ကောင်းကင်ဘုံ နန်းတော် တည်ဆောက်ခြင်း
Vol. 01 Ch. 46
ကျန်းသဲဂျင်သည် သူမ၏အဖွဲ့များနှင့် စိတ်အားတက်ကြွစွာ လာခဲ့သော်လည်း ယခုမူ စိတ်ပျက်ခြင်း များစွာဖြင့် ပြန်သွားခဲ့ရသည်။ တောင်နံရံများနှင့် ရွာကလေးသည် သူတို့ လက်ခုပ်ထဲကရေ ဖြစ်သည်ဟု မူလက သူတို့တွေးထင် ထားခဲ့ကြသည်။ ကျားလွေဒေါင်အား ဖိတ်ခေါ်ပြီးသည့် နောက်တွင် လုံကျန့်ယုသည် ရှုံးနိမ့်သူဖြစ်သည်ဟု တွေးထင်ထားကြသည်။ ကျန်းသဲဂျင် ရှုံးနိမ့်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။
ယုံကြည်မှု အပြည့်ရှိသော ကျန်းသဲဂျင်ဆီသို့ လူအများသည် စုရုံးလာကြပြီး သူမအား အပြည့်အဝ ထောက်ခံခဲ့ကြသည်။ အသင်းအဖွဲ့အစည်းကပင် ကျန်းမိသားစုသည် ဧကန်မုချ အကျိုးအမြတ်ရမည် ဖြစ်ပြီး လုံမိသားစုသည် တိမ်မဲများ အုံ့ဆိုင်းကာ မျက်ရည်များကျ ရလိမ့်မည်ဟုပင် ဆိုသည်။
သို့သော် ကျန်းသဲဂျင်သည် ဒီကစားပွဲတွင် သူမသည် ရှင်းပြမရနိုင်သော နည်းဖြင့် ရှုံးလိမ့်မည်ဟု ယောင်လို့မျှပင် အိပ်မက် မမက်ခဲ့ဖူးချေ။
“ညီလေး ထန် ... တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်မှာ ညီလေးသာ မရှိရင် လုံမိသားစုတော့ သွားပြီပဲ”
ကျန်းသဲဂျင်တို့အဖွဲ့ ထွက်ခွာ သွားသောအခါ လုံကျန့်ယု၏ မျက်နှာထက်မှ တည်ငြိမ်အေးဆေးသော အမူအရာသည် ကွယ်ပျောက်သွားပြီး စိတ်လှုပ်ရှား ပျော်ရွှင်နေသော အမူအရာ ဖြစ်သွားတော့သည်။ ထန်ရှု၏ လက်ဖဝါးအား ဆုပ်ကိုင်လိုက်ပြီး အားနှင့် လှုပ်ယမ်းကာ ပြောလိုက်သည်။
ချောက်ချား တုန်လှုပ်စရာ ကောင်းသော ကစားပွဲတစ်ခုအား ကြည့်ပြီးနောက်တွင် လုံကျန့်ယုသည် သူ၏ခံစားမှုအား ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ဘဲ သူ၏မျက်နှာများသည် ရှုံ့မဲ့သွားကာ အနည်းငယ် နေမကောင်းသည့်ဟန်ပင် ဖြစ်သွားခဲ့ရသည်။
“အစ်ကိုကြီး လုံ ... ဒါက ကိစ္စမရှိပါဘူး။ အဲဒါအပြင် ကျွန်တော် အမှန်အတိုင်း ပြောပြချင်ပါတယ်။ ကျွန်တော် ဒီကိုလာပြီး ကူညီရတဲ့ အကြောင်းပြချက် ဖြစ်သလို တောင်းဆိုမှု တစ်ခုလည်း ဖြစ်ပါတယ်”
အတန်ငယ်ကြာအောင် စဉ်းစားပြီးနောက် ထန်ရှုသည် ညင်သာစွာ ပြောလိုက်သည်။
“အာ ... အဲဒါက ဘယ်လောက်တန်လဲ။ ဒီတောင်နံရံများနှင့် ရွာကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ပိုင်ခွင့်က ဘယ်လောက်တန်လဲ ဆိုတာ ညီလေး သိလား။ မိုးပျံလမ်းစီးပွားရေး ဒေသရဲ့ ၁၀% ရှယ်ယာကရော ဘယ်လောက်တန်လဲ ဆိုတာ ညီလေးသိလား။ သူတို့တွေက ယွမ်ဘီလီယံနဲ့ချီပြီး တန်တယ်။ အဲဒါအပြင် သည်အရာတွေက ငွေနဲ့ဝယ်လို့ရတဲ့ အရာတွေ မဟုတ်ဘူးလေ” ထန်ရှု၏စကား ဆုံးသွားသည်နှင့် လုံကျန့်ယုသည် သူ၏ခေါင်းအား ယမ်းလိုက်ကာ ပြန်လည် ပြောဆိုလိုက်သည်။
လုံကျန့်ယု၏ အဖြေအား ကြားရသောအခါ ထန်ရှုသည် အံ့အားသင့် သွားရသည်။ ထိုအချင်းအရာသည် လုံကျန့်ယုသည် အရင်ရောက်ခဲ့ပြီး ကျန်းသဲဂျင်တို့နှင့် ပြန်လည် ယှဉ်ပြိုင်ရကာ နောက်ဆုံးတွင် အနိုင်ရခဲ့သောကြောင့် မဟုတ်ပေ။ သူ၏လိုအပ်ချက်အား ဖွင့်မပြောရင်တောင်မှ လုံကျန့်ယုသည် တောင်နံရံများနှင့် ရွာကလေး၊ မိုးပျံလမ်းစီးပွားရေး ဒေသတို့၏ တန်ဖိုးများအား ပြောပြလိမ့်မည်ဟု သူထင်သည်။ သည်ဟာသည် သူ၏ကူညီမှုအတွက် အလွန်မြင့်သော တန်ဖိုး တစ်ခုပေးရန် နိုးဆွနေသည်နှင့် မတူညီပေဘူးလား။
ကံကောင်းထောက်မစွာဖြင့် ထန်ရှုသည် အင်မော်တယ် ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့ဖူးသောကြောင့် သူ၏စိတ်သည် တည်ငြိမ် အေးဆေးရန်အတွက် အကျင့်ရနေပြီး ဖြစ်သည်။ ထို့ကြောင့် လုံကျန့်ယုသည် တောင်နံရံများနှင့် ရွာကလေး၊ မိုးပျံလမ်း စီးပွားရေး ဒေသတို့၏ တန်ဖိုးများအား ပိုမိုမြှင့်တင်နေစေကာမူ သူ့အနေဖြင့် ဂရုလည်း မစိုက်သလို လောဘစိတ်လည်း မရှိချေ။
“ညီလေး ထန် ... အစက ယွမ်၁သန်းနဲ့ ကမ်းလှမ်းခဲ့တာ အစ်ကို သိတယ်။ လောင်းကစား ဘုရင်ကို ခေါ်ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ချင်ခဲ့ဘူး။ ကျန်းသဲဂျင်ကို ကူညီမယ်လို့ ကျားလွေဒေါင် ကတိပေးလိုက်တော့ အစ်ကို ဆုကြေး အမြင့်ကြီး ပေးရင်တောင်မှ လာကူညီရဲတဲ့သူ ရှိမှမဟုတ်ဘူး ဆိုတာ အစ်ကို သိတယ်။ အမှန်အတိုင်း ဆိုရင်လည်း လောင်းကစား ကျွမ်းကျင်တဲ့သူ တစ်ယောက်အတွက် ၁ သန်းဆိုတဲ့ ပမာဏက လောက်မှာ မဟုတ်ဘူး”
“ကျားလွေဒေါင်က ကျန်းသဲဂျင်ကို ဘယ်လောက် တောင်းခဲ့လဲ ဆိုတာ ညီလေးသိလား။ ယွမ် ၅ သန်းတောင် တောင်းခဲ့တာ။ နိုင်နိုင်၊ ရှုံးရှုံး သူ ၅ သန်း ရလိမ့်မယ်။ ဈေးဆစ်လို့တောင် မရဘူး။ ကျန်းသဲဂျင်အတွက် ဒီတစ်ခေါက်က မိအေး ၂ ခါနာ ဆုံးရှုံးရတာပဲ”
“ညီငယ်လေးထန် … ကျားလွေဒေါင်ကို ညီလေး အနိုင်ရလိုက်ကတည်းက ညီလေးရဲ့ ဆုကြေးက သူ့အောက် လျော့လို့မရဘူး။ အဲဒါကြောင့် အစ်ကို ၅ သန်းချက် တစ်စောင် ပေးမယ်၏။ တခြားလိုအပ်တာ ရှိရင်လည်း အစ်ကိုတို့ လုံမိသားစုက တတ်နိုင်တဲ့ဟာဆို အစ်ကို ဖြည့်ဆည်းပေးမယ်”
ထန်ရှု မပြောပေမဲ့ လုံကျန့်ယုသည် ဆုကြေးအတွက် သူကိုယ်တိုင် တစ်ချက်လေးမှ တွန့်သွားခြင်း မရှိဘဲ အဆိုပြုလိုက်ခြင်း ဖြစ်သည်။
လုံကျန့်ယု၏ သူရဲကောင်းဆန်သော စိတ်ဓာတ်အား မြင်ရသော ထန်ရှုသည် အံ့အားသင့်လျက် အင်မော်တယ်ကမ္ဘာမှ မှတ်ဉာဏ်များအား ပြန်လည်သတိရ သွားခဲ့သည်။
“အစ်ကိုကြီး လုံ ... ဒီလောက် အများကြီးပေးဖို့ မလိုပါဘူးဗျာ။ ကျွန်တော် ယွမ်တစ်သန်းပဲ လက်ခံပါမယ်။ ဒါပေမဲ့ ကျွန်တော် နံရံများနဲ့ ရွာကလေးကာ တောင်ထိပ်လေးမှာ နေရာလေးတစ်ခု ကျွန်တော် လိုချင်ပါတယ်”
ထန်ရှုသည် လုံကျန့်ယုအား တစ်ခဏမျှ ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“ကျွန်တော် မြေနေရာ အများကြီး မလိုပါဘူး။ ၁၀၀၀ စတုရန်းမီတာလောက် ဆိုရင် ကျွန်တော့်အတွက် လုံလောက်ပါတယ်ခင်ဗျ”
“ဘာကြောင့် အဲဒီနေရာမှာ ညီလေးထန်က မြေနေရာလေး လိုချင်ရတာလဲ”
လုံကျန့်ယုသည် ထန်ရှုမှ ထိုကဲ့သို့ တောင်းဆိုလိမ့်မည်ဟု မထင်ထားသောကြောင့် အံ့အားသင့်စွာ မေးလိုက်သည်။ ထန်ရှုအနေဖြင့် ထိုရွာလေးရှိ မြေနေရာလေးအား မည်သည့် အတွက်ကြောင့် လိုအပ်သည်ကို သူ စဉ်းစားမရဘဲ ရှိနေသည်။
“ညီလေးထန် ... စိတ်မရှိဘူးဆိုရင် ဘာအတွက် သုံးမယ်ဆိုတာ အစ်ကို့ကို ပြောလို့ရမလား”
“တောင်နံရံများနဲ့ရွာလေး တစ်ဖက်ကမ်းမှာ ရှိတဲ့ ယုကျိုးကုန်းက ကျွန်တော့်ဇာတိမြေပါ။ အဲဒီတောင်ထိပ်ကနေ ကျွန်တော့်ဇာတိကို လှမ်းမြင်နိုင်တယ်လေ။ အဲဒီမှာသာ ကျွန်တော် အိမ်ဆောက်ခဲ့ရင် ကျွန်တော့်အမေ တအား ပျော်သွားမှာ”
ထန်ရှုသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားခဲ့ပြီး ပြောပြလိုက်သည်။
ထိုအကြောင်းပြချက် ပြောရာတွင် စိတ်ဝိညာဉ်စွမ်းအား သွေးကြောအကြောင်း သူ ထည့်မပြောပြခဲ့ချေ။
ထိုအရာမပါသည်မှ လွဲ၍ ထန်ရှု၏ စကားများသည် အလိမ်အညာစကားများ မဟုတ်ပေ။ သူ၏ကျောင်းပညာရေးအတွက် မိခင်ဖြစ်သူသည် ကြယ်တာရာမြို့သို့ လာခဲ့ရသည် ဖြစ်သော်လည်း သူမသည် ဇာတိမြေကို လွမ်းဆွတ်နေပေသည်။ ယုကျိုးကုန်းမြေသည် အတန်ဝေးသော်လည်း ထိုတောင်ထိပ်ပေါ်မှနေ၍ ယုကျိုးကုန်းမြေ တစ်ခုလုံးအား လှမ်းမြင်နိုင်ပေသည်။ အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်မည်ဆိုပါက ပိုမိုရှင်းလင်းစွာ မြင်နိုင်ပေမည်။
“အာ ညီလေးထန်က အိမ်ဆောက်ချင်နေတဲ့ စိတ်ကူးကိုး။ ဒီဟာဆိုမှဖြင့် လုံခန်းမကိုသာ လွှဲထားလိုက်ပါ။ အစ်ကိုတို့ ကောင်းမွန်တဲ့ အိမ်တစ်လုံးကို ညီလေးအတွက် ဆောက်ပေးမယ်။ ညီလေးအမေရဲ့ ဆန္ဒလည်း ပြည့်သွားတာပေါ့”
ထန်ရှုစကားအား နားထောင်လိုက်ရတော့မှ လုံကျန့်ယု စိတ်သက်သာရာ ရသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတောင်နံရံများနှင့် ရွာကလေးသည် လုံကျန့်ယုအတွက် အမှန်တကယ်ကို အရေးကြီးလွန်း လှပေသည်။ မိုးပျံလမ်းစီးပွားရေးဒေသ ပြဿနာသည် သူ့အား သင်ခန်းစာ အကြီးကြီး ရစေခဲ့သည်။ ထို့ကြောင့် တောင်နံရံများနှင့် ရွာကလေး စည်ပင်ဖွံ့ဖြိုးရေးအတွက် လုံမိသားစုကသာ အပြည့်အဝ ကိုင်တွယ်ရန် နိုင်ရန်အတွက် သူ စီစဉ်ထားခြင်းဖြစ်သည်။ ယခုလက်ရှိ လုံမိသားစု၏ ပိုင်ဆိုင်မှုနှင့် ဆိုပါက အကြမ်းဖျင်း အစီအစဉ် ပြီးမြောက်ရန်အတွက် ဘဏ္ဍာငွေရှိနေပြီး ဖြစ်သည်။
အကယ်၍ ထန်ရှုသာ သည်နေရာတွင် အခြားစီမံကိန်း ပြုလုပ်ပြီး ထိုစီမံကိန်းသည် လုံမိသားစု၏ အသင်းအဖွဲ့ စီမံကိန်းများနှင့် ထိပ်တိုက်ဖြစ်နေပါလျှင် လုံကျန့်ယု သေချာပေါက် ကမောက်ကမဖြစ်ပြီး ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ယခုမူ ထန်ရှု၏ တောင်းဆိုမှုသည် အနှောင့်အယှက် မဟုတ်သောကြောင့် သူသည် ကြိုးစားပြီး ဖြည့်ဆည်းပေးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် တောင်နံရံများနှင့် ရွာကလေး လုပ်ပိုင်ခွင့်အား ထန်ရှုကြောင့် ရရှိထားခဲ့ပြီး ထန်ရှု၏တောင်းဆိုမှု သည်လည်း သူတို့ လုံမိသားစု စီမံကိန်းအား မထိခိုက် စေသောကြောင့်ပင် ဖြစ်သည်။
လုံကျန့်ယုသည် သူ၏တောင်းဆိုချက်အား ဖြည့်ဆည်းပေးရန် လက်ခံ လိုက်သောကြောင့် ထန်ရှု ပျော်ရွှင်သွားရသည်။
လုံကျန့်ယုနှင့် လုံကျန့်လင်းတို့သည် ထန်ရှုအား လုံခန်းမ အဆောက်အဦကြီးအား လိုက်လံပြသကြသည်။ အစားအသောက်များ စားသောက်ပြီးနောက် လုံညီအစ်ကိုတို့သည် ထန်ရှုနှင့်အတူ ဗိသုကာ တစ်ယောက်အား ခေါ်ဆောင်လာကာ တောင်နံရံများနှင့် ရွာကလေးသို့ သွားရောက်ကြသည်။
တောင်ထိပ်ပေါ်သို့ ရောက်သောအခါ ထန်ရှုသည် စိတ်ဝိညာဉ်စွမ်းအား သွေးကြော တည်ရှိနေရာသို့ ခေါ်ဆောင်လာပြီး သူလိုချင်သည့် နေရာဖြစ်ကြောင်း ပြသလိုက်သည်။
လုံကျန့်ယုနှင့် လုံကျန့်လင်းတို့သည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်ကာ ယုကျိုးကုန်းမြေ၏ နေရာအား ကြည့်လိုက်သည်။ ယုကျိုးကုန်းမြေ၏ ရှုခင်းအား လှမ်းမြင်နိုင်သည့်အတွက် ထန်ရှု၏ အကြောင်းပြချက်အား ချွင်းချက်မရှိ ယုံကြည် သွားကြသည်။
စိတ်ဝိညာဉ်စွမ်းအား သွေးကြောတည်ရှိရာ နေရာပတ်လည်တွင် ဟင်းသီးဟင်းရွက်ပင်များ သန်စွမ်းစွာ ပေါက်ရောက် နေကြသော်လည်း လုံညီအစ်ကို ၂ ယောက်သည် မည်သည့် ထူးခြားချက်ကိုမျှ ရှာမတွေ့ချေ။ တောင်နံရံများနှင့် ရွာကလေးသည် မူလကတည်းကပင် အလွန်ရှေးကျသော သစ်တောအုပ်ကြီးအဖြစ် ရှိနေပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ် စွမ်းအားသွေးကြော တည်ရှိရာ နေရာပတ်လည်တွင် ဟင်းသီးဟင်းရွက်ပင်များ သန်စွမ်းစွာ ပေါက်ရောက် နေကြသော်လည်း လုံညီအစ်ကို ၂ ယောက်သည် မည်သည့် ထူးခြားချက်ကိုမျှ ရှာမတွေ့နိုင်ခြင်း ဖြစ်သည်။
“ညီလေးထန် ... အစ်ကို ဒီရွာလေးကို ၁၀ကြိမ်ထက်မက လာပြီး စုံစမ်း လေ့လာခဲ့တယ်။ ဒီတောင်ထိပ်ကိုလည်း အကြိမ်များစွာ ဖြတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေရာကို မတွေ့ခဲ့ဖူးဘူး။ အခု ညီလေး ယူလိုက်တော့မှ ဘာကြောင့် ဒီနေရာလေးက အကောင်းဆုံးရှူခင်း နေရာအဖြစ် ဘာကြောင့် ကြိုက်မိနေတာပါလိမ့်”
လုံကျန့်ယုသည် သူ၏အကြည့်အား ရုပ်သိမ်းပြီး ထန်ရှုအား ကြည့်ကာ နည်းနည်း ဟာသလုပ်လိုက်သည်။
ထန်ရှုသည် လုံကျန့်ယု၏ စကားအား ကြားလိုက်သောအခါ မျက်မှောင်တစ်ချက် တွန့်သွားပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။
“ရှေးလူကြီးတွေ ပြောကြတာတော့ ကျွန်တော်တို့က ဘဝမှာ အကောင်းဆုံး အရာတိုင်း မရနိုင်ပါဘူးတဲ့”
“ညီလေးထန်ပြောတာ မှန်ပါတယ်။ ခုနကစကား ငါ့ရဲ့ သိပ်အရေးမကြီးတဲ့ စကားပါ” လုံကျန့်ယုသည် ထန်ရှုစကားအား ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။ သူသည် နောက်ထပ် ဖိအားမပေးတော့ဘဲ ဗိသုကာအား မြေနေရာ စတင် တိုင်းတာရန်နှင့် ဒီဇိုင်းဆွဲရန်အတွက် ခွင့်ပြုလိုက်သည်။ လုံကျန့်ယုသည် ထန်ရှု ဆောက်လုပ်ချင်သည့် ပုံစံအား မေးလိုက်သောအခါ အင်မော်တယ် ကမ္ဘာတွင် ရှိခဲ့ဖူးသော နန်းတော်ဆောင်သည် သူ၏စိတ်ထဲသို့ ဝင်ရောက် လာတော့သည်။
အလိုအလျောက်ပင် ထန်ရှုသည် ဗိသုကာလက်ထဲမှ ခဲတံအား ယူလိုက်ကာ အေဖိုးအရွယ် စာရွက်ပေါ်တွင် ဆွဲပြလေတော့သည်။
အထက်တန်းကျောင်းသား တစ်ယောက်သည် ဗိသုကာပညာရပ်အား နားလည်နိုင်စွမ်း မရှိဘဲ ပုံကောင်းကောင်း ဆွဲပြနိုင်မည် မဟုတ်ဟု ယူဆကာ အစတွင် ဗိသုကာပညာရှင်သည် ထန်ရှုပုံဆွဲမည်ကု သဘောမတူချေ။
သို့သော် စာရွက်ပေါ်တွင် အဆောက်အဦ ပုံကြမ်းသည် တဖြည်းဖြည်း ထွက်ပေါ်လာသောအခါ ဗိသုကာပညာရှင်၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ် သွားသည်။ ထန်ရှု ဆွဲလိုက်သော ပုံသည် သူဆွဲခဲ့သော ပုံများစွာထက် ပိုမို ကြည့်ကောင်းနေကာ ခဲတံဖြင့် ရေးဆွဲထားခြင်းဟုပင် မထင်ရဘဲ ကွန်ပျူတာ ရေးဆွဲလိုက်သည့်ဟန်ပင် ရှိနေသည်။ ထို့အပြင် အဆောက်အဦ ဒီဇိုင်းသည် တော်ဝင်ဆန်ဆန် လှပခန့်ညားနေသည့် အငွေ့အသက်များပင် ရရှိနေကာ အသက်ဝင်နေသည့်နှယ်ရှိသည်။
လုံကျန့်ယုနှင့် လုံကျန့်လင်းတို့သည် ထန်ရှုသည် သူ၏အိမ်ပုံစံအား ဂရုတစိုက် ဆွဲနေသည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် သူ အမြန်ရေးဆွဲလိုက်သော ပုံတွင် အနုစိတ်လက်ရာများ၊ ထည်ဝါသော ပုံရိပ်များ ပါနိုင်လိမ့်မည် တွေးမထင်မိခဲ့ကြချေ။ သို့သော်လည်း ဗိသုကာ ပညာရှင်သည် ထန်ရှု၏ လက်ရာအား ကြည့်ကာ တအံ့တသြ ဖြစ်နေသည့်ဟန် ရှိသဖြင့် သူတို့သည် ယူကာ ကြည့်လိုက်မိကြသည်။ ထိုညီအစ်ကို နှစ်ယောက်သည်လည်း အိမ်ပုံစံအား မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများသည် ပြူးကျယ် လာသည်အထိ အံ့သြကြကုန်သည်။
“အစ်ကိုကြီး ... မင်းက တကယ့်ကို ငါ့အစ်ကိုကြီးပဲ။ မင်းရဲ့လောင်းကစား စွမ်းရည်တင် ရင်သပ်ရှူမောရတာ မဟုတ်ဘူး ပန်းချီလက်ရာကလည်း အံ့မခန်းပဲ။ အစ်ကိုကြီး မင်း တကယ့်ကို တခြားလူတွေကို ဝမ်းနည်းရအောင် လုပ်ချင်နေတာလား”
လုံကျန့်လင်းသည် အံ့သြမှု၊ လေးစားမှုနှင့်အတူ အော်ဟစ်ကာ ပြောလိုက်မိတော့သည်။
“ဒီနေရာက တကယ့်ကို လူတွေနေသင့်တဲ့ နေရာတစ်ခုပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ အဆောက်အဦက ကောင်းကင်ဘုံက နန်းတော်နဲ့ တူတယ်လို့ ငါ ခံစားနေရတာလဲ။ အငွေ့အသက်၊ ပုံစံ၊ စိတ်ခံစားမှု၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ဒါတွေက တောင်နံရံတွေနဲ့ရွာလေးကို အဆင့်မြှင့်ပေးနိုင်ရင် တောင်နဲ့အတူ ပေါင်းစပ် သွားလိမ့်မယ်”
ထန်ရှုဆွဲထားသည့်ပုံအား သေချာစွာ အချိန်အတန်ကြာအောင် ကြည့်ရှုပြီးနောက် လုံကျန့််လုသည် အံ့သြမှုနှင့်အတူ ရှင်းပြနေသည်။
“ညီလေးထန် ... အစ်ကိုမှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခုတော့ ရှိတယ်။ ညီလေး သဘောတူပါ့မလားတော့ အစ်ကိုမသိဘူး”
တစ်ခဏကြာမျှ စဉ်းစားပြီးနောက် လုံကျန့်ယုသည် ထန်ရှုအား မျှော်လင့်ချက် တချို့ဖြင့် ကြည့်လိုက်ကာ စိတ်လှုပ်ရှားသော အသံဖြင့် ပြောလိုက်သည်။
“အစ်ကိုလုံ ... ကျွန်တော့်ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲက နီးနေပြီဖြစ်လို့ အခြားဟာတွေ လုပ်ဖို့ ကျွန်တော့်မှာ အချိန်ပို မရှိလောက်တော့ဘူး”
လုံကျန့်ယု မပြောရသေးသော်လည်း သူ ဘာပြောမည်ကို ရိပ်မိနေသော ထန်ရှုသည် ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။
“အာ ... ညီလေးထန် ငြင်းမယ်ဆိုတာ အစ်ကို သိနေတယ်”
လုံကျန့်ယုသည် ထိုစကား ကြားသောအခါ သက်ပြင်းချလိုက်မိ သော်လည်း ချက်ချင်း သက်တောင့်သက်သာ ဖြစ်သွားကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ... တောင်နံရံများနှင့် ရွာကလေးဒေသ ဖွံ့ဖြိုးတိုးတက်မှု အကုန်ပြီးဖို့ဆိုရင် အနည်းဆုံး ၁၀ နှစ် အချိန်ပေးရမှာ။ ဒီဇိုင်းဆွဲတာကပဲ အချိန်တစ်နှစ် ယူလိမ့်မယ်။ ဒါပေမဲ့ ညီလေးထန်ရဲ့ စွမ်းရည်နဲ့ဆိုရင် အချိန်ပုပ်တာ သက်သာသွားမှာ”
လုံကျန့်ယုသည် ထန်ရှု ငြင်းလိုက်ခြင်းအတွက် စိတ်မဆိုးဘဲ ထန်ရှု၏ ရွေးချယ်မှုအား နားလည်ပေးခဲ့သည်။
ထန်ရှုသည် မူလက စိတ်ဝိညာဉ်စွမ်းအား သွေးကြောတည်ရှိရာ နေရာအား ဗဟိုပြုကာ နေရာလေး တစ်နေရာစာ လိုချင်ခဲ့သည်။ သို့သော် မြင့်မြတ်သော ကုန်းမြေ အင်မော်တယ် အဆောက်အဦမှာ အလွန်လှပလွန်း သောကြောင့် လုံကျန့်ယုအား စိတ်လှုပ်ရှားစေခဲ့ပြီး တောင်နံရံများနှင့် ရွာကလေး၏ အထင်ကရအဖြစ် တောင်ထိပ် တစ်ခုလုံးတွင် ဆောက်လုပ်နိုင်မည့် အဆောက်အဦ ဒီဇိုင်းပုံစံ ပြုလုပ်ချင်ခဲ့သည်။
ထို့ကြောင့် ထန်ရှု လိုချင်ခဲ့သော ၁၀၀၀ စတုရန်းမီတာ အကျယ်အ၀န်းသည် လုံကျန့်ယုကြောင့် စတုရန်းမီတာ ၅၀၀၀ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ သွားလေတော့သည်။
***