← Chapters

မကောင်းသောသူများသည် ရေမြေဓာတ်ခံမကောင်းခြင်းမှ ဆင်းသက်လာတယ်။

Vol. 01 Ch. 41

မကောင်းသောသူများသည် ရေမြေဓာတ်ခံမကောင်းခြင်းမှ ဆင်းသက်လာတယ်။

Vol. 01 Ch. 41

ကျန်းယုံကျင်းသည် အမှန်တကယ်တော့ ကျန်းသဲဂျင်အား သူ အနိုင်ကျင့်ခံရသည့် အကြောင်းအား ပြောပြချင် နေခဲ့သည်။ သူ့ခံစားမှုသည် မျက်နှာပေါ်တွင် ထင်ဟပ်ကာ အချိန်အတန် ကြာသည်အထိ အတွေးများနှင့် ပြောင်းလဲ နေခဲ့သော်လည်း သူဘာမျှ မပြော ဖြစ်ခဲ့ချေ။ သည်အဖြစ်အပျက်အား ရှက်စရာ ကောင်းလှသည်ဟု သူခံစားမိသဖြင့် ထိုအကြောင်းအရာအား မပြောပြနိုင်ချေ။ သည်ပြသာနာအား သူ့အစ်မကြီး၏ အင်အားကို အားကိုးကာ မဖြေရှင်းချင်ချေ။ သူကိုယ်တိုင် လက်စားချေပြီး သည်နေ့ရခဲ့သော အရှက်တရားအား ဆေးကြော ပစ်ချင်ပေသည်။

“အစ်မကြီး … ဒါတကယ်ကို ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် တစ်စုံတစ်ယောက်ကို ကားနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့တယ်။ အရေးပေါ် ဘရိတ်ဆောင့်အုပ် လိုက်ရတော့ ကားမှန်နဲ့ ကျွန်တော် ရိုက်မိသွားခဲ့တာပါ။” ကျန်းယုံကျင်းသည် မျက်နှာကြီးနီရဲလျက် ပြောပြလိုက်သည်။

“နင်လိမ်နေတာ။ နင့်ရဲ့လက်တွေက ဘာလို့ အတွင်းကြေ နေတာလဲ။ ဒူးနှစ်ဘက်မှာရော ဘာလို့ဖုန်တွေ ပေနေတာလဲ။ ရန်ပွဲမှာ တစ်စုံတစ်ယောက်ကို ရှုံးခဲ့လို့ ပြောရမှာ ကြောက်နေတာလား။”

ကျန်းယုံကျင်းသည် သူမ၏ အကြည့်အား ရှောင်လွှဲနေသည်ကို ကြည့်ပြီး ကျန်းသဲဂျင်၏ အမူအရာသည် ပြန်လည် အေးစက်သွားကာ အသံမာမာဖြင့် ဆူပူလိုက်သည်။

“ကျွန် … ကျွန်တော် … ကျွန်တော် …” ကျန်းယုံကျင်းသည် အရပ်မြင့်မြင့် သန်သန်မာမာ ထွားထွားကြိုင်းကြိုင်း ဖြစ်သော်လည်း သူ၏ အစ်မကြီး ဖြစ်သူအား အရိုးထဲမှပင် ကြောက်ရွံ့ပေသည်။ ထို့ကြောင့် သူဖြစ်ပျက် လာခဲ့သည်အား အမှန်အတိုင်း ဖွင့်ပြောရန် ဟန်ပြင် လိုက်သည်။ ထိုအချိန်မှာပင် တံခါးသည် တွန်းဖွင့်လိုက်ခြင်း ခံရပြီး လုံညီအစ်ကိုနှင့် ထန်ရှုသည် ခန်းမထဲသို့ ဝင်ရောက် လာခဲ့သည်။

လုံကျန့်ယုနှင့် သူ၏လူများ ရောက်ရှိလာသဖြင့် ကျန်းသဲဂျင်သည် သူမ၏ ထိုင်ခုံနေရာသို့ ပြန်သွားကာ သူမ၏ကြော့ရှင်းသော သွင်ပြင်အား ပြန်လည်ဆောင် ယူလိုက်သည်။ ထို့ကြောင့် ကျန်းယုံကျင်းသည် ပြောရခက်သော အခြေအနေမှ လွတ်မြောက် သွားတော့သည်။

“အကြီးအကဲလုံ … ကျွန်မတို့ကို ဒီနေရာကို ခေါ်ပြီး လစ်လျူရှု ထားတာလား။ ဒါလုံခန်းမရဲ့ ဧည့်သည်တွေကို ကြိုဆို ဆက်ဆံတဲ့ ပုံပဲလား။” ကျန်းသဲဂျင်သည် လုံကျန့်ယု ပြောသည်ပင် မစောင့်တော့ဘဲ အရင်ဦးအောင် ပြောဆိုလိုက်ကာ အရှိန်တင် လိုက်သည်။

“အကြီးအကဲကျန်းက အမြဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ။ လုံခန်းမမှာလည်း ပိုအရေးကြီးတဲ့ ဧည့်သည်တွေ ရှိနေသေးတော့ ဒီလုံက ခင်ဗျားနဲ့ အချိန်ပြည့် မရှိနေနိုင်တာပါဗျ။”

လုံကျန့်ယုသည် ပြုံးလျက် ပုံမှန်အမူအရာဖြင့် ပြောလိုက်သည်။

“အဲဒါအပြင် လုံခန်းမရဲ့ဝန်ဆောင်မှုက အမြဲတမ်း ထိပ်တန်းမှာ ရှိပါတယ်ဗျာ။ အကြီးအကဲကျန်း လိုအပ်တာမှန်သမျှ စားပွဲပေါ်က ဘဲလ်ကို နှိပ်လိုက်ရုံပါပဲ။ကျွန်တော်တို့ ဝန်ထမ်းလေးတွေ အမြန်လာပြီး စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှု ပေးကြပါလိမ့်မယ်။”

ကျန်းယုံကျင်း၏ နှိပ်ကွပ်တတ်သော ပုံစံနှင့်နှိုင်းယှဉ်မည် ဆိုပါက လုံကျန့်ယု၏ စကားများနှင့် ပုံပန်းသဏ္ဍာန်သည် တည်ငြိမ်အေးဆေးပြီး လူအများအား နွေဦးလေပြည် ကဲ့သို့ အေးချမ်းစေကာ တစ်ဖက်လူများအား သူတို့၏ အပြုအမူအတွက် အရှက်ရစေသကဲ့သို့ ဖြစ်သည်။

“နင် …” ကျန်းသဲဂျင်သည် လုံကျန့်ယုမှ ထိုကဲ့သို့ ပုံစံဖြင့် ပြန်လည် တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူမသည် ကျယ်လောင်စွာ ဆဲဆို လိုက်ချင်သော်လည်း လုံကျန့်ယု၏ စကားရည်လုပွဲတွင် ပြိုင်ဘက်ကင်းသော စကားပြော ကောင်းသည့် စွမ်းရည်အား ပြန်သတိရ သွားမိသည့် အလျောက် လုံကျန့်ယုနှင့် စကားဖက် မပြိုင်တော့ဘဲ ထန်ရှုဆီသို့ သူမ၏ အကြည့်အား ရွှေ့လိုက်သည်။ သို့သော်လည်း ထန်ရှု၏ သွင်ပြင်သည် သာမန်လူ တစ်ယောက် ပုံစံဖြစ်ပြီး သူမတို့နှင့် နှိုင်းယှဉ်လျှင် စုတ်တီးစုတ်ပြတ်ပုံ ဖြစ်နေသောကြောင့် သူမသည် ထန်ရှုအား တစ်ချက်သာ ကြည့်ကာ နောက်ထပ် မကြည့်တော့ဘဲ ရှိသည်။ ထန်ရှု၏ အဝတ်အစားသည် လမ်းဘေးဆိုင်များတွင် တွေ့ရသော အဝတ်အစားမျိုးဖြစ်ပြီး ခြေမပေါက် ထွက်နေသော ကင်းဗတ်ဖိနပ်ပါအပါ တစ်ကိုယ်လုံး တန်ဖိုးသည် ယွမ်၁၀၀ထက်ပင် မပိုချေ။

ကျန်းသဲဂျင်သည် မွေးဖွားစဉ် ကတည်းကပင် အလိုလိုက် အကြိုက်ဆောင်ခြင်း ခံထားရသောကြောင့် ကောင်းကင်ဘုံမှ သမီးပျိုကဲ့သို့ အလွန်အသုံးအဖြုန်း ကြီးပေသည်။ ထူးချွန်သော လူများသည် ဆင်းရဲပြီး နှိမ့်ချစွာ နေတတ်သော မိသားစုများ ပေါ်ပေါက်ခြင်း မရှိဟုဆိုကာ ၎င်းအား အမှန်တရားသဖွယ် ယုံကြည်ပေသည်။ ထို့ကြောင့် ဆင်းရဲသော နောက်ခံဖြင့် ဘဝမြင့် စိတ်ထားရှိသော သူများအား သူမသည် အရိုးထဲမှပင် မုန်းတီးပေသည်။

“အကြီးအကဲလုံ … ရှင်ပြောတဲ့ ဂုဏ်သိက္ခာ ရှိတဲ့သူဆိုတာ ကျွန်မ မသိလို့ ပြောပြ ပေးနိုင်မလား။” သံသယဖြစ်နေသော အမူအရာဖြင့် ကျန်းသဲဂျင်သည် လုံညီအစ်ကို၏ အနောက်သို့ လှမ်းကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

“အာ … အကြီးအကဲကျန်းက ကျွန်တော်တို့ မတွေ့ခဲ့တဲ့ အချိန်တွေ အတွင်းမှာ ဟာသတွေ လုပ်တတ်လာတာပဲ။ ဂုဏ်သိက္ခာ ရှိတဲ့သူတွေက ပုံမှန်ဆိုရင် မိုးကုတ်စက်ဝိုင်း အတွင်းက အဝေးမှာ မဟုတ်လား။ အကြီးအကဲကျန်းက ကျားလွေဒေါင်ကို ဖိတ်ခဲ့သလို ကျွန်တော် တို့ကလည်း ကျွန်တော်တို့ကို ကူညီပေးဖို့ ညီအစ်ကိုထန်ကို ဖိတ်ခဲ့ပါတယ်။ စိတ်မရှိဘူး ဆိုရင် ကျွန်တော်တို့ ဒီကစားပွဲကို စနိုင်ပါပြီ။”

ကျန်းသဲဂျင်၏ အထင်သေးသော အကြည့်အား ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့် လုံကျန့်ယုသည် သူမအား စိတ်ထဲမှ လှောင်ပြောင် လိုက်သည်။

လုံကျန့်ယုသည် ပထမအစတွင် ထန်ရှုအား မြင်လိုက်စဉ်က အနည်းငယ် စိတ်ဓာတ် ကျမိပေသည်။ သို့သော်လည်း ညီငယ်ဖြစ်သူ လုံကျန့်လင်း၏ စိတ်အား ထက်သန် နေမှုကြောင့် ထန်ရှု၏ သွင်ပြင်အား မည်သည့်မှတ်ချက်မှ မဖော်ပြခဲ့သော်လည်း ထန်ရှုအား မည်သည့် အသေးစိတ် အရာကိုမျှ မလွတ်သွားခဲ့ပဲ ဂရုတစိုက် လေ့လာ ကြည့်ခဲ့သည်။ ရှေ့တွင် ကြုံတွေ့ခဲ့သော မြင်ကွင်းများအရ ထန်ရှုသည် သူတို့စိတ်ကူး ထားသည်ထက် ကျော်လွန်ကာ ဉာဏ်ကောင်း ပေလိမ့်မည်။

ထန်ရှုနှင့် ကျန်းယုံကျင်းတို့အကြား မည်သည့် ကိစ္စဖြစ်ပွားခဲ့သည်ကို လုံကျန့်ယု မသိသော်လည်း ကျန်းယုံကျင်းသည် သူ၏အပြုအမူများ အယောင်ယောင်အမှားမှား ဖြစ်သည်အထိ ထန်ရှုအား ကြောက်နေခဲ့ခြင်းမှာ လူမှားခြင်း မဟုတ်ကြောင်းကိုဖြင့် သူသေချာ ပြောနိုင်ပေသည်။ ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့နေသော အရိပ်အယောင် များကိုလည်း အချိန်ကြာမြင့်စွာ မဖြစ်ပေါ်သည့်တိုင် လုံကျန့်ယုသည် သေချာစွာ မြင်နိုင်ခဲ့သည်။

လူတစ်ယောက် ဖြစ်ခဲ့ပါလျှင် သူလူမှားသည်ဟု ပြောနိုင်ပေသည်။ သို့သော် လူ၃ယောက်သည် တစ်ပြိုင်နက်တည်း လူမှားနိုင်ပါ၏လော။

“ဘာ … သူက နင်အကူအညီ တောင်းထားခဲ့တဲ့သူ ဟုတ်လား။” လုံကျန့်ယု၏ စကားအဆုံးတွင် ကျန်းသဲဂျင်၏ လှပသော မျက်ဝန်း အစုံသည် ပြူးကျယ်သွားရပြီး စူးရှစွာ အော်လိုက် မိလေသည်။

“ဒီလူအိုကြီးရဲ့ မှတ်ဉာဏ်တွေ မကျဆင်းသေးဘူး ဆိုရင် အဲလိုလူကို ရွှမ်ကျင်းရဲ့ လောင်းကစား လောကမှာ တစ်ခါမှ မမြင်ဖူးပါဘူး။” ကျားလွေဒေါင်သည် ထန်ရှုအား အကဲခတ် လိုက်ပြီးနောက် လေးနက်သောအသံဖြင့် …

“အကြီးအကဲလုံ … ဒီအဘိုးကြီးကို နောက်နေတာလား”

“အကြီးအကဲကျန်း … ဆရာကြီးကျား … ကျွန်တော် ခင်ဗျား တို့ကို နောက်နေတာ မဟုတ်ပါဘူး။ ညီအစ်ကိုထန်က အမှန်တကယ်တော့ ကျွန်တော်တို့ လောကက မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ဆရာကြီးကျားက ကျန်းမိသားစုကို ကူညီမယ်လို့ ကြေညာ လိုက်ပြီးချိန်မှာ ဘယ်သူမှ လာပြီး လုံမိသားစု အတွက် မကစားပေးရဲ ကြတော့ဘူး။ ဒီအခြေအနေက လုံမိသားစုကို ကျွန်တော်တို့ လောကရဲ့ပြင်ပကလူကို အကူအညီတောင်းဖို့ တွန်းအား ပေးစေခဲ့တယ်။”

လုံကျန့်ယုသည် ထန်ရှုအား ခေါ်ခဲ့ရသည့် အခြေအနေကို ကျန်းသဲဂျင်နှင့် ကျားလွေဒေါင်တို့အား စိတ်ရှည်စွာ ရှင်းပြနေချိန်တွင် သူ၏ပုံစံသည် အလွန်ကျေနပ် နှစ်သိမ့်နေသည့် ဟန်ရှိသည်။

လုံကျန့်ယု၏ ကူကယ်ရာမဲ့ကာ စိတ်ပျက်နေခဲ့သည့် အဖြစ်အပျက် စကားများအား နားထောင်ကာ ကျန်းသဲဂျင်နှင့် ကျားလွေဒေါင်တို့ မျက်နှာထက်တွင် ဝံ့ကြွားသော အမူအရာ တစ်ချက် ပေါ်ထွက်လာခဲ့ပြီး သူတို့သည် နောက်ဆုံးတွင် လုံကျန့်ယု၏ အခြေအနေအား ယုံကြည် သွားခဲ့ကြသည်။

“အကြီးအကဲလုံက အမြဲလိုလို အလွန်အင်အားကြီးတာပဲ။ သာမန်ပြည်သူတွေကြားမှာ ရှိနေတဲ့ ဆရာကိုတောင် ရှာဖွေနိုင်စွမ်းရှိတယ်။ ကျွန်တော် ကိုယ့်ကိုကိုယ် ရှက်မိပါပေတယ်။”

ကျန်းသဲဂျင်နှင့် ကျားလွေဒေါင်တို့ တုံ့ပြန်စကား မဆိုသေးမီ ကျန်းယုံကျင်း၏ အသံသည် ရယ်သံများနှင့်အတူ အခန်းထဲတွင် ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သော အချိန်ပိုင်းက ကျန်းယုံကျင်းသည် ထန်ရှုအား လုံညီအစ်ကိုနှင့် အတူ တစ်နေရာတည်းတွင် မြင်သောအခါ ကြောက်စိတ်မွှန် နေခဲ့သဖြင့် စေ့စေ့စပ်စပ် မတွေးနိုင်ခဲ့ပေ။ ယခုမူ ထန်ရှုသည် လုံမိသားစု အတွက် ကျားလွေဒေါင်နှင့် ယှဉ်ပြိုင်မည့်သူဖြစ်မှန်း သူသိသွားသောအခါ ထိုအရာသည် ရယ်စရာနှင့် အဓိပ္ပာယ်မရှိသော အခြင်းအရာ ဖြစ်သည်ဟု တွေးကာ လုံကျန့်ယုအား သရော်လှောင်ပြောင်လိုသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

သူသည် ထန်ရှု၏ အစစ်အမှန် ပုံသဏ္ဍာန်အား မသိသော်လည်း ထန်ရှုသည် လယ်သမား တစ်ယောက်၏ တပည့်တစ်ယောက် ဖြစ်သည်ဟု သေချာလုနီးပါး ရှိနေပြီး တောင်နံရံများနှင့် ရွာကလေးမှ ရွာသား တစ်ယောက်ဖ ြစ်သည်။

ငတုံးတစ်ယောက်က ကျားလွေဒေါင်လို လောင်းကစား ပညာရပ်တို့ရဲ့ ဆရာတစ်ဆူနဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ။ ဟာသပဲ။ ဒါကမ္ဘာ့ရယ်စရာ အကောင်းဆုံး ပြက်လုံးတစ်ပုဒ် မဟုတ်ပေဘူးလား။

“စိတ်ဝင်စားစရာပဲ။ ဒါဟာ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ဆရာကြီးကျား မျက်နှာပြလိုက်ရင် ရွှမ်ကျင်းပြည်နယ်မှာ ဘယ်လောင်းကစား ဆရာမှ မပေါ်ထွက်လာရဲဘူးလို့ ထင်နေခဲ့တာ။ လုံမိသားစုက ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို လျှောက်ပြီးတော့ ဆရာကြီး တစ်ယောက်ကို ခေါ်လာလိမ့်မယ်လို့တောင် မထင်ထားခဲ့မိဘူး။”

“အကြီးအကဲလုံ … ငါတို့ကို တောင်နံရံများနဲ့ ရွာကလေးကို ပေးချင်တယ်ဆိုရင် ဒီအတိုင်းပေးလဲ ရပါတယ်။ ဘာလို့ ဆရာကြီးကျားကို အနုနည်းနဲ့ စော်ကား နေရတာလဲ။”

ကျန်းယုံကျင်း၏ ကျယ်လောင်သော ရယ်မောသံနှင့်အတူ ရွှဲ့ရန်ဖေးနဲ့ ဟုဝမ်ကျွင်းတို့၏ စကားသံများက နောက်တွင် ကပ်ပါလာခဲ့သည်။

သူတို့၃ယောက်ပေါင်း၏တိုက်ခိုက်ရေး ခွန်အားအား ထန်ရှုနှင့် နှိုင်းယှဉ်ပါက ကျန်းယုံကျင်း၊ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်း တို့သည် ထန်ရှုအား အတော် ကြောက်လန့် ရပေသည်။ သို့သော် လောင်းကစားနည်းနှင့် ပတ်သက် လာပါက ထန်ရှုသည် သူတို့နှင့် ယှဉ်ပြိုင်ရန် အတွက်ပင် မထိုက်တန်ချေ။ ယခုမူ ထန်ရှုသည် ရွှမ်ကျင်းပြည်နယ်၏ လောင်းကစား ဘုရင်ကြီးဖြစ်သူ ကျားလွေဒေါင်နှင့်ပင် ယှဉ်ပြိုင်ဦးမည် ဆိုလေရာ…

ကျန်းယုံကျင်းတို့ ၃ယောက်သည် ထန်ရှုအောက်တွင် အဖန်ဖန် ကျရှုံးခဲ့ရခြင်းအား ပြန်တွေးမိပါက သူတို့၃ယောက်သည် ဒေါသထွက် ရလွန်းသဖြင့် အံကို တင်းတင်းကြိတ် ထားမိသည်။ ယခုမူ လာရန်ခက်ခဲသော အခွင့်အရေးကြီးအား သူတို့ဆုပ်ကိုင်မိလေပြီ ဖြစ်သောကြောင့် သူတို့သည် ထန်ရှုအား လှောင်ပြောင် နေကြပေသည်။

“ဆရာထန်အကြောင်း နင်တို့ ဘယ်လောက်သိထားလဲ။” ထို၃ယောက်၏ မူမမှန်သော ပုံစံအား ကြည့်ပြီး ကျန်းသဲဂျင် ဇဝေဇဝါဖြစ်လာကာ မေးလိုက်သည်။

ထိုခဏ၌ ကျန်းယုံကျင်းတို့ ၃ယောက်သည် သူတို့၏ အပြုအမူမှာ ကိုယ်ပိုင်တည်ငြိမ်မှု ပျောက်သွားကြောင်း ရိပ်မိလိုက်တော့သည်။

“အကြီးအကဲ အစ်မကြီး … ကျွန်တော်ရယ်၊ ယုံကျင်းရယ်၊ ဝမ်ကျွင်းရယ် မနေ့က တောင်နံရံများနှင့် ရွာကလေးဘက်ကို ခရီးတစ်ခု ထွက်ခဲ့တယ်။ ကျွန်တော်တို့ သူနဲ့ တောင်ထိပ်ပေါ်မှာ ဆုံခဲ့တာ။ သူ့လက်ထဲက အမဲလိုက်ထားတဲ့ တောကောင်လေးတွေကို ကျွန်တော်တို့ ဝယ်ချင်ပေမဲ့ သူက ငြင်းခဲ့တယ်လေ။ အဲဒါနဲ့ ကျွန်တော်တို့ စိတ်ဆိုးပြီး ရန်ဖြစ်ခဲ့ကြတယ်။ သူ့ကို ထပ်မြင်ရတော့ ကျွန်တော်တို့ တအား ဒေါသထွက်ရတာ။”

ရွှဲ့ရန်ဖေးသည် ကျန်းသဲဂျင်အား လိမ်ညာရတော့မည်ကို သိသောကြောင့် အချို့အချက်များအား အမှန်အတိုင်းပြောကာ ဝန်ခံလိုက်သည်။

“အကြီးအကဲ အစ်မကြီး … ဒီငတုံးက ဘယ်လို ဆရာခေါ်ခံ ထိုက်မှာလဲ။ ဆိုရိုးစကား ရှိတဲ့အတိုင်း ‘အရိုင်းအစိုင်းတွေက ရေမြေဓာတ်ခံ မကောင်းတဲ့ဆီက ဖြစ်ပေါ်လာတယ်တဲ့။’ ဒီငတုံးက ချမ်းသာတဲ့ပုံလည်း မရှိသလို ရုပ်ရည် အဆင်းကလည်း မကောင်းမွန်ဘူး။ သူ့မှာ ရှိတာဆိုလို့ အနိုင်ကျင့် ရက်စက်တာပဲ ရှိတာ။”

သူ၏ကားရှေ့ဖုံးလေး ချိုင့်ဝင်သွားသည်ကို ပြန်တွေးလိုက်မိသော ဟုဝမ်ကျွင်းသည် အံကို တင်းတင်းကြိတ်လျက် မီးလောင်ရာလေပင့် လုပ်လိုက်ပြန်သည်။

ပထမတွင် ကျန်းယုံကျင်းသည် သူလည်းပဲ ထန်ရှုအား လှောင်ပြောင် လိုက်မည်ဟု တွေးသော်လည်း သူ၏ မျက်လုံးထောင့်မှ တစ်ဆင့် ထန်ရှု၏ မထီတထီ အပြုံးအား တွေ့လိုက်သောအခါ သူ၏ကိုယ်ထဲတွင် ချမ်းစိမ့်သွားလျက် မည်သည့်စကားမှ မဆိုရဲတော့ချေ။

“ကောင်းပြီ။ နှစ်ဖက်ကလူတွေ ဆုံပြီဆိုတော့ ကစားပွဲလေး စလိုက်ကြရအောင်။ ဒီအဘိုးကြီးက ပြီးရင် မကာအိုကို ဆက်သွား ရဦးမယ်။”

ကျားလွေဒေါင်သည် လုံကျန့်ယုအား စိုက်ကြည့်လိုက်ပြီး မကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျန်းယုံကျင်းတို့ ၃ယောက်၏ စကားများအား ကြားရပြီးနောက် ကျားလွေဒေါင်သည် သည်နေ့ကစားပွဲမှာ လုံးဝအရှက်ရစရာ ဖြစ်သည်ဟု ခံစားမိရသည်။ လုံကျန့်ယုသည် ထန်ရှုအား လာရန် တောင်းဆိုခဲ့ခြင်းသည် သူ့အား အရှက်တကွဲဖြစ်စေရန် အတွက်ဖြစ်ပြီး ကစားပွဲအနိုင်ရရန် အတွက် မဟုတ်ချေ ထို့ကြောင့် ကျားလွေဒေါင်သည် လုံကျန့်ယုအား အာဃာတတရား ထားလာတော့သည်။

ကျားလွေဒေါင်၏ မျက်ဝန်းများမှ အမူအရာအား ရှင်းရှင်းလင်းလင်း ရိပ်မိနေသော လုံကျန့်ယု၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ် သွားခဲ့သည်။ ကျားလွေဒေါင်သည် သူ့အား အထင်လွဲ နေသည်နှင့် လောင်းကစားဘုရင်အား စော်ကားမိသည့် ကျိုးဆက်အား လုံကျန့်ယုသည် နားလည် သဘောပေါက်ခဲ့သည်။

သို့သော် ကျားလွေဒေါင်သည် သူ၏ပြိုင်ဖက်ဘက် အဖြစ် ရှိနေသည့် အကြောင်းအား သတိရသွား မိသောအခါ လုံကျန့်ယုသည် လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

“ညီအစ်ကိုထန်မှာ ကန့်ကွက်စရာမရှိရင် ကစားပွဲ စနိုင်ပါတယ်။” လုံကျန့်ယုသည် ထပ်မရှင်းပြတော့ဘဲ ထန်ရှုကိုသာ စူးစမ်းသော အကြည့်တို့ဖြင့် လှမ်းကြည့်လိုက်သည်။

ပထမတွင် ထန်ရှုသည် လောင်းကစားမည့်ပုံစံနှင့် စည်းမျဉ်းတို့အား မေးချင်ခဲ့သော်လည်း သူပြောမည့် အကြောင်းအရာများအား ပြန်မျိုသိပ် ထားလိုက်သည်။

သူသာ မေးခဲ့ပါလျှင် အရယ်ခံရတော့မည် ဆိုသည်ကို ထန်ရှု သိသည်။ ထို့အပြင် လုံညီအစ်ကိုသည် ထိုသူများ၏ အထင်သေးခြင်း ခံရပေလိမ့်မည်။ ထို့ကြောင့် မမေးတော့ရန် သူဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော့် အတွက် အဆင်ပြေပါတယ်။ စကြရအောင်။” ထန်ရှုသည် ကျန်းယုံကျင်းနှင့် အခြားသူများအား တည်ငြိမ်အေးဆေးသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီး စိတ်မပါသော လေသံဖြင့် ပြောလိုက်သည်။ သူ၏မျက်နှာထက်တွင် ရှက်ခြင်း စိတ်ဆိုးခြင်း အလျဉ်းမရှိချေ။

ထန်ရှု၏ လေးနက်ပြီး မခန့်မှန်းနိုင်သော ပြုမူပုံအား ကြည့်ကာ ကျားလွေဒေါင်သည် အေးစက်စွာ နှာခေါင်း တစ်ချက်ရှုံ့လိုက်ပြီး စားပွဲပေါ်မှ ဘဲလ်အား တီးလိုက်သည်။

“သူတောင်းစားလေး … နံပါတ်ယှဉ်တာ ကစားချင်လား။ စုံ၊ မ ပုံစံကစားချင်လား။ ဒါမှမဟုတ် တခြားနည်းတွေ ကစားချင်တာလား။” ခန်းမ ဝန်ထမ်းလာသည်ကို စောင့်ဆိုင်းနေရင်း ကျားလွေဒေါင်သည် တန်းတူ ဆက်ဆံသကဲ့သို့ လေသံဖြင့် မေးလိုက်သည်။

‘သူတောင်းစားလေး’ ဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ ထန်ရှု၏ မျက်ဝန်းတွင် ဒေါသအရိပ်အယောင် လက်ကနဲ ဖြစ်သွားသည်။ သည်ကဲ့သို့ အသုံးအနှုန်းသည် ကြမ်းတမ်းရိုင်းစိုင်း လွန်းလှသည်။

“သူတောင်းစားအိုကြီး … ခင်ဗျား တော်တယ်လို့ ထင်တဲ့တစ်ခုကို ရွေးလိုက်ပါ။ ခင်ဗျား ရှုံးတဲ့အခါကျရင် ဂဂျီဂဂျောင် မကျနိုင်အောင်။”

ထန်ရှုသည် ထိုသူမှာ သူတို့နှင့် ဆက်စပ်နေသော လုပ်ငန်း ရှိနေသောကြောင့် အမြဲ ဗိုလ်ကျနိုင်သည်ကို သူတွေ့ထားသည်။ သည်တစ်ကြိမ်တော့ ထန်ရှုသည် ရပ်လည်းမနေ နောက်လည်း ဆုတ်မနေတော့ဘဲ ခွန်းတုံ့ပြန်လိုက်လေသည်။

“ မင်း … မင်းအရှက် မရှိတာကိုပြဖို့ အဆင်သင့်ပဲလို့ ပြောခဲ့တယ်။ ကောင်းပြီ။ အံစာပစ်ကြမယ်။ ဒီဟာက လွယ်လဲ လွယ်တယ်။ အချိန်လည်း အများကြီး မကုန်ဘူး။” ကျားလွေဒေါင်သည် ဒေါသဖြင့် ပြောလိုက်သည်။

“ကျွန်တော်လည်း အဆင်ပြေတယ်။ ထပ်မတောင်းဆိုတော့ဘူး။” ကျားလွေဒေါင်၏ အဖြေအား ကြားလိုက်ရသော ထန်ရှုသည် အပျော်လွန်သွားပြီး သူ၏ သဘောတူညီချက်အား ပြသလိုက်သည်။

ထန်ရှုသည် ကျားလွေဒေါင်မှ အခြားရှုပ်ထွေးသော လောင်းကစားနည်းအား ကစားရန် အတွက် ပြောမည်ကို ကြောက်ရွံ့နေခဲ့သည်။ ထိုသို့ဖြစ်ခဲ့ပါက ထိုကစားနည်း၏ စည်းမျဉ်း စည်းကမ်းတို့အား သိရန်နှင့် နားလည် ဘောပေါက်ရန် အတွက် သူအချိန်အတော် ပေးရမည် ဖြစ်သည်။ ထိုသို့ အချိန်အများကြီး ပေးနေခဲ့ရပါက သူရှုံးသွား နိုင်သည်။

တရုတ် အန်စာတုံးအား အားလုံးထဲမှ အားလုံးဟု ခေါ်ကြသည်။ ထန်ရှုသည် ထိုလောင်းကစားနည်းအား တစ်ခါမျှ မကစားဖူးသော်လည်း တီဗွီတွင် ပြသသည်ကို သူ ကြည့်ဖူးသည်။ သူနှင့် သူငယ်ချင်းများ သီချင်း ဆိုရန်အတွက် ကေတီဗွီသို့ သွားသည့်အခါတိုင်း အချိန်များ ကုန်ဆုံးရန် အတွက် ကစားကြသည်ကို မြင်ဖူးခဲ့သဖြင့် ထိုကစားနည်းသည် လောင်းကစား အနေဖြင့် မကစားဖူးသော်လည်း သူနှင့်မစိမ်းဟု ဆိုနိုင်ပေသည်။ ကျားလွေဒေါင်သည် သူ၏စကားအား ပြန်ရုပ်သိမ်း သွားမည်ကို ကြောက်သောကြောင့် သူစကားဆုံးသည်နှင့် တစ်ပြိုင်နက် ထန်ရှုသည် အမြန်သဘောတူ လိုက်ခြင်းပင် ဖြစ်တော့သည်။

***

All Chapters