ငယ်သားများအား ထိန်းချုပ်သည့်နည်းလမ်း
Vol. 01 Ch. 36
မြေပြင်ပေါ်ရှိ မြွေသားပုံများနှင့် မြွေအရေခွံပုံအား မြင်တွေ့လိုက်ရသော ဘန်ရှို အပါအဝင် လူ၄ယောက်၏မျက်နှာထက်တွင် အံ့သြတုန်လှုပ်သည့် အမူအရာသည် ပေါ်ထွက်လာသည်။
“ဘ ဘ ဘော့စ် … တောင်နံရံများနဲ့ ကြယ်ရေအိုင်ကြီးက မကောင်းဆိုးဝါး နဂါးကြီးကို သတ်လိုက်တာ မဟုတ်ဘူး မဟုတ်လား။” အံ့သြကြောက်ရွံ့မှုတို့ ဖုံးလွှမ်းသည့် အကြည့်ဖြင့် ဘန်ရှိုသည် ထန်ရှုအား ကြည့်လိုက်ပြီး တုန်ရီသော အသံဖြင့် မေးလိုက်သည်။
“မကောင်းဆိုးဝါးနဂါးကြီး ဟုတ်လား။ အဲဒါဘာကို ပြောတာလဲ။” မူလက ထန်ရှုသည် ဘန်ရှိုအား စကားများလွန်းသဖြင့် ဆူရန်ကြံရွယ် နေခဲ့သော်လည်း ဘန်ရှို၏ သွင်ပြင်သည် တောင်နံရံများနှင့် ရွာလေးအား အကျွမ်းတဝင်ရှိသည့် ဟန်ရသဖြင့် ထန်ရှုသည် သူ၏စကားလုံးများအား ပြန်မျို ချလိုက်သည်။
မနေ့က နေ့လယ်တွင် ထန်ရှုသည် ထိုရွာလေး အကြောင်းအား ပိုမို သိလိုသောကြောင့် လိုက်လံ စုံစမ်းခဲ့သော်လည်း ဒေသခံများသည် သူစိမ်းများနှင့် ပတ်သက်လာပါက သိသိသာသာပင် သံသယဖြင့် သတိထားနေကာ သိပ်မပြောကြသောကြောင့် ထိုသူများထံမှ တိကျသော သတင်းရရှိရန် ထန်ရှုအတွက် အလွန်ခက်ခဲခဲ့သည်။
“ငါ … ငါ … အမှန်တော့ အဲဒီရွာသားတစ်ယောက် ဖြစ်ခဲ့တာပါ။ တောင်နံရံများနဲ့ ကြယ်ရေအိုင်ကြီးမှာ မကောင်းဆိုးဝါး နဂါးကြီးတစ်ကောင်ရှိတယ်လို့ ငါ့အဘိုးပြောတာ ကြားဖူးခဲ့တယ်။ လပြည့်တဲ့အခါတိုင်း ထွက်လာပြီး ရွာသားတွေ မွေးထားတဲ့ ကျွဲတွေ၊ နွားတွေကို ဖမ်းစားတော့တာပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီရွာကလူတွေက အဲဒီအကောင်တွေ မွေးရမှာ ကြောက်လာကြတယ်။ ဒီနဂါးကြီးကို အစာကျွေး ကြီးထွားအောင် လုပ်နေတာနဲ့ တူနေတာကိုး။
“ဒီနဂါးကြီးတိုက်မှာကို ကြောက်တဲ့အတွက် ဒီတောင်မှာရှိတဲ့ အိမ်တိုင်းက အိမ်ရှေ့မှာ မီးအိမ်အနီကို မီးထွန်းပြီး ထားကြတယ်။ အမဲလိုက်တဲ့ သူတွေကလည်း ဒီတောင်မှာ အမဲလိုက်ဖို့ ကြောက်ကြတယ်။ မတော် နဂါးကြီးနဲ့တွေ့လို့ အစားခံလိုက်ရမှာ ကြောက်ကြတယ်လေ။”
“ဒါပေမဲ့ ထူးဆန်းဖို့ကောင်းတာက ဒီကောင်ကြီး အကြောင်းမကြားရတာ နှစ်၂၀ကျော်ရှိသွားပြီ။ သူ သေသွားတာလား ဒါမှမဟုတ် တခြားတစ်နေရာကို ပြောင်းသွားတာများ ဖြစ်လေမလား ဆိုပြီးတောင် ငါတို့တွေ တွေးနေခဲ့ကြသေးတာ။ ဒီနဂါးကြီး ပြန်ပေါ်လာလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးမိတော့ဘူး။ ဒါ့အပြင် ဘော့စ်က ဒီနဂါးကြီးကို သတ်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသော သူပဲ။”
***
စိတ်လှုပ်ရှားမှုနှင့်အတူ ဘန်ရှိုသည် အနက်ရောင် စပါးအုံးကြီး အကြောင်းအား သူသိသမျှ အားလုံးအား ခြေဟန်လက်ဟန်ဖြင့်ပါ ပြောပြတော့သည်။ ထိုအထဲတွင် မှန်သည် မှားသည် သူပင်မသိသော ကောလဟလများလည်း ပါဝင်ပြီး ထန်ရှု ရွာသားများထံမှ ကြားခဲ့ရသော အချို့ပင် ပါဝင်နေတော့သည်။
“နှစ်၂၀လုံး လှုပ်ရှားမှု မရှိခဲ့ဘူးဆိုတော့ ဒီကောင်ကြီးက အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် ဒဏ်ရာတွေကြောင့် အားနည်းနေတဲ့ အခြေအနေ ဖြစ်နေလို့လား” ရုတ်တရက် တစ်စုံတစ်ခုအား လမ်းစ ရလိုက်ရသကဲ့သို့ ထန်ရှု၏မျက်လုံးများ အရောင်လက် သွားခဲ့သည်။
အကယ်၍သာ အနက်ရောင် စပါးအုံးသည် ဒဏ်ရာတွေကြောင့် အားနည်းနေခဲ့သော အခြေအနေ ဖြစ်နေခဲ့ပါလျှင် အခြားသားရဲကောင်သည် သည်ရွာလေးတွင် ခိုအောင်း နေသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ထိုကဲ့သို့သာ ဖြစ်ခဲ့ပါက ဒုတိယ အဆင့်အတွက် လိုအပ်သော ခန္ဓာကိုယ် တည်ဆောက်ခြင်း ဆေးရည် ဖော်စပ်ရမည့် ပြသာနာအား ဖြေရှင်းပြီး ဖြစ်သွားပေလိမ့်မည်။
လူ၅ယောက်၏ စုပေါင်းအားဖြင့် မြေပြင်ပေါ်ရှိ မြွေသား အားလုံးသည် နာရီဝက်အကြာတွင် ကုန်တင်ကားကြီးပေါ်သို့ ရွှေ့ပြောင်းပြီး ဖြစ်သည်။ ထိုအချိန်တွင်းမှာပင် ဘန်ရှိုသည် ဒင်ဇီထံမှ အအေးခန်း တစ်လုံး ငှားရမ်းပြီးဖြစ်ကြောင်း ဖုန်းဆက်ပြောသည်ကို လက်ခံရရှိခဲ့သည်။
“ဘော့စ် … ဒီမြွေသားတွေ ထားဖို့ အအေးခန်း ငှားတာလား။ ဒီအသားတွေက အရမ်းများလွန်းတော့ တစ်ယောက်တည်း မကုန်နိုင်လောက်ဘူး ထင်တယ်။ ပိုလျှံတဲ့ အသားတွေကို လင်ကျားဆိုင်လေးမှာ ကျွန်တော်တို့ ရောင်းကြမလား။ အဲဒါဆို ကျွန်တော်တို့ အပိုဝင်ငွေ ထွက်လာတဲ့အပြင် အအေးခန်း ငှားခ အတွက်ပါ ကာမိသွားမယ်” လမ်းတစ်ဝက်တွင် ဘန်ရှိုသည် ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီမြွေသားတွေ အကုန်လုံးက အဆိပ်တွေ ပြည့်နှက်နေတယ်။ အဲဒါက စားလို့ ရတဲ့အသား မဟုတ်ဘူး။ ဒါ့အပြင် ကျွန်တော်လည်း အဲဒါကို သုံးဖို့တစ်နေရာ ရှိနေတယ်။” ထန်ရှုသည် ဘန်ရှိုအား တစ်ချက်စိုက်ကြည့် လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ထန်ရှု ရှင်းပြသည်ကို နားထောင်ပြီး ဘန်ရှို ချွေးသီးချွေးပေါက်များ ကျလာသည်။ သူအာချောင်မိသည့် အမှားအတွက် ထန်ရှုအား တောင်းပန်လိုက်သည်။ ဘန်ရှို ပြောသည်မှာ သူ့စိတ်ရင်း စေတနာအတိုင်း လွှတ်ကနဲ ပြောလိုက်မိခြင်းသာ ဖြစ်သောကြောင့် ထန်ရှု ဗွေမယူချေ။ ဘန်ရှို မြွေသားအား စားရန်အတွက် ယူသွားမည် ဆိုရင်တော့ဖြင့် သူထိုသို့ ရှင်းပြလိမ့်မည် မဟုတ်ပါချေ။
ထိုအဖြစ်အပျက် ပြီးသွားပြီးနောက် ဘန်ရှို ထပ်စကား မများတော့ချေ။ အခြားသူများ သည်လည်း ထန်ရှု တစ်စုံတစ်ခုအား စဉ်းစားနေသည့်ဟန်ကို မြင်တွေ့ရသောကြောင့် ထန်ရှု ဒေါသထွက်စေမည့် ဆူညံမှုများ မပြုလုပ်မိစေရန် တိတ်ဆိတ် နေကြသည်။
စကားတစ်ခွန်းမျှ မပြောကြတော့ဘဲ မောင်းလာကြသည် ဖြစ်သောကြောင့် ကုန်တင်ကားကြီးသည် မြစ်ဟောင်းလမ်း ဧရိယာတွင်ရှိသော အအေးခန်း တည်ရှိရာနေရာသို့ လျင်မြန်စွာ ရောက်ရှိလာပြီ ဒင်ဇီက သူတို့အား စောင့်ကြို နေပေသည်။
“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က အမှန်တကယ်တော့ အဆိုးသွမ်းချည်း မဟုတ်သေးပါဘူး။ အခုကစပြီး အနိုင်ကျင့်တာတွေ၊ ရန်ဖြစ်တာတွေ၊ သူများကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်တာတွေနဲ့ သူများ ပစ္စည်းဖျက်ဆီးတဲ့ အလုပ်တွေ ထပ်မလုပ်နဲ့တော့။ ခင်ဗျားတို့ ဆန္ဒရှိရင် ကျွန်တော်တို့ ဆိုင်လေးမှာ လာအလုပ်လုပ်လို့ ရတယ်။ တစ်နေကုန် နေစရာ မလိုဘူး ရတယ်။ ရံဖန်ရံခါပေါ့။ ကိုယ်ပိုင်ခွန်အားကို ပစ္စည်းတွေ မတဲ့နေရာမှာ သုံးလို့ရသလို ကိုယ့်ရဲ့ စကားပြောမှုကိုလည်း စားသုံးသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အသုံးပြုလို့ ရတယ်လေ။” ထန်ရှုသည် ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများသည် မြွေသားအား ကားပေါ်မှ အအေးခန်းထဲသို့ ရွှေ့သော အချိန်တွင် ထိုသူများ၏ ခွန်အားအား သတိပြုမိသောကြောင့် အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုသူများနှင့် ဆက်ဆံနေသည့် အတောအတွင်း ထန်ရှု သတိထားမိရာတွင် ဘန်ရှိုတို့ အဖွဲ့သည် ဟေးစန်းနှင့်အဖွဲ့ ဖြစ်နေရသော်လည်း သူတို့၏ အတွင်းစိတ်တွင် ထိုသို့ပြုလုပ်ရခြင်းကို မနှစ်သက်ကြချေ။ သူတို့သည် ကျွမ်းကျင်အဆင့် ပညာများအား မတတ်မြောက် ထားသောကြောင့် ဖြစ်ပြီး မိသားစုများ၊ သူငယ်ချင်းများ၏ ခနဲ့တဲ့တဲ့ပြောဆိုမှု၊ သရော်လှောင်ပြောင်မှုတို့အား အမြဲလိုလို ခံနေရသည်။ ထိုခံစားမှုကပင် သူတို့အား မျက်နှာကောင်း ရလိုစိတ်၊ အလေးစားခံလိုစိတ်တို့ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးသည်။ ဟေးစန်းနောက်ကို လိုက်ခြင်းဖြင့် သူတို့၏ စိတ်ဆန္ဒများ သဲထဲရေသွန် ဖြစ်ခဲ့ရလိမ့်မည်ဟု ဘန်ရှိုတို့ မမျှော်လင့်ခဲ့မိချေ။ ထိုလူမိုက်အလုပ်များ လုပ်ခြင်းဖြင့် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများဆီမှ မျက်နှာကောင်း မရရုံသာမက အေးစက်စက် ဆက်ဆံခံရခြင်းနှင့် မုန်းတီးခံရခြင်း တို့သာ တိုးပွား လာခဲ့သည်။ ထိုသို့ ဆက်ဆံခံ ရသောအခါ သူတို့ ပိုမိုဆိုးသွမ်း မိကြသည်။ သို့ဖြင့် ဤဆိုးသွမ်းမှု၊ မုန်းတီးမှု သံသရာကြီးသည် လည်နေပေသည်။
“ဘော့စ် … ငါတို့ကို ဂရုစိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့အတွက် စိတ်မပျက် စေရပါဘူး။”
“စိတ်သာ ချလိုက်တော့ ဘော့စ်။ အခုကစပြီး စားသောက်ဆိုင်က ပင်ပန်းတဲ့ အလုပ်တွေ ငါတို့ လုပ်ပါမယ်။ အန်တီကို ထပ်မပင်ပန်း စေရပါဘူး။”
“လူမိုက်တွေ လာပြီး ဆိုင်လေးကို ဖျက်ဆီးမယ်ကြံရင် ငါတို့ ဒီကောင်တွေကို ကန်ထုတ်ပြီး ရှင်းပစ်လိုက်မယ်။”
ထန်ရှု၏ စကားအဆုံး မောပန်း နွမ်းနယ်နေကြသော ဘန်ရှို၊ ဒင်ဇီနှင့် ကျန်သောသူများ၏ မျက်နှာများသည် ဝင်းကနဲ ဖြစ်သွားပြီး ပျားရည်အား တွေ့လိုက်သော ပုရွက်ဆိတ်များ သဖွယ် ပျော်ရွှင် ကြကုန်သည်။ လင်ကျား စားသောက် ဆိုင်လေးသည် ယခင်က သိပ်မအောင်မြင် ခဲ့သော်လည်း ယခုရက်ပိုင်းတွင် အလွန်အောင်မြင်နေသည်ကို သူတို့သိသည်။
“နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းသည် ရှေ့သို့ ခြေလှမ်းတစ်သောင်း သွားရန်အတွက် အားယူခြင်း ဖြစ်သည်။” ဟူသော ဆိုရိုးစကားအတိုင်း လင်ကျား ဆိုင်လေးသည် အောင်မြင်နေခြင်း မရှိပါကလည်း ထန်ရှုနှင့် ပိုမိုနီးစပ် လိုသောကြောင့် သူတို့သည် ထိုဆိုင်လေးတွင် အလုပ်လုပ် လိုကြသည်။ ထန်ရှုသည် သူတို့အား အသိအမှတ်ပြုကာ ပညာရပ်များ သင်ပေးမည် ဆိုပါက သူတို့ဘဝ မြင့်တက်ရန် အတွက် အာမခံချက် ရရှိပေလိမ့်မည်။
ထို့အပြင် လင်ကျားဆိုင်လေးသည် ယခုရက်ပိုင်းတွင် အလွန် လူကြိုက်များ နေသည်။ သူတို့သည် စုလင်းယွမ်အား နားလည်ပြီး စုလင်း၏ ထောက်ခံမှုကို ရရှိနေသည့် အချိန်တိုင်း သူမသည် သူတို့အား မှားမှားယွင်းယွင်း ဆက်ဆံမည် မဟုတ်ချေ။ ထိုအလုပ်မျိုးကို လုပ်ကိုင်ခြင်းဖြင့် သူတို့သည် ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် မိသားစုနှင့် သူငယ်ချင်းများဆီမှ လေးစားမှုကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
“ဒီထဲမှာ ပိုက်ဆံ အချို့ရှိတယ်။ အဲဒီဟာက ဆိုင်ကို ပြန်ပြင်ပေးတဲ့ အတွက် ပေးတဲ့ဟာလို့ သဘောထားလိုက်။”
ဘန်ရှိုတို့အဖွဲ့ စိတ်လှုပ်ရှား နေသည်ကို ကြည့်ပြီး ထိုသူများ၏ အတွေးများအား ထန်ရှု သတိထားမိ နေခဲ့သည်။ သို့သော် စိတ်ထဲတွင် မထားဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး သူ၏ ငွေထုတ်ကတ်(ATM)ကို ထုတ်ကာ ပေးလိုက်သည်။
“အာ … နောက်တစ်ခု ရှိသေးတယ်။ အဝတ်အစားသစ်တွေ ဝယ်ပြီး အခုလက်ရှိ ပုံစံကြီးကို ပြောင်းလိုက်ဦး။ အားလုံးနော်။ နို့မို့ဆိုရင် ခင်ဗျားတို့လည်း ဆိုင်မှာ ကူရော စားသုံး သူတွေက ခင်ဗျားတို့ ပုံစံကြောက်ပြီး လာမစားဘဲ နေလိမ့်မယ်။” ထန်ရှုသည် သူ၏အမှာ စကားအား ထပ်မံဖြည့်စွက် လိုက်သည်။
ထန်ရှု ငွေထုတ်ကတ်အား ပေးခဲ့ခြင်းသည် ထောင့်တစ်နေရာတွင် ဘန်ရှိုနှင့် ဒင်ဇီပြောနေသော စကားများအား အမှတ်တမဲ့ ကြားခဲ့လိုက်သောကြောင့် ဖြစ်သည်။ ဒင်ဇီသည် အအေးခန်းအား ငှားခဲ့ရာတွင် စရံအဖြစ် ယွမ်တစ်ထောင်သာ ပေးရသေးပြီး ငွေအကြေ မချေရသေးချေ။ တိတိပပ ဆိုရပါလျှင် သူ့တွင် ပေးစရာ ခြူးတစ်ပြားမျှ မကျန်ရှိတော့သောကြောင့် ဖြစ်သည်။
သည်နှစ်များတွင် ဘန်ရှို၊ ဒင်ဇီနှင့် အဖွဲ့သည် လက်ရှိကာလ အတွက်သာ ရိုးရှင်းစွာ နေထိုင်သည်။ မနက်ဖြန်သည် မနက်ဖြန်အတွက် ဖြစ်သည်။
ဆိုင်လေးအား ပြန်လည် မပြင်မီအချိန်က ဟေးစန်း၊ ဘန်ရှိုနှင့် ဒင်ဇီတို့ အဖွဲ့တွင် ယွမ်၆သိန်း နီးပါးရှိသည်။ ရှမ်းဝမ်အိမ်ခြံမြေမှ စရံအဖြစ်ရသော ပိုက်ဆံ ယွမ်၁သိန်း၊ ရှမ်းဝမ် အိမ်ခြံမြေမှ တစ်စုံတစ်ယောက်အား ခြိမ်းခြောက် တောင်းခံခြင်းမှ ရသော ယွမ်၂သိန်း၊ ဟေးစန်း၊ ဘန်ရှိုနှင့် ဒင်ဇီတို့မှ ယွမ်၂သိန်း၊ အခြားအဖွဲ့ဝင် များထံမှနှင့် သူတို့အဖွဲ့ ပိုင်ဆိုင်မှုများ၊ စုဆောင်းထားသည်များ စုပေါင်းကာ ဆိုင်လေးအား ပြုပြင်ပေးကြခြင်း ဖြစ်ပြီး ဆိုင်လေး ပြီးဆုံးသောအခါ သူတို့ လက်ထဲတွင် ဘာမျှ မကျန်ရှိတော့ပေ။ ထို့ကြောင့် ထန်ရှု အကူအညီ တောင်းသောအခါ သူတို့မှာ ငွေကြေးအတွက် အခက်အခဲ ရှိနေရခြင်းပင် ဖြစ်သည်။ သူတို့အဖြစ်သည် လွတ်လပ် သွားသော်လည်း စားစရာ မြက်ပင် မရှိသည့် မြင်းများနှင့် အလားသဏ္ဍာန် တူနေသည်။ ထိုကဲ့သို့ ထန်ရှု မလုပ်နိုင်ပေ။
ထို့အပြင် အင်မော်တယ် လောကတွင် ရှိစဉ်က ထန်ရှုသည် သူ၏လက်အောက် ငယ်သားများအား အလွန်ပေးကမ်းတတ်ပြီး ကပ်စေးနည်းသူ တစ်ယောက် မဟုတ်ပါချေ။
သူ၏ ငွေထုတ်ကတ်အား ပစ်ပေးလိုက်ပြီး ထန်ရှုသည် ကျောင်းသို့ လမ်းလျှောက် ပြန်သွားတော့သည်။
ထန်ရှုသည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သော ဆေးရည်အတွက် လိုအပ်သော ပစ္စည်းများ အစုံအလင်ရှိပြီ ဖြစ်သောကြောင့် ချက်ချင်း ဖော်စပ်ကာ လေ့ကျင့်နိုင်ပြီ ဖြစ်သော်လည်း သူပြန်လည် တွက်ကြည့်သောအခါ အနည်းဆုံး ၁၀ရက်မှသည် ၁၅ရက်ခန့် အချိန်ကုန်နိုင်မည် ဖြစ်သောကြောင့် ခွင့်ရက်ရှည် ယူရန်အတွက် မည်သို့မျှမတတ်နိုင်ဘဲ ကျောင်းသို့ ပြန်လာရခြင်း ဖြစ်သည်။
သူပြန်သွားချိန်တွင် ဘန်ရှို၊ ဒင်ဇီနှင့် အဖွဲ့သည် သူထားရစ်ခဲ့သော ငွေထုတ်ကတ်မှ ပိုက်ဆံပမာဏအား စစ်ဆေးပြီး အကြီးအကျယ် အံ့သြနေသည့် အဖြစ်ကိုဖြင့် ထန်ရှုတစ်ယောက် မသိနိုင်တော့လေပြီ။
အစက ဘန်ရှိုတို့သည် ထန်ရှု ငွေထုတ်ကတ် ပေးစဉ်က ခါးခါးသီးသီး ငြင်းခဲ့သည်။ ထန်ရှုမှ စိတ်အားထက်သန်စွာ ပေးနေသည့်အပြင် ထန်ရှု စိတ်ဆိုးမည်ကို ကြောက်ရွံ့သဖြင့် စိတ်မပါဘဲ လက်ခံ လိုက်ရသည်။ ထန်ရှုကတ်ထဲတွင် ငွေအများကြီး ရှိလိမ့်မည် မဟုတ်ဟုပင် မူလက သူတို့တွေ တွေးထင် နေမိကြသေးသည်။ သို့သော် လက်ရှိ အလုပ်အတွက် ငွေသုံးရမည်များ ရှိနေသောကြောင့် သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ငွေထုတ်စက်အား လိုက်ရှာပြီး ထန်ရှု၏ကတ်ထဲမှ ငွေပမာဏအား သိလိုစိတ်မရှိဘဲ စစ်ဆေးလိုက်သည်။ ငွေထုတ်စက် မျက်နှာပြင်တွင် ထွက်ပေါ်လာသော ဂဏန်း၆လုံး ရှိသည့် များပြားလှသော ငွေကြေးပမာဏကြောင့် သူတို့မျက်လုံးကို သူတို့ မယုံနိုင်အောင် ဖြစ်သွားရပြီး မျက်လုံး ပြသာနာများ ရှိနေရော့ လေသလားဟုပင် ထင်မြင်မိကြသည်။
“ယွမ် ၂သိန်၇သောင်း ဟုတ်လား။ ဘုရားရေ ငါဖတ်တာ မမှားဘူး မဟုတ်လား။ ဘော့စ်က ဘယ်လိုတောင် ချမ်းသာနေတာတုန်း။”
“ဘော့စ်က မျက်နှာဖုံးအောက်က ချမ်းသာပြီး စွမ်းအားရှိတဲ့ လူတစ်ယောက်များ ဖြစ်လေမလား။ ငါတို့ သိသမျှတွေက အပေါ်ယံတွေပဲလား။”
“အိုကေ။ ငါပြောမယ်။ ဘော့စ်ရဲ့စွမ်းရည်က ဒီလောက်ကောင်းတာ ဘယ်လိုလုပ်ပြီး ဆင်းရဲတဲ့သူ ဖြစ်နိုင်မှာလဲ။ သူဆန္ဒရှိသလောက် အပြင်မှာ ထွက်ပြီးနေ နေတာ ဖြစ်လိမ့်မယ်။ အာ … အဲဒါဆို သူဘာကိုမှ စိတ်ပူစရာ မလိုဘဲ အေးအေးဆေးဆေး နေ နေတာပေါ့။”
***
ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် ရှိသည်။ ထန်ရှု၏ ပြင်းထန်လှသော သိုင်းပညာ စွမ်းရည်တို့ကြောင့် သူတို့ အကြီးအကျယ် အံ့သြတုန်လှုပ် ခဲ့ရပြီး ဖြစ်သည်။ ယခုလည်း သူ၏ငွေကြေးကြောင့် တစ်ခါ ထပ်မံ အံ့သြတုန်လှုပ် ရပြန်သည်။ သူတို့မသိခဲ့သည်မှာ ထိုပိုက်ဆံများသည် ထန်ရှုသည် တစ်ညတည်းဖြင့် ဂိမ်းခန်းမမှ အနိုင်ရလာသော ငွေကြေးများပင် ဖြစ်သည်။
“ဘန်ရှို … ဒင်ဇီ … အစ်ကိုတို့က ငါတို့ အဖွဲ့ထဲမှာ အသက်အကြီးဆုံးနဲ့ အတွေ့အကြုံအရှိဆုံး သူနှစ်ယောက်ပဲ။ ဒီပိုက်ဆံတွေကို ငါတို့ ဘယ်လို လုပ်သင့်လဲ။ ငါတို့ ခွဲယူသင့်တာလား ဒါမှမဟုတ် ဘော့စ်ကို ပြန်ပေးသင့်တာလား။”
အချိန်အတန်ကြာသည်အထိ ဆွေးနွေးကြသော်လည်း အကြောင်းရင်းကို မရှာနိုင်သောကြောင့် ဆုံးဖြတ်ချက် ချရန်အတွက် ဘန်ရှိုနှင့် ဒင်ဇီတို့အား လွှဲလိုက်သည်။
“ဘော့စ်ကို ပြန်ပေးဖို့ဆိုတာတော့ လုံးဝမှားတယ်။ ဘော့စ်ရဲ့ အကျင့်စရိုက်ကို ကြည့်ရတာ သူပေးပြီးသားကို ဘယ်တော့မှ ပြန်ယူမှာ မဟုတ်လောက်ဘူး။ ငါအကြံပေးချင်တာကတော့ ငါတို့ ဒီပိုက်ဆံကို စုထားမယ်။ လိုအပ်တာတွေ သုံးပြီးသွားရင် ဘော့စ်က ခိုင်းတဲ့အလုပ်တွေ ပေါ်လာရင် ငါတို့ ဒီဟာကို သုံးလို့ရတယ်။” တစ်ခဏမျှ စဉ်းစားပြီးနောက် ဘန်ရှိုသည် သူ၏ အကြံပေးချက်အား ပြောပြလိုက်သည်။
“ငါလည်း အဲဒီလိုထင်တယ်။ ဘော့စ်က ငါတို့အရင်တုန်းက လုပ်ခဲ့တာတွေကို သူမကြိုက်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ အဲဒါကြောင့် ငါတို့ အနိုင်ကျင့်တာတွေ၊ ရန်ဖြစ်တာတွေ၊ သူများကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်တာတွေနဲ့ သူများ ပစ္စည်းဖျက်ဆီးတဲ့ အလုပ်တွေ ငါတို့ မလုပ်တော့ဘူး။ ရိုးသား ကြိုးစားကြမယ်။ ဘော့စ်အသိအမှတ် ပြုလာရင် ငါတို့ကို ပညာသင် ပေးလိမ့်မယ်။” ဒင်ဇီသည်လည်း သူသဘော တူညီကြောင်းအား ဘေးမှ ဝင်ပြောလိုက်သည်။ သို့သော် သိသိသာသာပင် သူသည် စိတ်နှင့်ကိုယ် မကပ်သကဲ့သို့ ရှိနေပြီး သူ၏အတွေးထဲတွင် သူပြောသည့် အတိုင်း ထန်ရှုထံမှ ကွန်ဖူးပညာအား မည်သို့မည်ပုံ သင်ယူရမည် ဆိုသည့်အပေါ် စိတ်ကူး ပုံဖော်နေသောကြောင့် ဖြစ်သည်။
***