← Chapters

ခန္ဓာကိုယ် ပြန်လည်တည်ဆောက်မည့် ဆေးရည်အား ဖော်စပ်ခြင်း

Vol. 01 Ch. 48

ခန္ဓာကိုယ် ပြန်လည်တည်ဆောက်မည့် ဆေးရည်အား ဖော်စပ်ခြင်း

Vol. 01 Ch. 48

“အစ်ကိုကြီး ... မင်းရဲ့ဘဏ်ကတ်ကို ပြန်ယူလိုက်ဦး”

လုံဝမ်အပန်းဖြေရိပ်သာ၌ လုံကျန့်လင်းသည် သူ၏အိတ်ကပ်ထဲမှ ဘဏ်ကတ်အား မတော်တဆ တွေ့သွားခဲ့ပြီး ဆွဲထုတ်လိုက်သည်။ သူသည် အတန်ငယ်ကြာအောင် မင်သက်နေခဲ့ပြီး ခါးသီးသော မျက်နှာဖြင့် လုံကျန့်ယုအား ပြန်ပေးလိုက်သည်။

“ဒါ အဆင်ပြေပါတယ်။ ညီလေးထန်က ငါတို့ဆီကနေ အလကား မယူချင်မှတော့ ငါတို့ ဒါကို လက်ခံရလိမ့်မယ်” လုံကျန့်ယုသည် သူ၏ဘဏ်ကတ်အား ကြည့်လိုက်ပြီး ရွှင်မြူးစွာ ပြုံးလိုက်သည်။

ထန်ရှုအား ပေးလိုက်သော အိမ်ခြံဝင်းသည် သူ၏သူငယ်ချင်း ဝယ်ယူထားသည် မဟုတ်ဘဲ သူ၏ကိုယ်ပိုင်အိမ်ခြံဝင်း အပိုအဖြစ် ချန်ထားသောနေရာ ဖြစ်သည်။ သည်ဟာသည် မရောင်းရ၍ မဟုတ်ဘဲ တောင်တံခါးမြို့ အိမ်ယာဝင်း ဒီဇိုင်းမှ ခွဲထွက်ကာ အကောင်းဆုံးပုံစံ၊ အကောင်းဆုံး အရာများဖြင့် တည်ဆောက်ထားသောကြောင့် မဝယ်နိုင်ကြခြင်း ဖြစ်ပေသည်။

မရောင်းရခြင်းနှင့် ထိုကဲ့သို့သော အိမ်ခြံဝင်းရှိသည်ဟူသော စကားအား လုံကျန့်ယုသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြောခဲ့ခြင်းသည် အဆိုပါ အိမ်ခြံဝင်း၏ ဈေးအမှန်အား ထန်ရှုသိပါက သူ၏လက်ဆောင်အား ထန်ရှု လက်မခံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

“ကျန့်ယု ... ကျန့်လင်း ... ထန်ရှုက တကယ်ရော တော်လို့လားကွာ”

သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် သူ၏လက်ထဲမှ သတင်းစာအား ချလိုက်ကာ သံသယဖြင့် မေးလိုက်သည်။

သူ၏သားနှစ်ယောက်မှာ ပါရမီရှင်များ ဖြစ်သည်ဟု လုံဟန်ဝမ်သည် အမြဲခံစားရသည်။ သူ၏သား ၂ ယောက်အား အလွန်ချစ်မြတ်နိုးပြီး အလွန်အလိုလိုက်သူ ဖြစ်သောကြောင့် သူ၏သားများထက် ပိုမိုတော်လှသော အငယ်ဆုံးတစ်ယောက် ထွက်ပေါ်လာခြင်းအား မယုံကြည်ဘဲ ဖြစ်နေရသည်။

သည်နေ့ အိမ်သို့ လုံကျန်ဝမ် ပြန်လာသောအခါ သားတော်မောင် ၂ ယောက် စကား ပြောနေကြရာတွင် သူနှင့် မရင်းနှီးသော လူငယ်တစ်ယောက် အကြောင်းအား ကြားနေရသဖြင့် လုံကျန်ဝမ် သိချင်စိတ် ပြင်းပြသွားရသည်။

ထန်ရှုသည် ကျားလွေဒေါင်အား လောင်းကစားပွဲတွင် အနိုင်ရခဲ့သည်ဟု သိသည့်တိုင် ထန်ရှုသည် သူ၏အရည်အချင်းဖြင့် ကျားလွေဒေါင်အား နိုင်ခဲ့ခြင်း မဟုတ်ဘဲ ကျားလွေဒေါင်သည် ထန်ရှုအား သိမ်မွေ့စွာဖြင့် အရှုံးပေးရန်အတွက် သူ၏သား ၂ ယောက်သည် လှည့်ကွက်များနှင့် မရိုးသားသော အပြုအမူများ လုပ်ခဲ့၍သာ ဖြစ်မည်ဟု သူ ထင်ထားခဲ့သည်။

ထန်ရှုနှင့် ကျားလွေဒေါင်ကြားမှ ကစားပွဲမြင်ကွင်းအား တိုက်ရိုက်မြင်သော သူတစ်ယောက်သာ သက်သေမရှိခဲ့ပါက ရွှမ်ကျင်းပြည်နယ်တွင် ကျော်ကြားလှသော ကျားလွေဒေါင်အား နိုင်ခဲ့သူ တစ်စုံတစ်ယောက် ရှိနေသည်အား မည်သူ တစ်ဦးတစ်ယောက်မျှ ယုံမည်မဟုတ်ချေ။

“အစ်ကိုကြီး ... အဖေ့မျက်လုံးထဲမှာ ကျွန်တော်တို့က လွဲရင် ကျန်တဲ့သူတွေက သုံးစားမရတဲ့ သူတွေချည်း ဖြစ်နေပုံရတယ်။ အမှန်တကယ်ကို ကျွန်တော်တို့ အလုပ် မကြိုးစားရတော့ဘူး”

ဖခင်ဖြစ်သူ၏ စကားနှင့် အမူအရာအား မြင်ရကြားရသော လုံကျန့်လင်းသည် ဝမ်းနည်းစွာ ပြောလျက် အပေါ်ထပ်သို့ တက်သွားတော့သည်။

“အဖေ ... အဖေ့သား ၂ ယောက်က အလွန်တော်တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ အပြင်လောကမှ ကျွန်တော်တို့ထက် ပိုပြီး တော်တဲ့သူတွေ ရှိနေတယ် ဆိုတာလည်း အဖေ သိထားသင့်တယ်။ ဒီတစ်ကြိမ်မှာ ထန်ရှုဆီက အကူအညီသာ မရခဲ့ရင် အဖေ့သားတွေ ကျန်းသဲဂျင်နဲ့ အခြားလူတွေဆီမှာ ရှုံးနေရပြီ”

လုံကျန့်ယုသည် စကားအနည်းငယ် ပြောကာ သူ၏အိပ်ခန်းသို့ ထွက်သွားတော့သည်။

ထွက်ခွာသွားသော သားနှစ်ယောက်၏ နောက်ကျောအား ကြည့်ရင်း အံ့အားသင့်မှုသည် လုံဟန်ဝမ်၏ မျက်နှာထက်တွင် ထွက်ပေါ်လာတော့သည်။

***

တောင်တံခါးမြို့တွင် ထန်ရှုသည် သူ၏အိမ်ခြံဝင်းလေးအား အပေါ်အောက် ဘေးပတ်လည် လျှောက်ကြည့်ရန်အတွက် နာရီဝက်ကြာအောင် သုံးလိုက်ရသည်။ ထိုအခါတွင် သူ၏အိမ်ခြံဝင်းသည် အခြားသော အိမ်များနှင့် အတန်ငယ်ဝေးသော နေရာတွင် တည်ရှိပြီး တသီးတသန့် ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် လုံကျန့်ယုပေးသော သည်အိမ်လေးအား ပိုမို စိတ်ကျေနပ်သွားရသည်။

အိမ်ခြံဝင်းနှင့် အနားဝန်းကျင်အား ရင်းနှီးအောင် လုပ်ပြီးသည်နှင့် ထန်ရှုသည် ငှားထားသော အခန်းဆီသို့ သွားခဲ့ကာ စပါးအုံးမြွေကြီး၏ သွေးအဆီအနှစ်၊ အတွင်းကလီစာများနှင့် အသားများအား သွားထုတ်လာခဲ့သည့်အပြင် တောင်နံရံများနှင့် ရွာကလေးမှ သူ ခူးယူလာခဲ့သော ဆေးပင်များကိုလည်း ယူဆောင်လာခဲ့သည်။

ကောင်းကင်စကြဝဠာ ပညာရပ်၏ အဆင့်ကြီး ၃ ဆင့် အနက်မှ တစ်ခုအပါအဝင် ဖြစ်သော ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ် အဆင့်တွင် အသက်ရှူ လေ့ကျင့်ခြင်း (ခန္ဓာကိုယ် ပြောင်းလဲခြင်း) ၊ အရေပြား သန်မာအောင် လုပ်ခြင်း၊ အကြောသန်မာအောင် လုပ်ခြင်း၊ အရိုးပြောင်းလဲခြင်း၊ မရီဒျာန် ပြောင်းလဲခြင်း၊ စိတ်နှလုံး ပြောင်းလဲခြင်း၊ ကိုယ်တွင်းအင်္ဂါ ပြောင်းလဲခြင်း၊ ချီနှင့်သွေး လည်ပတ်ခြင်းနှင့် ကိုးနေရာအသွင် ဖြစ်ခြင်းတို့ ပါဝင်သည်။

ထန်ရှုသည် ယခုတွင် ခန္ဓာကိုယ် ပြောင်းလဲခြင်း အဆင့်၌ ရှိနေသဖြင့် သူသည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အား ဖော်စပ်ရန် လိုအပ်ပေသည်။ ထိုဆေးရည်တွင် နံပါတ် ၁ အဆင့် သားရဲကောင်ကြီး၏ သွေးအဆီအနှစ်၊ အတွင်းကလီစာ၊ အရေခွံ၊ ကြယ်စွမ်းအင်မြက်၊ အဆိပ်ရှိကြံ၊ ကျောက်စိမ်းအနှစ်တုံးနှင့် အခြားအရာများ ပါဝင်ပေသည်။

အထူးသဖြင့် နံပါတ်၁အဆင့် သားရဲကောင်ကြီး၏ သွေးအဆီအနှစ်၊ အတွင်းကလီစာ၊ အရေခွံများ လတ်ဆတ်လေ ဆေးအာနိသင်အစွမ်း ပိုမို ထိရောက်လေ ဖြစ်သောကြောင့် ထန်ရှုသည် စပါးအုံးကြီးအား သတ်ပြီးသည်နှင့် ကောလိပ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးသည်ထိ စောင့်ကာ သူ၏ ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်း ပြောင်းလဲခြင်းထက် နေရာတစ်နေရာ ရှာကာ ကျင့်ကြံရန်အတွက် စိတ်မရှည်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။

လုပ်ဆောင်ရမည့် အစီအစဉ်အရ ကြယ်စွမ်းအင်မြက်နှင့် အဆိပ်ရှိကြံပင်တို့အား သန့်ရှင်းပြီးသည်နှင့် ကြယ်စွမ်းအင်မြက်အား ကျောက်စိမ်း အနှစ်တုံးဖြင့် ရောစပ်ကာ အမှုန့်ပြုရမည် ဖြစ်သည်။ ထို့နောက် ထန်ရှုသည် အတွင်းကလီစာနှင့် အရေခွံများအား အကြိမ်များစွာ ဆေးကြောပြီး ထိုပါဝင်ပစ္စည်းများနှင့်အတူ ဂရုတစိုက် သတ်မှတ်ထားသော အချိုးအစားအတိုင်း ထည့်လိုက်သည်။

ထိုသို့ လုပ်နေစဉ်အတွင်း ထန်ရှုသည် အချန်ကြာမြင့်စွာ အေးခဲနေသော စပါးအုံးကြီး၏ သွေးအဆီအနှစ်အား ဒယ်စောက်ထဲသို့ ထည့်ကာ ဆူအောင် တည်လိုက်သည်။

ထန်ရှုသည် ဆူပွက်နေသော စပါးအုံးကြီး၏ သွေးအဆီအနှစ်အား မမှိတ်မသုန် စိုက်ကြည့်နေပြီး ကြယ်စွမ်းအင်မြက်နှင့် ကျောက်စိမ်း အနှစ်တုံးတို့ ရောစပ်ထားသော အမှုန့်အား ထိုအထဲသို့ ထည့်လိုက်သည်။ ထိုအရာများ ရောစပ်သွားသောအခါ အနံ့ဆိုးများ ထွက်လာပြီး မူလက အနီရောင်သွေးသည် အဖြူရောင်အစက်လေးများ ပါဝင်သော အပြာရင့်ရောင် အဖြစ်သို့ ပြောင်းလဲ သွားသောကြောင့် ကောင်းကင်ပြာတွင် မရေမတွက်နိုင်သော ကြယ်များ ထွန်းလင်း နေသကဲ့သို့ ရှိလေသည်။

အနံ့ဆိုးများ လုံးဝကွယ်ပျောက် သွားသောအခါ ထန်ရှုသည် စပါးအုံးမြွေကြီး၏ ကလီစာများနှင့် အသားများအား ရောစပ်လိုက်ပြီး အသင့်ပြင်ဆင်ထားသော အဆိပ်ရှိကြံပင်အား ထုတ်ယူလိုက်သည်။ အဆိပ်ရှိကြံပင်သည် ကြံပင်တစ်ချောင်း ဖြစ်သော်လည်း အလွန်မာကျော လှသောကြောင့် သံချောင်းတစ်ချောင်း အလားပင် ဖြစ်သည်။

ထိုကြံပင်အား ထုတ်လိုက်ပြီးသော တစ်ခဏတွင် ထန်ရှု၏ မျက်နှာသည် တည်ကြည် လေးနက်သော အသွင်သို့ ဆောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် မွှေရသော အရှိန်သည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အား ဖော်စပ်မှု အောင်မြင်ခြင်း (သို့မဟုတ်) ရှုံးနိမ့်ခြင်းနှင့် တိုက်ရိုက် အချိုးကျ နေသောကြောင့် ဖြစ်သည်။ ထိုဆေးရည်သည် အလုံးစုံ အာရုံစူးစိုက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ လိုအပ်ပေသည်။ အနည်းငယ် သတိမမူမိပါက မတော်တဆ ဖြစ်ခြင်းနှင့် ပေါက်ကွဲခြင်းတို့ ဖြစ်နိုင်ပေသည်။

ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အတွက် လိုအပ်သော အရာများအား အများအပြား ပြင်ဆင်ထားခဲ့ပြီး အိမ်ခြံဝင်းမှာလည်း တသီးတသန့် ရှိသောကြောင့် ပေါက်ကွဲမှုဖြစ်ပါက အခြားသူများအား ကြည့်ရှူခြင်းအတွက် ထန်ရှုသည် မစိုးရိမ်ပါသော်လည်း သူသည် ရှုံးနိမ့်ခြင်းဟူသော ခံစားချက်အား မလိုချင်ပေ။

ထန်ရှုသည် ဆေးအရောအား မွှေပေးနေစဉ်မှာပင် မာကျောလှသော အတွင်းကလီစာနှင့် အသားများသည် တဖြည်းဖြည်းချင်း ပျော့ပျောင်းလာကာ အရည်ဖြစ်လာပြီး မူလအရည်ထဲသို့ ပျော်ဝင် သွားလေသည်။ ထန်ရှုလက်ထဲရှိ မွှေပေးနေသော ကြံပင်သည်လည်း တဖြည်းဖြည်းနှင့် ပါးသည်ထက် ပါးလာသည်။

“ဆေးလက်ထောက်သာ ရှိခဲ့ရင် ငါ ဒီလို ပျင်းရိငြီးငွေ့ဖွယ် ကောင်းတဲ့ အလုပ်ကို လုပ်ရမှာမဟုတ်ဘူး”

ထန်ရှုသည် မွှေနေရင်းဖြင့် သူ၏စိတ်ထဲတွင် ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။

ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှု ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ထန်ရှုသည် အတော် စိတ်လှုပ်ရှားနေသည်။

တဖြည်းဖြည်းနှင့် ထန်ရှုသည် ထိုအရာနှင့် အသားကျ လာသောအခါ သူ၏အာရုံစိုက်မှုသည် စတင် လျော့ရဲလာပြီး အသိစိတ် လွတ်လာခဲ့သည်။ ထိုအခြေအနေတွင် အင်မော်တယ် ကမ္ဘာတွင် ရှိခဲ့စဉ်က အရာအားလုံးသည် ရုပ်ပုံကားချပ်များသဖွယ် သူ၏စိတ်ထဲတွင် မြင်ယောင် လာတော့သည်။ ထိုအိပ်မက်ကမ္ဘာတွင် သူသည် ယနေ့ခေတ်တွင် ရှိနေခဲ့သည်လား (သို့တည်းမဟုတ်) လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက အင်မော်တယ် ကမ္ဘာတွင် နေခဲ့သည်ကိုလားဟု ဝေခွဲမရဘဲ ဝိုးတဝါး ဖြစ်နေခဲ့သည်။

ထန်ရှုသည် သူ၏စိတ်ကူးကမ္ဘာထဲတွင် နစ်မြှုပ်နေခဲ့စဉ်တွင် အဝါရောင် ပူဖောင်းသည် တည်ထားသောအိုးမှ ရုတ်တရက် ပေါ်ထွက်လာပြီး တစ်အိမ်လုံးအား အနံ့ဆိုးများသည် မခံမရပ်နိုင်အောင် ဖုံးလွှမ်းသွားသည်။

“ဘုရား ကယ်တော်မူပါ ... ဒီဟာက ပေါက်ကွဲခါနီးပြီပဲ”

တည်နေသောအိုးသည် ပူဖောင်းအကြီးစား အဖြစ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသော ထန်ရှုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ထုံး နှလုံးမူပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အိမ်အပြင်သို့ ပြေးထွက်လိုက်သည်။

တံခါးအပြင်ဘက် ရောက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြီး ထန်ရှု ကြိုးပမ်း အားထုတ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။

အပျက်အစီးများအား ရှင်းလင်းရန် အချိန်နာရီဝက်ခန့် ပေးပြီးနောက်တွင် ထန်ရှုသည် ဒုတိယအကြိမ်မြောက် ကြိုးစားခြင်းအား စတင်ပါတော့သည်။

ပထမအတွေ့အကြုံအား သင်ခန်းစာယူကာ သည်တစ်ကြိမ်တွင် ထန်ရှုသည် သူ၏အတွေးများ ပျံ့လွင့် မသွားရဲတော့ဘဲ အဆင့်တိုင်းအား ဂရုတစိုက် ပြီးမြောက်အောင် လုပ်ဆောင်လေသည်။

အဆိပ်ရှိကြံပင်ဖြင့် ဆေးအိုးအား မွှေသည့်အချိန်တွင် ကြံပင် သေးငယ်လာသော အချိန်တွင် ထန်ရှု၏ အတွေးများသည် ထပ်မံ လွတ်ထွက်ပြန်လေသည်။ ထို့နောက် ဆေးအိုးသည်လည်း ချွင်းချက်မရှိ ပေါက်ကွဲသည်သာဖြစ်သည်။

“မဟုတ်သေးဘူး။ ပြဿနာက ငါ့ကြောင့် မဟုတ်ဘဲ ဒီကြံပင်မှာကိုး”

ထန်ရှုသည် ပထမကြိုးစားမှု မအောင်မြင်ရခြင်းမှာ သူ၏ ပေါ့ဆမှုကြောင့်ဟု တွေးခဲ့သည်။ သို့သော် ဒုတိယအကြိမ် အားထုတ်မှုတွင် ခေတ္တ ခဏသာလျှင် လွတ်သွားခြင်း ဖြစ်သောကြောင့် ပြဿနာရင်းမြစ်အား သူ ရှာတွေ့ခဲ့သည်။

ထန်ရှုသည် ဓားတစ်ချောင်းအား ယူလိုက်ကာ အဆိပ်ရှိ ကြံပင်၏ အဖျားပေါ်မှ အမှုန်အလွှာအား ခြစ်ထုတ်လိုက်သည်။ များမကြာမီ အင်မော်တယ်ကမ္ဘာမှ များပြား ရောထွေးနေသော ပုံရိပ်များသည် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ထန်ရှု၏အတွေးထဲတွင် ပေါ်လာလေတော့သည်။

“ကောင်းကင်စကြဝဠာ ပညာရပ်မှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှုက အလွန်ခက်ခဲပြီး အောင်မြင်နိုင်ခြေ နည်းတယ်လို့ ဆိုထားတာ အံ့သြစရာ မရှိတော့ပြီဘဲ။ ဒီအဆိပ်ရှိ ကြံပင်ကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုက ထိန်းချုပ်ရ ခက်ခဲတာကြောင့်ကိုး”

ထန်ရှုသည် တတိယမြောက် အားထုတ်မှုအား စတင်ရန် ပြုလုပ်သောအခါ ကြမ်းပြင်ပေါ်ရှိ ကျန်နေသေးသော ပစ္စည်းများအား မြင်ပြီး သူ့အား ပိုမိုဂရုစိုက်စေရန် ဖြစ်ပေါ်စေလေသည်။

သူသည် ဆေးဖော်စပ်မှုအား ပြန်လည် စဉ်းစားရင်း အဆင့်တစ်ခုစီတွင် ပေါက်ကွဲမှုဖြစ်နိုင်ခြေ ရှိသည်များအား သုံးသပ်ကြည့်သည်။ ထို့နောက် သူသည် အဆိပ်ရှိကြံပင်၏ အပေါ်ယံ အလွှာမှုန်အား ထပ်မံ ခြစ်ယူပြီး သူ၏အရေပြားပေါ်သို့ တိုက်ရိုက် ဖြူးလိုက်သည်။

ပထမတွင် မည်သို့မျှ မဖြစ်သော်လည်း များမကြာမီ ထန်ရှု၏ အတွေးများသည် ထင်ယောင်ထင်မှား ဖြစ်လာပြန်သည်။

“ကံကောင်းလို့ ငါ ဒီဖြစ်နိုင်ခြေကို တွေးမိတာပဲ။ နို့မို့ဆို ပစ္စည်းတွေကို ထပ်ဖြုန်းနေမိဦးမှာ။ ဒီကြံပင်ရဲ့ အဆိပ်အစွမ်းက တော်တော်ကြီးတာပဲ။ သူ့ရဲ့အဆိပ်က လူရဲ့မွေးညင်းပေါက်ကနေ စိမ့်ဝင်ပြီး လူတွေရဲ့အတွေးကို အကျိုးသက်ရောက် စေတာကိုး”

သူ၏လက်ထဲမှ သံချောင်းသဖွယ် မာကျောလှသော ကြံပင်အား ကြည့်ကာ ထန်ရှု၏မျက်နှာထက်တွင် ကြောက်ရွံ့မှု ဖြစ်ပေါ်လာခဲ့သည်။

သူ၏အတိတ်ဘဝတွင် ဆေးလုံဖော်စပ်မှုနှင့် ဆေးပညာတွင် အထွတ်အထိပ် ရောက်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဆေးဖော်စပ်မှုအတွက် ပါဝင် ပစ္စည်းများ၏ အရာရာတိုင်းအား သူသိခဲ့သည်ဟု မဆိုနိုင်ပေ။ သည်အဆိပ်ရှိ ကြံပင်သည် သူ မသိရှိသေးသော ဆေးပင်များထဲတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။ ကောင်းကင်စကြဝဠာ ပညာရပ်၏ မှတ်တမ်းတွင် ဖော်ပြထားသည့် ဆေးတွင် မှတ်သားထားသည့် ပန်းချီအား ကြည့်ပြီး အထောက်အပံ့ဟုသာ တွေးခဲ့မိသည်။

ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှုအတွက် လိုအပ်သော ပစ္စည်းများနှင့် ပါဝင်ပစ္စည်း များအား ကောင်းကင်စကြဝဠာ ပညာရပ် မှတ်တမ်းတွင် ဖော်ပြထားခဲ့သော်လည်း တစ်ခုချင်းစီ၏ ဂုဏ်သတ္တိအား ဖော်ပြထားခြင်း မရှိပေ။

ပစ္စည်းအများစုအား ထန်ရှုသည် ရင်းနှီးသော်လည်း အဆိုပါ အဆိပ်ရှိကြံပင်အား သူ မသိချေ။

အခြားသူများသည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှုအား မျက်ကန်းတောတိုး ဖော်စပ်ခဲ့ပြီး အကြိမ်၁၀၀ ကျရှုံးနိုင်သည်ဟု ဆိုကြသည်မှာ အနည်းငယ်မျှသော ထိုအမှား သေးသေးလေးမှသည် ဆေးရည်ဖော်စပ်မှုအား ကျရှုံးစေသောကြောင့် ဖြစ်သည်။

ထန်ရှုပင်လျှင် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှု အောင်မြင်ရန် ၁၀၀% ရှိသည်ဟု မပြောဆိုနိုင်ပေ။ အဆိပ်ရှိကြံပင်၏ ဂုဏ်သတ္တိ တစ်ခုကိုသာ သိထားသော ထန်ရှုသည် ဂုဏ်သတ္တိအကုန်သာ သူသိရှိနားလည်မည် ဆိုပါက ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှု အောင်မြင်နိုင်မည်ဟု သူ ယုံကြည်သည်။

နာရီအနည်းငယ်အတွင်း ထန်ရှုသည် ဆေးထပ်မဖော် ဖြစ်သေးဘဲ အဆိပ်ရှိ ကြံပင်ကိုသာ ထပ်ခါတလဲလဲ နှံ့နှံ့စပ်စပ် လေ့လာတော့သည်။ တစ်နာရီ ထပ်ကြာပြီးသော အချိန်တွင် အဆိပ်ရှိကြံပင်၏ သဘာဝအား ပြည့်ပြည့်စုံစုံ သိရှိပြီဟု ယုံကြည်ချက် ရှိလာသော ထန်ရှုသည် သူသိရှိနားလည်မည် ဆိုပါက ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှုအား ပြန်လည် စတင်လိုက်သည်။

သားရဲသွေး အဆီအနှစ်အား ကျိုခြင်း …

ကြယ်စွမ်းအင်မြက်နှင့် ကျောက်စိမ်းအနှစ်တုံး ရောကြိတ်ထားသော အမှုန့်အား ထည့်ခြင်း …

အတွင်းကလီစာများနှင့် အရေခွံအား ထည့်ခြင်း …

မွှေ … မွှေ … မွှေ

အသက်ရှူတာကို ထိန်းချုပ်လျက် …

မွေးညင်းပေါက်တွေကို ပိတ်ဆို့လျက် …

အာရုံ ၅ ပါးအား အကာအကွယ်ပြုလျက် …

အဆင့်တိုင်းအား အစီအစဉ်အလိုက် နှံ့နှံ့စပ်စပ် သေချာစွာ လုပ်လျက် …

***

အချိန်ကုန်မှန်းမသိ ကုန်ဆုံးလာခဲ့သည်။

ထန်ရှု၏စိတ်နှင့် အတွင်းစိတ် နှလုံးသားအား အနှောင့်အယှက် မခံရအောင် ဆောင်ရွက်ထားရှိသည်။

ရုတ်တရက် ထန်ရှု၏လက်ထဲရှိ အဆိပ်ရှိ ကြံပင်ချောင်းမှ အက်ကွဲသံ ကြားလာရပြီး သူ၏နှလုံးခုန်မှုသည် ထက်ဝက်ခန့် နှေးကွေးသွားခဲ့သည်။ ထင်ယောင်ထင်မှား ဖြစ်သည့် အခြေအနေသို့ ရောက်ခါနီးဆဲဆဲတွင် ထန်ရှု၏မျက်လုံးများ ပွင့်လာခဲ့သည်။

ကျိုနေသည့် ဆေးရည်သည် ရွှေရောင်အဆင်းသို့ ပြောင်းလဲသွားပြီး သင်းပျံ့ လန်းဆန်းစေသော မွှေးရနံ့အား လွှင့်ထုတ်လျက် ရှိပေသည်။

“ငါ အောင်မြင်သွားပြီလား”

တစ်ခဏကြာအောင် ဆေးရည်အား တွေတွေကြီး စိုက်ကြည့်နေမိသည်။ သူ ကြောက်ရွံ့စိုးထိတ် နေခဲ့သော ပေါက်ကွဲမှုသည် မဖြစ်ပွားခဲ့ပေ။ ဆေးရည်အရောင်သည် မှတ်တမ်းတွင် ဖော်ပြထားသည်နှင့် တစ်သွေဝေမတိမ်း တူညီနေသောကြောင့် ထန်ရှု၏ မျက်လုံးများ အရောင်တောက်ပ လာခဲ့သည်။

ထိုကာလတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးများဖြင့် ရွှဲနစ်နေပြီး နဖူးထက်မှလည်း ပုတီးစေ့အရွယ်ခန့် ချွေးများ ကျဆင်းနေခဲ့သည်ကို ထန်ရှု သတိမထားမိခဲ့ချေ။ သူ၏သွင်ပြင်သည် ရေထဲတွင် ငါးဖမ်းလာသော လူတစ်ယောက်နှင့်ပင် အလားသဏ္ဌာန်တူ နေပေတော့သည်။

***

All Chapters