ကျန်းယီ၊ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းအား
Vol. 17 Ch. 218
အခန်း (၂၁၈) ကျန်းယီ၊ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းအား
“ဒါက...” ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံ ဖြန့်ကျက်သွားတဲ့အခါမှာတော့ အနက်ရောင်အခိုးအငွေ့တွေကြားထဲမှာ ပုန်းအောင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုကို အာရုံခံမိလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မြစ်တစ်စင်းကို တွေ့လိုက်ရပါတယ်။
စကြာဝဠာထဲက အနန္တကမ္ဘာကို ဖြတ်သန်းစီးဆင်းပြီး အဆုံးအစမရှိတဲ့ မြစ်တစ်စင်းပါ။
ဒီမြစ်ထဲမှာ သက်ရှိအားလုံးနဲ့ သူတို့ရဲဘဝ အခြေအနေတွေကို ဟန်ကျွယ် မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သူ့အတိတ်ဘဝကြောင်းနဲ့ မရင်းနှီးလှတဲ့ ပုံရိပ်အချို့ကို တွေ့လိုက်ရပါတယ်။ ဒီမရင်းနှီးတဲ့ ပုံရိပ်တွေက အနာဂတ် ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ယူဆလိုက်ပါတယ်။
‘ဒါက ကံတရားမြစ်လား’
ဟန်ကျွယ်ဟာ ကံတရားမြစ်ဆီ ပျံသန်းသွားပါတယ်။ ဟန်ကျွယ်ဟာ အနာဂတ်ကို ကြည့်ဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ အနာဂတ်က ဟန်ကျွယ်က သူ့ကို ရုတ်တရက် လှည့်ကြည့်လိုက်ပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ မှန်ကြည့်နေသလို ခံစားလိုက်ရပါတယ်။
“အနာဂတ်ကို မသိချင်နဲ့၊ ကံတရားပြောင်းလဲတာက ပြောင်းလဲမှုတွေထဲမှာ အပြောင်းလဲနိုင်ဆုံးပဲ” ကံတရားမြစ်ထဲက ဟန်ကျွယ်က ပြောလိုက်ပါတယ်။
ဒီစကားကြောင့် ဟန်ကျွယ်လည်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အနာဂတ်ကိုကြည့်ဖို့ မကြိုးစားတော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ် နောက်လှည့်တဲ့အခါမှာတော့ နောက်ထပ်မြစ်တစ်စင်းကို တွေ့လိုက်ရပါတယ်။ ဒီမြစ်ကျတော့ အလွန်တရာလှပပြီး အိပ်မက်ထဲ ရောက်နေသလိုပါပဲ။
ဒီအချိန်မှာ အလင်းတန်းတစ်ခုဟာ အလွန်လျင်မြန်စွာ ပျံသန်းလာပါတယ်။ ပြန်လည်မွေးဖွားခြင်း ရွှေအမတအဆင့်ကို ထိုးဖောက်ထားတဲ့ ဟန်ကျွယ်တောင် အချိန်မှီ မရှောင်နိုင်လိုက်ပါဘူး။ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ လှုပ်ခါသွားပြီး ကြီးမားကျယ်ပြန်လှတဲ့စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝင်လာတာကို ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဒီစွမ်းအားက ဝိညာဉ်စွမ်အားနဲ့ လုံးဝကွဲပြားခြားနားပါတယ်။ တစ်နည်းဆိုရရင် လုံးဝကို နက်နဲလွန်းတဲ့ စွမ်းအားတစ်ခုပါ။ ဟန်ကျွယ်ဟာ ဒီစွမ်းအားကြောင့် လျှို့ဝှက်ဆန်းကြယ်ပြီး သိမ်မွေ့ညင်သာလွန်းတဲ့ အခြေအနေတစ်ခုကို လျင်မြန်စွာ ဝင်ရောက်သွားပါတယ်။
အသိဉာဏ်လင်းလက်ခြင်း။
ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ အမှောင်ထုလို အနက်ရောင်အလင်းတွေ တောက်ပလာပါတယ်။ ဒီအလင်းရောင်တွေက ဟန်ကျွယ်ပတ်လည်က အမှောင်ထုနဲ့ အရမ်းဆင်တူပြီး အရောင်နည်းနည်း ဖျော့တာပဲ ပြောစရာရှိပါတယ်။
ဒီလိုနဲ့ အချိန်တစ်ချို့ ကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ ဟန်ကျွယ် သတိပြန်ရလာပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ စွမ်းအားအသစ်တစ်မျိုးကို ပိုင်ဆိုင်သွားပါပြီ။
[သေခြင်းရှင်ခြင်း မဟာတာအိုအား သိမြင်နားလည်ခြင်းအတွက် ဂုဏ်ယူပါသည်။]
[မတာတာအိုအား ပထမဆုံးအကြိမ် သိမြင်နားလည်ခြင်း ဖြစ်သည့်အတွက် အောက်ပါဆုလာဘ်များထဲမှ တစ်ခုကို ရွေးချယ်နိုင်ပါသည်။]
[၁။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိမည်။]
[၂။ ဆန်းကြယ်စွမ်းအားကို ဆက်ဆံမည်။]
ဟန်ကျွယ်ဟာ နံပါတ်တစ်ကို ရွေးချယ်လိုက်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုကို စတင်သုံးသပ်လိုက်ပါတယ်။
သူအခုလိုမျိုး သေခြင်းရှင်ခြင်း မဟာတာအိုကို နားလည်နိုင်တာက သူလေ့ကျင့်နေတဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ဟန်ကျွယ် ခန့်မှန်းမိပါတယ်။
မဟာတာအိုစွမ်းအားက ဝိညာဉ်စွမ်းအားထက် အများကြီး အင်အားကြီးပါတယ်။ ဟန်ကျွယ်ဟာ ဒီစွမ်းအားကို လုံးဝထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။ ရရုံပဲ ရရှိသေးတာပါ။
“မင်းက ရွှေအမတအဆင့်နဲ့ သေခြင်းရှင်ခြင်း မဟာတာအိုကို တကယ်ကြီး သိမြင်နားလည်သွားတာပဲ၊ ကောင်လေး၊ မင်းက ငါ့ကျင့်စဉ်ကို ကျင့်ကြံထားတာပဲ”
အေးစက်တဲ့အသံကြောင့် ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းလှည့်ကြည့်ပေမဲ့ ဘယ်သူကိုမှ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ ရင်ထိတ်သွားပြီး သူ့ရုပ်ခန္ဓာဆီ ဘယ်လိုပြန်ရမလဲမသိ ဖြစ်သွားပါတယ် ‘ငါက တကယ်ပဲ အမတဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်နေတာလား’
ဟန်ကျွယ်မျက်နှာဟာ ထူးဆန်းသွားပြီး နည်းနည်း ပျာယာခတ်သွားပါတယ် ‘စနစ်က ငါ့သရုပ်မှန်ကို ဘယ်လိုလုပ်ပြီး စီစဉ်ထားနိုင်တာလဲ’ ဟန်ကျွယ်က ဂရုတစိုက် ခေါ်လိုက်ပါတယ် “စီနီယာ...”
ဟန်ကျွယ်ဟာ စကားပြန်သံ မကြားရဘဲ လုံးဝတိတ်ဆိတ်နေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စွမ်းအားကြီးအင်အားတစ်ခုက သူ့ကို အနက်ရောင်အာကာသကနေ တွန်းထုတ်နေတာကို ခံစားလိုက်ရပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ရုပ်ခန္ဓာဆီ ပြန်ရောက်သွားပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁,၆၈၁/၁၂,၃၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အမတ(ကြယ်တာရာ လောကဦးခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း ရွှေအမတ ကနဦးအဆင့်။]
[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)]
[မဟာတာအို: သေခြင်ရှင်ခြင်း မဟာတာအို။]
[မှော်ပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း၊ မူလရုပ်ပြန်ပညာ။]
[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး (မဟာညီညွှတ်မှု)၊ ဓားတစ်သောင်း (အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်၊ လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်၊ မိုးကောင်းကင်ဓားချီ (မဟာညီညွှမှု)၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း (မဟာညီညွှတ်မှု)၊ စကြဝဠာအင်္ကျီလက်၊ ပြန်လည်မွေးဖွားခြင်းတံခါး၊ ဖိတ်ခေါ်ခြင်းပညာရပ်၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်၊ ကြမ္မာဓားချီ မဟာဘီး (ကံကြမ္မာ)၊ ပြန်လည်မွေးဖွားခြင်း နတ်မျက်စိ၊ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား။]
[အသုံးအဆောင်:...]
‘၁၂.၃ ဘီလီယံတောင်ပါလား၊ ဒါက ငါ့အရင်ဘဝက ကမ္ဘာမြေထက်တောင် အသက်ရှည်နေသေးတယ်’
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပြီး ကျင့်ကြံမှု ခိုင်ခံ့အောင် ဆက်အားထုတ်ပါတယ်။ သုံးနှစ်ကြာတဲ့နောက်မှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်ခံ့သွားပါတယ်။ အဲဒီတော့မှာ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြန်ခေါ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ အောင်ပွဲခံပါတယ်။
ခုနစ်လရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ ဓားတာအိုမြစ်ကို ဟန်ကျွယ် ထပ်ရောက်သွားတဲ့အခါမှာတော့ အရမ်း ရင်းရင်းနှီးနှီး ရှိနေတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပထမဦးဆုံး သုံးလောကသန့်ရှင်းခြင်းကို အဆင့်မြှင့်တင်ပါတယ်။ ဟန်ကျွယ် လျူပေ့ကို ကျော်ဖြတ်တဲ့အခါမှာတော့ လျူပေ့က သူ့ကို ခေါင်းညိတ်ပြပါတယ်။
ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားက မဟာညီညွှတ်မှုအဆင့်ကို ကျော်ဖြတ်နိုင်မလား သိချင်နေပါတယ်။
ဟန်ကျွယ်ဟာ ရှေ့ဆက်တက်ပေမဲ့ ဘာဖိအားမှ မခံစားရပါဘူး။ အရင်တစ်ခေါက်တုန်းက ကန့်သတ်ချက်ကို ကျော်သွားတာတောင် ဘာဖိအားမှ မခံစားရသေးပါဘူး။ ရွှေအမတအဆင့်ကို ရောက်ပြီးနောက်မှာ ဟန်ကျွယ်ဟာ လုံးဝကို ပြောင်းလဲသွားတာပါ။
ရှေ့ဆက်တက်လေလေ မြင်ရတဲ့ပုဂ္ဂိုလ်တွေကလည်း လျော့ကျလေလေပါပဲ။
အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖိအားကို စတင်ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီဖိအားက ဘာမှမဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ သူ့ဘေးနားမှာ လျှောက်နေတဲ့ ခရမ်းရောင်ပုဂ္ဂိုလ်တစ်ယောက်ကို သတိထားမိသွားပါတယ်။
ဒီခရမ်းရောင်ပုဂ္ဂိုလ်ဟာ ခြေလှမ်းသွက်နေတုန်းဖြစ်ပြီး ဟန်ကျွယ်ကို ကျော်တက်တော့မဲ့ အရိပ်အယောင် ရှိနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်လည်း အမြန်လျှောက်လိုက်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ခြေလှမ်းတစ်ရာ လှမ်းပြီးတဲ့အခါမှာတော့ နှစ်ယောက်လုံး ခြေလှမ်းနှေးသွားကြပါတယ်။
“ဟမ်...”
ခရမ်းရောင်ပုဂ္ဂိုလ်ဆီကနေ အေးစက်လှတဲ့ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်ဖို့ပဲ အာရုံစိုက်ပါတယ်။
[ကျန်းယီသည် သင့်အပေါ် အကောင်းမြင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ဘဲ ရှေ့ပဲ ဆက်လျှောက်ပါတယ်။
ဒီလိုနဲ့ အချိန်တစ်ခု ကြာသွားတဲ့အခါ ဘေးနားပတ်လည်မှာ ဘယ်သူမှမရှိတော့ပါဘူး။ ကျန်းယီကတော့ ဟန်ကျွယ်ရှေ့မှာပါ။ ဒီကျန်းယီက တစ်ခုခုတော့ တစ်ခုခုပါပဲ။ သူက ဟန်ကျွယ်ထက်တောင် ခြေလှမ်းသွက်နေပါတယ်။
ဟန်ကျွယ်ဟာ ဒီတစ်ခါမှာတော့ မတက်နိုင်တော့ဘဲ ရှေ့ဆက်မလျှောက်နိုင်တော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ပြောရမယ်ဆိုရင် မမြင်နိုင်တဲ့ အနှောင်အဖွဲ့တစ်ခုက ဟန်ကျွယ်ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသလိုပါပဲ။
ဟန်ကျွယ်ဟာ ဒီအနှောင်အဖွဲ့ကို ချိုးဖျက်ချင်ပါတယ်။
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ရှေ့ဆက်လျှောက်ပါတယ်။
ကျန်းယီက ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ မေးလိုက်ပါတယ် “ရှေ့နားက ဧကရာဇ်အဆင့်ပဲ၊ မင်းဆက်သွားချင်သေးလား”
‘ဧကရာဇ်အဆင့်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တအံတဩဖြစ်တဲ့ အရိပ်အယောင်တွေ ယှက်သမ်းသွားပါတယ် ‘နောက်ဆုံးတော့ ငါ ရောက်လာခဲ့ပြီပဲ’
ဟန်ကျွယ်ဟာ ဖိအားကြီးတစ်ခုကို ခံစားနေရပေမဲ့ သွေးအန်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။
“ဆက်သွားမှာ” ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။
ကျန်းယီက မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
“ကောင်းကင်ရုံးတော်က စီးမာယိပဲ”
ကျန်းယီဟာ ဒီနာမည်ကို မှတ်သားထားလိုက်ပြီး ဘာမှဆက်မပြောပါဘူး။
ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ဖို့ အတော်ခက်ခဲတာကို တွေ့လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့အင်အားအကုန်လုံးကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အနှောင့်အဖွဲ့တွေကနေ လွတ်အောင် ရုန်းထွက်ပါတယ်။
“ဝုန်း”
ဟန်ကျွယ်ဟာ သူ့ရှေ့ကအရာအားလုံး ပေါက်ကွဲထွက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။
ကောင်းကင်ကိုးလွှာထက်က အမတကမ္ဘာ။
မရေမတွက်နိုင်တဲ့ မိုးကြိုးတွေ ရုတ်တရက် ဖြစ်ပေါ်လာပြီး ကောင်းကင်ရုံးတော်ရဲ့ အလင်းရောင်ကို လွှမ်းမိုးသွားပါတယ်။
စိတ်ဝိညာဉ်နန်းတော်ထဲက ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဧကရာဇ်အဆင့်ပါလား”
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ချက်ချင်းစစ်ဆေးလိုက်ပေမဲ့ ကောင်းကင်စမ်းသပ်မှု ဖြတ်ကျော်တဲ့သူ တစ်ဦးတစ်လေကိုမှ မတွေ့ရပါဘူး။
‘အဆင့်ထိုးဖောက်တာ မဟုတ်ဘူးလား၊ ဒါဆိုရင် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းအားလား’
ကောင်းကင်ဧကရာဇ်ရဲ့ နတ်အာရုံဟာ ကောင်းကင်ရုံးတော်အောက်မှာရှိတဲ့ သေမျိုးကမ္ဘာ သောင်းချီကို ကျော်ဖြတ်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အတွေးတစ်ချက်တည်းနဲ့ သက်ရှိအားလုံးကို မြင်တွေ့လိုက်ရပါတယ်။
မကြာခင်မှာပဲ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို ရောက်သွားပါတယ်။
‘ဒီရောင်ဝါက... ဟန်ကျွယ်ပဲ’
‘ဒီကောင်လေးက ဧကရာဇ် ဆန်းကြယ်စွမ်းအားကိုတောင် သိမြင်နားလည်သွားပြီလား’ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးထဲမှာ အံဩမှု ယှက်သမ်းသွားပါတယ်။
ဟန်ကျွယ်က သူ့ကို ဆက်တိုက် အံအားသင့်စေတာကြောင့် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပိုပိုပြီးတော့ အားရလာပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်းလက်ဝှေ့ယမ်းပြီး ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ကာ ဘယ်သူမှ ဟန်ကျွယ်ကို မတွက်ချက်နိုင်အောင် ကာကွယ်လိုက်ပါတယ်။
လေးငါးခြောက်လ အကြာမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင့်ဆန်းကြယ်စွမ်းအား သုံးလောက သန့်ရှင်းခြင်းသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပါပြီ။]
[သင်သည် ပထမဆုံးအကြိမ် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သောကြောင့် အကောင်းစားရတနာကို ရရှိပါသည်။]
[အကောင်းဆုံးရတနာ နတ်သတ်ဓားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။