← Chapters

ပြန်လည်မွေးဖွာခြင်း ရွှေအမတ

Vol. 17 Ch. 217

ပြန်လည်မွေးဖွာခြင်း ရွှေအမတ

Vol. 17 Ch. 217

အခန်း (၂၁၇) ပြန်လည်မွေးဖွာခြင်း ရွှေအမတ

“ဘာဖြစ်လို့လဲ၊ ကောင်းကင်ရုံးတော် ပြိုလဲတော့မှာလား” ဟန်ကျွယ်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် ‘နတ်ဆိုးဧကရာဇ် သားတော်ကို သတ်လိုက်တာနဲ့ ကောင်းကင်ရုံးတော်က ပြိုလဲတော့မှာလား’

တိထိုက်ပိုင်က ပြန်ဖြေပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ စကားကို စောင့်နားထောင်ပါတယ်။ ဒါပေမဲ့ တိထိုက်ပိုင်ဟာ တိတ်ဆိတ်သွားတာကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီ တိထိုက်ပိုင် ဘာဖြစ်နေတာလဲ၊ အဆက်အသွယ် ပြတ်သွားတာလား၊ ကောင်းကင်ရုံးတော်က ဒီလောက်တောင် လိုင်းမကောင်းဘူးလား’

အတန်ကြာမှ တိထိုက်ပိုင်ရဲ့ သက်ပြင်းချသံ ထွက်ပေါ်လာပါတယ် “ဟင်း... ဘာဖြစ်လို့လဲတော့ မသိဘူး၊ ရှန်နန်းတော်က နတ်ရွှေကျီးကန်းမျိုးနွယ်စုနဲ့ စစ်စတိုက်ခဲ့တယ်၊ နတ်ဆိုးရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းကလည်း ထပ်ပြီးတော့ မဟာမိတ်ဖွဲ့ပြန်ပြီ၊ ကောင်းကင်ရုံးတော်က ခံရတဲ့ဘက် ရောက်သွားပြီ၊ ဒီနောက်ပိုင်းမှာ ကောင်းကင်ရုံးတော်က တော်တော်ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ ဒါကလည်း ပထမဆုံးအကြိမ်မှ မဟုတ်တာ”

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် ဝမ်းမနည်းပေးဘဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။ ကောင်းကင်ရုံးတော်ဟာ ရှန်နန်းတော်နဲ့ နောက်ဆုံးမှာ မဟာမိတ်ဖွဲ့နိုင်ခဲ့ပေမဲ့ နတ်ရွှေကျီးကန်း မျိုးနွယ်စုကို ရန်စမိသား ဖြစ်သွားပါတယ်။ ကြည့်ရတာ ဒီကိစ္စက နတ်ဆိုးရုံးတော်နဲ့ ဆက်စပ်နေပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေကို ဟန်ကျွယ် ဂရုမစိုက်ပါဘူး။

“နတ်ဆိုးဧကရာဇ်က ကျွန်တော်ဆီလာပြီးတော့ ပြဿနာမရှာဘူးမလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“နတ်ဆိုးဧကရာဇ်မှာ သားတော်တွေအများကြီးရှိတယ်၊ အိမ်ရှေ့မင်းသား တျန်ဇယ်က ဒီလောက်ကြီး ထူးချွန်တာ မဟုတ်ဘူး၊ အဲဒီအပြင် နတ်ဆိုးဧကရာဇ်က တျန်ဇယ်ကို တော်တော်လေး မကြိုက်တာ၊ မဟုတ်ရင် ရှေ့တန်းတိုက်ပွဲကို စေလွှတ်ပါ့မလား၊ နတ်ဆိုးဧကရာဇ်အတွက် မစိုးရိမ်ပါနဲ့၊ သူစိတ်လိုက်မာန်ပါလုပ်မှာ မဟုတ်ဘူး၊ နတ်ဆိုးရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းက မဟာမိတ်ဖွဲ့ထားတာဆိုပေမဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြတာ မဟုတ်ဘူး၊ မင်း ကြက်သွေးရောင်တိမ်ကမ္ဘာက မထွက်ခွာသမျှ ဒါမှမဟုတ် ကောင်းကင်ရုံးတော်ရဲ့ ပိုင်နက်အတွင်းက မထွက်ခွာသမျှ ကာလပတ်လုံး ဘာမှမဖြစ်ဘူး”

ဟန်ကျွယ်က ပြက်ရယ်ပြုလိုက်ပါတယ် “နှစ်လေးငါးရာပဲ ရှိသေးတယ်၊ ကြက်သွေးရောင် တိမ်ကမ္ဘာကို ရှင်းပစ်ချင်တဲ့လူက နောက်တစ်ယောက် ပေါ်လာတယ်၊ ကောင်းကင်ရုံးတော်မှာ ကင်းလှည့်တာ မရှိဘူးလား”

“အင်း... နောက်ကျရင် ငါတို့တွေ စွမ်းအားကြီးတဲ့ ကောင်းကင်စစ်သူကြီးကို စေလွှတ်ရမယ်”

“မီးဧကရာဇ်ရော ဘယ်ရောက်နေလဲ၊ သူကို ရှာတွေ့ပြီလား”

“ရှာတွေ့ပြီ၊ သူ အားပြန်ဖြည့်အောင် အနားယူနေတယ်”

“ကောင်းတယ်” ဟန်ကျွယ်ဟာ မီးဧကရာဇ် ဘာဖြစ်ခဲ့လဲဆိုတာကို မမေးပါဘူး။ ဟန်ကျွယ်ဟာ ပြဿနာတက်မှာကို အသေကြောက်တာကြောင့် ဒီအရှုပ်ထုပ်တွေကြားထဲမှာ ဝင်မပါချင်ပါဘူး။ တိထိုက်ပိုင်ကလည်း စကားဆက်မပြောပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တိထိုက်ပိုင်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီး ဆက်ကျင့်ကြံပါတယ်။

ဘာပဲဖြစ်ဖြစ် စွမ်းအားကသာ အဓိကသော့ချက်ပါ။ လောကမှာ အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို လွှမ်းမိုးတာ ပြောင်းလဲလို့မရတာ လောကနိယာမပါ။ ဒါဟာ ဘဝပါပဲ။

ဟန်ကျွယ်ဟာ ကုပ်ကုပ်လေးနေတာတောင် ဒီလောက် ပြဿနာတက်နေရင် ဘုံပျံတက်လို့က‌တော့ ပြဿနာတွေ ဖြေရှင်းရတာနဲ့ ကျင့်ကြံဖို့အချိန်တောင် ရှိမှာမဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ဟန်ကျွယ်ရဲ့ တာအိုနှလုံးသာဟာ ပိုခိုင်ခံ့သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ အရင်အတိုင်းပဲ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။

ဥတုရာသီ အလီလီလည်ပတ်လို့ နှစ်လေးဆယ် ကုန်ဆုံးသွားပါတယ်။ နှစ်လေးဆယ်ကျော် ကျင့်ကြံပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။ အခုဆိုရင် ရွှေအမတအဆင့်က ဟန်ကျွယ်ရဲ့ လက်တစ်ကမ်းကို ရောက်ရှိလို့လာပါပြီ။

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဒီအဆင့်တက်မှုအတွက် ဟန်ကျွယ် စောင့်ခဲ့ရတာ အတော်ကြာပါပြီ။ ဒီတစ်ခါ အဆင့်တက်မှုက ပြီးခဲ့တဲ့အဆင့်တက်မှုတွေထက် အတော်ကြာပါတယ်။

အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူပြီး အောင်ပွဲခံပါတယ်။ တစ်ချိန်တည်းမှာပဲ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ရွှေကျီးကန်း မျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၁၂၀၉၈

[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆၇၈၂

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၃၇၆၄၄

[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကျန်မှုကြောင့် နဂါးအမတကျွန်းသည် နှစ်တစ်သောင်းတွင် ကြုံတွေ့ခဲရလှသော အဆုံးစွန်အေးစက်မှု ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် ဖုန်းလိုင်အမတကျွန်းသို့ ရောက်ရှိရန် ခက်ခဲလှသည် စမ်းသပ်ပွဲတစ်ခုကို ကျော်ဖြတ်နေ၏။]

[သင့်မြေးတပည့် မုရုံချီသည် မိုးမြေအဓိပ္ပာယ်စစ်ကို သိမြင်နားလည်ပြီး မွေးရာပါမဟာတာအို နိုးထသွားသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးအမတဧကရာဇ်တစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အမတဧကရာဇ်တစ်ပါးကို သတ်ဖြတ်လိုက်သောကြောင့် ကံတရား အထောက်အပံ့ ကြီးမားစွာ တိုးတက်သွားသည်။]

ဟန်ကျွယ်ဟာ ဆက်ဖတ်ပါတယ်။ သေမျိုးကမ္ဘာရဲ့ ကျင့်ကြံခြင်းလောကက တည်ငြိမ်တယ်လို့ ပြောလိုရပေမဲ့ အမတကမ္ဘာကတော့ တကယ်ကို ဝရုန်းသုန်းကား ဖြစ်နေပါပြီ။

‘ကောင်းကင်ရုံး‌တော်နဲ့ နတ်ဆိုးရုံးတော်က တကယ်စစ်ဖြစ်တယ်ဟ...’

ဒီကိစ္စက ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင် ကောင်းကင်ရုံးတော်ကို ပြဿနာရှာတုန်းကထက် အများကြီး ပိုကြီးကျယ်ပါတယ်။

ရှန်စစ်သူကြီးက အရင်လို ကြမ်းနေတုန်းပါပဲ။ အမတဧကရာဇ်တွေ ဝိုင်းတိုက်ခံရတာတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာမရတဲ့အပြင် အမတဧကရာဇ်တစ်ပါးကို သတ်လိုက်ပါသေးတယ်။

ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ ကျိန်စာတိုက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်ကျင့်ကြံပြီး နောက်တစ်ဆင့် ထိုးဖောက်ဖို့အတွက် ပြင်ဆင်ပါတယ်။

ပြောကြတာကတော့ ရွှေအမတအဆင့်ကို ရောက်လို့ရှိရင် ကံရေစက်ကို သိမြင်နားလည်နိုင်ပြီး ကံကြမ္မာကို တွက်ချက်နိုင်ပါတယ်။ သူတို့က ထာဝရအသက်ကို ရလုနီးနီးပါပဲ။

ဟန်ကျွယ်ဟာ ဒီအချိန်ကို မျှော်ကြည့်လိုက်ပါတယ်။

ရွှေအမတအဆင့်ကို ရောက်သွားရင် အမတဧကရာဇ်ဖြစ်ဖို့ သိပ်မဝေးတော့ပါဘူး။ ဒါပေမဲ့ အမတဧကရာဇ်က ဟန်ကျွယ်ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ကျော်ဖြတ်ပြီး ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ချင်တာပါ။ စွမ်းအားအကြီးဆုံးဖြစ်မှ ဟန်ကျွယ်ဟာ ဘေးကင်းရန်ကင်းနဲ့ ထာဝရအသက်ရှည်နိုင်မှာပါ။

ဒီလိုနဲ့ နောက်ထပ် ခုနစ်နှစ် ကုန်ဆုံးခါနီးမှာတော့ ဟန်ကျွယ်ဟာ အဆင့်စထိုးဖောက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို မောင်းထုတ်လိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က အဆင့်ထိုးဖောက်တော့မယ်မှန်း သိတာကြောင့် ဘာခံစားချက်မှမပြဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်သွားပါတယ်။

ဖူစန်းသစ်ပင်အောက်က တပည့်တွေဟာ ဝူတောက်ကျန့် ထွက်လာတာကို တွေ့ပေမဲ့ ပထမတော့ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ဝီရိယတောင်တစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်တာကြောင့် သူ့တို့ဆရာသခင် အဆင့်တက်နေမှန်း သိသွားကြပါတယ်။

မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဆရာဘိုးဘိုးရဲ့ အရည်အချင်းက တကယ်ကို ယုတ္တိမတန်ဘူး၊ ဘဝဟောင်းရော အခုလက်ရှိဘဝမှာရော ဆရာဘိုးဘိုးထက် အရည်အချင်းရှိတဲ့လူကို မမြင်ဖူးသေးဘူး”

ဒါက အမှန်တရားပါ။ လက်ရှိဘဝမှာ မုရုံချီနဲ့ ဟန်ကျွယ် စတွေ့ခဲ့တုန်းက ဟန်ကျွယ်ဟာ အမတမဖြစ်သေးပါဘူး။

ရွှင်ချန်အန်းက ပြုံးပြီး ပြောလိုက်ပါတယ် “တကယ်တော့ ဆရာသခင်ရဲ့ သရုပ်မှန်ကို အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်၊ သူက အမတကမ္ဘာမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ပြန်ဝင်စားတာ ဖြစ်ရမယ်”

ငရဲကြက်နက် ရယ်မောလိုက်ပါတယ် “ဟားဟားဟား... အမှန်ပဲပေါ့၊ ငါ့သခင်က ကျိန်းသေပေါက် စွမ်းအားကြီးရမှာပေါ့”

ရွှေကျီးကန်းအာတက ပြောလိုက်ပါတယ် “သခင်က သာမန်မဟုတ်ဘူးလို့ ကျွန်တော် အမြဲတမ်း ခံစားရတယ်” ရှောင်အာကလည်း ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။ ရွှေကျီးကန်းနှစ်ကောင်ဟာ ဟန်ကျွယ်ရဲ့ စွမ်းအားအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အချိန်ကို မမေ့နိုင်သေးပါဘူး။

သူတို့တွေ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတုန်းမှာပဲ ဟန်ကျွယ်ဟာ အဆင့်တတ်တာရဲ့ အရေးအကြီးဆုံးအချိန်ကို ဝင်ရောက်သွားပါတယ်။

စိတ်ဝိညာဉ်နန်းတော် နတ်ဘုရားခန်းမမှာ အမတနတ်ဘုရားတွေ စုစည်းနေကြပါတယ်။ ကောင်းကင်ဧကရာဇ်ကတော့ ပလ္လင်ပေါ်မှာ မျက်နှာသေနဲ့ ထိုင်နေပါတယ်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေပြီး ရှန်စစ်သူကြီးတောင် မျက်နှာမည်းမှောင်နေပါတယ်။

“နတ်ဆိုးရုံးတော်ရဲ့ အဲဒီအမတဧကရာဇ်ကို ဘယ်သူမှ မသတ်နိုင်ဘူးလား” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။

အမတတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

စိတ်ဝိညာဉ်သိုင်းနတ်ဘုရားက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး ကျွန်တော်တို့တွေ အဲဒီနတ်ဘုရားတွေကို ဖိတ်ခေါ်လို့ မရဘူးလား”

ကောင်းကင်ဧကရာဇ်က တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ကြယ်ဧကရာဇ် ၂၄ပါးက အပြန်လမ်းမှာ၊ သူတို့တွေက ပဋိပက္ခအစွန်ကို ဖိနှိပ်နေတာဆိုတော့ ပြန်ရောက်လာဖို့ အချိန်ယူရလိမ့်မယ်”

အမတတွေဟာ ကျေနပ်အံအားသင့်သွားပါတယ်။

“ဒီလိုဆိုရင် ကျွန်‌တော် သူနဲ့ ထပ်တိုက်မယ်၊ ကျွန်တော် သူ့ကို မသတ်နိုင်ဘူးဆိုပေမဲ့ သူကလည်း ကျွန်တော့်ကို မသတ်နိုင်ပါဘူး” ရှန်စစ်သူကြီးက ပြောလိုက်ပါတယ်။

ရှန်စစ်သူကြီးရဲ့ စကားအဆုံးမှာပဲ တစ်ခြားအမတတွေက အလျင်စလို ဝင်ပြောကြပါတယ်။

“မရဘူး၊ ရှန်စစ်သူကြီး တိုက်လို့မဖြစ်ဘူး၊ ရှန်စစ်သူကြီး ထွက်တိုက်တာနဲ့ နတ်ဆိုးရုံးတော်ရဲ့ အမတဧကရာဇ်တွေက အသိုက်ကနေ ထွက်လာလိမ့်မယ်၊ သူတို့တွေက ရှန်စစ်သူကြီးကို အသေလိုချင်နေတာ ကြာပြီ”

“ဟုတ်တယ်၊ နတ်ဆိုးရုံးတော်က ရှန်စစ်သူကြီးကို သူတို့နှလုံးသားထဲက ဆူးညှောင့်ခလုတ်လို မြင်တာ”

“ရှန်စစ်သူကြီး... စစ်သူကြီးက တိုက်ပွဲကြီးတစ်ပွဲကို တိုက်ပြီးထားတာပါ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

“ကောင်းကင်ရုံးတော်က ရှန်စစ်သူကြီးကို ဆုံးရှုံးလို့ မဖြစ်ဘူး”

အမတတွေရဲ့စကားကြောင့် ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရှန်စစ်သူကြီးဟာ ဒီအကြောင်းတွေကို နားမလည်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ရုံးတော်က မားမားမတ်မတ်ရပ်ဖို့ လူတစ်ယောက်လိုပါတယ်။ မဟုတ်ရင် ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သိက္ခာက ရေစုန်မျောမှာပါ။

ဂျိရှင်းရှန်ဟာ ကောင်းကင်စစ်သူကြီးတွေရဲ့ နောက်ဆုံးနားမှာ ရပ်နေပါတယ်။ ဂျိရှင်းရှန်ဟာ သွေးတွေ ဆူပွက်သွားပြီး ရှေ့ထွက်ချင်ပေမဲ့ သူ့ကျင့်ကြံမှုက နိမ့်ပါးလွန်းတာကြောင့် ငြိမ်နေရပါတယ်။ ဂျိရှင်းရှန်ဟာ သူ့မှာသာ လုံလောက်တဲ့စွမ်းအားရှိရင် ဒီအခွင့်အရေးကို အမိအရဖမ်းပြီး နာမည်ကြီးအောင် လုပ်မှာပါ။

ကောင်းကင်ရုံးတော်က တိထိုက်ပိုင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ အိမ်ရှေ့မင်းသားကို ရှေ့ထွက်ခိုင်းကြတော့ပေါ့”

အိမ်ရှေ့မင်းသား။

ဒီစကားကြောင့် အမတတွေအကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ရှန်စစ်သူကြီးကတော့ မျက်လုံးကျဉ်းလိုက်ပါတယ်။ တိထိုက်ပိုင်ကတော့ စိတ်သက်သာရာ ရသွားပါတယ်။ အဲဒီနောက် တိထိုက်ပိုင်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “အိမ်ရှေ့မင်းသားက အရှင်မင်းကြီး အမိန့်ပေးမှာကို စောင့်နေတာ အတော်ကြာပြီ”

အသက်ကြီးကြီး အမတတစ်ပါးက ချက်ချင်းပဲ မေးလိုက်ပါတယ် “အိမ်ရှေ့မင်းသားက ခွန်လွန်မှာ မဟုတ်ဘူးလား”

ကောင်းကင်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ငါ ခွန်လွန်က ပြန်လာတော့ သူ့ကိုတစ်ပါတည်း ပြန်ခေါ်လာတယ်၊ အမတဧကရာဇ်ကိုတော့ သူ ယှဉ်တိုက်နိုင်မှာပါ”

ကောင်းကင်ဧကရာဇ်စကားကြောင့် အမတတွေဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားကြပါတယ်။

ကောင်းကင်ဧကရာဇ်မှာ သားတော်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကတော့ ကောင်းကင်ရုံးတော်ရဲ့ ဒဏ္ဍာရီပါ။ ရှန်စစ်သူကြီး မပေါ်ခင်မှာ သူက ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲဝင် စစ်သည်တော်ပါ။

ဂျိရှင်းရှန်ဟာ ဒီအိမ်ရှေ့မင်းသားက ဘယ်လောက်ထိ စွမ်းအားကြီးလို့ ဒီအမတတွေကို ဒီလောက်ထိ စိတ်လှုပ်ရှားစေတာလဲဆိုတာ သိချင်သွားပါတယ်။

ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်လို့ ပြီးသွားပါတယ်။

ပြန်လည်မွေးဖွားခြင်း ရွှေအမတ ကနဦးအဆင့်။

အဆင့်ထိုးဖောက်ပြီးတယ်ဆိုရင်ပဲ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ တဟုန်ထိုးတက်သွားပြီး ဟန်ကျွယ်ဝိညာဉ်ကလည်း အစိုင်အခဲ ဖြစ်တည်လာနိုင်ပါတယ်။ ဟန်ကျွယ်ရဲ့ သိစိတ်ကတော့ ဒြပ်ငါးပါးကို ခုန်ကျော်ထွက်ပြီး မိုးခိုးရောင်နေရာတစ်ခုကို ရောက်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters