လောင်းကစားပွဲစံချိန်
Vol. 01 Ch. 44
“ဆရာကြီးကျား ... ကျေးဇူးပြုပြီး စပါ”
ထန်ရှုသည် ကျားလွေဒေါင်အား ပြုံးပြကာ နောက်တစ်ပွဲ စတင်ရန်အတွက် ဖိတ်ခေါ်လိုက်လေသည်။ ကျားလွေဒေါင်အား ထန်ရှုသည် အမှန်တကယ်ကို ကျေးဇူးတင်မိသည်။
ပြီးခဲ့သော အချိန်ခဏလေးတွင် အဓိကျသောအရာများအား ပါရှိသည့် အန်စာခေါက် လှုပ်ရှားမှုအား ကျားလွေဒေါင်မှ သူ၏အရှိန်အား လျှော့လျက် မသိမသာ ပြသသွားခြင်း မရှိခဲ့ပါလျှင် ထန်ရှုသည် အန်စာခေါက်ခြင်း၏ အစစ်အမှန် ပညာရပ်အား ဆရာကျကျ ပြသနိုင်လိမ့်မည် မဟုတ်ပါချေ။
ကျားလွေဒေါင်မှ သူ့အား မက်မွန်သီးတစ်လုံး ပစ်ပေးလိုက်ပြီး ထန်ရှုမှ ဇီးချိုသီး တစ်လုံးအား ပြန်ပေးလိုက် သကဲ့သို့ပင်။ လူနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အချိန်အနည်းငယ် ကြာသည်အထိ စိုက်ကြည့်နေကြပြီး ထိုသူနှစ်ယောက်ကြားတွင် သိမ်မွေ့သော ပြောင်းလဲမှုဖြစ်သည့် ဆက်ဆံရေး ဖြစ်ပေါ်သွားသည်ကိုတော့ ဘယ်သူမျှ မသိရှိလိုက်ကြပါပေ။
ကျားလွေဒေါင်သည် ထန်ရှုအား ခေါင်းတစ်ချက် ညိတ်ပြကာ အန်စာခွက်အား ထပ်မံကောက်ယူကာ တတိယပြိုင်ပွဲအား စတင်လိုက်သည်။
သည်တစ်ကြိမ်တွင် ကျားလွေဒေါင်သည် အန်စာခွက်ထဲသို့ အန်စာတုံး ၅ တုံး ထည့်လိုက်သည်။
အန်စာခွက် လှုပ်သည့်နည်းတူ ကျားလွေဒေါင်၏ မျက်လုံးများသည် အရောင်တစ်ချက် လင်းလက်သွားကာ လက်ကောက်ဝတ်သည် စည်းချက်ညီညီ လှုပ်ရှားလျက်ရှိသည်။
အန်စာတုံးများနှင့် အန်စာခွက်နံရံများ ပွတ်တိုက်သံ၊ အန်စာတုံး အချင်းချင်း ထိတိုက်မိသံများသည် ကြည်ကြည်လင်လင် ကြားနေရပြီး ဂီတသံများ ဖော်ကျူးနေသကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှပေသည်။
ထို့နောက် အသံသည် စိတ်အားတက်ကြွစရာ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ဟာ ... လောင်းကစားဆိုတာ ဒီလိုမျိုးလည်း လုပ်လို့ရတာပါလား”
ထန်ရှုသည် ကျားလွေဒေါင်ဆီမှ ပြင်းပြသော ယှဉ်ပြိုင်လိုသည့်စိတ်အား ခံစားမိလိုက်သည်။ သူ၏မျက်ဝန်းများ အရောင်တောက် လာသည့်နည်းတူ ကျားလွေဒေါင်၏ မျက်ဝန်းများသည်လည်း အရောင် တောက်ပနေလျက် ရှိသည်။
ကျားလွေဒေါင်၏ ယခုအပြုအမူသည် ထန်ရှု၏စွမ်းရည်အား အသိအမှတ် ပြုခြင်းကြောင့် မဟုတ်သလို ကစားပွဲ အခြေအနေအား ပြောင်းပစ်လိုခြင်း ကြောင့်လည်း မဟုတ်ဘဲ သူ၏ဆုံးဖြတ်ချက်အား ဖွင့်ထုတ်လိုက်ခြင်းပင် ဖြစ်သည်ဟု ထန်ရှု ခံစားမိနိုင်သည်။
သည်အခြေအနေသည် ထန်ရှု ဖြစ်စေချင်သော အခြေအနေမျိုးပင် ဖြစ်တော့သည်။ ကျားလွေဒေါင်သည် ပြိုင်ဘက်မရှိသော ဘဝ၌ အချိန်ကြာမြင့်စွာ အထီးကျန်စွာ တည်ရှိနေရာမှ သူနှင့်လက်ရည်တူ ပြိုင်နိုင်သော ပြိုင်ဘက်ကောင်း တစ်ယောက်အား တွေ့ရခြင်းကြောင့် သူ၏ ပြင်းပြသော ယှဉ်ပြိုင်လိုသည့် စိတ်သည် ထွက်ပေါ်လာခဲ့ခြင်းသည် အမှန်ပင်ဖြစ်တော့သည်။ ထန်ရှုသည် မမျှော်လင့်ဘဲ သူ၏ အကန့်အသတ်အား စိန်ခေါ်မိရက်သား ဖြစ်နေရာ ယခုလောင်းကစားပွဲသည် လောင်းကစားခြင်း၏ စစ်မှန်သော စိတ်ခံစားမှုအား ရရှိလေပြီဟု နောက်ဆုံးတွင် သူ လက်ခံလာမိသည်။
ကျားလွေဒေါင်၏ လက်ကောက်ဝတ်အားဖြင့် အန်စာခွက်အား လှုပ်ရှားသည့်ဟန်မှာ လေပြည်ထဲတွင် လိပ်ပြာလေးတစ်ကောင် ဝဲပျံကာ ကနေသည့်နှယ်ပင် ဖြစ်တော့သည်။ လူတိုင်းသည် အရာအားလုံးအား မမြင်နိုင်တော့ဘဲ လှပသော မျဉ်းလမ်းကြောင်းကွေးတစ်ခု ပုံစံသာလျှင် မြင်နိုင်တော့သည်ဖြစ်ပြီး ကျားလွေဒေါင်၏ မျက်နှာထက်တွင် တည်ငြိမ်ပြီး ယုံကြည်မှုအပြည့် ရှိသည့် အပြုံးတစ်ခု တွဲလဲခိုလျက် ရှိသည်။
အန်စာခွက်ထဲမှ ဂီတသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် အခန်းထဲမှ လူများအားလုံး ထိုအသံ၏ သာယာမှုနောက်တွင် မိန်းမောနေကြသည်။ ဂီတသံသည် အလွန်ကျေနပ်ဖွယ်သော ခံစားမှုအား ပေးစွမ်းသည်။ အန်စာတုံးခေါက် လှုပ်ရှားခြင်းမှ ထိုကဲ့သို့ စည်းချက်ညီကာ သာယာနာပျော်ဖွယ် ကောင်းသော ဂီတသံ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ အိပ်မက်ပင် မမက်ဖူးခဲ့ကြချေ။
ကျားလွေဒေါင်၏ လှုပ်ရှားမှုနှင့် ဂီတသံ အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ လူတိုင်းသည် မျက်လုံးများကိုသာ ပြူးကျယ်ထားလျက်၊ အသက်ရှူရန်ပင် အောင့်ထားမိလျက်၊ အနှောင့်အယှက် ပြုမိမည်ကို စိုးရွံ့လျက်၊ ကျားလွေဒေါင် ခေါ်ဆောင်သွားသော အံ့သြဖွယ် ကောင်းလှသည့် ဂီတရေယာဉ်ကြောတွင် စီးမျောလျက် မလှုပ်မယှက် ကျောက်ရုပ်ပမာ ရှိနေကြသည်။
အချိန်သည် မည်သူမျှ သတိမထားမိလိုက်ဘဲ ကုန်ဆုံးသွားခဲ့ပြီး ဂီတသံ ရပ်သွားတော့မှပင် အိပ်မက်မှ နိုးထလာကြသူများပမာ ဖြစ်နေတော့သည်။ သူတို့ လှမ်းကြည့် လိုက်ချိန်တွင် ကျားလွေဒေါင်သည် သူ၏လှုပ်ရှားမှုအား ရပ်တန့်ပြီး အန်စာခွက်အား စားပွဲပေါ်သို့ တင်လိုက်သည်ကို တွေ့လိုက်ရသည်။
“ဆရာကြီးကျားက တကယ့်ကို အံ့သြလောက်စရာပဲ”
“ဘုရားသခင် ... ဒီဟာက တကယ့်ကို လောင်းကစား စွမ်းရည်ပဲ။ ငါတို့တွေ့ဖူးသမျှ အခြားလောင်းကစား ဘုရင်တွေက အရမ်းကို အားနည်းလွန်းတယ်”
“လောင်းကစားဘုရင်က လောင်းကစားဘုရင်ဆိုသည့် အတိုင်းပါပဲ။ အန်စာတုံးခေါက် လှုပ်ယမ်းတဲ့ အသံကတောင် လူတွေကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တယ်”
***
ကျားလွေဒေါင်၏ လှုပ်ရှားမှု ရပ်တန့်သွားသည်နှင့် အခန်းတစ်ခုလုံးသည် ချီးမွမ်းသံများဖြင့် ပြည့်နှက် သွားတော့သည်။ လုံကျန့်ယုနှင့် လုံကျန့်လင်းတို့ ညီအစ်ကို နှစ်ယောက်ပင် အလွန်အမင်း သဘောကျခဲ့ရပေသည်။
ထိုအချိန်လေးတွင် အနိုင် (သို့မဟုတ်) အရှုံးသည် အသုံးမဝင်သည့်ဟန် ရှိရပြီး လူတိုင်း၏ စိတ်နှလုံးတွင် ကျားလွေဒေါင်၏ လောင်းကစား နည်းပညာရပ်မှ အပြည့်အဝ လွှမ်းမိုးထားပေသည်။
လူတိုင်း၏ ချီးကျူးစကားသံ အောက်တွင် ကျားလွေဒေါင်သည် သူ၏အန်စာခွက်အား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အန်စာတုံး နံပါတ်များ ပြလေရာ …
“အပွင့်အပြည့်ပဲ။ ဒီတစ်ပွဲ ကျွန်တော်တို့ နိုင်ပြီ ... ဝေး …”
“ဆရာကြီးကျားက တကယ့်ကို အံ့သြလောက်စရာပဲ။ အပွင့်အပြည့်ရအောင် ထိန်းချုပ်နိုင်တဲ့ ရင်သပ်ရှုမောစရာ ကစားနည်းပါပဲ”
“ဆရာကြီး တပည့် ထပ်လက်မခံတော့တာ နာတာပဲကွာ။ နို့မို့ဆို ငါ သူတပည့်ဖြစ်လာရမှာ”
အန်စာတုံးများပေါ်ရှိ နံပါတ်များအား မြင်လိုက်ရသောအခါ ကျန်းယုံကျင်း၊ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့ ၃ ယောက်သည် အော်ဟစ်လိုက်မိကြပြီး စိတ်လှုပ်ရှားသော အမူအရာများဖြင့် မျက်နှာများနီရဲကာ ကလေးများသဖွယ် ကနေကြသည်။
ချစ်စရာကောင်းပြီး ညှို့နိုင်စွမ်းရှိသော အပြုံးတို့ဖြင့် ကျန်းသဲဂျင်သည် မျက်နှာချင်းဆိုင်တွင် ရှိနေသော လုံကျန့်ယုနှင့် လုံကျန့်လင်းတို့အား ကြည့်လိုက်ပြီး သနားကရုဏာ သက်နေသယောင် ရှိလေသည်။
လုံကျန့်ယုနှင့် လုံကျန့်လင်းတို့သည် ကျားလွေဒေါင်၏ လောင်းကစား စွမ်းရည်အား အသိအမှတ် ပြုကြသော်လည်း အန်စာတုံးနံပါတ်များ ထွက်ပေါ်လာသည့် အချိန်တွင် သူတို့၏ ရင်ထဲတွင် နေမထိထိုင်မသာဖြင့် ပူလောင်နေပေသည်။ အထူးသဖြင့် လုံကျန့်ယု ဖြစ်သည်။ ရလဒ် ထွက်လာသည်နှင့် သူ၏ကိုယ်သည် တုန်လှုပ်လာကာ ကြမ်းပေါ်သို့ပင် လဲကျလုနီး ဖြစ်သွားရသည်။
“ညီအစ်ကိုထန် ... မင်း အကောင်းဆုံး ကြိုးစားခဲ့တာပါ။ ဒီဟာ အဆင်ပြေပါတယ်။ ကိစ္စမရှိပါဘူး”
ထန်ရှု၏ စိုးရိမ်ပူပန်နေသော သွင်ပြင်အား မြင်တွေ့လိုက်ရသော လုံကျန့်ယုသည် သူ၏ပခုံးအား ခပ်ဖွဖွပုတ်ကာ နူးညံ့စွာ နှစ်သိမ့်လိုက်သည်။
“အာ ... မင်း ဘာဖြစ်နေတာလဲ။ ငါတောင် မလုပ်ရသေးဘူးလေ။ လောင်းကစားပွဲရဲ့ ရလဒ်က ဆုံးဖြတ်ပြီးပြီလို့ မင်းထင်နေတာလား”
အခန်းတွင်းမှ စိတ်အခြေအနေများ တစ်ခုခု လွဲမှားနေကြောင်း ထန်ရှု ရိပ်မိသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လူတိုင်း၏ သံသယများနှင့် အထင်အမြင်သေးသော မျက်ဝန်းများ အောက်တွင် ထန်ရှုသည် အန်စာခွက်အား ကောက်ကိုင်လိုက်ကာ အန်စာတုံး ၅ တုံးအား ထည့်လိုက်ပြီး စတင် လှုပ်ယမ်းလိုက်သည်။
လောင်းကစားခန်းမ၏ စည်းမျဉ်းများအရ အခန်းထဲမှ လူများသည် ထန်ရှုအား တားပိုင်ခွင့် မရှိသောကြောင့် ဆူညံသံများပြုလျက် ထန်ရှုအား အထင်သေးစွာ ကြည့်နေကြသည်။
“ဒေါင် ... ဒန့်”
“ဒေါင် ... ဒေါင် ... ဒန့် ”
“ဒေါင် ... ဒန့်”
***
ကျားလွေဒေါင်၏ အန်စာတုံးခေါက်သံသည် ပျော်ရွှင်စရာ ကောင်းသည့် သံစုံတီးဝိုင်း ဖျော်ဖြေမှုနှင့် တူသည်ဟု ဆိုပါလျှင် ထန်ရှု၏ အန်စာခေါက်သံသည် စစ်ဘင်ခရာသံနှင့်အလား တူကာ လူအများအား ငြိမ်သက်စေသည်။
ထန်ရှု၏ အန်စာခွက်အသံအား နားထောင်ရင်း ကျားလွေဒေါင်၏ မျက်ဝန်းများတွင် အရောင်များ လက်သွားသည်။
ကျားလွေဒေါင်သည် ခုနက အန်စာတုံးခေါက် လှုပ်ယမ်းမှုအား သူရပ်လိုက်ချိန်တွင် နောင်တရသွားခဲ့သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏စွမ်းရည်သည် အဆင့်တစ်ခု တက်သွားကာ ပုံမှန်ကစားခြင်းထက် ပိုမိုကောင်းမွန်သော လှုပ်ရှားမှုအား သူ ပြုလုပ်ခဲ့မိလိုက်သည်။ ထိုအပြုအမူကြောင့် ထန်ရှု၏ စိတ်ပိုင်းဆိုင်ရာအား ထိခိုက်သွားစေပြီး စိတ်ဓာတ်ကျသွားမှာကို သူ စိုးရွံ့နေခဲ့မိသည်။
သို့သော် ထန်ရှုသည် အရှုံးမပေးဘဲ သူ၏ အန်စာခေါက်နည်းနှင့် မတူညီသော စွမ်းရည်အား အသုံးပြုကာ ယှဉ်ပြိုင်နေသည်ကို ကျားလွေဒေါင် မြင်ရသဖြင့် ပျော်ရွှင်သွားသကဲ့သို့ အံ့သြတုန်လှုပ်မှုလည်း ဖြစ်ပေါ်ရပေသည်။
အခြားသူများသည်လည်း အံ့သြနေကြပြီး သူတို့သည် ညှို့ယူဆွဲဆောင် ခံနေရသကဲ့သို့ ထန်ရှုအား တစ်ယောက်ပြီး တစ်ယောက် ကြည့်မိကြရင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အဖြေရှာမရ ဖြစ်နေကြသည်။
မျက်တောင်တစ်ချက် ခတ်ချိန်သည် နှစ်ပေါင်းတစ်သောင်း ကြာသွားသကဲ့သို့ပင် ဖြစ်သည်။ ထန်ရှုသည် သူ၏လှုပ်ရှားမှုအား ရုတ်တရက် ရပ်တန့်လိုက်သောအခါမှ လူအများသည် အိပ်မက်မှ နိုးထလာသကဲ့သို့ အသိဝင်လာကြသည်။
လူအများ၏ အကြည့်အောက်တွင် ထန်ရှုသည် အန်စာခွက်အား ဖြည်းညင်းစွာ ဖွင့်ပြလိုက်သည်။
“ဘာ ... ဘာရီးလဲ။ ဒါကလည်း အပွင့်ပြည့်ပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟ”
“ဒါ မမှန်နိုင်ဘူး။ တစ်ခုခုတော့ မှားနေပြီလို့ ငါ သေချာ ပြောနိုင်တယ်။ သူ လှုပ်တာ ခဏလေးလေ။ ဘယ်လိုလုပ် အပွင့်ပြည့်ကို လွယ်လွယ် ရလာတုန်း”
“ဒါ ကံကောင်းတာ ... ကံကောင်းတာ သက်သက်ပဲ”
အန်စာတုံး နံပါတ်များအား ကြည့်ပြီး လူတိုင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော၊ အံ့အားသင့်ရသော အမူအရာများ ထင်ဟပ်နေပြီး အထူးသဖြင့် ရွှဲ့ရန်ဖေး၊ ဟုဝမ်ကျွင်းနှင့် ကျန်းယုံကျင်းတို့ ၃ ယောက်မှာ အံ့သြစွာဖြင့် အော်ဟစ်မိကြလေသည်။
“ဆရာကြီးကျား ... ကွန်တော်တို့ ဆက်ကစားကြမလား”
ထန်ရှုသည် ကြက်သေသေလျက် ရှိသော ကျားလွေဒေါင်အား နောက်တစ်ပွဲ ကစားရန်အတွက် ထပ်မံဖိတ်ခေါ်လိုက်သည်။
“ကောင်းတယ်ကွ။ ဆက်ကစားကြစို့ရဲ့”
ကျားလွေဒေါင်သည် ထန်ရှုအား အချိန်အနည်းငယ် ကြာအောင် စိုက်ကြည့်ပြီးမှ ပြင်းပြသော ယှဉ်ပြိုင်လိုစိတ်ဖြင့် ဖြေလေသည်။
လူအုပ်ကြီးသည် ထန်ရှုပေးလိုက်သော အံ့သြတုန်လှုပ်မှုကနေ အသက်ပြန်ဝင်လာရုံ ရှိသေးသော်လည်း ကျားလွေဒေါင်နှင့် ထန်ရှုတို့သည် လေးပွဲမြောက် ပြိုင်ပွဲအား စတင်နေပြီဖြစ်သည်။
သည်တစ်ကြိမ်တွင် ကျားလွေဒေါင်သည် အန်စာတုံး ၆ တုံးအား အန်စာခွက်ထဲသို့ ပစ်ထည့်လိုက်သည်။
“ငါတို့ရဲ့ အန်စာခေါက် ကစားနည်းအဆင့်အရ အခုထိ အနိုင်အရှုံး မသဲကွဲဘဲ သရေဖြစ်နေတုန်းပဲ။ ငါတို့ နည်းနည်း ပိုခက်တာလေး ထည့်ကစားကြမလား”
ကျားလွေဒေါင်သည် အန်စာတုံး စမခေါက်မီ သူ၏မျက်လုံးများသည် ရုတ်တရက် လှုပ်ရှားသွားကာ ပြုံးလိုက်သည်။
ကျားလွေဒေါင်၏ စကားအား ကြားလိုက်ရသော အခန်းတွင်းရှိ လူတိုင်းသည် အံ့အားမသင့်ပဲ မနေနိုင်ကြတော့ပေ။ ထိုစကားသည် ထန်ရှု၏အန်စာတုံး ခေါက်သည့် စွမ်းရည်အား ကျားလွေဒေါင်သည် သူနှင့်အဆင့်တူ ဖြစ်သည်ဟု သတ်မှတ်လိုက်ခြင်းပင် မဟုတ်ပေဘူးလား။
“အဲဒါဆို ဆရာကြီးကျားရဲ့ အစီအစဉ်အရ ကျွန်တော်တို့ ဘယ်လိုကစားသင့် တာပါလဲ” ကျားလွေဒေါင်၏ စကားအား ကြားလိုက်ရသော ထန်ရှုသည်လည်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ငါတို့နှစ်ယောက် အန်စာတူတူခေါက်ပြီး တစ်ချိန်တည်းမှာပဲ ရပ်လိုက်မယ်။ ပြီးရင် အခြားသူရဲ့ အန်စာပွင့်ကို ကိုယ်က ခန့်မှန်းပြီး ပြောကြေး။ မှန်တဲ့သူက အနိုင်ရသူပဲ”
ကျားလွေဒေါင်သည် အတန်ငယ် စဉ်းစားလိုက်ပြီးနောက် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဆရာကြီး အစီအစဉ်အတိုင်း သဘောတူတယ်”
ထန်ရှုသည် လုံညီအစ်ကို သဘောတူ၊ မတူပင် မမေးတော့ဘဲ အပြုံးနှင့် ချက်ချင်း သဘောတူလိုက်သည်။
“ဒီကလေးက ကောင်းကင်နဲ့မြေကြီး ကြီးမားတာကို တကယ် မသိတတ်တာပဲ။ လောင်းကစား ဘုရင်ကျားနဲ့များ အန်စာအပွင့် ခန့်မှန်းတာကို ပြိုင်ရဲသေးတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ နိုင်တာတွေက ကံကောင်းလို့နော် ငါ့လူရေ။ ကံကို ယုံပြီး ဆူးပုံမနင်းသင့်ဘူးကွ”
ကျားလွေဒေါင်မှ ထန်ရှု၏ အန်စာခေါက်သည့် စွမ်းရည်အား အသိအမှတ် ပြုလိုက်သည်ကို ကြားလိုက်ရသော ကျန်းယုံကျင်း၏ စိတ်တွင် မနာလိုအားကျသည့် ခံစားမှုများ ဖြစ်ပေါ်လာပြီးလျှင် တစ်ဖန် ကျားလွေဒေါင်၏ စကားအား ထန်ရှုသည် သဘောတူညီလိုက်သည်ကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်း အော်ပြောလိုက်မိတော့သည်။
ကျန်းယုံကျင်းသည် လောင်းကစားနည်းနှင့် ပတ်သက်လာလျှင် အရူးအမူးဖြစ်သူ ဖြစ်သည်ကို လူတိုင်းသိသည်။ ကျားလွေဒေါင်ဆီသို့ သူ့အား တပည့်အဖြစ် လက်ခံပေးပါရန် အတွက်ပင် တောင်းပန်ခဲ့ဖူးသည်။
သို့သော် လွန်ခဲ့သော ၃ နှစ်တွင် ကျားလွေဒေါင်သည် တပည့်လက်ခံခဲ့ ပြီးနောက် မည်သည့် တပည့်ကိုမှ လက်မခံလိုတော့ချေ။ ထို့ကြောင့် ကျန်းယုံကျင်းအား အသက်ကြီးသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ ကျားလွေဒေါင်သည် ငွေကြေးချို့တဲ့သော သူမဟုတ်သောကြောင့် ကျန်းယုံကျင်းသည် ငွေဖြင့် ဖြေရှင်းရန်လည်း မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ကျန်းယုံကျင်းသည် စွမ်းအင် အာဏာမရှိသကဲ့သို့ ခံစားခဲ့ရသည်။
ကျန်းယုံကျင်းသည် သူ စိတ်မကောင်း ဖြစ်နေချိန်တွင် ထန်ရှုအား ကျားလွေဒေါင်မှ အသိအမှတ်ပြုလိမ့်မည်ဟု သူ နည်းနည်းမှ မမျော်လင့်ထားမိချေ။
“ဆရာကြီးကျားရဲ့ စွမ်းရည်က လောင်းကစားရာမှာတင် မကဘူး အခြားသူတွေကို အပိုင်းပိုင်းဖြစ်အောင် လုပ်တဲ့ နေရာမှာလည်း ထူးချွန်တယ်လို့ ကြားတာ ငါ အခုသဘောပေါက် သွားပြီ။ သည်နေ့တော့ ဒီလုံက အတွေ့အကြုံတွေ အများကြီးရတာပဲ”
ကျန်းယုံကျင်း၏ စကားအဆုံးတွင် လုံကျန့်လင်းသည် အမြန်ဝင်ပြောလိုက်ပြီး အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
လုံကျန့်လင်းသည် ထန်ရှု၏ လောင်းကစား စွမ်းရည်သည် ကျားလွေဒေါင်ကဲ့သို့ ကောင်းနိုင်ပါ့မလားဟု စိုးရိမ်ပူပန်နေခဲ့သည်။ ယခုနောက်ဆုံး ထန်ရှုသည် အန်စာတုံးခေါက်ခြင်း ကစားနည်းတွင် နိုင်ရန် မျှော်လင့်ချက် ရှိနေခဲ့သည့် အချိန်တွင် ကျားလွေဒေါင်သည် လောင်းကစားနည်း ပုံစံအား ပြောင်းလဲပြီး ထိုပြောင်းလဲခြင်းအား ထန်ရှုမှ သဘောတူလိမ့်မည် ဟူသည့် အရာသည် သူ မည်သည့်အခါမျှ မထင်ထားခဲ့သည့် အကြောင်းအရာ ဖြစ်တော့သည်။
ထန်ရှုနှင့် ကျားလွေဒေါင်ကြားတွင် သိမ်မွေ့သော ဆက်ဆံရေးသို့ ပြောင်းလဲမှု ဖြစ်သွားခဲ့သည်ကို လုံကျန့်လင်း ရိပ်မိစပြုလာသည်။ သူ၏အမြင်တွင် ကျားလွေဒေါင်သည် တစ်စုံတစ်ယောက်အား မိုက်မိုက်ကန်းကန်း ပြုလုပ်ရန် ခနဲ့တဲ့တဲ့ စကားများဖြင့် တိုက်တွန်း ပြောဆိုတတ်သောသူ ဖြစ်သည်။ ထန်ရှုသည် ငယ်လွန်းလှသောကြောင့် ကျားလွေဒေါင်၏ အချိုသတ် စကားလုံးများဖြင့် ထန်ရှုအား လောင်းကစားနည်း ပြောင်းလဲခြင်းအား လက်ခံရန် ထောင်ချောက်ဆင် နိုင်သည်။ သည်ဟာသည် လုံကျန့်လင်းအား စိုးရိမ်စေသော အချက်ပင် ဖြစ်တော့သည်။
လုံကျန့်လင်းသည် သာမက လုံကျန့်ယုသည်လည်း ပိုမို စိုးရိမ်စိတ်များရသူ ဖြစ်သည်။ သို့သော်လည်း မိမိကိုယ်အား ထိန်းချုပ်နိုင်သူ တစ်ယောက်ပီပီ လုံကျန့်ယုသည် သူ၏စိတ်ခံစားမှုအား အကောင်းဆုံးဖြစ်စေရန် ထိန်းချုပ်ထားနိုင်သည်။
အခြားတစ်ဖက်တွင် ကျန်းသဲဂျင်သည် ပျော်ရွှင်နေသည့်ပုံရသည်။ အန်စာတုံးခေါက်ခြင်း စွမ်းရည်တွင် ထန်ရှုသည် အံ့သြတုန်လှုပ်ရအောင် ပြသနိုင်ခဲ့သော်လည်း သူတို့သည် စွမ်းဆောင်နိုင်သော ကျားလွေဒေါင်၏ စွမ်းရည်ပေါ်တွင် ယုံကြည်မှုရှိနေဆဲပင်ဖြစ်သည်။
ကျားလွေဒေါင်မှ လောင်းကစားနည်း ပြောင်းရန် အဆိုပြုလာသောအခါ ကျန်းသဲဂျင်နှင့် အခြားသူများသည် ပိုမို စိတ်လှုပ်ရှား လာကြတော့သည်။
***