← Chapters

တန်ဖိုးကြီးသောအိမ်ရာ

Vol. 01 Ch. 47

တန်ဖိုးကြီးသောအိမ်ရာ

Vol. 01 Ch. 47

လုံကျန့်ယုသည် ထန်ရှုအား ယွမ်တစ်သန်း ပါဝင်သည့် ဘဏ်ကတ် တစ်ကတ်အား ထန်ရှုသို့ ပေးလိုက်သည်။ သူသည် ထန်ရှုအား ယွမ် ၅ သန်း ပေးချင်ခဲ့သော်လည်း ထန်ရှုသည် စိတ်ဝိညာဉ်သွေးကြော စွမ်းအင်နေရာအား လိုချင်သောကြောင့် လုံကျန့်ယုထံမှ ပိုက်ဆံ ထပ်ယူရန်အတွက် ငြင်းပယ်ခဲ့သည်။

သို့သော်လည်း လုံကျန့်ယုသည် ထန်ရှု၏ကောင်းကင်ဘုံ နန်းတော်အား သူ တည်ဆောက်ပေးမည်ဟု ထပ်ကာထပ်ကာ အာမခံလေသည်။ ထို့အတူ ထိုစံအိမ်သည် တောင်နံရံများနှင့် ရွာကလေး၏ အလှပဆုံးရှုခင်းနှင့် နယ်နမိတ် သတ်မှတ်သည့် မှတ်တိုင် ဖြစ်ရမည်ဟုလည်း သူက ဆိုလိုက်သေးသည်။

ပထမတွင် ထန်ရှုသည် လုံကျန့်ယု၏ ကမ်းလှမ်းချက်အား လက်ခံရန်အတွက် ချီတုံချတုံ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း အင်မော်တယ် ကမ္ဘာတွင် ရှိခဲ့ဖူးသော ကောင်းကင်ဘုံနန်းတော် ဆောင်အား သူသည် တန်ဖိုးထားသဖြင့် သည်နေရာတွင် ပြန်လည် တည်ဆောက်ချင်သည်။ အခြားတစ်ဖက်တွင် လုံကျန့်ယုသည် ထန်ရှုဆွဲလိုက်သော ကောင်းကင်ဘုံ နန်းဆောင်တစ်ခုလုံး၏ ဒီဇိုင်းဆွဲဆောင်မှုကြောင့် တောင်နံရံများနှင့် ရွာကလေးအား ဖွံ့ဖြိုး တိုးတက်အောင် လုပ်သည့်အခါတွင် ထိုနေရာလေးအား စံပြမှတ်တိုင်အဖြစ် ပြုလုပ်စေချင်သည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိသော အရာဖြစ်သောကြောင့် ထန်ရှု မငြင်းဆန်တော့ပါပေ။

တောင်ကုန်းမှ ပြန်လာပြီးနောက် ထန်ရှုသည် အိမ်ခြံမြေပွဲစားထံသို့ သွားခဲ့သည်။ ထန်ရှုသည် သူ၏ခန္ဓာကိုယ်အား မြှင့်တင်ချင်နေပြီ ဖြစ်သည်။ သည်ဟာအား သူ၏အိမ်တွင် သော်လည်းကောင်း၊ နယ်ဘက်မှ တောင်ကုန်းမြေတွင် လည်းကောင်း တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ တောင်နံရံများနှင့် ရွာကလေးသည် ကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်သော်လည်း ထိုနေရာတွင် အခြားသားရဲတစ်ကောင် ရှိလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ ထန်ရှုသည် တံခါးပိတ် လေ့ကျင့်နေစဉ်အတွင်း ထိုသားရဲကောင်ကြီးနှင့် တိုက်ခိုက်လိုစိတ် မရှိပေ။

ထို့ကြောင့် သူသည် အကောင်းဆုံး လုံခြုံရေးစနစ် ပါဝင်သော တိတ်ဆိတ်ငြိမ်သက်ပြီး ဝေးလံသော အိမ်တစ်လုံးအား လေ့ကျင့်ရန် နေရာအဖြစ် ရှာဖွေနေခြင်းဖြစ်သည်။

အိမ်အတွက် လိုအပ်သည့် အချက်များအား ပြောပြပြီးသော အခါတွင် အိမ်ခြံမြေပွဲစားသည် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်နေလေသည်။

“မစ္စတာထန် ... တိတ်ဆိတ် ငြိမ်သက်ပြီး ဝေးလံသော အိမ်တစ်လုံးကို ရှာရတာ လွယ်ပါတယ်။ အကောင်းဆုံး လုံခြုံရေးစနစ်နဲ့ အိမ်ကို လိုချင်တာဆိုရင်တော့ ရှာရတာ နည်းနည်း ခက်လိမ့်မယ်။ အဲဒါတွေက တန်ဖိုးကြီးအိမ်ရာတွေနဲ့ ဇိမ်ခံ အိမ်အကောင်းစားတွေမှာပါပဲ ရှိတတ်တဲ့ အရာမျိုးတွေပါ။ သာမန် နေရာတွေမှာတော့ အဲဒီလိုအိမ်မျိုးတွေ ရှာတွေ့မှာမဟုတ်ဘူး”

“မင်း လိုချင်တဲ့ အခြေအနေသုံးမျိုး ပါဝင်တဲ့နေရာ ဆိုရင်တာ့ ကြယ်တာရာမြို့ကြီးမှာ တစ်နေရာပဲရှိတယ်။ ဒါပေမဲ့ အဲဒီက ငှားရမ်းစရိတ်က တအားများလွန်းတယ်။ ပြီးတော့ လူမှုရေးကို စစ်ဆေးတာက တင်းကျပ်တယ်”

အိမ်ခြံမြေပွဲစားသည် ထန်ရှု၏ အဝတ်အစားအား ကြည့်လိုက်ပြီး ချီတုံချတုံ ပြောလိုက်သည်။

“လူမှုရေးကို စစ်ဆေးတာ တင်းကျပ်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ မသိဘူး” အိမ်ခြံမြေပွဲစား၏ စိတ်ကသိကအောက် ဖြစ်နေသော အမူအရာကို ကြည်ပြီး ထန်ရှုသည် အံ့သြသော လေသံဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမှာ နေတဲ့သူတွေက ချမ်းသာကြွယ်ဝပြီး လေးစားစရာ ကောင်းတဲ့သူတွေပဲ နေကြတာ။ ပိုင်ရှင်ဖြစ်သူက စာချုပ်မှာ ထည့်ထားဟန်တူတယ်။ သာမန်လူတွေ မနေနိုင်ကြဘူး။ အပြင်လူတွေအနေနဲ့ ဆိုရင် အိမ်ပိုင်ရှင်ရဲ့ ထောက်ခံချက်ပါမှသာ နေလို့ရတယ်” အိမ်ခြံမြေပွဲစားသည် အစပိုင်းတွင်သာ ချီတုံချတုံ ဖြစ်နေသော်လည်း သိမ်မွေ့စွာ ရှင်းပြလိုက်သည်။

ထန်ရှုသည် အိမ်ခြံမြေပွဲစား၏ စကားအား ကြားရပြီးနောက် တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။

ထို့နောက် သူသည် ပွဲစားနှင့် စကား ဆက်မပြောသေးဘဲ သူ၏ဖုန်းအား ထုတ်လိုက်ကာ လုံကျန့်လင်းဆီသို့ ဖုန်းခေါ်လိုက်သည်။

“အစ်ကိုကြီး ... ငါတို့ လမ်းခွဲတာ ခဏလေးပဲ ရှိသေးတယ်။ မင်း ငါ့ကို ဆက်သွယ်နေပြီ။ အစ်ကိုကြီးက ငါ့ကို ချစ်တယ် ဆိုတာ ငါ သိတာပေါ့။ ဟား ဟား ဟား”

တောင်နံရံများနှင့် ရွာကလေးအား ရရှိလိုက်သောကြောင့် စိတ်လက်ပေါ့ပါး နေသော လုံကျန့်လင်းသည် ရယ်မောကာ စနောက်လိုက်သည်။

သူ့အား စနောက်နေသောကြောင့် ထန်ရှုသည် စိတ်မရှည်စွာ စိတ်ထဲမှ ကျိတ်ဆဲလိုက်ပြီး တောင်တံခါးမြို့၏ ပိုင်ရှင်အကြောင်းအား လုံကျန့်လင်းကို မေးလိုက်သည်။

“တောင်တံခါးမြို့မှာ အိမ်ငှားချင်လို့လား။ ဟေး အစ်ကိုကြီး ... မင်း ဘာလို့ စောစော မပြောရတာလဲ။ တောင်တံခါးမြို့ကို ဖွံ့ဖြိုးတိုးတက်အောင် ငါတို့ လုံမိသားစုကပဲ လုပ်ပေးခဲ့တာ အစ်ကိုကြီး မသိဘူး ထင်တယ်”

ထန်ရှု၏မေးခွန်းအား နားထောင်ပြီးနောက် လုံကျန့်လင်းသည် အံ့အားသင့်သော အသံဖြင့် တုံ့ပြန်လာသည်။

ခဏအကြာတွင် ဖုန်းတွင် စကားပြောနေသောသူသည် ပြောင်းသွားခဲ့သည်။

“ညီလေးထန် ... တောင်တံခါးမြို့က အိမ်တွေက အကုန်ရောင်းပြီး ကုန်တာ ကြာပြီ။ သူက အစကတည်းက ငှားဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ အစ်ကို့သူငယ်ချင်း တစ်ယောက် ဝယ်ထားတာကြာပြီဖြစ်တဲ့ အိမ်တစ်လုံးတော့ ရှိတယ်။ သူက အိမ်ကို အကုန်ပြင်ဆင်ပြီး သွားတော့မှ အိမ်က တောင်နဲ့နီးတာရယ်၊ သဘာဝအလင်းရောင် အားနည်းတာရယ်ကြောင့် အဲဒီမှာ မနေဖြစ်ဘူး။ ညီလေး လိုချင်တယ် ဆိုရင် အဲဒါကို အစ်ကို ပေးလို့ရတယ်”

“အစ်ကိုလုံ ... ကျွန်တော့်ကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းနိုင်ရင် ရောင်းပါ ဒါမှမဟုတ်ရင် ကျွန်တော် တခြားတစ်နေရာ ရှာမယ်။ ဒီနှစ်ခုထဲကပဲ ကျွန်တော် ရွေးချယ်နိုင်ပါမယ်”

လုံကျန့်ယုထံမှ သူ့အား ပေးရန် ရည်ရွယ်နေသည်အား ကြားရသဖြင့် ထန်ရှုသည် ခေါင်းတစ်ချက် ကိုက်သွားကာ ငြင်းဆန်ရန် မနှောင့်နှေးခဲ့ပေ။

“မင်း ... အာ. ညီလေးထန် ... ဒါ မဟုတ်သေးပါဘူး။ ငါဆိုလိုချင်တာက ... အာ ...။ ညီလေးကတော့ တကယ် ပြောရကြပ်တာပဲ။ အဲဒီလိုသာ လုပ်နေရင် နောက်ဆို သူငယ်ချင်း မရှိပဲနေလိမ့်မယ်။ အိမ်ကတော့ ကြီးတယ်။ ဒါပေမဲ့ သဘာဝအလင်းရောင် နည်းလို့ ရောင်းလို့ မရနိုင်တာ။ နို့မို့သာဆိုရင် အစ်ကို့သူငယ်ချင်း ဒီအိမ်ရောင်း ထွက်သွားတာကြာပြီ ဖြစ်လို့ နေရာလွတ်တောင် ဒီဒေသမှာ ရှိတော့မှာ မဟုတ်ဘူး။ ကောင်းပြီ။ ဒါကို ညီလေးလိုချင်တယ် ဆိုရင် ယွမ်တစ်သန်းရရင် အိုကေတယ်။ အိမ်သော့ ချက်ချင်း ပေးလို့ရတယ်”

လုံကျန့်ယုသည် ထန်ရှုအား စကားပြောခွင့် မပေးတော့ဘဲ သူ၏ဆုံးဖြတ်ချက်အား ဖုန်းထဲမှာပင် လက်စသတ်လိုက်သည်။

ထန်ရှုသည် ခပ်ဖွဖွပြုံးကာ ဖုန်းကို ချလိုက်စဉ်တွင် အိမ်ခြံမြေပွဲစားသည် သူ့အား ကြက်သေသေလျက် ကြည့်နေသည်ကို တွေ့ရသည်။ လုံကျန့်ယုနှင့် ပြောသော စကားများအား ထိုလူ ကြားလိုက်သောကြောင့် ဖြစ်မည်ဟု ထန်ရှု ရိပ်မိလိုက်သည်။

“မစ္စတာထန် ... ငါ တကယ်ကို တောင်းပန်ပါတယ်။ အကြီးအကဲလုံရဲ့ သူငယ်ချင်းမှန်း မသိလို့ ရိုင်းပျသွားမိပါတယ်”

ပွဲစားသည် အားတုံ့အားနာ ဖြစ်နေသော အပြုံးဖြင့် ထန်ရှုအား အမြန် တောင်းပန်လိုက်သည်။

“အကြီးအကဲလုံက ကြယ်တာရာမြို့မှာ အလွန်ကျော်ကြားတာလား”

ထန်ရှုသည် ဇဝေဇဝါဖြစ်ဟန်နှင့် မေးလိုက်သည်။

“မစ္စတာထန် ... ကြယ်တာရာမြို့ရဲ့ ၉၀% သော မိန်းကလေးတွေက အကြီးအကဲလုံအကြောင်း သိတယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူ မကျော်ကြားဘူးလို့ မင်း ပြောနိုင်ပါ့မလား”

ထန်ရောင်သည် နီရဲသော မျက်နှာဖြင့် ဆိုလိုက်သည်။

ထိုစကားအား ကြားလိုက်ရသော ထန်ရှုသည် အတော် အံ့အားသင့် သွားရသည်။ လုံကျန့်ယုသည် အတော် ကြည့်ကောင်းသော်လည်း ကမ္ဘာကြီးအား ကိုင်လှုပ်နိုင်သည် အထိတော့ မဟုတ်ပေ။ ထို့အပြင် လုံကျန့်ယုသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသာ ဖြစ်ပြီး မင်းသားတစ်ယောက် မဟုတ်ပေ။ ကြယ်တာရာမြို့မှာ ထိုကဲ့သို့ နာမည်ကြီးသည်မှာ အဘယ်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

သို့သော် ထန်ရှုသည် နောက်ထပ် မမေးတော့ဘဲ အိမ်ခြံမြေပွဲစားနှင့်အတူ လုံကျန့်ယုနှင့် ချိန်းဆိုထားသော နေရာသို့ ထွက်လာခဲ့သည်။

မိနစ်အနည်းငယ် ကြာသော် လုံကျန့်လင်းသည် လူကိုယ်တိုင် လာရောက်ကာ သော့နှင့် အိမ်ရာအဝင်အထွက် လုပ်နိုင်သည့် ကတ်အား လာပို့လေသည်။ ထန်ရှုသည် သူ၏ဘဏ်ကတ်အား ပေးလိုက်သော်လည်း လုံကျန့်လင်းသည် လက်မခံဘဲ ငြင်းဆန်လေသည်။

“အစ်ကိုကြီး ... ဒီသော့မပါဘဲ တောင်တံခါးမြို့က အိမ်ထဲ ဝင်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး အစ်ကိုကြီးကို ကျွန်တော် အကြံပေးချင်တာက ဒီယွမ်တစ်သန်းကို အစ်ကိုကြီး ဝတ်တာစားတာ သုံးစွဲတာမှာ သုံးသင့်တယ်။ အစ်ကိုကြီး အခုလိုပုံသာ ဝတ်သွားရင် လုံခြုံရေး အစောင့်တွေက အပြင်မှာတင် အစ်ကိုကြီးကို တားလိမ့်မယ် ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်” လုံကျန့်လင်း ပညာရှိပြုံး ပြုံးကာ ပြောလျက် ထွက်ခွာသွားတော့သည်။

ထန်ရှုသည် ပြုံး၍ လုံကျန့်လင်း၏ စကားအား စိတ်ထဲတွင် မထားခဲ့ပေ။

လုံကျန့်လင်း လှည့်ထွက်သည်နှင့် ထန်ရှုသည် ဘဏ်ကတ်အား အလင်းကဲ့သို့ လျင်မြန်ခြင်းဖြင့် သူ၏အင်္ကျီအိတ်ထဲသို့ လှမ်းထည့်ပေးလိုက်သည်။

နာရီဝက် ကြာသောအခါ ထန်ရှုသည် တောင်တံခါးမြို့၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ သူသည် ထိုအိမ်ရာဝင်းထိပ်သို့ ရောက်ရုံရှိသေးသည် ဒါဇင်မကသော လုံခြုံရေး အစောင့်များသည် အုပ်စုလိုက် သူ့ဆီသို့ ရှေးရှူကာ အပြေးအလွှား လာကြသည်ကို မြင်ပြီး ထန်ရှု လန့်ဖျပ်သွားကာ ထွက်ပြေးလုနီးနီးပင် ဖြစ်သွားခဲ့ရသည်။ လုံကျန့်လင်း၏ အဝတ်အစား ကောင်းကောင်း ဝတ်သွားရန် ပြောသည့်စကားအား နားမထောင်မိခြင်း အတွက်လည်း သူ အနည်းငယ် နောင်တရသွားသည်။

“မစ္စတာထန် ... ကောင်းသော နေ့လယ်ခင်းလေးပါရှင်။ ကျွန်မက လုံရွှဲ့ယောင်ပါ။ ဒီတောင်တံခါးမြို့ရဲ့ အိမ်ခြံမြေ မန်နေဂျာပါ။ မစ္စတာထန်ကို ဝန်ဆောင်မှု ပေးရတဲ့အတွက် ကျွန်မ ဝမ်းသာရပါတယ်။ မစ္စတာလုံက ကျွန်မကို မစ္စတာထန်ရဲ့အိမ်ကို ခေါ်ဆောင် သွားပေးဖို့ တာဝန်ပေးထားပါတယ်။ ကျွန်မနဲ့အတူ လိုက်ခဲ့ပါရှင်”

ခေါင်းဆောင်သည် အရပ်မြင့်မြင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည် ထန်ရှုအား လေးလေးစားစား ဦးညွှတ်ကာ ချိုသာသောအပြုံး တောက်ပသော စကားသံတို့ဖြင့် နှုတ်ဆက်လိုက်သည်။

သူမ၏စကားအား ကြားလိုက်ရသောအခါမှ ရှင်းပြရန် အသင့်ဖြစ်နေသော ထန်ရှုသည် အံ့အားသင့် သွားပြီးနောက် သူသည် လုံညီအစ်ကိုတို့၏ စနောက်ခြင်းအား ခံနေရကြောင်း သိရှိလိုက်သည်။

လုံညီအစ်ကို ၂ ယောက်သည် သူ့အကျင့်စရိုက်အား ရှင်းရှင်းလင်းလင်း သိထားသဖြင့် သူသည် အဝတ်အစား ဝယ်ရန်အတွက် အချိန်နှင့် ငွေအား ဖြုန်းလိမ့်မည်မဟုတ်ဟု သိနေသောကြောင့် သူတို့သည် သူ့အား ကြောက်လန့်စေရန် ယခုကဲ့သို့ ခြောက်လှန့်ခြင်း ဖြစ်ပေသည်။

သူ၏ရင်ထဲမှ ထိုအစအနောက်သန်သော ညီအစ်ကို ၂ ယောက်အား တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး ထန်ရှု၏ မျက်နှာထက်တွင် နှစ်လိုဖွယ် ကောင်းသော အပြုံးတစ်ပွင့် ပေါ်ထွက် လာတော့သည်။ သူသည် ယဉ်ကျေးစွာဖြင့် လုံရွှဲ့ယောင်အား ကျေးဇူးတင် စကားဆိုလိုက်ပြီး လုံခြုံရေး အစောင့်များအား နောက်ချန်ထားကာ သူမနှင့်အတူ သွားလိုက်သည်။

သူသည် တောင်တံခါးမြို့ အိမ်ယာထဲသို့ ဝင်လိုက်သောအခါ အခြားလောကသစ် တစ်ခုသို့ ရောက်သွားသည့်နှယ် ခံစားရသည်။ အိမ်ယာအတွင်းတွင် ကြည်လင် နက်ရှိုင်းသော ရေကန်ကြီး တစ်ခုရှိပြီး ရာပေါင်းများစွာသော ပန်းများ ဖူးပွင့်နေကြသည်။ အိမ်ယာ အပြင်ဘက်ရှိ ဆူညံရှုပ်ထွေးနေသော အခြေအနေနှင့် မတူညီဘဲ လုံးဝကွဲပြား ခြားနားနေသော အခြေအနေပင် ဖြစ်သည်။

အိမ်ရာဝင်းထဲတွင် စင်မြင့် ၃ ခုရှိပြီး ကျယ်ပြန့်သော ၅ ဆင့် ရှိကာ တစ်ဆင့်စီတိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ရှိသည်။ ထိုသူများသည် အိမ်ရာအတွင်းတွင် လျှောက်နေသော သူများအား စစ်တပ် အလေးပြုသည့်ဟန်ပင်ဖြင့် အလေးပြုသည်ကို သူမြင်နေရသည်။

တန်ဖိုးကြီးသော အိမ်ရာဝင်းထဲတွင် ရောက်နေသည်ဟု သူ့ကိုယ်သူသာ သေချာမပြုလုပ်မိပါက ထန်ရှုသည် စစ်တပ်ဝင်းထဲတွင် ရောက်နေသည်ဟုပင် သံသယ ဖြစ်မိမည်။

ပန်းများနှင့် မြက်ခင်းများအား တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာကာ လုံရွှဲ့ယောင်သည် ထန်ရှုအား အိမ်ရာ၏ အတွင်းဆုံးပိုင်းအထိ ခေါ်ဆောင်သွားပြီး နောက်တွင် သူသည် တစ်လုံးတည်း ဆောက်လုပ်ထားသော အိမ်အား တွေ့လိုက်ရပြီး ထိုအိမ်သည် တောင်စွန်းပေါ်တွင် တင်ထားသည်နှင့် ဆင်တူသည်။

ထိုအိမ်အား မြင်လိုက်သည်နှင့် ချက်ချင်း သူသည် အညာခံလိုက်ရပြီမှန်း သိလိုက်တော့သည်။ အိမ်သည် တောင်အား ကျောပေးထားသည် ဆိုငြားလည်း သူသည် နေအား မျက်နှာမူလျက် ရှိသဖြင့် သဘာဝအလင်းရောင်ရရှိမှု အလွန်ကောင်းသည်။ ထို့ပြင် ညီညာစွာ စိုက်ပျိုးထားသော သစ်ပင်တန်းသည် အိမ်၏အပေါ် ဘေးပတ်ပတ်လည်တွင် ရှိသဖြင့် ထိုအိမ်၏ ဒီဇိုင်းနှင့် ပုံစံအား အိမ်ယာထဲရှိ အခြားအိမ်များမှပင် ယှဉ်နိုင်မည်မဟုတ်ချေ။

“မစ္စတာထန် ... ဒီဟာ ကျွန်မရဲ့ နာမည်ကတ်ပါ။ လိုအပ်လို့ရှိရင် အချိန်မရွေး ခေါ်ဆိုနိုင်ပါတယ်။ ဒီအိမ်ယာမှာ နေရတာ နှစ်ခြိုက်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အိမ်ယာနဲ့ ပတ်သက်ပြီး လိုအပ်တာရှိမယ်ဆိုရင် ကျွန်မတို့ရဲ့ တာဝန်ပါ”

ထန်ရှု၏ တုံ့ပြန်မှုအား ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် လုံရွှဲ့ယောင်သည် ထန်ရှုအား သူမ၏လိပ်စာကတ်အား ထုတ်ကာ ပေးလိုက်ပြီး သူမ၏လုံခြုံရေး အဖွဲ့များနှင့် ပြန်ထွက်သွားတော့သည်။

သည်အချိန်တွင်တော့ ထန်ရှု၏စိတ်သည် အိမ်ဆီသို့သာ လုံးလုံးလျားလျား အာရုံရောက် နေပေသည်။

လုံရွှဲ့ယောင်အား လောကဝတ်ပျူငှာစွာ နှုတ်ဆက် လိုက်ပြီးနောက် သူသည် အိမ်ထဲသို့ ဝင်ကြည့်ရန် မအောင့်နိုင်တော့ပေ။

အိမ်ထဲသို့ ရောက်ရှိသော အခါတွင်လည်း သူသည် ထပ်မံအညာခံလိုက် ရပြန်သည်ဟု ထန်ရှု နားလည်သွားရသည်။

တောင်ကို အမှီသဟဲပြု ဆောက်လုပ်ထားသော ထိုအိမ်သည် ၃ ထပ် ဆောက်လုပ်ထားပြီး အထပ်တိုင်းတွင် လှပကောင်းမွန်သော အပြင်အဆင်နှင့် ဖြစ်သည်။ တံခါးဆီသို့ လမ်းခင်းကျောက် အလှများဖြင့် လမ်းဖော်ပေးထားပြီး ဘေးတစ်ဖက် တစ်ချက်တွင် အလှဆင် ကျောက်တုံးလေးများဖြင့် အတန်းဖော်ထားကာ ပန်းပင်များနှင့် ဘွန်ဇိုင်းအပင်ပုငယ်လေးများအား ပုံစံအမျိုးမျိုးဖြင့် မျက်စိပသာဒ ဖြစ်စေရန် စိုက်ပျိုးထားရှိသည်။

အိမ်ခန်းမ အဝင်တံခါးသည် မြင့်မားကာ စတိုင်ကျလှပြီး ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ပြတင်းပေါက် အကွေးအဝိုင်းများ၊ ထောင့်များဖြင့် ထည်ဝါလှသည်။ တံခါးနှင့် လမ်းကလေးသည် တင့်တယ်သပ်ရပ်ပြီး နွေးထွေးသော ခံစားမှုအား ပေးစွမ်းပေသည်။

ထည်ဝါသော တရုတ်ရိုးရာ ဗိသုကာလက်ရာ ဒီဇိုင်းအား ဖော်ထုတ်ထားသဖြင့် အိမ်ခြံဝင်း၏ အဆင်အပြင်သည် ရိုးရာတရုတ် ဗိသုကာ အငွေ့အသက်အား ရရှိစေပြီး တစ်ခုတည်း ဖြစ်သော ထူးခြားသော ဖန်တီးမှုပုံစံအား ဖြစ်ပေါ်စေသည်။ ထို့ပြင် ဗုဒ္ဒဝါဒနှင့် တာအိုအယူဝါဒ သင်ကြားမှုများ ပါဝင်နေသော ကွန်ဖြူးရှပ်ဝါဒအား ဝိုးတဝါး ဖော်ပြထားသော စိတ်ကူးစိတ်သန်းများဖြင့် အိမ်ကလေး၏ ဒီဇိုင်းသည် သပ်ရပ်တင့်တယ် နေပေတော့သည်။

ရှေးဆန်ပြီး ကျယ်ဝန်းသော သဘာဝနေရာအား သဘာဝဆန်သော အဆောက်အအုံ ပစ္စည်းများ၊ နွယ်ပင်များဖြင့် ရောယှက်ဘေးချင်း ယှဉ်လျက် ဆင်ယင်ထားသည်မှာ ရှေးဆန်သော လက်ရာများသည် ခေတ်ရေစီးဖက်ရှင်ထက် နောက်ကောက်မကျပါဟု ဆိုနေသယောင်။

ပထမအကြည့်ဖြင့်ပင် ထန်ရှုသည် သည်အိမ်ခြံဝင်းလေးအား နှစ်နှစ်ကာကာ သဘောကျ သွားတော့သည်။

“အိမ်တန်ဖိုး မပါဘဲ အလှဆင်ပြင်ထားတာနဲ့ပင် ယွမ် ၁ သန်းလောက် ရှိမယ်။ သူတို့ ငါ့အပေါ် မျက်နှာသာ အကြီးကြီး ပေးလိုက်တာပဲ”

ထန်ရှုသည် အိမ်ခြံဝင်း၏ ဈေးအမှန်အား မေးရန်အတွက် ဖုန်းအား ထုတ်ကာ လုံကျန့်ယုထံ ဆက်လိုက်သည်။ လုံကျန့်ယု ဖုန်းစက်ပိတ်ထားသည်ကို သိလိုက်ရသဖြင့် လုံကျန့်ယုသာ ထိုအိမ် ပြန်မပေးနိုင်ရန်အတွက် သူ့အား ရှောင်နေပြီဖြစ်ကြောင်း ထန်ရှု ရိပ်မိလိုက်သည်။

“ဒီလိုဆိုလည်း နောက်မှ ဖြည်းဖြည်းချင်းပဲ ဒီမျက်နှာသာပေးမှုကို ပြန်ပေးရတာပေါ့”

ထန်ရှုသည် မူလကပင် ဒီအိမ်ခြံဝင်းအား ပြန်မပေးနိုင်သောကြောင့် သူ့နှလုံးသားမှာလည်း တင်းမခံနိုင်တော့ပါချေ။ အခြားသူများသာ ဤကဲ့သို့ ရုတ်တရက် အလွန် ချမ်းသာကြွယ်ဝ လာပါက မည်သို့လုပ်ရမည် မသိဘဲ အံ့သြတွေဝေနေမည် ဖြစ်သည်။ သို့သော် ထန်ရှုသည် အင်မော်တယ် ကမ္ဘာတွင် အချမ်းသာဆုံး တစ်ယောက် ဖြစ်ခဲ့သည့်အပြင် လုံမိသားစုအား ယခုမျက်နှာသာပေးမှု အတွက် ပြန်ပေးဆပ်ရန် ယုံကြည်ချက် ရှိသောကြောင့် လုံကျန့်ယုမှ သူ့အား အိမ်ခြံဝင်း လက်ဆောင် ပေးသောအခါ ခံစားချက် ကင်းမဲ့စွာဖြင့် လျင်မြန်စွာ လက်ခံလိုက် လေတော့သည်။

***

All Chapters