ရှုံးနိမ့်သည်ကို ဝန်ခံခြင်း
Vol. 01 Ch. 45
“မင်း ကြောက်နေတာလား။ ကြောက်နေတယ် ဆိုရင်လည်း ဘာလို့ အရှုံးကို ဝန်မခံသေးတာလဲ”
လုံကျန့်လင်း၏ စကားသည် ကျန်းယုံကျင်း၏ အာရုံအား ဆွဲဆောင် လိုက်သောကြောင့် အထက်ပါအတိုင်း လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
“ဟ ... ဒါက စနေတာနဲ့ အတူတူပဲ။ ဆရာကြီးကျားရဲ့ စကားကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မြင့်မနေစမ်းပါနဲ့။ ကိုယ့်အဆင့်ကို သိလိုက်စမ်းပါ”
“ဂျင်းအရင့်က ဂျင်းအနုထက် ပိုစပ်တယ်ဆိုသတဲ့။ ဆရာကြီးကတော့ တကယ်ကို အံ့သြစရာပါပဲ”
ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွမ်းတို့သည် ထန်ရှုအား လှောင်ပြောင်လိုသည့် ပုံစံဖြင့် စိုက်ကြည့်လိုက်ကြသည်။
သို့သော် ထန်ရှုသည် ကျန်းယုံကျင်းတို့ ၃ ယောက်၏လှောင်ပြောင်မှုအား မကြားသကဲ့သို့ ရှိသည်။ သူနှင့် ကျားလွေဒေါင်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြပြီးနောက် အန်စာခွက်ကို ယူကာ လှုပ်ယမ်းရန် ဟန်ပြင်လိုက်သည်။
ထန်ရှုတွင် ပြောစရာစကားများ ရှိနေခဲ့သော်လည်း သူ၏ လှုပ်ရှားမှုများသည် မရေမတွက်နိုင်သော စကားလုံးများအဖြစ် ဖော်ပြနေခဲ့သည်။ ထန်ရှု အန်စာခွက်အား စတင် လှုပ်ယမ်းလိုက်သော ခဏတွင် ကျန်းယုံကျင်း၊ ဟုဝမ်းကျွင်းနှင့် ရွှဲ့ရန်ဖေးတို့သည် သူတို့၏ လည်ပင်းများအား ဆုပ်ကိုင် ခံလိုက်သည့်နှယ် ခံစားလိုက်ရပြီး သူတို့၏အပြုံးများ အေးခဲသွားကာ မည်သည့်စကားမျှ မဆိုနိုင်တော့ဘဲ စိတ်ကသိကအောက် ဖြစ်သွားဟန်ရသည်။
သူတို့၏ စိတ်အခြေအနေအရ ဆိုပါက ထန်ရှုနှင့် လမ်းတွင် ပြဿနာဖြစ်ပြီး နောက်ပိုင်း သူတို့သည် ထန်ရှုအား စေ့စေ့ပင် မကြည့်ရဲချေ။
သို့သော် ယခုအချိန်တွင် သူတို့သည် ထန်ရှုအား စကားစတင် ပြောကြပါသော်လည်း ထန်ရှုသည် သူတို့အား အရေးမစိုက်သည့်ဟန် ရှိနေသည်။ သည်အခြေအနေသည် သူတို့၏မျက်နှာအား ဖြတ်ရိုက်လိုက်သည့်နှယ် ဖြစ်စေသောကြောင့် အံကြိတ် ထားမိသည့်အထိ ဒေါသဖြစ်စေသည်။ သို့သော်လည်း လောင်းကစားခန်းမ၏ စည်းမျဉ်းများသည် သူတို့အား တားမြစ်ထား သောကြောင့် ဘာမျှ မလုပ်နိုင်ဘဲ ရှိနေပြီး စိတ်အချဉ်ပေါက်ခြင်း၊ ခါးသီးခြင်းနှင့် မကျေမနပ်ဖြစ်ခြင်း စသော ခံစားချက်မျိုးစုံတို့အား ခံစားနေရပေသည်။
ကျားလွေဒေါင်သည် ထန်ရှုအား အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အန်စာခွက်အား စတင်လှုပ်ယမ်းတော့သည်။
အခန်းသည် ရုတ်တရက် ငြိမ်သက်သွားပြီး ချက်ချင်း တိတ်ဆိတ်သွားပြီး အန်စာခွက်ထဲမှ အန်စာတုံး အသံများသာ ထွက်ပေါ်လျက်ရှိသည်။
ထိုအချိန်သည် ကောင်းကင်ထက်တွင် နေမင်းကြီး လင်းလက် နေသကဲ့သို့ ဖြစ်ပြီး နောက်တစ်ချိန်တွင် မုန်တိုင်းထန် နေသည့်နှယ် ဖြစ်သည်။
ထို့နောက်တွင် တည်ငြိမ်အေးဆေး သွားသကဲ့သို့ ဖြစ်ပြီး မကြာမီ ဆူညံပွက်လောရိုက် လာသည့်နှယ် ဖြစ်သည်။
***
ကျားလွေဒေါင်နှင့် ထန်ရှုတို့၏ လက်ကောက်ဝတ်များမှ လှုပ်ရှားနေသော အန်စာခေါက်သံများသည် တစ်ခန်းလုံးအား ဖုံးလွှမ်းနေခဲ့ပြီး လူတိုင်း၏ နှလုံးသားများသည် ထိုစည်းချက်များ၊ ခံစားမှုများအတိုင်း လိုက်ပါခံစားနေကြကာ မျက်နှာအမူအရာ များသည်လည်း ထိုခံစားချက်များအတိုင်း ရောင်ပြန်ဟပ်လျက် ရှိနေကြပေသည်။
ကျားလွေဒေါင်နှင့် ထန်ရှုသည် သူတို့လက်ထဲရှိ အန်စာခွက်များအား အာရုံမထားကြဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အခန်းထဲရှိ လူတိုင်းသည် သူတို့နှစ်ယောက်အား အာရုံစိုက်နေကြစဉ် …
ဘန်း … ဘန်း …
အသံနှစ်သံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ထိုအသံများသည် ကျားလွေဒေါင်နှင့် ထန်ရှုတို့၏ အန်စာခွက်များအား စားပွဲပေါ်သို့ ချလိုက်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ကောင်လေး ... မင်း အရင်စမလား။ ငါ စရမလား”
ကျားလွေဒေါင်သည် ထန်ရှုအား ပြုံးကာ မေးလိုက်သည်။
“ဆရာကြီးကျား ... အရင်စပါ”
ထန်ရှုသည် လေးစားသော အမူအရာဖြင့် ပြောကာ ကိုယ်ဟန်အသင့် ပြင်လိုက်သည်။
အစပိုင်းတွင် သူတို့သည် ယှဉ်ပြိုင်နေခဲ့ကြသေယ်လည်း ပြောင်းလဲမှုတစ်ခု ဖြစ်သွားပြီး နောက်ပိုင်းတွင် သူတို့သည် နှစ်ဦးနှစ်ဖက်တွဲညီသော နယ်ပယ်သို့ ချဉ်းနင်း ဝင်ရောက်လာခဲ့သည်။ ထိုနောက် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိလာကာ ရင်းနှီးကျွမ်းဝင် လာကြပြီး နက်ရှိုင်းသော ဆက်ဆံရေးသို့ ဦးတည်လာခဲ့သည်။ ဤအရာသည် အရည်အချင်းရှိသော သူများသည် အခြားသူ၏ အရည်အချင်းအား အသိအမှတ်ပြုလေသည် ဟူသော စကားပုံနှင့် အလားသဏ္ဌာန် တူသည်။
ထန်ရှု၏ စကားအား ကြားပြီးနောက် ကျားလွေဒေါင်၏ မျက်နှာထက်တွင် နက်နက်ရှိုင်းရှိုင်း တွေးနေသည့်ပုံ ပေါ်လာခဲ့သည်။
“၄ ပွင့် ... အာ မဟုတ်သေးဘူး။ ၆ ပွင့်”
အချိန်အတန်ကြာအောင် စဉ်းစားပြီးနောက် ကျားလွေဒေါင်၏ နှုတ်မှ နံပါတ်တစ်ခု ထွက်လာခဲ့သည်။ သို့သော် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူပြောထားသည့် နံပါတ်အား ချက်ချင်း ပြောင်းလဲခဲ့သည်။
ကျားလွေဒေါင်၏ တုံ့ပြန်မှုအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော ကျန်းသဲဂျင်နှင့် အခြားသူများသည် စိတ်လှုပ်ရှား တုန်လှုပ်ရသည်။ သူတို့အဖွဲသည် တစ်ယူသန်သော အစွဲကြီးသော စိတ်များရှိကြပြီး ကျားလွေဒေါင်၏ လောင်းကစားစွမ်းရည်အား ယုံကြည်မှု ရှိကြသည်။ သူ၏ ပြောင်မြောက်လှစွာသော လောင်းကစား စွမ်းရည်ကိုလည်း ကိုယ်တိုင်မြင်ဖူးကြည့်ဖူး ကြသူများလည်း ဖြစ်သည်။ သို့သော် ကျားလွေဒေါင် လောင်းကစားသည့် အချိန်တွင် အခက်အခဲရှိဖူးသည် ဆိုသည်မှာ မတွေ့ဖူးသလောက်ပင် ဖြစ်ချေသည်။ ယခုမူ သူတို့သည် ကျားလွေဒေါင် ချီတုံချတုံ ဖြစ်နေသည်ကို မြင်ရသည်။ ထို့ပြင် ကျားလွေဒေါင် ရင်ဆိုင်နေရသော သူသည် အပြင်လောကမှလူ ဖြစ်သည့်အပြင် လောင်းကစားနှင့် ပတ်သက်ပါက အစိမ်းသက်သက်ဖြစ်သည်။ သည်မမျှော်လင့်သော အခြေအနေသည် သူတို့အား ပါးစပ်အဟောင်းသား ဖြစ်စေသည်။
“ဆရာကြီးကျား ... သေချာသွားပြီလား။ ထပ်မပြောင်းလဲတော့ဘူး မဟုတ်လား”
ထန်ရှုသည် အန်စာခွက်အား ချက်ချင်း မဖွင့်သေးဘဲ ပြန်လည် စဉ်းစားစေချင်သည့် အမူအရာဖြင့် မေးလိုက်သည်။
“မင်း ... ငါ မပြောင်းဘူး”
ကျားလွေဒေါင်သည် ထန်ရှု၏စကားအား ကြားရသောအခါ ဒေါသထွက်ကာ မူးမေ့လုနီးပါးပင် ဖြစ်သွားရသည်။ ထန်ရှုသည် စိတ်ကြီးဝင်ကာ ရိုင်းလှသည်ဟု သူတွေးထင်မိသဖြင့် သူ၏ရင်ထဲတွင် ဒေါသများ တလိမ့်လိမ့် တက်လာသည်။
“ဆရာကြီးကျား ... ကျွန်တော် စိတ်မကောင်းပါဘူး။ ဆရာကြီး ခန့်မှန်းတာ မှားနေတယ်ခင်ဗျ”
ထန်ရှုသည် အမှန်တကယ်တော့ ကျားလွေဒေါင်အား အခွင့်အရေးတစ်ခု ပေးချင်ခဲ့သည်။ သို့သော်လည်း ကျားလွေဒေါင်၏ အတ္တမာနအား ထိခိုက်သွားမည်ကိုလည်း သူ စိုးထိတ်မိသည်။ ထို့ကြောင့် အန်စာခွက်အား ပုံမှန်ဖြစ်သော ပေါ့ပေါ့ပါးပါး အမူအရာဖြင့် သူ ဖွင့်ပြလိုက်လေသည်။
ဖွင့်ပြလာသော ထန်ရှု၏ အန်စာခွက်အား ကြည့်ပြီး ကျားလွေဒေါင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ မျက်နှာသည်လည်း လူသေတစ်ယောက်အလား ဖြူဖျော့သွားလေတော့သည်။
ထန်ရှု၏ အန်စာခွက်ထဲမှ အန်စာတုံးများသည် တိုင်ထောင်ထား သကဲ့သို့ တစ်တုံးပေါ် တစ်တုံးဆင့်လျက် ရှိနေပြီး အပေါ်ဆုံး အန်စာတုံးသည်သာ အပွင့်ဖော်ပြလျက် ကျန်အန်စာတုံးများ၏ အပွင့်များမှာ ဖုံးကွယ်လျက်ရှိနေပေသည်။
အန်စာတုံးဂိမ်း၏ စည်းမျဉ်းအရ အန်စာတုံးများသည် တစ်တုံးပေါ် တစ်တုံးဆင့်ကာ ထပ်လျက်ဖြစ်နေခဲ့ပါက အပေါ်ဆုံးရှိ အန်စာတုံး၏ အပွင့်ကိုသာ ရေတွက်ရန် လိုအပ်သည်။ ထို့ကြောင့် ထန်ရှု၏ထပ်နေသော အန်စာတုံးများအတွက် ထိပ်ဆုံး အန်စာတုံး၏အပွင့်မှာ ၄ ပွင့် ဖြစ်သည်။
ကျားလွေဒေါင် ခန့်မှန်းရာတွင် ပထမ ခန့်မှန်းချက်သည် မှန်ကန်ခဲ့သော်လည်း သူ ပြောင်းလဲလိုက်သည့် ဒုတိယခန့်မှန်းချက်သည် မှားနေသည်။ ထို့ပြင် သူရွေးချယ် လိုက်သည်မှာလည်း ထိုမှားနေသည့် ခန့်မှန်းချက်ကိုသာ ဖြစ်သောကြောင့် သူ၏ခန့်မှန်းချက်မှာ မှားသွားရခြင်း ဖြစ်သည်။
“ဒီလူအိုကြီးက လောင်းကစားနည်း ရှုထောင့်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ အစောပိုင်း လေ့လာသင်ယူမှု ကာလမှာ ရှုံးတဲ့ပွဲတွေ ရှိခဲ့တာကလွဲလို့ ရွှမ်ကျင်းပြည်နယ်မှာ ဒီ၁၀နှစ်အတွင်း ကျုပ်ကို လက်ရည်တူ ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက် မတွေ့ခဲ့ဖူးသေးဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီလူအိုကြီးက နားလည်ခဲ့ပြီ”
“ငယ်ရွယ်နုပျိုတဲ့ မျိုးဆက်တွေက ရှေ့မျိုးဆက်တွေကို သာလွန်စမြဲပဲ ဆိုတာကိုပေါ့” ကျားလွေဒေါင်သည် ထန်ရှုအား အချိန်အနည်းငယ်အောင် စိုက်ကြည့် လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ကျားလွေဒေါင် အဆောက်အဦ ဝင်ပေါက်သို့ ရောက်ရှိ သွားချိန်မှသာလျှင် ကျန်းသဲဂျင်နှင့် အခြားသူများသည် ဖြစ်ပျက်သွားသည်ကို တုံ့ပြန်ရန် သတိရကြတော့သည်။
“အာ ... ဆရာကြီးကျား ... ကျေးဇူးပြုပြီး မသွားပါနဲ့ဦး။ လောင်းကစားပွဲရဲ့ ရလဒ်ကို မသိရသေးဘူးလေ”
“ဆရာကြီးကျား ... ခဏစောင့်ပါ။ ဆရာကြီး မရှုံးသေးပါဘူး”
***
ကျန်းသဲဂျင်နှင့် ကျန်းယုံကျင်းတို့သည် ကျားလွေဒေါင်အား ဦးစွာ ပြေးမီလိုက်သူများဖြစ်ပြီး သူ ထွက်မသွားစေရန် အလို့ငှာ အလျင်စလို စကား ပြောလိုက်ကြသည်။ ဟုဝမ်ကျွင်းသည် ချီတုံချတုံ ဖြစ်နေပြီးမှ နောက်က ပြေးလိုက်သွားသည်။ ရွှဲ့ရန်ဖေး တစ်ယောက်သာ ထန်ရှုတို့အဖွဲမှ ကျားလွေဒေါင်၏ အန်စာခွက်အား ဖွင့်ကြည့်မည်ကို စိုးရိမ်သဖြင့် ကျန်နေရစ်ခဲ့သည်။
အဆုံးတွင် ကျန်းသဲဂျင်တို့ အဖွဲ့သည် ကျားလွေဒေါင်အား ဆက်နေရန်အတွက် ဆွဲမခေါ်နိုင်ခဲ့ပေ။ ကျားလွေဒေါင်သည် ခေါင်းအလွန်မာသော တစ်ဇွတ်ထိုးသမား ဖြစ်လေရာ သူထွက်သွားပြီ ဆိုကတည်းက ဆက်လက်ခေါ်ထား၍ မရနိုင်တော့မှန်း ကျန်းသဲဂျင် သိရှိခဲ့သည်။ သူဆုံးဖြတ်ပြီးသော အရာတစ်ခုအား ပြောင်းလဲရန် ခက်ခဲသော လူစားမျိုးဖြစ်သည်။
စိတ်ဓာတ်ကျစွာဖြင့် အခန်းဆီသို့ ပြန်လာကြသော ကျန်းသဲဂျင်တို့ ၃ ယောက်သည် အန်စာခွက် မဖွင့်ရသေးသည်ကို မြင်ရသောအခါ အံ့အားသင့် သွားပြီး သူတို့၏မျက်လုံးများ ခဏအတွင်းတွင် အရောင်များ လက်လာကြသည်။
လောင်းကစားပွဲက မပြီးသေးဘူး။
ဒါ သူတို့ မရှုံးသေးဘူးလို့ ပြောနေတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။
တစ်ခဏ အတွင်းမှာပင် ကျန်းသဲဂျင်တို့ အဖွဲ့၏ စိတ်ပျက်နေသော အမူအရာများ ပျောက်ကွယ် သွားကြပြီး စိတ်လှုပ်ရှားနေသော အမူအရာများ ဖြစ်လာသည်။
“အကြီးအကဲလုံ ... ရှင်ဖိတ်လာတဲ့ လောင်းကစား ဘုရင်က အန်စာခွက်ထဲက အန်စာပွင့်တွေကို ခန့်မှန်းနိုင်မယ်လို့ ရှင်ထင်လား”
ကျန်းသဲဂျင်သည် ထန်ရှုအပေါ်တွင် အချိန်အနည်းငယ် ကြာအောင် ရှိနေပြီးနောက် ခနဲ့လိုက်သည်။ သူမသည် ထန်ရှု၏ လောင်းကစား စွမ်းရည်အား အနည်းငယ် အသိအမှတ် ပြုသော်လည်း ကျားလွေဒေါင်ထက် သာလွန်သည်မှာ မဖြစ်နိုင်ဟု ယုံကြည်နေဆဲပင် ရှိနေသေးသည်။ ထို့ကြောင့် သူမ၏အပြုအမူသည် ထန်ရှုပေါ်တွင် လေးစားမှုမရှိချေ။
“၃ ပွင့် ... ”
ကျန်းသဲဂျင်၏ စကားအဆုံးတွင် ထန်ရှုသည် စဉ်းစားခြင်းပင် မရှိဘဲ ချက်ချင်း ဖြေဆိုလိုက်သည်။
ထန်ရှု၏ အဖြေစကားအား ကြားရသောအခါ ကျန်းသဲဂျင်သည် သူမဘဝ၏ အစိတ်အပိုင်း အချို့အား အဝေးသို့ စုပ်ယူခြင်း ခံရသကဲ့သို့ ခံစားမိရသည်။
ကျန်းသဲဂျင်၏ ခေါင်းညိတ် အချက်ပေးမှု အောက်တွင် ရွှဲ့ရန်ဖေးသည် အန်စာခွက်အား ဖြည်းညင်းစွာ ဖွင့်ပြလိုက်ရာ အန်စာတုံးများ ပေါ်ထွက်လာသည်။ ကျားလွေဒေါင်၏ အန်စာတုံးများသည် ၃ ပုံ ပုံနေပြီး အန်စာ ၂ တုံးစီ ထပ်နေသည်။ ပွင့်နေသော ထိပ်ဆုံး အန်စာတုံးများသည် ၁ ပွင့်စီသာ ရှိသောကြောင့် စုစုပေါင်း ၃ ပွင့် ဖော်ပြသည်ဟု ယူဆရသည်။
အခန်းထဲမှာရှိသော လူတိုင်းသည် ကျားလွေဒေါင်၏ အန်စာတုံးများ ရလဒ်အား ကြည့်ပြီး ချက်ချင်း တုန်လှုပ်သွားရသည်။
“နိုင်ပြီ ... ငါတို့နိုင်ပြီ။ အစ်ကိုကြီး မင်းတွေ့လား။ ကျွန်တော်တို့နိုင်ပြီဗျ”
လုံကျန့်လင်းသည် အံ့သြမှုအား ထိုးဖောက်ကာ ရွှင်မြူးစွာ အော်ဟစ်လိုက်သည်။
“ကျွန်တော် ပြောသားပဲ။ အစ်ကိုကြီးက လုပ်နိုင်ပါတယ် ဆိုတာကို။ အခု ကျွန်တော် ပြောတာ ယုံပြီမလား”
လုံကျန့်ယု၏ မျက်နှာထက်တွင်လည်း အပျော်များ ဖုံးလွှမ်းနေပေသည်။ သို့သော် စိတ်လှုပ်ရှားဟန် မပေါ်လွင်အောင် ထိန်းချုပ်ထားလိုက်ပြီး ကျန်းသဲဂျင်အား တည်ငြိမ် အေးဆေးစွာဖြင့် သိမ်မွေ့စွာ မေးလိုက်သည်။
“အကြီးအကဲကျန်း ... ငါတို့ရဲ့လောင်းကစား ရလဒ်ကို အဆုံးသတ်နိုင်ပြီလား”
“အကြီးအကဲလုံ ... ဒီပွဲမှာ ရှင်အနိုင်ရတဲ့အတွက် တောင်နံရံများနှင့် ရွာကလေးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အာဏာကို ရှင်ရသွားပါပြီ။ နောက်ပြီး ၁၀ ရက် အတွင်းမှာ မိုးပျံလမ်း စီးပွားရေးဒေသရဲ့ ရှယ်ယာ ၁၀% ကို ကျွန်မတို့ လွှဲပေးလိုက်ပါမယ်”
ကျန်းသဲဂျင်သည် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပြုံးကာ သူမ၏ အရှုံးအား အသိအမှတ်ပြုလိုက်တော့သည်။
ကျန်းမိသားစု၏ သြဇာအာဏာသည် ရွှမ်ကျင်းပြည်နယ်တွင် သန်မာသည်ဟု ဆိုရသကဲ့သို့ လုံမိသားစု၏ သြဇာအာဏာသည်လည်း ထိပ်တိုက်တွေ့ကာ ရကောင်းသော အရာမဟုတ်ပေ။ ထို့ပြင် မျိုးဆက်သစ် လူငယ်များ အချင်းချင်း၏ ပြိုင်ဆိုင်မှုအား နှိုင်းယှဉ်မည် ဆိုပါကလည်း လုံမိသားစု မျိုးဆက်သစ်၏ ပိုင်ဆိုင်မှုက သူတို့ကျန်းမိသားစုထက် ပိုမိုသန်မာပေသည်။ ကျန်းမိသားစုသည် လုံမိသားစုနှင့် ထိပ်တိုက် တွေ့မည် ဆိုပါက အင်အားပြည့် ရန်သူ ၁၀၀၀ အား ထိခိုက်ဒဏ်ရာရနေသူ ၈၀၀ နှင့် ယှဉ်ပြိုင်နေသကဲ့သို့ ဖြစ်ချေမည်။
မိသားစုစီးပွားရေး လုပ်ငန်းများသည် သေချာသော အဆင့်တစ်ခုထိသို့ ရောက်ရှိ တိုးတက် လာသည်နှင့်အမျှ သူတို့သည် စီးပွားရေးများအား အတူဖက်စပ် လုပ်ကိုင်ကြခြင်းဖြင့် အကျိုးအမြတ်များ ရရှိကြလေသည်။ ထို့ကြောင့် သွေးရောင်လွှမ်းသော တိုက်ပွဲများ မဖြစ်လိုကြသည်မှာ သဘာဝကျလေသည်။
“ကျွန်တော့်အဖေ ကိုယ်စား ဒီလုံက အကြီးအကဲကျန်းကို တောင်းပန်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”
လုံကျန့်ယုသည် ကျန်းသဲဂျင်၏ စကားအား ကြားလိုက်ရသောအခါ အတန်ငယ် စိတ်သက်သာရာ ရသွားသည်။
ကျန်းမိသားစုသည် မိုးပျံလမ်းစီးပွားရေး ဒေသ၏ အဓိက ရှယ်ယာပိုင်ရှင်များ ဖြစ်သော်လည်း ကျန်းမိသားစုသည် စုစုပေါင်းရှယ်ယာများ၏ ၃၅% သာ ပိုင်ဆိုင်ထားပေသည်။ ကျန်ရှယ်ယာများသည် များပြားလှစွာသော ရှယ်ယာရှင်များ၏ လက်ထဲတွင် ရှိသည်။
လုံမိသားစုသည် မိုးပျံလမ်းစီးပွားရေး ဒေသအား ချက်ပြုတ်ခြင်းဆိုင်ရာ ဒေသအဖြစ် မြှင့်တင်လိုသည့် အစီအစဉ်ရှိသည်။ သူတို့တွင် ဘဏ္ဍာငွေ မလုံလောက်သောကြောင့် လုပ်ငန်းတိုးချဲ့ရန်နှင့် ကန့်သတ်ထားခြင်း ခံရသော လုပ်ပိုင်ခွင့်အတွက် ရှယ်ယာရှင်များ ဖိတ်ခေါ်ခဲ့ပြီး ဖြည်းဖြည်းချင်း အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်သည်။
ကျန်းမိသားစုသည် မိုးပျံလမ်းစီးပွားရေး ဒေသ၏ ၁၀% ရှယ်ယာအား လွှဲပေးလိုက်သောကြောင့် လုံမိသားစုသည် ထိုဒေသအား အပြည့်အဝ မထိန်းချုပ် နိုင်သေးသော်လည်း လုံမိသားစု၏ အခွင့်အာဏာ တိုးမြင့်လာမည်မှာ ဧကန်ပင်ဖြစ်သည်။
သည်အကြောင်းအား သတင်းစာ ရှင်းလင်းပွဲတစ်ခုဖြင့် ဖော်ပြလိုက်ပါက လုံမိသားစုသည် ရှယ်ယာပိုင်ရှင် အငယ်လေးများဆီမှ ရှယ်ယာများအား ရယူနိုင်မည်ဖြစ်သည်။
“ရှင် ယဉ်ကျေးနေဖို့ မလိုပါဘူး။ အကြီးအကဲလုံ ရှင်ကသာ ကောင်းမွန်တဲ့ လောင်းကစား ဘုရင်ကို ရှာဖွေနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်သင့်တယ်”
ကျန်းသဲဂျင်သည် အပန်းမကြီးဟန်ဖြင့် တုံ့ပြန်လိုက်ပြီး ထန်ရှုအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
ကျန်းယုံကျင်း၊ ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့ ၃ ယောက်သည် အန်စာခွက်ဖွင့်ပြီး ကတည်းက အံ့သြစွာဖြင့် မတုန်မလှုပ် ဖြစ်နေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ထန်ရှုသည် ကြမ်းတမ်းရိုင်းစိုင်းသော တောသား တစ်ယောက် ဖြစ်သည်။ သူ၏ရက်စက်လှသော ခွန်အားမှလွဲ၍ သူ့တွင် အဖိုးထိုက်တန်သော အရာဟူ၍ မရှိပေ။
သို့သော် သူတို့သည် ထန်ရှု၏ နောက်ကောက်ချခြင်းကို အကြိမ်ကြိမ် ခံရပြီးသောအခါ သည်ဟာသည် ရင်းမြစ် မဟုတ်ကြောင်း နားလည်လာခဲ့ရပြီ ဖြစ်သည်။ ထန်ရှုပြသသော ရှိန်လောက်စရာ လောင်းကစား စွမ်းရည်အား မြင်ရပြီးသည့် နောက်တွင် သူတို့ ဉာဏ်အလင်းလက်ခဲ့ပြီး အချိန်အတန်ကြာသည့်အထိ စိတ်ထဲတွင် ရှိုက်ကြီးတစ်ငင် ငိုကြွေးနေပြီ ဖြစ်သည်။
မူလက သူတို့သည် ယနေ့ပွဲပြီးပါက ထန်ရှု၏ အကြောင်းအား တစ်စုံတစ်ယောက်ကို စုံစမ်းခိုင်းရန်အတွက် ရည်ရွယ်ချက် ရှိခဲ့ပြီး ထန်ရှုအား ဖြည်းဖြည်းချင်း ရှင်းလင်းချင်ခဲ့သည်။ သို့သော် ထန်ရှုသည် လုံမိသားစုအား ကူညီကာ လောင်းကစားပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် ထန်ရှုအား အလွယ်တကူ ရှင်းလင်းရန် မဖြစ်နိုင်တော့ကြောင်း သူတို့ အပြည့်အဝ နားလည်သွားကြသည်။
လုံကျန့်ယုသည် အပေါ်ယံအားဖြင့် တည်ငြိမ်အေးဆေးသော သူတစ်ယောက်ဟန် ရှိပြီး ဒေါသ မထွက်တတ်သည့်ပုံ ရှိဟန်ရသော်လည်း သူသည် ရွှမ်ကျင်းပြည်နယ်တွင် ကျော်ကြားသော ပထမအဆင့် လူငယ်တစ်ယောက် ဖြစ်ကြောင်း ကျန်းယုံကျင်း၊ ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့ ကောင်းကောင်းကြီး သိသည်။ လုံကျန့်လုသည် ကျေးဇူးတရားနှင့် မိတ်ဆွေရင်းနှီးမှုအား အလေးအနက် ထားတတ်သော လူတစ်ယောက် ဖြစ်သည်ကို အသာထားရင်တောင်မှ ထန်ရှုသည် သူ့အား ကူညီခဲ့သော လူနှစ်ယောက် ဖြစ်သောကြောင့် ထန်ရှု အနိုင်ကျင့်ခံနေရသည်ကို သိရှိပါက လုံကျန့်ယုသည် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ထိုကဲ့သို့လူစားနှင့် ပြဿနာ အဖြစ်ခံနိုင်မည်လော။
***