← Chapters

ပုံပန်းသဏ္ဌာန် ဆင်တူကောင်း ဆင်တူလိမ့်မယ် ဒါပေမဲ့ စိတ်ဝိညာဉ်က ကွဲပြားခြားနားတယ်

Vol. 01 Ch. 43

ပုံပန်းသဏ္ဌာန် ဆင်တူကောင်း ဆင်တူလိမ့်မယ် ဒါပေမဲ့ စိတ်ဝိညာဉ်က ကွဲပြားခြားနားတယ်

Vol. 01 Ch. 43

သည်ဟာသည် ထန်ရှုအတွက် ပထမဆုံးအကြိမ် အန်စာခေါက်ခြင်း ဖြစ်သော်လည်း သူ၏ လေ့လာနိုင်စွမ်းနှင့် မှတ်ဉာဏ် စွမ်းအားသည် အလွန် ကောင်းမွန်ခဲ့သည်။ သူသည် ကျားလွေဒေါင်၏ အန်စာခွက် လှုပ်ယမ်းမှုအား ဂရုတစိုက် ကြည့်ကာ မှတ်သား ထားခဲ့သောကြောင့် ကျားလွေဒေါင်၏ နည်းစနစ်များအား အတုခိုးနိုင်ပေလိမ့်မည်။

အစပိုင်းတွင် ကျားလွေဒေါင်၏ လှုပ်ရှားမှုနှင့် နည်းစနစ်များအား အတုခိုးထားသော ထန်ရှု၏ လှုပ်ရှားမှုသည် ကြည့်ရဆိုးကာ နှေးကွေး ပေလိမ့်မည်။ သို့သော် တဖြည်းဖြည်းနှင့် ပိုမိုကျွမ်းကျင် လာသည်နှင့်အမျှ သူ၏ လှုပ်ရှားမှုများသည် ကျားလွေဒေါင်၏ လှုပ်ရှားမှုများနှင့် တူညီလုနီးပါး ဖြစ်လာသည်။

“မင်း…မင်း ... ”

ကျားလွေဒေါင်သည် အစတွင် ထန်ရှု၏လှုပ်ရှားမှုနှင့် ကစားနည်းပုံဟန်သည် သူနှင့် ကွဲပြားခြားနား နေသောကြောင့် အာရုံမစိုက်ထားခဲ့ပေ။ သို့သော် တဖြည်းဖြည်းနှင့် ထန်ရှု၏လှုပ်ရှားမှုနှင့် ကစားနည်းဟန်ပန်သည် ပို၍ ပို၍ ရင်းနှီးလာသည်ဟု ခံစားမိသောအခါ သူ လွှတ်ခနဲ အော်လိုက်မိ လေတော့သည်။

ကျားလွေဒေါင်သည် သူ၏သူမတူသော ကိုယ်ပိုင်နည်းစနစ်အား လေ့လာသုံးသပ်ပြီး အကောင်းဆုံး ဖြစ်စေရန်အတွက် နှစ်ပေါင်း ၃၀ ထက်မနည်း အချိန်ပေးခဲ့ရသည်။ သို့သော် ထန်ရှုသည် ထိုသူမတူသော နည်းစနစ်အား သေသေချာချာ ကြည့်ရန်သာ လိုအပ်ခဲ့ပြီး ၇၀% ထပ်တူကျအောင် လုပ်နိုင်ခဲ့သဖြင့် ဆယ်စုနှစ် ၃ နှစ်စာခန့် ထိုနည်းစနစ်များ အပေါ်တွင် အချိန်ပေးခဲ့ရခြင်းသည် ထိုက်တန်ပါ၏လောဟု ကျားလွေဒေါင်သည် စိတ်ဓာတ်ပင် ကျသွားခဲ့ရသည်။

ကျားလွေဒေါင်သည် တပည့်အနည်းငယ် လက်ခံကာ သူ၏နည်းစနစ်အား ရှေ့မှောက်တွင် သင်ကြား ပေးခဲ့သော်လည်း ထိုတပည့်များသည် သူ၏နည်းစနစ်အား နှံ့နှံ့စပ်စပ် တတ်မြောက်နိုင်မည် မဟုတ်ဆိုသည်ကိုဖြင့် သူ သေချာပြောနိုင်ပေသည်။ ယခုမူ သူ၏တပည့်တစ်ယောက် မဟုတ်သော သူစိမ်းတစ်ယောက်မှ သူ၏ရှေ့မှောက်တွင် သူ၏ကိုယ်ပိုင် နည်းစနစ်အား အသုံးပြုနေသည်ကို ကြည့်နေရသည်မှာ ကျားလွေဒေါင်၏ ရင်ထဲ၌ အမျိုးအမည်မသိသော၊ စာဖွဲ့မရသော ခံစားမှုသည် ဖြစ်ပေါ်လာတော့သည်။

“ဒီကောင်လေးက အပြင်လောကက လူတစ်ယောက်ပဲ။ ငါတို့လောကထဲကို ခုလေးတင်မှ ဝင်လာတာဆိုပေမဲ့ သူရဲ့ လေ့လာနိုင်စွမ်းက အရမ်းကောင်းတယ်။ ငါသာ သူ့ကို ငါ့တပည့်အဖြစ် လက်ခံလိုက်မယ် ဆိုရင် ငါ့ရဲ့ပညာအမွေကို ဆက်ခံပြီး အောင်မြင်မည့် သူတစ်ယောက်ကို ရရှိမယ်လို့ မဆိုလိုနိုင်ဘူးလား”

ရုတ်တရက် ဆိုသလို ကျားလွေဒေါင်၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်ထွက်လာပြီး သူ၏စိတ်အား စိုးမိုး သွားလေတော့သည်။

ထိုခဏလေး၌ပင် ကျားလွေဒေါင်၏ ထန်ရှုအပေါ်ထားသည့် သဘောထားသည် ပြောင်းလဲ သွားသောကြောင့် သူ၏မျက်စိထဲတွင် ထန်ရှုသည် ပို၍ နှစ်သက်စရာ ကောင်းလာလေသည်။

ထန်ရှုသည် တန်ဖိုးနည်းသော အဝတ်အစားအား ဝတ်ထားသည် ဆိုငြားသော်လည်း သူ၏ဝတ်စုံသည် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိသည်။ နက်မှောင်သော ဆံပင်နှင့် အသက်ဝင် တောက်ပနေသော မျက်ဝန်းတစ်စုံတို့ရှိသည့် အပြင် သူ၏နှာရိုးမြင့်မြင့်၊ သွေးရောင်လွှမ်းနေသော နှုတ်ခမ်းပါးနှင့် ကိုယ်နေကိုယ်ဟန် ဖြောင့်တန်းမြင့်မားသော ပုံရိပ်သည် ကြည့်ကောင်းသောပုံကို ဆောင်နေသည်။

အခြားသောသူများသည် ကျားလွေဒေါင်၏ အော်လိုက်သော အသံအား ကြားရသောအခါ ဇဝေဇဝါ ဖြစ်သွားကုန်ကြသည်။ ကစားသမား တစ်ယောက်စီတွင် သူတို့၏ကိုယ်ပိုင် နည်းစနစ်များ ရှိကြောင်း အခြားသူများ မသိကြချေ။ သူတို့၏မျက်စိထဲတွင် အန်စာခေါက်သည့် လှုပ်ရှားမှု အားလုံးသည် ဆင်တူသည်ပင်။ လွန်ခဲ့သော အချိန်ပိုင်းက ကစားခဲ့သော ကျားလွေဒေါင်၏ လှုပ်ရှားမှုကိုလည်း သူတို့မမှတ်မိကြချေ။ ထို့ကြောင့် ထန်ရှု၏လှုပ်ရှားမှုသည် ကျားလွေဒေါင်၏ လှုပ်ရှားမှုနှင့် ဆင်တူနေသည်ကို သူတို့မရိပ်မိကြချေ။

မိနစ်အနည်းငယ် ကြာသောအခါ ထန်ရှုသည် သူ၏လက်ထဲမှ အန်စာခွက်အား စားပွဲပေါ်သို့ မှောက်ချလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်နှာတွင် ပင်ပန်းနေသည့်ဟန် ပေါ်နေပြီး သူ၏နဖူးတွင်လည်း ပုတီးစေ့ခန့် ချွေးစက်များ သီးနေပေသည်။

ထန်ရှုအနေဖြင့် ကျားလွေဒေါင်၏ ကိုယ်ပိုင် ကစားနည်းဟန်အား ၉၀%ခန့် တူညီအောင် အကောင်းဆုံး ပြုလုပ်နိုင်ခဲ့သော်လည်း အချိန်နှင့် အတွေ့အကြုံသည်လည်း စကားပြောပေသည်။ ထို့ကြောင့် ထန်ရှု၏ လှုပ်ရှားမှုဟန်သည် ကျားလွေဒေါင်အား ရာနှုန်းပြည့် အတုခိုးထားသည် မှန်သော်လည်း နားဖြင့် အန်စာတုံးခွက်ထဲရှိ နံပါတ်များအား ခွဲခြမ်းစိတ်ဖြာခြင်း ပညာရပ်အား သင်ယူခဲ့သည်ဟု မဆိုလိုချေ။

ထန်ရှုသည် ကျားလွေဒေါင်ထက် အချိန်ကြာမြင့်စွာ အန်စာခေါက်ခဲ့ ရသည်မှာ အန်စာခေါက်ခြင်း အာရုံခံစားမှုအား ပိုမိုသိပါက နည်းစနစ် ပြုလုပ်ခြင်းတွင် ပိုမိုကျွမ်းကျင်မှု ရှိစေရန်နှင့် အန်စာခွက်ထဲတွင် အန်စာတုံးများ လည်နေသည့် အသံအား နားထောင်ကာ အသံများ ပြောင်းလဲခြင်း၏ နောက်တွင် နံပါတ်များ မည်သို့ပြောင်းလဲ သွားသည်ကို သေချာသိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

“ဖွင့်လေ ... မင်း ဖွင့်လိုက်လေ။ စားပွဲပေါ်ကို အန်စာခွက်ချလိုက်ပြီ ဆိုတာနဲ့ အဖြေက ထွက်ပြီးသားပဲ။ မင်းမဖွင့်ရင်တောင်မှ အန်စာတုံးပေါ်က နံပါတ်တွေကို ပြောင်းလဲလို့မရနိုင်ဘူး”

ထန်ရှုသည် အန်စာခွက်ပေါ်တွင် ဖိကာ မဖွင့်ပြလိုသည့်ဟန် ရှိနေသဖြင့် ကျန်းယုံကျင်းသည် စိတ်လှုပ်ရှားသော အမူအရာနှင့် အော်ဟစ်လိုက်သည်။

ထန်ရှုသည် ကျန်းယုံကျင်းအား လျစ်လျူရှုလိုက်ပြီး သူ၏မျက်လုံးထောင့်စွန်းတွင်

စီးကျနေသော ချွေးစက်များအား သုတ်လိုက်ကာ အန်စာခွက်အား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ထန်ရှုသည် အန်စာတုံးခွက်အား ဖွင့်ပြလိုက်ချိန်တွင် သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေပေသည်။ အန်စာတုံးခွက်အား ကိုင်ထားသော သူ၏ညာလက်ပင်လျှင် အနည်းငယ် တုန်နေပေသည်။

“ဟားဟားဟား ... ၁ ပွင့်ထဲ။ မင်းငါ့ကို တကယ်ကို ရယ်ပြီးသေရအောင်လုပ်နေတာပဲ။ ဘယ်လိုတောင် စုတ်ပြတ်နေတဲ့ကံလဲကွ”

ထန်ရှုသည် သူ၏အန်စာခွက်အား အဆုံးထိ ဖွင့်လိုက်သောအချိန်တွင် ကျန်းယုံကျင်းသည် မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရပြန်သည်။ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့သည် မရယ်သော်လည်း ထန်ရှုအား လှောင်ပြောင်ကဲ့ရဲ့သော အကြည့်တို့ ကြည့်နေကြပြီး ကျန်းသဲဂျင်နှင့် ကျားလွေဒေါင်တို့သည် သက်တောင့်သက်သာ ဖြစ်သော အနေအထားနှင့် ရှိနေကြသည်။

ရှေ့ပိုင်းတွင် ကျန်းသဲဂျင်နှင့် ကျားလွေဒေါင်တို့သည် ထန်ရှုသည် ဇာတ်မြှုပ်နေသော လောင်းကစားဘုရင် တစ်ယောက် ဖြစ်သည်ဟု ထင်ကာ စိုးရိမ်ပူပန်နေကြသေးသည်။ သို့သော်လည်း စိုးရိမ်ပူပန်နေခဲ့ရသော သူတို့စိတ်သည် ထန်ရှုမှ အန်စာခွက်အား ဖွင့်ပြလိုက်သော အချိန်တွင် ရုတ်ခြည်း ဆိုသလို ကွယ်ပျောက်သွားခဲ့ရပြီး သက်တောင့်သက်သာ ရှိခဲ့ရလေသည်။

“ငါ ရှုံးသွားတာလား”

အနီရောင် အပွင့်သေးအား ထန်ရှုမြင်သောအခါ သူ၏မျက်ဝန်းထဲတွင် အချည်းနှီး ဖြစ်သွားသော အရိပ်အယောင်သည် လှစ်ခနဲ ဖြတ်ပြေးသွားသည်။

“ညီအစ်ကိုထန် ... ဒါ ကိစ္စမရှိပါဘူး။ စိတ်မပျက်ပါနဲ့။ ငါတို့မှာ ၂ ကြိမ် အခွင့်အရေး ရှိနေပါသေးတယ်”

လုံကျန့်ယုသည် ရင်ထဲတွင် မကောင်းလှသော်လည်း ထန်ရှု အမှန်တကယ် ပင်ပန်းနေသည်ကို သူ မြင်ရသည်။

အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းမပါဘဲ ညင်သာသော အသံဖြင့် ထန်ရှုအား လုံကျန့်ယု နှစ်သိမ့်လိုက်သည်။

“အစ်ကိုကြီး ... စိတ်မပျက်ပါနဲ့။ အဆုံးမှာ အနိုင်ရတဲ့သူက အစ်ကိုကြီးပဲ ဖြစ်လိမ့်မယ်” လုံကျန့်လင်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သည်လိုအချိန်မှာပင် လုံကျန့်ယုနှင့် လုံကျန့်လင်းတို့သည် ထန်ရှုအား ယုံကြည်နေဆဲ ရှိနေသည်ကို မြင်တွေ့ရသော ကျန်းသဲဂျင်၏ မျက်ဝန်းတွင် ပဟေဠိဖြစ်နေသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ ထန်ရှ၏မျက်နှာအား အကဲခတ်လိုက်မိ ပြန်သည်။

သို့သော် ကျန်းယုံကျင်းတို့ ၃ ယောက်သည် ထန်ရှုအား ဆက်လက် လှောင်ပြောင် နေပေသည်။

“ညီငယ်လေး ... ငါတို့ ဆက်ကစားကြမလား”

ကျားလွေဒေါင်သည် ထန်ရှာအား တစ်ခဏတာမျှ ကြည့်လိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။

“ဆရာကြီးကျား ... ဆက်လုပ်ပါ”

ထန်ရှုသည် ကျားလွေဒေါင်၏ လေသံနှင့် အခေါ်အဝေါ် ပြောင်းလဲသွားသည်ကို အံ့အားသင့် သွားသော်လည်း ချက်ချင်းပင် အလိုက်သင့် ပြန်ပြောလိုက်သည်။

သည်တစ်ကြိမ်တွင် ကျားလွေဒေါင်၏ အန်စာတုံးခေါက်သည့် လှုပ်ရှားမှုသည် အရှိန်နှင့် မလိုအပ်သည့် လှုပ်ရှားမှုများအား လျှော့လိုက်သောကြောင့် အလွန်နှေးကွေး သွားသည်။ အန်စာခွက်ထဲမှ အန်စာတုံးသည် အသံများ မြည်လာသည်။

ထိုမြည်သံအား ထန်ရှု ကြားရသောအခါ သူ၏မျက်လုံးများသည် အရောင်လက်သွားပြီး ကျားလွေဒေါင်အား အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။ ကျားလွေဒေါင်၏ သူ့အား မထင်မရှား မျက်တောင်ခတ်ပြမှုနှင့် သူ၏မျက်ဝန်းထဲတွင် ထန်ရှုအား အသိအမှတ်ပြုမှုတို့ကို ထန်ရှု တွေ့မြင်လိုက်ရသောအခါ ကျားလွေဒေါင်၏ မျက်နှာသာပေးလိုမှုအား ထန်ရှု နားလည် သွားခဲ့သည်။

ကျားလွေဒေါင်၏ သဘောထားသည် ဘာကြောင့် ပြောင်းလဲ သွားခဲ့သည်ကို ထန်ရှု မသိသော်ငြား ဒီဟာသည် သူ့အတွက် သေချာပေါက် ကောင်းသောအရာ ဖြစ်မည်ကို သူ သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူသည် အန်စာခွက်ထဲမှ အန်စာတုံးများ၏ အသံအား သေချာစွာ နားထောင်ဟန် ပြင်လိုက်သည်။

ဒုတိယအလှည့် အန်စာခေါက်ခြင်းသည် ပထမအကြိမ်ထက် ပိုမိုခက်ခဲလာသည်။ ပထမအကြိမ်သည် အန်စာတုံး တစ်တုံးသာ ဖြစ်ပြီး ဒုတိယအကြိမ်တွင် အန်စာတုံးသည် ၃တုံးအထိ တိုးခဲ့သည်။

အန်စာတုံးတစ်တုံး၏ အသံအား ခွဲခြမ်းစိတ်ဖြာ ရခြင်းသည် လွယ်ကူသေးသည်။ အန်စာတုံး ၃ တုံး၏ အသံအား ခွဲခြမ်းစိတ်ဖြာ ရခြင်းသည် ပိုပြီး ခက်ခဲလှပေသည်။

လူအများစုသည် ထိုကဲ့သို့ မလုပ်တတ်ကြဘဲ သူတို့၏ လောင်းကစားမှုအား ကံကိုသာ ပုံအပ်ထားတော့သည်။

သို့သော်လည်း ကျားလွေဒေါင်သည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ သူသည် ကျွမ်းကျင်ပညာရှင်အဆင့် လောင်းကစားသမား ဖြစ်သောကြောင့် အန်စာတုံးများနှင့် လှိမ့်သွားသော အသံများအား နားထောင်ခြင်းနှင့် နံပါတ်များအား ခွဲခြမ်းစိတ်ဖြာခြင်းတို့ အပေါ်တွင် အလေးအနက် ထားလေသည်။ သူ၏လှုပ်ခါခြင်း နည်းစနစ်ဖြင့် အန်စာတုံး နံပါတ်များအား သူ ထိန်းချုပ်နိုင်ပေသည်။

သို့သော် သည်တစ်ကြိမ်တွင် ကျားလွေဒေါင်သည် အန်စာခွက်အား ချက်ချင်း မချသေးဘဲ ထန်ရှုမျက်နှာပေါ်မှ အပြောင်းအလဲများအား အကဲခတ်လိုက်သည်။

ထန်ရှု၏မျက်နှာသည် တည်ငြိမ်အေးဆေး နေသည်ကို တွေ့လိုက်သောအခါမှ ကျားလွေဒေါင်သည် သက်တောင့်သက်သာ ဖြစ်သွားပြီး အန်စာခွက်အား ချလိုက်သည်။

ကျားလွေဒေါင်သည် အန်စာခွက်အဖုံးအား ဖွင့်လိုက်သောအခါ အန်စာတုံး ၃ တုံးမှာ ၅ ပွင့်၊ ၅ ပွင့်နှင့် ၆ ပွင့်ဖြင့် စုစုပေါင်း ၁၆ ပွင့် ပြနေပေသည်။

ကျားလွေဒေါင်သည် ၁၈ ပွင့်မရထားသည်ကို ကြည့်ပြီး ကျန်းသဲဂျင်တွင် စိုးရိမ်ပူပန်သော အမူအရာဖြစ်ပေါ်လာပြီး ကျန်းယုံကျင်းတို့ ၃ ယောက်မှာလည်း စိတ်လှုပ်ရှား နေကြပေသည်။

သို့သော် ထန်ရှုသည် အစိမ်းသက်သက် ကစားသမားတစ်ယောက် ဖြစ်မှန်းကို ပြန်လည်သတိရလိုက် ကြသေသောကြောင့် သူတို့ ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

ဆရာကြီးကျားသည် အပွင့်အပြည့် မရသော်လည်း ထိုသည်မှာ မဝေးကွာလှတော့ချေ။ ထို့ကြောင့် ထန်ရှုအတွက် အပွင့်ပြည့်ရရန် ဆိုသည်မှာ ဖြစ်နိုင်ချေနည်းပြီး နံပါတ်များအား ဆုံးဖြတ်ရန် သူ၏ကံအား အမှီသဟဲ ပြုရပေတော့မည်။ ကျန်းသဲဂျင်နှင့် အခြားသူများသည် ထန်ရှု၏ ကံသည် အပွင့်ပြည့်ရလိမ့်မည်ဟု မယုံကြည်ကြပေ။

အကယ်၍ ဆရာကြီးကျားသည် ထန်ရှုအား သည်တစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက တတိယပွဲသည် သူတို့အတွက် အနိုင်အရှုံးအား အဆုံးအဖြတ်ပေးမည့်ပွဲ ဖြစ်လာပေလိမ့်မည်။

သို့သော် ထန်ရှုသည် သူ၏ကံအား အမှီပြု၍ ဆရာကြီးကျားအား အနိုင်ယူနိုင်မည် ဆိုတာ ဖြစ်နိုင်ပါ၏လော။

ထန်ရှုသည် ကျားလွေဒေါင်အား ခေါင်းညိတ်ပြလိုက်ကာ အန်စာတုံးများ ပါဝင်သော အန်စာခွက်အား ကောက်ယူကာ ဒုတိယပွဲကို စတင်လိုက်သည်။

ပထမပွဲမှ လေ့လာသင်ယူလိုက်မှုဖြင့် ထန်ရှု၏ အန်စာတုံး ခေါက်လှုပ်ရှားမှုသည် ပိုမိုကျွမ်းကျင်လာပြီး မြန်ဆန်လာသည်။ ထို့ကြောင့် သူသည် အန်စာခွက်ထဲမှ အန်စာတုံးများ ရွေ့လျားမှုမှ ဖြစ်ပေါ်လာသော အသံများ နားထောင်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ အပေါ်တွင် အာရုံစိုက်ထားလိုက်သည်။

ထန်ရှုသည် တစ်မိနစ်သာ လှုပ်ယမ်းလိုက်ပြီး အန်စာခွက်အား ချထားလိုက်သဖြင့် လူတိုင်းသည် ကြက်သေသေကာ ကြည့်နေကြသည်။

“ဟေ့လူ ... အရှုံးပေးနေတာလား”

ကျားလွေဒေါင် အန်စာခေါက်ရာတွင် အချိန် ၅ မိနစ်ယူပြီးမှ အန်စာတုံးကို လှိမ့်လိုက်ခြင်းနှင့် ထန်ရှုသည် အချိန် ၁ မိနစ်သာ ယူခြင်းတို့ကြောင့် ကျန်းယုံကျင်းသည် ထန်ရှု၏လောင်းကစား စွမ်းရည်မှာ ကျားလွေဒေါင်ထက် ပိုကောင်းလိမ့်မည်ဟုပင် လုံးဝ မထင်ချေ။ သူတွေးခဲ့သည်မှာ ထန်ရှုသည် ဆက်မကစားချင်တော့သဖြင့် ရပ်တန့်လိုက်သည်ဟုပင်။

“ဆရာကြီးကျားရဲ့ စွမ်းရည်က သူ့ကို တုန်လှုပ်စေသွားပြီလေ။ သူ အရှုံးမပေးရင် သူ့သေတွင်းသူ တူးနေတာပဲ”

“ငနာလေး ... မင်း ခုတော့ နားလည်သွားပြီပေါ့။ မင်းရဲ့လောင်းကစား စွမ်းရည်က ဆရာကြီးဖြစ်ဖို့ လိုပါသေးတယ်။ မင်း အချိန်ကြာကြာ လှုပ်ခဲ့လည်း အသုံးမဝင်ဘူး”

“ကစားပွဲ မြန်မြန်ပြီးသွားတော့ ငါတို့ အချိန်မကုန်တော့ဘူးပေါ့”

ကျန်းယုံကျင်းတို့ ၃ ယောက်သည် ထန်ရှု၏လှုပ်ရှားမှုအား ကြည့်ပြီး ကဲ့ရဲ့လိုက်ကြပြန်သည်။

မကြာမီ လူတိုင်း၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ် သွားကြပြီး ထို ၃ ယောက်၏ မျက်နှာသည်လည်း ရဲခနဲဖြစ်သွားရသည်။

ထန်ရှုသည် အန်စာခွက်အား ဖွင့်ပြလိုက်ရာတွင် ၅၊ ၆၊ ၆ ဟု ပြနေပြီး စုစုပေါင်း ၁၇ ပွင့်ရှိနေသဖြင့် ဆရာကြီးကျား၏ ၁၆ ပွင့်ထက် ၁ ပွင့် ပိုနေသည်။

“ငါတို့ နိုင်ပြီ။ ငါတို့ တကယ်နိုင်သွားပြီလား”

လုံကျန့်ယုသည် ထန်ရှုအား သည့်မတိုင်ခင်က နှစ်သိမ့်နေခဲ့သော်လည်း ထန်ရှုအား သူ အမှန်တကယ်တော့ အများကြီး မမျှော်လင့်ထားပါချေ။

မိမိကိုယ်အား ထိန်းချုပ်ခြင်း ပညာရပ်တွင် ကာလရှည်ကြာ ကျင့်ကြံထား ခဲ့သောကြောင့် လုံကျန့်ယုသည် ထန်ရှုအား နှစ်သိမ့်ပေးခဲ့ပြီး အပြစ်တင်ခြင်း လုံးဝ မလုပ်ခဲ့ခြင်းဖြစ်သည်။

“အစ်ကိုကြီး ... မင်းလုပ်နိုင်မယ် ဆိုတာ ငါသိသားပဲ။ အစ်ကိုကြီး ... မင်း ငါ့ကို အခု ယုံပြီမဟုတ်လား”

လုံကျန့်လင်း၏ ပထမစကား တစ်ဝက်သည် ထန်ရှုအား ရည်ရွယ်ပြီး ဒုတိယတစ်ဝက်သည် လုံကျန့်ယုအား ရည်ရွည်ပေသည်။ ယခုအချိန်တွင် လုံကျန့်လင်းသည် ကလေးတစ်ယောက်သဖွယ် ကခုန်နေလေသည်။

ထန်ရှု၏ရှေ့တွင် ရှိနေသော အန်စာတုံးများအား အဖန်ဖန် ကြည့်မိကာ ကြက်သေသေနေသော လုံကျန့်ယုသည် လက်သီးများပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီးနောက် ညီငယ် လုံကျန့်လင်းအား စိတ်လှုပ်ရှားစွာ ဖက်လိုက်သည်။

သည်တောင်နံရံများနှင့် ရွာကလေး စီမံကိန်းသည် လုံကျန့်ယုအတွက် အလွန်အရေးကြီးပြီး ပထမဆုံးအကြိမ်အဖြစ် သူ တိုက်ရိုက် ကိုင်တွယ်ရသော၊ သူ၏ဘဝတစ်သက်တာ စီမံကိန်းအတွက် ပထမဆုံးခြေလှမ်း တစ်ခုပင် ဖြစ်ပေသည်။ ထိုကြောင့် ၃ နှစ်နီးပါး သည်စီမံကိန်းထဲတွင် စိတ်ရောလူပါ နှစ်မြှုပ်ထားခဲ့ရသည်။

သည်ဟာသာ အဖြတ်တောက်ခံခဲ့ရပါက လုံကျန့်ယုသည် ထိုအရှုံးအား ရင်ဆိုင်နိုင်ပါ့မလား ဆိုသည်ကို လုံကျန့်ယု သေချာစွာ မသိတော့ချေ။ ထို့ကြောင့် ဒီလောင်းကစားပွဲ ဖြစ်ပေါ်လာသည့်အခါ နေရာတိုင်းသို့ အကူအညီ တောင်းခံခဲ့ရပြီး နောက်ဆုံးတွင် ညီငယ်၏ စကားအား ယုံကြည်ကိုးစားကာ ပြင်ပလောကမှ ထန်ရှုအား ဖိတ်ခေါ်ခဲ့ခြင်းပင် ဖြစ်တော့သည်။

“မင်းရဲ့ကံက တကယ်ကောင်းတာပဲ။ နောက်တစ်ကြိမ် နိုင်ဖို့ဆိုတာတော့ ငါ မယုံဘူးကွ”

တစ်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ကျန်းယုံကျင်းသည် ခပ်ချဉ်ချဉ် ပြောလိုက်သည်။

သည်တစ်ကြိမ်တွင်တော့ သူ၏ရင်ထဲမှ ထွက်ပေါ်လာသော အသံသည် ယခင်ကအသံများနှင့် ခြားနားလျက် ရှိပေသည်။ ထို့အတူ မည်သူမျှလည်း သူ၏နောက်မှလိုက်၍ မပြောကြတော့ပေ။ ထန်ရှုသည် သူတို့အား ၁၇ ပွင့်ဖြင့် အံ့အားသင့်မှု ပေးလိုက်သဖြင့် ထိုသူများသည် အံ့ဩလွန်းသဖြင့် ကြက်သေ သေနေရာမှာ နိုးထလာဆဲပင် ရှိနေသေးသောကြောင့်ပင် ဖြစ်တော့သည်။

***

All Chapters