← Chapters

လျှပ်တစ်ပြက်အတွင်း ရန်သူများအား ချေမှုန်းခြင်း

Vol. 01 Ch. 39

လျှပ်တစ်ပြက်အတွင်း ရန်သူများအား ချေမှုန်းခြင်း

Vol. 01 Ch. 39

ထန်ရှု၏ အာရုံသည် ကျန်းယုံကျင်းထံတွင် ရှိနေပုံရပြီး ဝတ်စုံပြည့် သက်တော်စောင့်၂ယောက် ရောက်ရှိလာသည်ကို သတိပြုမိသည့် ဟန်မရှိပေ။ ထို့ကြောင့် ရှောင်ခြင်း သို့မဟုတ် ပြန်လည် တိုက်ခိုက်ခြင်း မပြုလုပ်သောကြောင့် ထို၂ယောက်၏ တိုက်ခိုက်မှုသည် ထန်ရှုအား ထိမိလု နီးပါးပင် ဖြစ်သွားသည်။

“ခွေးကောင်လေး … ကမ္ဘာကြီးက အကြီးကြီးပဲကွ။ မင်းလို အားလေးနဲ့ ငါတို့ရှေ့မှာ အာကျယ်ချင်လို့ ရမလား။” ဟုဝမ်ကျွင်းသည် အေးစက်စက် နှာမှုတ်သံတစ်ချက် ပြုလုပ်ကာ ချာကနဲ လှည့်ထွက်သွားပြီး သူ၏ကားဆီသို့ လျှောက်ကာ သွားလိုက်သည်။ ဟုဝမ်ကျွင်း၏ မျက်ဝန်းတွင် ထန်ရှုတွင် စွမ်းရည် ရှိချင်ရှိမည် ဖြစ်သော်လည်း သည်တစ်ကြိမ်တော့ အထိနာ လိမ့်မည်ဟု ထင်နေဟန်ရသည်။

ဟုဝမ်ကျွင်းသည် လေဟုန်စီး နေသကဲ့သို့ မြောက်ကြွမြောက်ကြွနှင့် လျှောက်လာခဲ့ရာ သူ၏ ကားထဲသို့ပင် မရောက်သေးမီ ကျယ်လောင်သော အသံကြီးအား ၂ကြိမ်တိုင် ကြားလိုက်ရပြီး သူ၏ကားသည်ပင် အနည်းငယ် လှုပ်ယမ်း သွားလေသည်။

ဘုန်း … ဘုန်း …

“လခွမ်းပဲ။” ဟုဝမ်ကျွင်း မည်သည့်အရာများ ဖြစ်ပွားလေသနည်းဟု လှမ်းကြည့်မိရင်း နှုတ်မှ ဆဲသံ လွှတ်ကနဲ ထွက်သွားရသည်။ ဟုဝမ်ကျွင်း၏ အတွေးထဲတွင် သက်တော်စောင့် ၂ယောက်သည် ထန်ရှု၏ လက်မောင်းများအား ကျိုးအောင် ချိုးလိမ့်မည်ဟု ထင်နေခဲ့သော်လည်း ထန်ရှုသည် ကန်ချက် တစ်ချက်တည်းဖြင့် သူ၏ သက်တော်စောင့်၂ယောက် ထိအောင် ပွဲသိမ်း ကန်လိုက်လေသည်။

သက်တော်စောင့် ၂ယောက် နေရာမှာတင် လဲသွားသည်ကို ကြည့်ပြီး ဟုဝမ်ကျွင်း တုန်လှုပ်သွားကာ စိတ်ပူပန် သွားရသည်။ သူ၏ သက်တော်စောင့်၂ယောက် မမျှော်လင့်ပဲ လဲကျရာတွင် သူ၏ကားအား ထိမိသွားသောကြောင့် ကားရှေ့ချိုင့်ဝင် သွားသည်ကို ကြည့်ပြီး ဟုဝမ်ကျွင်း၏ နှလုံးသွေး ယိုစိမ့်ချင် လာရသည်။

“ချီးပဲ။ ကားရဲ့အင်ဂျင်ပါ ထိသွားလား မထိသွားလားတောင် မသိတော့ဘူး။ အင်ဂျင်ပါ ထိသွားရင် ငါတော့ ကြေကွဲရပြီပဲ။” ဟုဝမ်ကျွင်းသည် ချိုင့်ဝင်သွားသော ကားရှေ့ အဖုံးလေးအား ကြည့်ပြီး မျက်နှာရှုံ့မဲ့ကာ မချိတင်ကဲ ဖြစ်သွားရသည်။

အရပ်မြင့်သော၊ ပိုလာဝက်ဝံကြီးများ ကဲ့သို့ တုတ်ခိုင် ထွားကြိုင်းသော သူ၏ သက်တော်စောင့် ၂ယောက်သည် အလွန်တန်ဖိုးရှိလှပြီး သာမန်လူများ မဟုတ်ဟု ဟုဝမ်ကျွင်း အမြဲ ခံစားခဲ့ရသည်။ ယခုမူ ထိုသူ၂ယောက်အား သူသည် ဝါးလုံးလေးဖြင့် ကော်ကာ ထိုးဖောက် လိုက်ချင်တော့သည်။ သူမြတ်နိုးလှသော ကားအတွက် ဟုဝမ်ကျွင်း ယူကျုံးမရ ဖြစ်နေစဉ် သူ၏သက်တော်စောင့် ၂ယောက်သည် ကားပေါ်မှ လှိမ့်ဆင်းကာ ထန်ရှုဆီ တစ်ဖန် ပြေးသွားခဲ့ကြသည်။ သည်တစ်ကြိမ်တွင် ထိုသူ၂ယောက်သည် ခံစားချက် ကင်းမဲ့သော၊ ထီမထင်သော ဟန်မဟုတ်တော့ဘဲ အရှက်သည်းစွာ၊ ဒေါသထွက်စွာဖြင့် ရှိနေသည်။ သူတို့သည် အငြိမ်းစား စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။ သူတို့ အထွဋ်အထိပ်သို့ ရောက်ရှိစဉ် အချိန်အောက် သူတို့၏ ယခုတိုက်ခိုက်ရေး စွမ်းရည် ကျဆင်းနိုင်မည် ဖြစ်သော်လည်း၊ လက်ရှိ တာဝန်ထမ်းဆောင်နိုင်သော စစ်သားများနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များသည် သာမန်လူများ (ပိန်ပိန်ပါးပါး အထက်တန်း ကျောင်းသား)အား ကိုင်တွယ်ရန် လုံလောက်သည်ဟု သူတို့ကိုယ်သူတို့ ယူဆထားကြသည်။

ထိုလူငယ် မည်သို့ လှုပ်ရှားပြီး သူတို့ကို ကန်ထုတ်လိုက်သည်မသိ။ ထိုအဖြစ်သည် သူတို့အား ကြီးမားသော စော်ကားမှု တစ်ခုဖြစ်ခဲ့သလို သင်ခန်းစာ အကြီးကြီးလည်း ဖြစ်ခဲ့ပေသည်။

“ကျွန်တော် ခင်ဗျားတို့ကို တစ်ကြိမ် သက်ညှာပြီးပြီ။ အဲဒါကိုမှ အမှား၊ အမှန် မပိုင်းခြားနိုင်ဘဲ ဒီမကောင်းတဲ့ အလုပ်ရှင်ကို ဆက်ကူညီနေရင် ခင်ဗျားတို့ တစ်သက် မမေ့လောက်မယ့် သင်ခန်းစာပေးဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ဘူး။” အေးစက်စက် အကြည့်တို့ဖြင့် ထန်ရှုသည် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

ထန်ရှု၏ စကားကြောင့် သက်တော်စောင့်၂ယောက် အေးစက်သွားရကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။

“ငနာလေး … မင်းက လျှပ်တစ်ပြက် ငါတို့ကို ချလိုက်နိုင်တာနဲ့ မင်းကိုယ်မင်း ဆရာကြီးလို့ ထင်နေတာလား။”

“ခွေးသားလေး … မင်းက ငါတို့ကို ချပြီး အနားပေးချင် နေသေးတယ်ပေါ့လေ။ ငရဲကို သွားဖို့တောင် မင်းမှာ အခွင့်အရေး မရှိစေရဘူး။ ပထမတော့ မင်းကို လက်မောင်းလောက်ပဲ ချိုးရုံပဲ။ ငါတို့ကို စော်စော်ကားကားတွေ ပြောနေတဲ့ကောင် သေပေတော့ကွာ။”

ထိုသူနှစ်ယောက်သည် ထန်ရှု၏ အေးစက်စက် မျက်လုံးတို့အား မသိဟန်ဆောင်လျက် စိတ်ဆိုးမာန်ဆိုးဖြင့် ထန်ရှုဆီ ပြေးဝင်လာကြသည်။ ၎င်းတို့ကို ကြည့်ပြီး ထန်ရှု သက်ပြင်းသာ ချမိတော့သည်။

မိခင်၏ ဆွေမျိုးများမှတဆင့် သူ၏ ဖခင်သည် ဂုဏ်ယူဖွယ် ကောင်းသော ရဲရင့်သည့် စစ်သားကြီး တစ်ဦးမှန်း သူကြား သိခဲ့ရသည်။ ထို့ကြောင့် ထန်ရှုသည် ငယ်စဉ် ကတည်းက စစ်သား တစ်ယောက် ဖြစ်ချင်ခဲ့ပြီး စစ်တပ်၏ အမာခံ ပရိသတ်တစ်ဦးလည်း ဖြစ်ခဲ့သည်။ စစ်တပ်အကြာင်းအရာ ပါဝင်သည့် ရုပ်ရှင်၊ ပညာပေး အစီအစဉ်နှင့် တီဗွီအစီအစဉ်များ သာမက စစ်သားများနှင့် စစ်တပ်များနှင့် ပတ်သက်သည့် အရာရာတိုင်းအား သူဖတ်ရှူကာ မည်သည့် သတင်းမှပင် လွတ်ကျန်ခြင်း မရှိစေရပေ။ စစ်တပ်လက်ဝှေ့နှင့် ပတ်သက်သော စာအုပ်များမှ စာအုပ်ဆိုင်များတွင် ရှာဖွေလေ့လာပြီး နှစ်များစွာပင် လေ့ကျင့်ခဲ့ဖူးသည် အထိ စစ်တပ်နှင့် ပတ်သက်ပါက ရူးသွပ်စွဲလန်းသူ ဖြစ်သည်။ ထို့ကြောင့် ထိုသက်တော်စောင့် ၂ယောက်သည် စစ်တပ် အသိုင်းအဝိုင်းမှ လာသော အငြိမ်းစား စစ်မှုထမ်းဟောင်းများ ဖြစ်သည်ဟု ရိပ်မိသောကြောင့် ထိုသူ၂ယောက်အား အလွန်အကျွံ သူမလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသူ၂ယောက်သည် ထန်ရှု၏ စကားအား မသိကျိုးကျွံ ပြုထား ကြသောအခါ ထန်ရှု၏ ရင်ထဲမှ ထွက်ပေါ်လာသော ကိုယ်ချင်းစာ တရားသည် ပျောက်ဆုံးခဲ့ပြီ ဖြစ်သည်။ ထိုသူ၂ယောက်သည် သူတို့ကိုယ်သူတို့ ကြေးစား လူမိုက်များသဖွယ် ပြုမူနေပြီး အမှားအမှန် ခွဲခြားနိုင်ခြင်း မရှိသောကြောင့် ထိုသူတို့သည် စစ်သားဟုပင် မခေါ်ထိုက်တော့ချေ။

သက်တော်စောင့် ၂ယောက်သည် ထန်ရှုအား ဆိုးဆိုးရွားရွား ဆက်ဆံပြီးနောက် ထိုသူတို့သည် သူတို့လှုပ်ရှား လိုက်သည်နှင့် ထန်ရှုသည် သူတို့လက်မှ မလွတ်နိုင်တော့ဟု တွေးထင် ခဲ့ကြသည်။ ဂျွတ်ကနဲ အသံကြားလိုက်ရပြီး သူတို့သည် နိုင်လွမ် လမ်းမပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားသည့် အခါမှသာလျှင် မည်သို့ဖြစ်ပွားခဲ့သည် ဆိုသည်အား နားလည်သွားကြပြီး အသက်ရှူချိန ခဏလေး အတွင်းတွင် ခြေထောက်များမှ ပြင်းထန်သော နာကျင်မှုအား ခံစားရပြီး သည့်နောက် ခြေထောက်ကျိုး သွားသည်ကို သိရှိသွားလေ တော့သည်။ သက်တော်စောင့် ၂ယောက်သည် နာကျင်မှု အတွက် အော်ဟစ်ရန်ပင် မေ့လျော့ နေခဲ့ကြပြီး ထန်ရှုအား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြကာ နောင်တ တရားသည် ရင်၌ဖိစီး လာခဲ့သည်။ သည်အချိန်မတိုင်ခင် ထန်ရှုသည် သူတို့အား ညင်ညင်သာသာ သတိပေးခဲ့သည်ကို ပြန်လည် သတိရလာခဲ့သည်။ သူတို့သည် နာကျင်မှု၊ ရှက်ရွံ့မှုတို့နှင့် မျက်နှာများ ပူလာသောကြောင့် တွင်းတူး၍သာ နေလိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပွား နေလေတော့သည်။ ဝိုင်းကြည့်နေသော လူအုပ်ကြီး သည်လည်း အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်ကြဘဲ ကြက်သေ သေနေကြသည်။

အံ့သြထိတ်လန့်မှု အဖြစ်ဆုံး လူ၃ယောက်မှာ ရွှဲ့ရန်ဖေး၊ ဟုဝမ်ကျွင်းနှင့် ကျန်းယုံကျင်းတို့ပင် ဖြစ်တော့သည်။ သူတို့၃ယောက်သည် အဆိုပါ သက်တော်စောင့်၂ယောက်၏ တိုက်ပွဲဝင်စွမ်း ရမည်အား ကောင်းကောင်း သိထားကြသဖြင့် အခြားသူများနှင့် ပြသာနာဖြစ်ပါက စိုးရိမ်ပူပန်စရာ မလိုဘဲ အစမှ အဆုံးတိုင် စိတ်ချလက်ချ နေနိုင်ကြပေသည်။ ကျန်းယုံကျင်းသည်ပင် ထန်ရှုဆီ ဦးနှိမ့်ခြင်း ခံရချိန်တွင် တည်တည်ငြိမ်ငြိမ် နေနိုင်သေးသည်။ သို့သော် သူတို့ အားထားရသည့် အကောင်းဆုံး ထောက်တိုင်ကြီး များသည် ထန်ရှုကြောင့် ပြိုလဲရသည်ကို မြင်ရပြီးနောက် သူတို့ အမှန်တကယ် အထိတ်တလန့် ဖြစ်ကြရသည်။

သက်တော်စောင့်၂ယောက် လဲပြိုချိန်တွင် အရာရာသည် သုသာန်တစပြင် ကဲ့သို့ တိတ်ဆိတ်ငြိမ်သက် သွားသည်။

ကျန်းယုံကျင်းသည် သူ၏ရှက်စရာ အခြေအနေအတိုင်း သူ၏ဦးခေါင်းမှာ နိုင်လွန်လမ်းမပေါ်သို့ ထန်ရှုလက်ဖြင့် ဖိလျက်သားပင် ရှိနေသည်။

ရွှဲ့ရန်ဖေးသည် စက်မနှိုးရသေးသော သူ၏ဝရမ်ဂလာ ဂျစ်ကားပေါ် ငူငူကြီး ထိုင်လျက်သား ရှိနေသည်။

ဟုဝမ်ကျွင်း သည်လည်း သူ၏ခြေတစ်ဖက်သာ ကားပေါ်သို့ ရောက်သေးပြီး ကျန်တစ်ဖက်သည် မြေပြင်ပေါ်တွင် ရှိနေသေးသော ကိုယို့ကားယား အခြေအနေပင်ဖြစ်သည်။

သည်အခြေအနေတွင် ဟုဝမ်ကျွင်းသည် အာချောင်မိသည့် အတွက် သူ့ကိုယ်သူ အပြစ်တင်မိရင်း သူ့ပါးသူသာ ရိုက်ချင် နေမိတော့သည်။ သူသာ ပါးစပ် ဆတ်မဆော့ခဲ့ပါလျှင် သည်အဖြစ်အပျက်သည် သည်မျှလောက် ဖြစ်ပွားလိမ့်မည်မဟုတ်ဘဲ ပြီးဆုံးသွားမည် ဖြစ်သည်။

“ဝက်ဝံကြီး … ဘယ်လိုတောင် တိတ်ဆိတ်နေတာတုန်း။ ငါ့ကို ဆက်ပြောပါဦးကွ။ လာပါ။” လူတိုင်းသည် ကြောင်တောင်တောင်ဖြင့် အံ့သြတိတ်ဆိတ် နေကြစဉ် ထန်ရှုသည် အေးစက်စက် နှာမှုတ်သံ တစ်ချက် ပြုလိုက်ကာ ကျန်းယုံကျင်း၏ ဦးခေါင်းအား နိုင်လွန်လမ်းမ ထက်သို့ ထပ်ဖိချလိုက်ပြန်သည်။

“ငါ … ငါ …” ကျန်းယုံကျင်းသည် တစ်ယူသန်ကာ ခေါင်းကြောမာသော သူတစ်ယောက် ဖြစ်သော်လည်း ကြောက်လန့်သော ခံစားမှုသည် သူ၏စိတ်တွင် ဖြစ်တည် နေပေသည်။ သူ၏နောက်တွင် ရပ်နေသော လူငယ်သည် ကျွမ်းကျင်မှု ရှိရုံသာမက ပြသာနာများ ဖြေရှင်းရာတွင်လည်း နည်းနည်းလေးပင် လစ်ဟာမှုမရှိဘဲ ပိရိသေသပ်သူ ဖြစ်နေပေသည်။ ကျန်းယုံကျင်းသည် ခေါင်းမာသော စကားများအား ဆက်ပြော နိုင်သေးရဲ့လားဟုပင် သူ့ကိုယ်သူ သံသယ ဝင်မိသည်။ သူ၏နှုတ်ခမ်းများ တရွရွ ဖြစ်နေသည်မှာ ကြာနေပြီ ဖြစ်သော်လည်း မည်သည့်စကားမှ ထွက်မလာပါချေ။ ကျန်းယုံကျင်းသည် ထန်ရှုအား တောင်းပန်ဖို့ အရေးအား ချီတုံချတုံ ဖြစ်နေပေသည်။ လတ်တလော ထိုသို့ဖြေရှင်း လိုက်ခြင်းဖြင့် နောင်တစ်ချိန်တွင် လက်စားချေရန် အခွင့်အရေး ရလာနိုင်ပေမည်။ ထိုစဉ်မှာပင် ကြည်လင် ပြတ်သားသော စစ်သီချင်းသံဖြင့် ဖုန်းမြည်သံ ပေါ်ထွက် လာသောကြောင့် လန့်ဖျပ်ကာ ထခုန်လုနီးပါး ဖြစ်သွားရသည်။

ကျန်းယုံကျင်း၏ ဒေါသထွက်နေသော အကြည့်အောက်တွင် ထန်ရှုသည် ဝေခွဲမရဟန်ဖြင့် ဘေးဘီ လျှောက်ကြည့်ပြီး သတိရ သွားသည့်အလား သူ၏ ကျောင်းလွယ်အိတ်အား ဖွင့်ကာ ဖုန်းအသစ်ကို ထုတ်ကိုင် လိုက်သည်။

“ဟမ … ငါကြားရပြီ။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါတကယ်တော့ လောင်းကစား မလုပ်ဘူးလေ … အာ … ဘာ …။ ဘယ်လိုပဲဖြစ်ဖြစ် ၁မီလီယံ ပေးမှာဟုတ်လား။ ကောင်းတယ် … ငါအခုချက်ချင်း အဲဒီကို လာခဲ့မယ်။”

ပထမတွင် ထန်ရှု၏ ပြန်ဖြေသံသည် အနည်းငယ် စိတ်မရှည်ဟန် ရှိနေသည်။ တစ်ဖက်မှ အခြား အခြေအနေများပါ ကြားလိုက်ရသောအခါ သူ၏ ဟန်ပန်သည် ချက်ချင်း စိတ်လှုပ်ရှား သွားဟန်ရှိရသည်။ ထန်ရှာအား ဖုန်းခေါ်သူမှာ ဂိမ်းခန်းမတွင် ဆုံတွေ့ခဲ့သည့် လုံကျန့်လင်း ဖြစ်သည်။

လုံကျန့်လင်းသည် ထန်ရှု၏ ဖုန်းနံပါတ်အား ယွမ်ချူးလင်ထံမှ ရရှိခဲ့သည်။ ထန်ရှု ကျောင်းမှ ပြန်ထွက် သွားပြီးနောက် ယွမ်ချူးလင်သည် လုံကျန့်လင်းအား ဆက်သွယ်ကာ ထန်ရှုအား အမြန်ဆက်သွယ်ရန် ထပ်ကာ ထပ်ကာ ပြောခဲ့သည်။ ယွမ်ချူးလင်သည် လုံကျန့်လင်း၏ အမှာစကားအား သတိထား ခဲ့သော်လည်း ထန်ရှုသည် ကျောင်းသို့ ရောက်ရှိပြီး အမြန်ပြန်ထွက် သွားမည်ဟု ထင်မထားသောကြောင့် ထန်ရှုရောက်ကြောင်း လုံကျန့်လင်းအား ဖုန်းဆက်ပြောရန် အချိန်မရတော့ဘဲ ထိုအစား ထန်ရှုအား ဆက်သွယ်ရန် ဖုန်းနံပါတ် ပေးလိုက်ခြင်း ဖြစ်သည်။ ထန်ရှု၏ ဖုန်းနံပါတ် ရသည်နှင့် လုံကျန့်လင်း သည်လည်း တိုက်ရိုက် ဆက်သွယ်ကာ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်မှ ယှဉ်ပြိုင်မည့် လောင်းကစားဘုရင်သည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုံမိသားစု ရှာဖွေထားသော နာမည်ကျော် လောင်းကစား ဘုရင်များသည် စိုးရိမ်ကြောင့်ကြမှုများကာ မတုန်မလှုပ် ဖြစ်နေကြသည်။

ထို့ကြောင့် လုံကျန့်ယုသည် မည်သို့မျှ မတတ်နိုင်ဘဲ လုံကျန့်လင်းကို ယုံစားကာ ထန်ရှုအား သူတို့နေရာမှ ပြိုင်ပွဲဝင်ရန် ခွင့်ပြုလိုက်ရခြင်း ဖြစ်သည်။

“မင်းတို့ ဒီနေ့ ကံကောင်း သွားတယ်မှတ်ပါ။ နောက်တစ်ခါ မင်းတို့ကို အမှားအမှန် မခွဲခြားနိုင်ဘဲ တခြားသူတွေကို ပြသာနာရှာနေတာ ထပ်တွေ့လို့ကတော့ ဒီထက် နာမယ်မှတ်။”

ထန်ရှုသည် ဖုန်းချပြီးသည်နှင့် ထိုစကားများအား ပြောလိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။

ထန်ရှု၏ ပုံရိပ်ကွယ်ပျောက် သွားမှသာလျှင် ကျန်းယုံကျင်းသည် သူ၏ဒုက္ခဆင်းရဲမှ လွတ်ကင်းသွားပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် ယုံကြည်မိတော့သည်။ သူ၏ခနယ ကိုယ်သည် အားနည်းချည့်နဲ့ နေဟန်ဖြင့် မြေပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူသည် ပါးစပ်ကျယ်ကျယ်ဟကာ ပင့်သက်ရှိုက် လိုက်သည်။

“ယုံကျင်း … ငါတကယ် စိတ်မကောင်းဘူး သူငယ်ချင်းရာ။ ငါစိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ အဲဒီငတုံးကို ဆုံးမဖို့ မင်းကို မလှုံ့ဆော်သင့်ခဲ့ဘူး။” ကျန်းယုံကျင်း မြေပြင်ပေါ်တွင် ထိုင်ကာ ပင့်သက်ရှိုက်နေစဉ် ဟုဝမ်ကျွင်းသည် အပြေးအလွှား ရောက်လာကာ စိုးရိမ်ပူပန်သော အမူအရာဖြင့် တောင်းပန်လိုက်သည်။

ကျန်းယုံကျင်းသည် ဟုဝမ်ကျွင်းအား တစ်ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့် လိုက်ပြီးနောက် လုပ်ယူထားသော အပြုံးဖြင့် ပြုံးကာ ...

“လောင်ဟူ … ငါတို့ သူငယ်ခင်းတွေ ဖြစ်လာတာ ကြာပြီပဲကွာ။ ဘာလို့ အဲဒါမျိုးတွေ တွေးနေတာတုန်းကွ။ ဒါပေမဲ့ မင်းက ဒီပြသာနာကို လောင်စာ ထပ်ထည့်လိုက်တာပဲ ငါ့ကောင်ရေ။ ငါဒီခွေးမသားလေးကို မြင်ကို မမြင်ချင်တော့တာ။ အာ့ … ချီးပဲ နာလိုက်တာကွာ။”

ကျန်းယုံကျင်းသည် လက်ကောက်ဝတ် ၂ဖက်မှ စူးပြီး နာကျင် လာသောကြောင့် စကားတစ်ဝက် တစ်ပျက်နှင့် ညည်းတွား လိုက်ရသည်။ လိမ်ကိုင်ထားခြင်း ခံရသဖြင့် သူ၏လက်ကောက်ဝတ် နှစ်ဘက်တွင် အနက်ရောင်သို့ ပြောင်းလု နေပြီဖြစ်သော အတွင်းကြေ ဒဏ်ရာများအား မြင်လိုက်သည်တွင် ကြောက်လန့်သွားရပြီး လေနုအေးတစ်ချက် ခပ်ပြင်းပြင်း ရှူသွင်း လိုက်ရသည်။

“ရွှဲ့ရန်ဖေး … ငါ့ကားထဲက ဝိုင်တစ်ပုလင်း ထုတ်ခဲ့ပါဦး။ ယုံကျင်းရဲ့ ဒဏ်ရာတွေကို ပွတ်ပေး ရအောင်လို့။”

ကျန်းယုံကျင်း၏ စကားသံအား ကြားလိုက်ပြီးသည်တွင် ဟုဝမ်ကျွင်းရင်ထဲမှ အထုံးအဖွဲ့သည် သက်သာရာ ရသွားပြီး မကြာမီ သူသည် ကျန်းယုံကျင်း၏ လက်ကောက်ဝတ်များအား ဆုပ်ကိုင်ကာ ဝိုင်ဖြင့် ဂရုတစိုက် ပွတ်ပေး နေလေသည်။

***

All Chapters