ဘယ်သူကပိုပြီးမာနကြီးသလဲ
Vol. 38 Ch. 530
အခန်း (၅၃၀) ဘယ်သူကပိုပြီးမာနကြီးသလဲ
ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ ရယ်မောရင်း...
“သေချာတာပေါ့ ၊ ဒါက တိုက်ဆိုင်မှု လုံးဝ မဟုတ်ဘူး ၊ ငါက ငါ့တူလေး ရှီကျွင်းကိုရှာဖို့ ဒီနေရာကို ရောက်နေတာ”
သူက ဆက်ပြောသည်။
“စောစောက မင်းတို့မသိအောင် ခြေရာဖျောက်နေတာက ကျွင်းအာကို မင်းတို့ဖမ်းထားမှာ စိတ်ပူလို့ပဲ ၊ ဒီဖြစ်ရပ်တစ်ခုလုံးက မင်းတို့ လုပ်ဇာတ်ထွင်နေတာဆိုရင် ငါ့တူလေး အန္တရယ်ကင်းဖို့ တွေးနေရလို့ နည်းနည်းပါးပါး သတိထားနေတာ”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...
“အခု ကျွင်းအာ ဘယ်ရောက်နေမှန်း မသိရပေမယ့် အနည်းဆုံးတော့ မင်းတို့လက်ထဲမှာမရှိတာ သေချာတယ်ဆိုတော့... ငါလည်း အတော်လေး စိတ်အေးသွားပြီ”
သွေးနီနဂါးဂိုဏ်းမှလူများက ရန်ကျောက်ကဲကို ဒေါသတကြီး စူးစိုက်ကြည့်နေကြစဉ် ရှန်စစ်ချန်က စကားဆိုသည်။
“ဒီတော့ မင်းက မင်းတူလေးကို ကာကွယ်ပေးဖို့ ကြံစည်နေတာလား”
ရန်ကျောက်ကဲက ညာဘက်လက်ညှိုးကိုမြှောက်ကာ ဘယ်ညာဝှေ့ယမ်းရင်း...
“ငါ့တူလေး တကယ်ပဲ အမှားလုပ်တယ်ဆိုရင် သူ့ကို ငါကိုယ်တိုင် စည်းကမ်းတင်းကျပ်ပြီး ဆုံးမမယ် ၊ ဒါပေမဲ တခြားသူက ငါ့တူလေးကို အပြစ်ပေးချင်တယ်ဆိုရင်တော့ ငါနဲ့ ဆွေးနွေးရလိမ့်မယ်”
သွေးနီနဂါးဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်က...
“အထောက်အထားတွေ ဒီလောက်ရှင်းလင်းနေတာ ၊ ဘာကို ဆွေးနွေးစရာ ရှိသေးလဲ”
ရန်ကျောက်ကဲက ကျောက်စိမ်းဓားမှ အပြောင်းအလဲကို တိတ်တဆိတ် အာရုံခံရင်း...
“အခုချိန်ထိ မင်းတို့ဘက်က တစ်ဖက်သတ်ဇာတ်လမ်းကိုပဲ နားထောင်နေရတာလေ... ဘာ ယုံကြည်စရာရှိလဲ”
သွေးနီနဂါးဂိုဏ်းမှ အခြားသူများက ထပ်မံငြင်းဆိုရန် ဟန်ပြင်လိုက်စဉ် နျန်ချန်က လက်တစ်ဖက်မြှောက်ကာ တားဆီးလိုက်၏။
သူ၏ နဂါးလက်သည်းကိုးချောင်းမှ သွေးနီရောင်အလင်းတန်းများက ကောင်းကင်ထက်သို့ပျံတက်သွားပြီး အန္တရယ်ချီများထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားစေသည်။
“ငါ့မြေး သေပြီ...”
နျန်ချန်က ရန်ကျောက်ကဲကို ခွင့်မလွှတ်နိုင်စွာ စိုက်ကြည့်ရင်း...
“မင်းရဲ့ တူ လက်ချက်နဲ့ ငါ့မြေး သေသွားပြီ”
ရန်ကျောက်ကဲက နျန်ချန်ကို တည်ငြိမ်စွာကြည့်ရင်း...
“သေတော့ ဘာဖြစ်လဲ ၊ ငါ့တူလေးက မင်းရဲ့မြေးကို ပြန်မတိုက်ခိုက်ဘဲ ဒီအတိုင်း သေဖို့ထိုင်စောင့်နေရမှာလား ၊ ဟက်... ဘာလဲ မင်းပါ သေချင်လို့လား ၊ သေချင်ရင်တော့ မင်းမြေးနောက်လိုက်ရအောင် တစ်ခါတည်း ပို့ပေးလိုက်မယ်”
ရန်ကျောက်ကဲ မျက်ဝန်းများက အေးစက်နေပြီး...
“ငါ့တူလေးကိစ္စကို ငါ အပြည့်အဝ တာဝန်ယူမယ် ၊ မင်းတို့ကောင်တွေ ငါ့တူကိုလိုက်သတ်နေတာ ငါ ကျေနပ်တယ်များ ထင်နေသလား ၊ အခု ငါ့တူကို မတွေ့သေးလို့... ရှာနေတာ ၊ တွေ့လို့ကတော့ မင်းတို့ သွေးနီနဂါးဂိုဏ်းကို လာစာရင်းရှင်းပြီပဲ”
သူက နျန်ချန်နဲ့ ရှန်စစ်ချန်ကို တစ်ချက်ဝေ့ကြည့်ရင်း...
“မင်းတို့ဂိုဏ်းက အသေးအမွှားသိုင်းသမားတွေကို စိတ်မဝင်စားဘူး ၊ မင်းတို့နှစ်ယောက်နဲ့ပဲ စာရင်းရှင်းချင်တာ ၊ အခု ဒီနေရာမှာ မင်းတို့နှစ်ယောက်လုံးကို တွေ့ရတယ်ဆိုတော့ တစ်ခါတည်း ကိစ္စပြတ်သွားတာပေါ့”
နျန်ချန်က...
“ကောင်းပြီ ကောင်စုတ်လေး ၊ ဒါဖြင့် မင်းကို အရင်ဆုံး ရှင်းပစ်ရမယ်”
သူက လက်နှစ်ဖက်တွင်စွပ်ထားသော နဂါးလက်သည်းကိုးခု လက်အိတ်ကို မြှောက်လိုက်ရာ သူ့ဦးခေါင်းထက်တွင် ပျံဝဲနေသော သွေးနီရောင်နဂါးကြီးမှ ကြီးမားသောလက်သည်းကြီးများနှင့်အတူ ဆင်းသက်လာသည်။
သွေးနီရောင်လက်အိတ်တွင် ချွန်ထက်သော နဂါးလက်သည်းကိုးချောင်းပါရှိပြီး ပြင်းထန်သောစွမ်းအားက မိုးမြေတစ်ခုလုံးကို တုန်ခါစေသည်။
ရန်ကျောက်ကဲ မျက်စိရှေ့တွင် အဆုံးမရှိသော သွေးနီရောင်ပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုသွေးပင်လယ်ထဲမှ မရေမတွက်နိုင်သော နဂါးများ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာ သိပ်သည်းလှသောချီစွမ်းအားဖြင့် ပေါင်းစပ်ဖန်ဆင်းထားသော နဂါးများသည် နဂါးအစစ်များပမာ လွှမ်းမိုးနိုင်စွမ်းရှိပြီး စိတ်ကူးမရနိုင်သော ဖိအားကြီးတစ်ခု ဖြစ်တည်လာစေသည်။
ထူထပ်သေ သွေးနီရောင်ချီစွမ်းအားများကြောင့် သီးခြားနယ်မြေတစ်ခုလုံး သွေးရောင်စွန်းထင်းလျှက် ရှိ၏။
မြင်လေရာရာတွင် သတ်ဖြတ်လိုသောအငွေ့အသက်များပြည့်နက်နေသည့် ဒေါသထွက်နေသောနဂါးများနှင့် ပြည့်နက်နေ၏။
နျန်ချန် ဖန်ဆင်းထားသော ဧရာမ သွေးနီရောင်နဂါးကြီးက သူ၏လက်သည်းများကို ဆန့်ထုတ်ကာ ရန်ကျောက်ကဲကို ကုတ်ခြစ်ချလိုက်သည်။ “နဂါးကိုးကောင်လက်ချောင်း” ၏ စွမ်းအားက မိုးမြေတစ်ခုလုံးကို တုန်ခါစေသည် အမှန်ပင်။
ရန်ကျောက်ကဲ ရုတ်တရက် အသက်ရှူကြပ်သွားပြီး သူ့အရှေ့မှကမ္ဘာသည်လည်း မြင်ကွင်းကျဉ်းမြောင်းသွားကာ နဂါးများက သူ့ထံသို့ ဗဟိုပြုဝင်ရောက်လာသည့်အလား စိတ်ထဲတွင် ခံစားလိုက်ရ၏။
သွေးနီရောင်ပင်လယ်အတွင်းမှ မရေမတွက်နိုင်သော သွေးနီရောင်နဂါးများက ရန်ကျောက်ကဲထံသို့ ဒီရေလှိုင်းလေများအလား တဟုန်ထိုး ဝင်ရောက်လာသည်။
ထိုအချိန် နျန်ချန်၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
“ကောင်လေး... မင်းက သိပ်ကို မာန်တက်လွန်းနေတယ် ၊ ဖန်းခန်းကို သတ်နိုင်တာနဲ့ သမုဒ္ဒရာကမ္ဘာမှာ သောင်းကြမ်းချင်တိုင်းသောင်းကြမ်းလို့ရမယ်များ ထင်နေသလာ ၊ လောကမှာ ဖန်းခန်းကို သတ်နိုင်တဲ့သူတွေ အများကြီး ရှိတယ် ၊ မင်းကိုလွှတ်ထားတာက လူတွေက တစ်ယောက်နဲ့တစ်ယောက် သတိထားနေပြီး ပြဿနာအကျယ်အကျယ်တွေ မဖြစ်ချင်လို့ပဲ”
“ငါတို့က မင်းကို ကြောက်တယ်များ ထင်နေသလား ၊ ကြောက်ရအောင် မင်းက ဘာကောင်မို့လို့လဲ”
“သာမန်အခြေအနေမှာ ဒီအဘိုးကြီးက အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် နှစ်ခါပြန်စဉ်းစားတတ်တယ် ၊ ဒါပေမဲ့ အခု ဒီအဘိုးကြီးရဲ့မြေး သေသွားတဲ့အတွက် ဘာမှ မစဉ်းစားတော့ဘူး ၊ လက်စားချေဖို့ပဲ စဉ်းစားတော့မယ်”
နျန်ချန်က ရက်စက်ကြမ်းတမ်းသော နဂါးတစ်ကောင်ပမာ ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
“ငါ့မြေးလေး ‘ဝေအာ’ ကို ဘယ်သူပဲသတ်သတ် ၊ အဲဒီလူရဲ့ ဆွေစဉ်မျိုးဆက်အကုန်လုံး ချေမှုန်းပစ်မယ်”
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။
သူ့နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခြေတစ်လှမ်းချင်းလှမ်းထွက်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ စက်ဝိုင်းသဏ္ဌန် လှည့်ပတ်လိုက်သည်။
သူ့လက်ထဲတွင် ရှည်လျားသောလှံရှည်တစ်လက်ပေါ်လာပြီး အရှေ့စွန်းလှံဖျားနှင့် အနောက်စွန်းလှံအမြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လှံရှည်ကို စက်ဝိုင်းခြမ်းသဏ္ဌန် ကွေးလိုက်သည်။
လေထုထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အနက်ရောင် မဟူရာပင်လယ်ကြီးတစ်စင်း ထွက်ပေါ်လာသည်။
မဟူရာပင်လယ်ကြီးထဲတွင် ကြီးမားသောသဏ္ဌန်ကြီးတစ်ခု နိမ့်ချီမြင့်ချီ ကူးခတ်လာသည်။
ထိုသတ္တဝါကြီးက ရေထဲတွင်ရှိနေလျှင် မိုင်ထောင်ပေါင်းများစွာရှည်လျားသော ကြီးမားသည့် ဝေလငါးကြီးအဖြစ်ပြောင်းလဲသွားသည်။
ရေထဲမှ ခုန်ထွက်လာသည့်အခါ ကြီးမားသော အစိမ်းရောင်ဂဠုန်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အတောင်တစ်ဖက်သည်ပင် မိုင်ပေါင်း (၂၅၀၀)ခန့် ကျယ်ပြန့်ပေသည်။
အတောင်တစ်ချက်ခတ်လိုက်သည်နှင့် ပတ်ဝန်းကျင်သို့ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပျံ့နှံ့သွားပြီး အနက်ရောင်နှင့်ရွှေရောင်အလင်းတန်းများက သွေးနီရောင်ပင်လယ်အတွင်းမှ နဂါးပေါင်းများစွာကို ပိတ်ဆို့တားဆီးလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည် ၊ ဂဠုန်ဝေလငါး အတောင်ဖြန့်။
သွေးနီရောင်နဂါးများမှာ ဒေါသပြင်းထန်စွာ သောင်းကြမ်းနေကြသော်လည်း ဂဠုန်ငှက်ကြီး၏ အတောင်ပံများကို ခြေတစ်လှမ်းပင် ဖြတ်ကျော်နိုင်ခြင်း မရှိပေ။
ထို့နောက်မှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်များက တစ်ပြိုင်တည်းလှုပ်ရှားသွားပြီး အရှေ့စွန်းလှံဖျားကို ကိုင်ထားသောလက်ကို ရုတ်တရက် လွှတ်လိုက်သည်။
ထိုအခါ လှံရှည်ထိပ်ဖျားက အရှိန်အဟုန်ပြင်းစွာ ရှေ့တည့်တည့်သို့ စက်ဝိုင်းသဏ္ဌန် ဝှေ့ယမ်းလွင့်စင်သွားသည်။ အဆုံးမဲ့စွမ်းအားကြီးတစ်ခုထွက်ပေါ်လာပြီး သွေးနီရောင်ပင်လယ်တစ်ခုလုံး သွေးမှုံများအဖြစ် လွင့်စင်ပေါက်ကွဲထွက်သွား၏။
သွေးနီရောင်အလင်းတန်းများအက်ကွဲသွားပြီး နဂါးပေါင်းများစွာ၏ အကြေးခွံများ ကျွတ်ထွက်လျှက် ခန္ဓာကိုယ်များ အပိုင်းပိုင်းကွဲကြေကုန်၏။
သွေးနီရောင်ပင်လယ်ကြီးက အလယ်ဗဟိုမှ ကွဲထွက်သွားသည့်အခါ နျန်ချန်နှင့် သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော သွေးနီရောင်နဂါးကြီး ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...
“စောစောက ဘယ်သူ့ရဲ့ တစ်ဆွေလုံးတစ်မျိုးလုံးကိုသတ်မယ်လို့ မင်းပြောတာလဲ”
နျန်ချန်၏မျက်ဝန်းထဲမှ ဒေါသတရားများ ပျောက်ကွယ်သွားပြီး အမုန်းတရား ၊ သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ရေခဲပမာ အေးစက်နေသည်။
“လူငယ်တွေက ကောင်းကင်ဘယ်လောက်မြင့်တယ် မြေအောက်ဘယ်လောက်နက်တယ်ဆိုတာ နားမလည်ဘူး”
သူ့စကားဆုံးသည်နှင့် သူ့အနောက်မှ သွေးနီရောင်နဂါးကြီးက တောက်ပသော သွေးနီရောင်လျှပ်စီးကိုးချက် ထုတ်လွှတ်လိုက်ပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
နျန်ချန်က...
“ငတုံးလေး... မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ကျန်းခွန်ရဲ့ ရုပ်အလောင်းကို မင်းရဲ့ကိုယ်ပွားအဖြစ် သန့်စင်နိုင်ရုံနဲ့ မင်းကိုယ်မင်း သိုင်းသူတော်စင်ဖြစ်သွားပြီလို့ ထင်နေတာလား”
သူက ဆက်ပြောသည်။
“ဒီအဘိုးကြီးအတွက်တော့ မင်းကိုသတ်ရတာ ပုရွက်ဆိတ်တစ်ကောင်သတ်ရသလိုပဲ လွယ်လွန်းတယ် ၊ မင်းရဲ့ကိုယ်ပွားကို ထိန်းချုပ်နေရတဲ့အတွက် မင်းခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ် မဟုတ်လား”
နှစ်ဦးနှစ်ဖက်တိုက်ခိုက်သည့်အခါ တစ်ဖက်က တစ်စုံတစ်ခုကို ထိန်းချုပ်ထားရလျှင် အသာစီးရမှု ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုအခါ ရန်သူက ကြီးမားသောအားသာချက်ကို ရရှိပေလိမ့်မည်။
သွေးနီရောင်အလင်းတန်းကိုးခုက မတူညီသောမြန်နှုန်းများဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ရန်ကျောက်ကဲထံသို့ ခွဲဖြာဝင်ရောက်သွားကြသည်။
ရန်ကျောက်ကဲက...
“မင်းကမှ တကယ့်ငတုံးကြီး... ၊ သောက်ရမ်းနှေးလွန်းတယ်”
ထိုစကားကြားတော့ နျန်ချန် ကျောရိုးထဲ စိမ့်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာသမုဒ္ဒရာကိုယ်ပွားက လက်များကို ဝှေ့ယမ်းလျှက် နျန်ချန်နှင့် သွေးနီရောင်နဂါးကြီးရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။
အဘိုးကြီး နျန်ချန် အလွန်တုန်လှုပ်သွား၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ “မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်” သည် သမုဒ္ဒရာကမ္ဘာတစ်ခုလုံးတွင် အလျှင်မြန်ဆုံးသိုင်းပညာ ဖြစ်သည်။
ထို့ပြင် သွေးနီနဂါးဂိုဏ်းမှသိုင်းပညာက လျှင်မြန်ခြင်းတွင် နာမည်ကြီးခြင်းမရှိဘဲ “နဂါးကိုးကောင်လက်ချောင်း” ကြောင့်သာ အနည်းငယ် လျှင်မြန်နေခြင်းပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှိုင်းထန်သောမုန်တိုင်းတစ်ခုအလား ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလျှက် နျန်ချန်ဆီသို့ လှံရှည်ဖြင့် ဆက်တိုက်ထိုးနှက်လိုက်သည်။
အာရုံစူးစိုက်မှုပျက်ပြားသွားသော နျန်ချန်သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လျှင်မြန်သောတိုက်ခိုက်မှုကြောင့် အသာစီးရရှိမှု ဆုံးရှုံးသွားသည်။
သို့သော် သူက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီး တန်ပြန်တိုက်ခိုက်လိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် “မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်” အပြင် နျန်ချန် တစ်ခါမှမတွေ့ကြုံဖူးသော ထူးဆန်းသည့် ထိပ်တန်းသိုင်းကွက်တစ်ခုဖြင့် ပြောင်းလဲတိုက်ခိုက်လိုက်သည်။
ဂဠုန်ဝေလငါး နတ်ဘုရားလက်သည်း။
ထိုသိုင်းကွက်က လက်ရှိကမ္ဘာတွင် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့ပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က ပေါ်ထွန်းခဲ့သော ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်လေ၏။