သာရာရသွားခဲ့သည်။
တိုက်ပွဲအခြေအနေကိုကြည့်ခြင်းအားဖြင့် အဖြစ်အပျက်က သိပ်မကြာသေးကြောင်း ညွှန်ပြနေသည်။ ထို့အတူ သူ့လက်ထဲမှ ကျောက်စိမ်းဓားကလည်း ရှီကျွင်းနှင့် သိပ်မဝေးတော့ကြော်း ပြဆိုနေ၏။ ဆက်လက်ရှာဖွေမည်ဆိုလျှင် မကြာမီ ရှီကျွင်း၏ တည်နေရာကို သိရှိရပေမည်။
သို့သော်...
ရန်ကျောက်ကဲက ရင်ဘတ်တွင် ဓားဒဏ်ရာ (၇)ချက်ရှိနေသော လူငယ်ကို ထူးဆန်းသောမျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
ရှီကျွင်းလက်ချက်ဖြင့် အသတ်ခံခဲ့ရသော ထိုလူငယ်က အသက်ငယ်ရွယ်သေးပြီး ရှန်ထျန်းအဆင့်သို့ပင်မရောက်ရှိသေးပေ။ ရှန်ထျန်းအဆင့်မရောက်သေးသည့်တိုင် အဆင့်နိမ့်မှော်ဝင်လက်နက်တစ်ခု ကိုင်ဆောင်ခွင့်ရသည်ကိုကြည့်ခြင်းအားဖြင့် ဤလူငယ်၏ အဆင့်အတန်းက ပေါ့သေးသေး မဖြစ်နိုင်ပေ။
မှော်ဝင်ပစ္စည်းများနှင့်ပတ်သက်ပြီး သမုဒ္ဒရာကမ္ဘာ၏ အဆင့်အတန်းနှင့် စံနှုန်းများက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အတူတူပင်ဖြစ်ကြောင်း ရန်ကျောက်ကဲ အတည်ပြုပြီး ဖြစ်သည်။
သို့ဖြစ်ရာ သွေးနီနဂါးဂိုဏ်းက ထိပ်တန်းသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည့်တိုင် ရှန်ထျန်းအဆင့် မရောက်သေးသည့် ကျင့်ကြံသူတစ်ယောက်လက်ထဲတွင် မှော်ဝင်လက်နက်တစ်ခုရှိနေခြင်းက ထူးခြားသည့်ကိစ္စ ဖြစ်၏။
အပြင်လောကမှ မတော်တဆ ရရှိခဲ့ခြင်း ဖြစ်နိုင်သလို မိသားစုနောက်ခံအင်အားကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက လူငယ်ကို ခဏမျှ စူးစိုက်ကြည့်ရင်း...
“ဒီလောက်တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူးမလား...”
သူ့နှုတ်ခမ်းများ အထက်သို့တွန့်ကွေးသွားပြီး...
“ဒီကောင်လေးသာ နျန်ဝေဆိုရင်... သူတို့က ဒီကောင်လေးကို တစ်ယောက်တည်း ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး ၊ သူက ကျွင်းအာနဲ့ ရှန်ယင်းကို ကိုယ်တိုင်ရှာဖွေချင်တယ်ဆိုရင်တောင်မှ သူတို့နဲ့အတူ သွေးနီနဂါးဂိုဏ်းက အကြီးအကဲတစ်ယောက် ပါလာမှာပဲ”
“ပြီးတော့ သိုင်းဆရာသခင်တွေက ဒီနေရာက ထွက်ခွာသွားနိုင်စွမ်းရှိတယ်... ၊ ဆိုတော့ အပြင်က သွေးနီနဂါးဂိုဏ်းသားတွေ ဒီနေရာနဲ့ပတ်သက်ပြီး သတင်းရထားလောက်ပြီ”
တွေးတောနေစဉ်မှာပင် ရန်ကျောက်ကဲဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဆတ်ခနဲ တုန်ခါသွားသည်။ ရန်ကျောက်ကဲက သူ့ကိုယ်ပွားနှင့် စိတ်ချင်းဆက်သွယ်ထားသည်ဖြစ်ရာ အခြေအနေကို သဘောပေါက်သွားသည်။
“ဒီ သီးခြားနယ်မြေကို လူတစ်ယောက်ဝင်လာတာလား ၊ အင်း... ကျင့်ကြံခြင်းအဆင့်လည်း အတော်မြင့်မားတယ်”
ထို့နောက် သီးခြားနယ်မြေ ဝင်ပေါက်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
တစ်ဖက်လူ၏ လှုပ်ရှားမှုက အတော်လေး အရှိန်အဟုန် ပြင်းထန်သည်။ သူက သူ၏တည်ရှိမှုကို ဖုံးကွယ်ထားရန် မစဉ်းစားဘဲ လမ်းတစ်လျှောက်ပိတ်ဆို့နေသော ခရမ်းရောင်မြူခိုးများကို ဓားဖြင့်ထိုးခွဲဝင်ရောက်လာ၏။
ထိုသူက နက်ရှိုင်းသောချိုင့်ဝှမ်းအတွင်းသို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျံသန်းရောက်ရှိလာသည်။
ရန်ကျောက်ကဲ နှုတ်ခမ်းများကိုတွန့်ကွေးရင်း အပေါ်သို့ခေါင်းမော့ကြည့်တော့ ငွေရောင်ဆံပင်များနှင့် အဘိုးကြီးတစ်ယောက် အလောင်းများကို စူးစိုက်ကြည့်နေသည်ကို တွေ့ရသည်။
မြေပြင်ထက်လဲကျနေသည့် လူငယ်၏ရုပ်အလောင်းကိုတွေ့သည်နှင့် ထို ငွေရောင်ဆံပင်အဘိုးကြီး ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်ဝန်းများက ဒေါသကြောင့် နီရဲသွားသည်။
ထိုအဘိုးကြီးထံမှ ထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားရောင်ဝါကို အာရုံခံရင်း ရန်ကျောက်ကဲက မေ့စေ့ကို ပွတ်သပ်လိုက်၏။
“ဒီ ဘိုးတော်ကြီးက နျန်ချန် ဖြစ်ရမယ်”
နဂါးကိုးကောင်လက်ချောင်းအသုံးပြုသော သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲတိုင်းက သူတို့၏ ဘယ်ဘက်လက်မကို ဖြတ်တောက်ထားလေ့ ရှိကြသည်။
လက်ချောင်း (၄)ချောင်းသာရှိသော အဘိုးအို၏ ဘယ်ဘက်လက်ပေါ်သို့ ရန်ကျောက်ကဲ၏အကြည့်က ကျရောက်သွားသည်။
သူက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်သပ်ရင်း...
“သေချာတယ် ၊ ဒီ အဘိုးကြီးက ‘နျန်ချန်’ ပဲ”
နျန်ချန်သည်လည်း ရန်ကျောက်ကဲကို တွေ့သွားပြီး ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် ဖိအားအပြည့်လေသံဖြင့် တစ်လုံးချင်း စကားဆိုလာ၏။
“မင်း... က... ရန်ကျောက်ကဲ... မဟုတ်လား”
သွေးနီနဂါးဂိုဏ်းမှ ဤဝါရင့်အကြီးအကဲသည် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည်မှာ မကြာသေးပေ။
ရှီကျွင်းက ရှန်ယင်းကို ဖမ်းဆီသွားသောသတင်းကြောင့်သာ တံခါးပိတ်ကျင့်ကြံရာမှထွက်လာခြင်းဖြစ်ပြီး သူက ရှီကျွင်းကို ရှာဖွေရန်အတွက် အပြည့်အဝ အာရုံစိုက်နေသည်။
သို့သော် ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာတစ်ခွင် ဆန်းကျယ်စွာ နာမည်ကြီးလာလေရာ ဂိုဏ်းသားများက ထိုလူငယ်အကြောင်း သူ့ကို သတင်းပို့ပြောပြထားခဲ့သည်။
သို့သော် နျန်ဝေ သေဆုံးသွားသော အပူမီးကြောင့် ဒေါသက သူ့ဦးခေါင်းဆောင့်တက်သွားလေရာ အဘိုးကြီးက နဂါးတစ်ကောင်ပမာ ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။
နျန်ချန်က ဒေါသအလွန်ထွက်နေသော်လည်း ရန်သူကို လျှော့မတွက်ခဲ့ပေ။ သူက ရန်ကျောက်ကဲနံဘေးတွင် ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်စွာမတ်တတ်ရပ်နေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သတိပြုမိသည်။
သွေးနီရောင်အလင်းတန်းများက လေထုအလယ်တွင် နဂါးများစွာအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံး ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်။
ထို့နောက် ကြီးမားသော နဂါးလက်သည်းကိုးခု ထွက်ပေါ်လာ၏။
ရန်ကျောက်ကဲက နျန်ချန်ကို စူးစိုက်ရင်း ရယ်မောလိုက်သည်။
“ငါသာ သိုင်းပညာရှင်တစ်ယောက်ကို သတ်တယ်ဆိုရင် အလောင်းတောင်ကျန်မှာမဟုတ်ဘူး ၊ အဆင့်နိမ့်မှော်ဝင်လက်နက်လေးတစ်ခုလောက်က သူ့အလောင်း မပျက်ဆီးအောင် ကာကွယ်ပေးနိုင်မယ်များ ထင်နေသလား”
နျန်ချန်က သူ့လက်များကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ သူ၏လက်ချောင်းကိုးချောင်းထက်တွင် သွေးနီရောင်လက်အိတ်အစွပ်တစ်ခု ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထိုလက်အိတ်အစွပ်ထိပ်ဖျားက ထက်ရှနေပြီး ချွန်ထက်သော နဂါးလက်သည်များနှင့် ဆင်တူ၏။
သူက ဒေါသကို ထိန်းချုပ်လိုက်ပြီး အေးစက်သောလေသံဖြင့်...
“ဓားချက် (၇)ချက် ... ဒါ ဟို သားရဲလေး’ရှီကျွင်း’ လက်ချက် ဖြစ်ရမယ် ၊ ဒါပေမဲ့ မင်းနဲ့ ရှီကျွင်းက သေချာပေါက် တစ်ခုခုပတ်သက်နေရမယ်”
ထိုအချိန် သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများ နျန်ချန်အနားသို့ ရောက်လာကြသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ ကြည်လင်သန့်ပြန့်သောလူရွယ်တစ်ယောက်ဖြစ်ပြီး အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်၏။
နျန်ဝေနှင့် အခြားသူများ၏ အလောင်းများကိုတွေ့တော့ သူ့မျက်ဝန်းများတွင် နာကျင်မှုနှင့်စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာသည်။
ထိုသူကို အကဲခတ်လိုက်သည်နှင့် သွေးနီနဂါးဂိုဏ်းချုပ် ‘ရှန်စစ်ချန်’ ဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။ ထိုသူက ရှီကျွင်းနှင့်အတူ ပျောက်ဆုံးသွားသော ရှန်ယင်း၏ဖခင် ဖြစ်သည်။
ဂိုဏ်းမှတပည့်များသေဆုံးရခြင်းအတွက် ရှန်စစ်နျန်က နာကျင်ခံစားရနေရသလို သမီးဖြစ်သူအတွက်လည်း ပူပန်နေဟန်ပင်။
သူက ရန်ကျောက်ကဲကိုကြည့်ရင်း လေးလံသောအသံဖြင့်...
“’ရန်’သခင်လေး ‘ရန်ကျောက်ကဲ’... ၊ မကြာခင်ကပဲ မင်းရဲ့သတင်းက မိုးခြိမ်းသံလို တဟုန်ထိုးကျော်ကြားလာခဲ့တယ် ၊ ဒါပေမဲ့ ဒီနေရာမှာ မင်းကိုတွေ့ရမယ်လို့ ဒီ ‘ရှန်’ မျိုးနွယ်က ထင်မထားမိဘူး ၊ မင်း ချန်လီတောင်မှာ ရှိနေတာ ဘာမှမထူးဆန်းပေမယ့် ဒီနေရာကိုရောက်လာတာကတော့ ရှီကျွင်းနဲ့ တစ်ခုခုပတ်သက်နေရမယ် မဟုတ်လား”
သူက ဖြည်းညင်းစွာခေါင်းကို ခါယမ်းရင်း ဆက်ပြောသည်။
“ရှီကျွင်းနဲ့ သူ့ဆရာရဲ့ ဇာစ်မြစ်က ထူးဆန်းတယ် ၊ မင်းလည်း အတူတူပဲ”
“ပြီးတော့ ရှီကျွင်းတို့ဆရာတပည့်က ချန်လီတောင်ကဂိုဏ်းသားတွေမဟုတ်ပေမယ့် အဲဒီမှာ ဧည့်သည်တော်အဖြစ် နေထိုင်တာမို့လို့ ချန်လီတောင်က သူတို့ကို ကူညီတယ်ဆိုတာ သဘာဝကျတယ် ၊ ဒါပေမဲ့ ချန်လီတောင်မှာ ဧည့်သည်ဖြစ်တဲ့ ‘ရန်’ သခင်လေး ဒီကိုရောက်နေတာကတော့ သေချာပေါက် ရှီကျွင်းနဲ့ ပတ်သက်မှု ရှိရမယ်”
ရှန်စစ်ချန်က လေးလံသောအသံဖြင့်...
“’ရန်’ သခင်လေးက ပွင့်လင်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားတယ်လို့ ဆိုကြတယ် ၊ ဒီတော့... ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုလို့တော့ ပြောမှာမဟုတ်ဘူးမလား ၊ ပြီးတော့... ငါ့တူလေး’နျန်ဝေ’ ရဲ့ ခန္ဓာကိုယ်ပေါ်က ဓားချက်တွေက ရှီကျွင်းလက်ချက်ဆိုတာ မင်း မငြင်းဘူး မဟုတ်လား”