အစ်မကြီးသာ ဘော့စ်ပါ
Vol. 01 Ch. 40
မိနစ်အနည်းငယ်ကြာသော် လုံညီအစ်ကို စောင့်မျှော်နေသည့် လုံမိသားစု၏ စားသောက်ခန်းမ၏ ဝင်ပေါက်တွင် ထန်ရှုအား မြင်တွေ့နိုင်မည် ဖြစ်သည်။
“အစ်ကိုကြီး … ငါတို့ တောင်နံရံများနှင့် ရွာကလေးကို ယူနိုင်၊ မယူနိုင်ဆိုတာ အစ်ကိုကြီးပေါ် မူတည်နေတယ်။”
ထန်ရှုအား မြင်သောအခါ လုံကျန့်လင်းသည် ရှေ့သို့ လှမ်းလာကာ ထန်ရှု၏လက်ကို ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထန်ရှုသည် ပြုံးလိုက်ကာ မည်သည့်စကားမျှ ပြန်မပြောသေးဘဲ လုံကျန့်ယုအား ကြည့်လိုက်သည်။ လုံကျန့်ယုသည် ထန်ရှုအား တိတ်ဆိတ်စွာ အကဲခတ် နေသည်ဖြစ်ရာ နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။
“ငါက လုံကျန့်ယုပါ။ လုံကျန့်လင်းရဲ့အစ်ကိုကြီးပါ။ ကျန့်လင်းကို ဂရုစိုက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာတော့ ငါတို့ မင်းကို တကယ်အားကိုးရမှာပါ ဆရာထန်။”
ထန်ရှုသည် သူ၏ညီအား အလျင်စလို မနှုတ်ဆက်ဘဲ သူ၏တည်ရှိမှုအား သတိပြုမိသည်ကို သူမြင်သောကြောင့် လုံကျန့်ယုသည် တိတ်ဆိတ်စွာ ခေါင်းကို ညိတ်လိုက်မိသည်။ သူ၏ညာလက်အား ဆန့်ကာ နှုတ်ဆက်၍ အသိအမှတ် ပြုလိုက်သည်။
လုံကျန့်ယု၏ မှတ်ချက်နှင့် သူ့အား “ဆရာထန်”ဟု ခေါ်လိုက်သည်အား ကြားလိုက် ရသည်တွင် ထန်ရှုစိတ်ထဲ တစ်မျိုးတစ်မည် ခံစားလိုက် ရသော်လည်း လုံကျန့်ယု၏ လက်အား နှုတ်ဆက်ရန် သူ၏လက်အား ဆန့်တန်း လိုက်သည်။
“မစ္စတာလုံ … အမှန်အတိုင်း ပြောရရင် ကျွန်တော်က သူများတွေထက် စာရင် စူးစမ်း လေ့လာအားနဲ့ တွက်ချက်မှုအား ပိုသာကောင်း ပိုသာလိမ့်မယ်။ ဒါပေမဲ့ လောင်းကစား နည်းပညာတွေနဲ့ စည်းမျဉ်း တွေကိုတော့ ကျွန်တော် နည်းနည်းပဲ သိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်ပြုပါ။ ဒီနေ့မှာ ကျွန်တော် စွမ်းသလောက် အကောင်းဆုံး ကစားပေးမယ် ဆိုပေမဲ့ အနိုင်ရမယ်လို့တော့ အာမမခံနိုင်ဘူး ခင်ဗျ။” ထန်ရှုသည် လုံကျန့်ယုအား ခေတ္တမျှ စိုက်ကြည့်ကာ ပြုံးရယ်လျက် ပြောလိုက်သည်။ ထန်ရှုသည် ထိုစကားများအား ပြောနေသည့် အချိန်တွင် အနည်းငယ် စိတ်လှုပ်ရှား နေပေသည်။ လုံကျန့်ယုမှ သူ့အား တိုက်ရိုက် နှင်ထုတ်လိုက်မည်ကို သူစိတ်ပူနေသည်။
အဘယ်ကြောင့်ဆိုသော် ဖုန်းထဲတွင် လုံကျန့်လင်းသည် ဖိအား ပေးနေသကဲ့သို့ ရှိသောကြောင့် ဖြစ်သည်။ တောင်နံရံများနှင့် ရွာကလေးသည် လုံမိသားစု အတွက် အလွန်အရေးကြီးသော်ငြား ထိုရွာလေးအား လုံမိသားစု ရစေရမည်ဟု သူအာမ မခံနိုင်ချေ။ သူ့အနေဖြင့် လုံမိသားစုအား ကတိပေးပြီး လာရောက် ကူညီရခြင်းသည် ရမည့်ဆုကြေး အချက်အလက် များကြောင့် ဖြစ်သည်။ တောင်နံရံများနှင့် ရွာကလေးအား ဖွံဖြိုးစည်ပင်ရေး လုပ်ပိုင်ခွင့်သည် မက်လောက်သော ဆွဲဆောင်မှု ဖြစ်သည်။
စိတ်ဝိညာဉ်သွေးကြော တည်ရှိရာ နေရာအား ထိုရွာကလေး တည်ရှိရာတွင် ရှာဖွေ တွေ့ရှိစဉ်က စပြီး ထိုနေရာလေးအား မည်ကဲ့သို့ ပိုင်ဆိုင်ရမည်ကို သူစိတ်ပူပန် နေမိသည်။ ထန်ရှုသည် လုံကျန့်လင်းမှ ထိုအခွင့်အရေးအား သယ်ဆောင် လာပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ရာ အိပ်ချင်နေစဉ် ခေါင်းအုံး အပေးခံလိုက်ရသော သူကဲ့သို့ ထန်ရှု မငြင်းနိုင် ဖြစ်ခဲ့သည်။
ယခင် ကျင့်ကြံစဉ် အချိန်ကဖြစ်စေ သို့မဟုတ် ယခုဘဝမှာပင် ဖြစ်စေ သူသည် ချမ်းသာကြွယ်ဝရန် အတွက် လောင်းကစားခြင်းဖြင့် အသက်မမွေးခဲ့သဖြင့် သူ၏ လောင်းကစား စွမ်းရည်နှင့် ပတ်သက်ပြီး ထန်ရှုသည် ယုံကြည်မှု မရှိချေ။ ထို့ကြောင့် ရှုံးနိမ့်သောအခါ ဝေဖန် ပြစ်တင်ခြင်းနှင့် ကဲ့ရဲ့ရှုံ့ခြင်း တို့အား ရှောင်ရှားနိုင်ရန် သူသည် လုံကျန့်ယုအား အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ အမှန်စကားကြောင့် လုံကျန့်ယု၏ အထင်အမြင် ကြီးမှုသည် တိုးတက် လာလိမ့်မည်ဟု ထန်ရှု တွေးမထင်မိခဲ့ချေ။ လုံကျန့်ယု၏ ကျဆင်းနေသော ယုံကြည်မှုသည် ပြန်လည် မြင့်တက်လာသည့် ဟန်ရှိသည်။
“ဆရာထန်က အားနာလွန်း နေပြန်ပါပြီ။ လောင်းကစား ဆိုတာမျိုးက ပုံသေတွက်ထားလို့ မရသလို ကြိုတင်မှန်းဆလို့လည်း မရတဲ့ အရာမျိုးပါ။ ဘယ်သူကမှ နိုင်ဖို့အတွက် အာမ မခံရဲ၊ ကြိုတင် မပြောရဲကြဘူး။”
လုံကျန့်ယုသည် ထန်ရှုအား အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
အပေါက်ဝတွင် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်နေဆဲတွင် နားကွဲလု မတတ်ဆူညံစွာ ဘရိတ်အုပ်လိုက်သော ကားများ၏ အသံအား ကြားလိုက်ရပြီး လူများ အလျင်စလိုဖြင့် ဆင်းလာကြကာ ဝင်ပေါက်ဆီသို့ လျှောက်လာကြသည်။
ထိုသူများအား မြင်လိုက်သော အချိန်တွင် ထန်ရှုသည် အံ့အားသင့် သွားရသည်။ သူနှင့် မကြာသေးမီအချိန်က ပြသာနာတက်ခဲ့သော ကျန်းယုံကျင်း၊ ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းယုံကျင်း သည်လည်း ထန်ရှုအား မြင်သွားခဲ့သည်။ ထန်ရှုအား မြင်လိုက်သော အခါတွင် ကျန်းယုံကျင်းသည် ယောင်ယမ်းပြီး နောက်သို့ ခြေလှမ်း ဆုတ်လိုက်မိသည်။
ကျန်းယုံကျင်း နောက်တွင်ပါလာသော ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့သည် သူတို့၏ မြင်ကွင်းအား ကျန်းယုံကျင်းမှ ကွယ်ထားသကဲ့သို့ ဖြစ်နေသောကြောင့် ထန်ရှုအား မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျန်းယုံကျင်းသည် ရုတ်တရက် ရပ်ကာ နောက်သို့ ဆုတ်လိုက်သောအခါ သူတို့သည် မရပ်တန့် နိုင်တော့ပဲ ဖြစ်သွားရကာ ရွှဲ့ရန်ဖေးသည် ဟုဝမ်ကျွင်းကို တိုက်မိပြီး ဟုဝမ်ကျွင်းသည် ကျန်းယုံကျင်းအား ဆက်လက် တိုက်မိ သွားလေသည်။
ကျန်းယုံကျင်း၏ ခန္ဓာကိုယ်သည် သံမျှော်စင်ကြီးနှင့် တူသောကြောင့် မရွေ့လျားသွားဘဲ အနည်းငယ်သာ လှုပ်ယမ်း သွားသော်လည်း သူ့အားတိုက်မိသော ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးသည် တိုက်မိသော အရှိန်ဖြင့် နောက်ပြန်ဖင်ထိုင် လဲကျ သွားရသောကြောင့် နာကျင်စွာ လွှတ်ကနဲ အော်မိကုန်ကြသည်။
“မင် … မင်း … ဘယ် … ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ။ လာရှုပ်တာတော့ မဟုတ်ပါဘူးနော်။” ကျန်းယုံကျင်းသည် သူ၏ သူငယ်ချင်းများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည့် အခြေအနေအား ဂရုမစိုက်နိုင်အားပဲ ထန်ရှုအား ကြည့်ကာ ကြောက်ကြောက်လန့်လန့်နှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်မိသည်။
ထန်ရှုကြောင့် ရခဲ့သော စိတ်ဒဏ်ရာသည် သူ့အတွက် ကြီးမားလှသည်။ သူ့ဘဝ တစ်လျှောက်တွင် မည်သူကိုမျှ ဒူးထောက် တောင်းပန်မှု မပြုခဲ့ ရဖူးသော်လည်း ထန်ရှုကိုမူ ဒူးထောက် တောင်းပန်သည် အထိ သူလုပ်ခဲ့ရသည်။ ထန်ရှု၏ အမည်နှင့် သူ၏နောက်ခံအား မသိခဲ့ရင်တောင်မှ ထိုအဖြစ်ကြောင့် ကျန်းယုံကျင်းသည် စိတ်သောကရခဲ့ပြီး ကူကယ်ရာမဲ့သည်အထိ ခံစားခဲ့ရပေသည်။
မူလက ကျန်းယုံကျင်းသည် ထန်ရှု၏ အကြောင်းအား ဖြည်းညင်းစွာ စုံစမ်းပြီး သွေးအေးသောအခါမှ လက်စားချေမည်ဟု တွေးထားခဲ့သည်။ သူ၏ရှေ့မှောက်တွင် ထန်ရှုသည် နောက်တစ်ဖန် ပြန်ပေါ် လာလိမ့်မည်ဟု ကျန်းယုံကျင်းသည် ယောင်လို့တောင်မှ မတွေးမိခဲ့ပါချေ။ စိတ်ထဲတွင် ပြင်ဆင်ခြင်း မရှိရသေးသော အချိန်တွင် ထန်ရှုအား ရုတ်တရက် တွေ့လိုက်သောအခါ ကျန်းယုံကျင်းသည် ကြောက်ရွံ့မှုကြောင့် မတည်ငြိမ်နိုင်အောင် ဖြစ်သွားခဲ့ ရတော့သည်။
“ညီလေးထန် … ဘာတွေ ဖြစ်တာလဲ။” လုံကျန့်ယုသည် ကျန်းယုံကျင်းတို့ ၃ယောက် ရောက်လာသည်ကို တွေ့သောအခါ မူလက ဘေးတစ်ဖက်တွင် ပုန်းကွယ် နေချင်ခဲ့သည်။ ထိုသို့လုပ်မိပါက ထန်ရှုသည် သူ့အား အရေးမစိုက်တော့ဟု ထင်သွားမည်ကို စိုးသောကြောင့် မည်သို့မျှ မတတ်နိုင်ဘဲ ထန်ရှု၏ဘေးတွင် ရပ်နေရလေသည်။
လုံကျန့်ယု ထင်ထားခဲ့သည်မှာ ကျန်းယုံကျင်းတို့ ၃ယောက်သည် သူ့အား မြင်ပါက သေချာပေါက် သရော်လှောင်ပြောင် ကြမည်ဖြစ်ပြီး ထိုအခြေအနေမှ သူသည် လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ဟု ဖြစ်သည်။ သို့သော် မမျှော်လင့်ပဲ ကျန်းယုံကျင်း၏ အာရုံသည် သူ၏ အနားတွင် ရှိနေသော ထန်ရှုပေါ်သို့ တိုက်ရိုက် ကျရောက်နေပြီး အမှားမှားအယွင်းယွင်း ပြုမူနေသော အဖြစ်သည် လုံကျန့်ယုအား အံ့အားသင့် စေသော အဖြစ်ပင် ဖြစ်သည်။
ကျန်းယုံကျင်း၏ဂုဏ်သတင်းအား လုံကျန့်ယု ကောင်းစွာသိသည်။ သူတို့ အသိုင်းအဝိုင်းတွင် ကျန်းယုံကျင်း၏ အနိုင်ကျင့်တတ်သော ဂုဏ်သတင်းသည် မွှေးသည်။ သူသည် အထူအပါး နားမလည်သော ဝက်ခေါင်းလို လူစားမျိုးဖြစ်သည်။
ထိုကဲ့သို့ လူစားမျိုးက ထန်ရှုအား အမှန် တကယ်ကြောက်ရွံ့ နေသည်ကို မြင်ရသောအခါ လုံကျန့်ယုတွင် ထန်ရှုအကြောင်း သိလိုစိတ်သည် ဖြစ်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ထန်ရှု ပေါ်ထားသည့် သူ၏ယုံကြည်မှု သည်လည်း တိုးပွားလာခဲ့သည်။ မသိလိုက် မသိဘာသာဖြင့် ထန်ရှုနှင့် ပတ်သက်သည့် သူ၏အကဲဖြတ်မှုနှင့် အမြင်သည် ပြောင်းလဲ သွားဟန်ရှိသည်။
“ဘာမှ မဟုတ်ပါဘူး။ တစ်ခြားတစ်ယောက်နဲ့ ငါ့ကိုမှားနေတာနဲ့ တူပါတယ်။” ထန်ရှုသည် ကျန်းယုံကျင်းအား ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်သည်။ ကျန်းယုံကျင်း သူ့အပေါ် ကြောက်ရွံ့နေသည်ကို ထန်ရှု ရိပ်မိသွားသဖြင့် ခေါင်းတစ်ချက်ယမ်းကာ သူ၏အကြည့်အား ပြန်ရုတ်သိမ်း လိုက်သည်။
ထိုအချိန်မှာပင် ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်း တို့သည်လည်း လုံကျန့်ယုနှင့် လုံကျန့်လင်းတို့နှင့် အတူရှိနေသော ထန်ရှုအား တွေ့မြင်လိုက်သည်။ လုံညီအစ်ကိုနှင့် ထန်ရှုအား တွေ့မြင် လိုက်ရသောကြောင့် အံ့အားသင့်သော အမူအရာနင့်အတူ စိတ်လှုပ်ရှား တုန်လှုပ်မှာသည် သူတို့၏ရင်ထဲတွင် ဖြစ်ပေါ်သွားသည်။
သူတို့၃ယောက်သည် ထန်ရှုနှင့် နှစ်ကြိမ်တိုင်တိုင် ပြသာနာ ဖြစ်ထားပြီး ထိုနှစ်ကြိမ်လုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ သည်အချင်းအရာသည် ကောင်းသော အရာမဟုတ်ပေ။ သူတို့စိတ်ပူ နေကြသည်မှာ သူတို့အသိုင်းအဝိုင်း လောကထဲတွင် ထန်ရှုသည် သူတို့အကြောင်း ဟာသလုပ်ကာ ရယ်ပွဲ့ဖွဲ့ ပြောဆိုမည်ကိုပင်။
သို့သော် ထန်ရှုသည် ထိုသို့ ဟာသမလုပ်ဘဲ သူတို့အား မသိချင် ဟန်ဆောင်နေသဖြင့် သူတို့၃ယောက်သည် စိတ်သက်သာရာ ရသွားကာ ထန်ရှုအား ကြိတ်ကာ ကျေးဇူးတင် မိရသေးသလို ထန်ရှုမှ သူတို့အား မနှစ်သက်သည့် ဟန်ရှိနေသဖြင့် ဒေါသထွက် မိလိုက်ရသေးသည်။ ရောထွေးနေသည့် ခံစားချက်များဖြင့် သူတို့သည် ခန်းမထဲသို့ အပြေးအလွှား ဝင်လိုက်ကာ ထောင့်တစ်နေရာတွင် ကွယ်ပျောက် သွားတော့သည်။
“တစ်စုံတစ်ယောက်နဲ့ မှားနေတာတဲ့လား။” ထန်ရှု၏ အဖြေအား ကြားလိုက်ရသောအခါ လုံကျန့်ယု၏ မျက်နှာထက်တွင် အံ့သြသည့်အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ထပ်မံသိလို သေးသော်လည်း သူ၏စကားများအား နှုတ်ဖျားမရောက်ခင် မျိုချလိုက်ရသည်။
“အစ်ကိုကြီး … လောင်းကစားပွဲက စတော့မှာ။ အပေါ်ထပ်ကို သွားကြရအောင်။” လုံကျန့်လင်းသည် နံရံထက်မှ နာရီအား ကြည့်ကာ စိတ်လှုပ်ရှား ပူပန်နေသော အမူအရာဖြင့် ပြောလိုက်သည်။
လုံမိသားစု၏ စားသောက် ခန်းမသည် ကြယ်တာရာ မြို့တော်ကြီး၏ စီးပွားရေး အချက်အချာ ကျသော လမ်းပေါ်တွင် ရှိသည်။ အဆောက်အဦသည် ၄၉ထပ်ရှိပြီး နဂါးနှစ်ကောင်ခွေကာ ရစ်ပတ်နေသည့် ဟန်ရှိပြီး ထိပ်ဆုံးအလွှာသည် ကမ္ဘာလုံး ပုံစံဆောက်ထားကာ အဆိုပါ နဂါးနှစ်ကောင်မှ ပုတီးလုံး တစ်လုံးအား ကစားနေသည့်ဟန် ဖြစ်သည်။
လုံမိသားစု၏ ခန်းမသည် ဖြောင့်တန်းသော မိုးမျှော်တိုက်ကြီး ဖြစ်သောကြောင့် ငွေကြေးသုံးစွဲမှုနှင့် ရင်သပ်ရှုမောဖွယ်ရာ သွင်ပြင်ဖြစ်ပြီး ကြယ်တာရာ မြို့တော်ကြီး၏ အဓိက အမှတ်အသားပင် ဖြစ်လာခဲ့သည့်အပြင် စီးပွားရေး လောကအတွက် ဒဏ္ဍာရီအလား ထင်ရှားကျော်ကြား လာခဲ့ပေသည်။
စီးပွားရေး လုပ်ငန်းရှင်များနှင့် နာမည်ကျော် ပုဂ္ဂိုလ်များသည် သူတို့၏ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုများ အတွက် အဆိုပါ အဆောက်အဦ၏ ထိပ်ဆုံးအလွှာတွင် ကျင်းပကြသဖြင့် အချိန်ကြာလာ သည်နှင့်အမျှ ထိုခန်းမ၏ ဈေးနှုန်းသည် အလွန်မြင့်မား လာခဲ့ပေသည်။
ထိုခန်းမထဲတွင် လူနှစ်ယောက် ယခုရှိနေပေသည်။ တစ်ယောက်သည် အသက်၃၀အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ကိုယ်ကြပ်ဝတ်စုံဖြင့် သူမ၏ ကျက်သရေ ရှိလှသော သွင်ပြင်အား ဖော်ပြလျက် သူမ၏ ဖြူဝင်းနေသော မျက်နှာထက်တွင် နေကာမျက်မှန် တပ်ဆင် ထားသဖြင့် သူမ၏ အေးစက်စက် အရှိန်အဝါအား ဖော်ထုတ် နေသကဲ့သို့ ရှိသည်။
အခြားတစ်ယောက်သည် အသက်၆၀အရွယ် လေးထောင့်ကျကျ မျက်နှာဖြင့် အမျိုးသားကြီး တစ်ဦးဖြစ်ပြီး အဖြူရောင်ဝတ်စုံနှင့် ဖြစ်သည်။ ထိုသူသည် လေးနက်သော အမူအရာဖြင့် ရှိနေပြီး သူ၏ လက်များထဲတွင် သစ်ကြားသီး နှစ်လုံးအား ဟိုဘက်ဒီဘက် ရွှေ့ပြောင်း ကစားလျက် အေးဆေးစွာ ရှိနေပေသည်။
“ဆရာကြီးကျား … ဒီနေ့ကတော့ ဆရာကြီးကိုပဲ ကျွန်မတို့ အားကိုးရမှာပဲ။ တောင်နံရံများနှင့် ရွာကလေး အတွက် ကျွန်မတို့ အနိုင်ရခဲ့ရင် နောင်အခါ ထာဝရခိုင်မြဲရေး ဒေသအတွက် ဆရာကြီးက အကြီးဆုံး ရှယ်ယာပိုင်ရှင် ဖြစ်လာလိမ့်မယ်။” အမျိုးသမီးသည် စီးကရက်အား မီးညှိလိုက်ပြီး ခံစားချက် ကင်းမဲ့သော အသံဖြင့် ပြောလိုက်သည်။
“မစ်စ်ကျန်း … ဒီလူအိုကြီးအပေါ် လောင်းကစားဖို့ အတွက်ဆိုရင် စိတ်သာချ ထားလိုက်ပါ။ ရွှမ်ကျင်းပြည်နယ်မှာ ဒီလူအိုကြီးနဲ့ ရင်ဆိုင်ပြီး လောင်းကစားလုပ်ရဲတဲ့ သူတစ်ယောက်မှ မပေါ်ဖူးသေးဘူး။” လူအိုကြီးသည် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
လူအိုကြီး၏ ပြောသောစကားအား နားထောင်ပြီး ကျန်းသဲဂျင်၏ ဆွဲဆောင်မှုရှိသော မျက်ခုံးများသည် အနည်းငယ် တွန့်သွားပြီး ချက်ချင်း ပြန်ပြေသွားသည်။ ကျန်းသဲဂျင်သည် လေလုံးထွားသော လူများအား ပုံမှန်အားဖြင့် နှစ်သက်လေ့ မရှိပေ။ သို့သော် ကျားလွေဒေါင်၏ လောင်းကစားမှု စွမ်းရည်နှင့် ရွှမ်ကျင်းပြည်နယ်တွင် သူ၏ နာမည်ကျော်ကြားမှုအား ပြန်လည် သတိရမိလိုက်သောကြောင့် သူမ ပြောဆိုမိတော့မည့် စကားများအား မျိုချလိုက်သည်။
တောင်နံရံများနှင့် ရွာကလေး လုပ်ပိုင်ခွင့်အတွက် လုံခန်းမတွင် ကစားမည့် လောင်းကစားမှုပြိုင်ပွဲ အတွက် ကျားလွေဒေါင်သည် သူမတို့ဘက်မှ ကစားပေးမည်ဟု ကျန်းသဲဂျင် ကြေညာလိုက်ပြီးနောက် လောင်းကစားသည့် လူအများစုသည် လုံမိသားစုဘက်မှ ကစားပေးရဲမည့်သူ မရှိသလောက်ပင် ဖြစ်ချေတော့သည်။ သည်အခြင်းအရာသည် လောင်းကစား လောကတွင် ကျားလွေဒေါင်၏ နာမည်ကြီးမှုအား သက်သေပြနေသော အချက်ပင် ဖြစ်ပေတော့သည်။
“ဆရာကြီးကျားရဲ့ လောင်းကစားစွမ်းရည်ကို ကျွန်မ လေးစားပြီးသားပါ။ နို့မို့ဆိုရင် ဒီကိစ္စကို ကိုင်တွယ်ဖို့ ဆရာကြီးကို ဘယ်ခေါ်ဝံ့ပါ့မလဲ။ ဒါပေမဲ့ သတိဆိုတာ ပိုတယ် မရှိဘူးလေ။ အရာရာကို သတိနဲ့ ဂရုစိုက် ကိုင်တွယ်တာက တောင်းပန်ပါတယ်ဆိုတဲ့ စကားထက် ပိုပြီးကောင်းပါတယ်။” အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကျန်းသဲဂျင် စကားပြောလိုက်သည်။
တောင်နံရံများနှင့် ရွာကလေး လုပ်ပိုင်ခွင့် ရရှိရန်ဟူသော ကျန်းသဲဂျင်၏ စကားအား ကြားရပြီးနောက် ကျားလွေဒေါင်၏ မျက်နှာသည် တည်ကြည် လေးနက်သွားခဲ့သည်။
ကျားလွေဒေါင်၏ ရလဒ်အတွက် စိတ်ချရန် ပြောပြီးပြီးချင်း အခန်းတံခါးသည် ရုတ်တရက် ပွင့်သွားကာ ကျန်းယုံကျင်း၊ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့သည် ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့ကြသည်။
“အခြားသူတွေ နင်တို့တွေကို နည်းနည်းလေးမှ စိတ်မပူအောင် မနေတတ်ကြဘူးလား။ ပုံမှန်ရက်တွေ နင်တို့ နောက်ကျတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ နင်တို့ ဒီနေ့ အရမ်း နောက်ကျတယ်။ တောင်နံရံများနှင့် ရွာကလေးကို ငါလက်လွှဲ ယူရတာ အတော် စိတ်အေးလက်အေး ရှိနေရတယ်များ နင်တို့ ထင်နေကြလား … ဟမ်။”
ကျန်းယုံကျင်းတို့ ၃ယောက်အား မြင်တွေ့လိုက်ရသော ခဏ မူလက တည်ငြိမ် အေးဆေးနေသော ကျန်းသဲဂျင်သည် ဒေါသထွက်နေသော ကျားမလေးသဖွယ် ပြောင်းလဲသွားပြီး ထို၃ယောက်အား စေ့စေ့ကြည့်ကာ ဆူပူကြိမ်းမောင်း လိုက်သည်။
“အ … အစ် … အစ်မကြီး … ကျွန် … ကျွန်တော်တို့ ဒီကို အပြေးလာတာပါ။ လမ်းမှာ ကားမတော်တဆမှု ဖြစ်သွားလို့ နောက်ကျ သွားတာပါ။” ကျန်းသဲဂျင်၏ စူးရှပြီး အေးစက်သော အကြည့်ကြောင့် ကျန်းယုံကျင်းသည် အမှားလုပ်ထားမိသော မူလတန်းကျောင်းသား တစ်ယောက်ကဲ့သို့ သူ၏ ခေါင်းအား ငုံ့ထားလျက် တောင်းပန် လိုက်သည်။ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်း တို့သည် ကျန်းယုံကျင်း၏ နောက်တွင် ရပ်ကာ အသက်ပင် ရဲရဲမရှူဝံ့ကြချေ။
ကျန်းယုံကျင်း ကားမတော်တဆ ဖြစ်သည်ဟု ကြားလိုက်ရသော ကျန်းသဲဂျင်သည် ထိုင်နေရာမှ ဝုန်းကနဲထကာ ခြေ၃လှမ်းအကွာတွင် ရှိနေသော ကျန်းယုံကျင်းရှေ့သို့ ရောက်ရှိသွားပြီး ကျန်းယုံကျင်းအား ၂ကြိမ်တိုင်တိုင် လှည့်ပတ် ကြည့်လိုက်သည်။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူမသည် ကျန်းယုံကျင်းအား မေးတော့သည်။
“ယုံကျင်း … အစ်မကြီးကို ပြောစမ်း။ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာမှထိခိုက် ဒဏ်ရာ မရဘူး မဟုတ်လား။”
လွန်ခဲ့သော အချိန်ပိုင်းလေးက အောင်မြင်သော လုပ်ငန်းရှင် တစ်ယောက် သွင်ပြင်ရှိနေခဲ့သော ကျန်းသဲဂျင်သည် သည်တစ်ကြိမ်တွင်တော့ ချစ်ခြင်း မေတ္တာအပြည့်နှင့် သာမန်အမျိုးသမီး တစ်ယောက်ပုံစံ ဖြစ်သွား လေတော့သည်။
***