← Chapters

ခန္ဓာကိုယ် ပြောင်းလဲခြင်းဆိုင်ရာ အထွတ်အထိပ်အဆင့်

Vol. 01 Ch. 49

ခန္ဓာကိုယ် ပြောင်းလဲခြင်းဆိုင်ရာ အထွတ်အထိပ်အဆင့်

Vol. 01 Ch. 49

ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ဖော်စပ်မှုအား အောင်မြင်စွာ ဖော်စပ်ပြီးစီးပြီး တစ်ခဏအကြာတွင် ထန်ရှု နိုးထလာခဲ့သည်။ သူ ကြိုတင် ပြင်ဆင်ထားသည့် ကျောက်စိမ်းတုံး အဆီအနှစ်မှ ပြုလုပ်ထားသည့် ပတ်တီးအား သူ ထုတ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်အား နေရာလပ် မကျန်အောင် ရစ်ပတ်တော့သည်။ အထူးသဖြင့် ခန္ဓာကိုယ် အောက်ပိုင်းရှိ အရေးကြီးသော အရာများအား အထပ်ထပ်ပင် ရစ်ပတ်ကာ ထားလိုက်သေးသည်။

၁၀ မိနစ်ကြာပြီးနောက် ထန်ရှုသည် ကျောက်စိမ်းတုံး အဆီအနှစ်မှ ပြုလုပ်ထားသည့် ပတ်တီးဖြင့် သူ၏ ခန္ဓာကိုယ်အား နေရာလပ် မကျန်အောင် ရစ်ပတ်ထား သောကြောင့် အဖြူရောင် ချပ်ဝတ်တန်ဆာနှင့် စစ်သားတစ်ယောက်အလား ဖြစ်သွားသည်။

တစ်ချိန်တည်းမှပင် အေးမြသော ခံစားမှုသည် သူ၏ကိုယ်တွင်းသို့ ပျံ့နှံ့ဝင်ရောက် လာသဖြင့် သက်တောင့်သက်သာ ဖြစ်သွားရသောကြောင့် ထန်ရှုသည် သန်းပင် သန်းဝေလိုက်မိသည်။ သို့ရာတွင် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အား ကြည့်မိသောအခါ ကြောက်ရွံ့တွေဝေသော စိတ်သည် ထန်ရှု၏ မျက်ဝန်းများတွင် ရိပ်ခနဲ ဖြတ်သန်းသွားတော့သည်။

“ငါ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းတယ်။ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ရဲ့ဒဏ်ကို ခံနိုင်ပါ့မလားတောင် ငါ မသိဘူး”

“ကံကောင်းလို့ ကောင်းကင်စကြဝဠာ ပညာရပ်ကို မတော်တဆ ကျင့်ကြံနိုင်ခဲ့လို့သာ ငါ့စိတ်ဝိညာဉ် ပေါင်းစပ်ပြီး ခွန်အားတွေ တိုးတက်လာခဲ့တာ။ နို့မို့ဆို ငါ့ဘဝလေးက အဆုံးသတ် သွားနိုင်တယ်”

“ဒါကြည့်ရတာ ပြီးခဲ့တဲ့ ၂ ညက ငါ စပါးအုံး သွေးအဆီအနှစ်တွေကို အများကြီး သောက်မိလို့နဲ့ တူတယ်။ ဆေးများများ စုပ်နိုင်လေ ထိထိရောက်ရောက် သန်မာလေဖြစ်မယ်”

ဆေးအိုးထဲ မဝင်မီ အခိုက်အတန့်လေးတွင် ထန်ရှုသည် မရေမတွက်နိုင်သော အတွေးများအား တွေးနေမိသည်။

သို့သော် ထန်ရှုသည် ဒီပြဿနာအား ရှောင်လွှဲရနိုင်မှန်း သူ နားလည်ထားသဖြင့် မျက်စိစုံမှိတ်ကာ အံကိုကြိတ်လျက် ဆေးအိုးထဲသို့ စတင် လှမ်းဝင်လိုက်တော့သည်။

တစ်လှမ်း …

နောက်တစ်လှမ်း …

ခန္ဓာကိုယ်တစ်ဝက် …

ခန္ဓာကိုယ်တစ်ခုလုံး …

ထန်ရှုသည် ဆေးရည်ထဲတွင် စိမ်နေစဉ်တွင် သူ၏နားထဲတွင် ဘန်းခနဲဟူသော ကျယ်လောင်သော အသံတစ်ခုအား ကြားလိုက်ရသည်။ သူ၏ကိုယ်တွင်းထဲတွင် ရှိသော စပါးအုံး သွေးအဆီအနှစ်များ ရုတ်တရက် လောင်ကျွမ်းသည် ဖြစ်သောကြောင့် ထိုအပူများအား သူ၏ပါးစပ်မှ ဖွင့်ထုတ်လိုက်မိသည်။ ထိုခဏမှာပင် ရွှေရောင်အဆင်းရှိသော ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်သည် ပါးစပ်ထဲ ဝင်လာသောကြောင့် သူ ယောင်ယမ်းပြီး မျိုချလိုက်မိသဖြင့် အစာအိမ်ထိတိုင် ရောက်ရှိသွားတော့သည်။

“ငါ ... မခံနိုင် … အား … အူး …”

ချွန်ထက်စူးရှသော နာကျင်မှုသည် သူ၏ပါးစပ်မှ တစ်ဆင့် တောက်လျှောက် ဖြတ်သန်းဝင်ရောက် လာသောကြောင့် ထန်ရှုသည် စိမ်နေသော ဆေးရည်အိုးထဲမှ သတိလက်လွတ် ခုန်ထွက်ချင် စိတ်ပေါက် သွားခဲ့ရသည်။

နောက်တစ်ခဏတွင် ကျောက်စိမ်းတုံး အဆီအနှစ်မှ ပြုလုပ်ထားသည့် ပတ်တီးသည် မမျှော်လင့်ထားဘဲ ခဲသွားသဖြင့် ထန်ရှုသည် အံ့သြလှစွာ ကြက်သေသေလျက် ရှိသည်။ ယခုမူ သူထွက်ပြေးချင်သည် ဆိုပါက သည်ပတ်တီး ခဲတောင့်နေသောကြောင့် သူသည် ဆေးရည်အိုးထဲမှ ခုန်ထွက်ရန်နေသာသာ မည်သည့် လှုပ်ရှားမှုကိုမျှ ပြုလုပ်မရတော့ချေ။

သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ထန်ရှုသည် ဆေးအိုးထဲမှ ခုန်မထွက်လိုက်မိ သောကြောင့် ကြိတ်ကာ ဝမ်းသာမိရသည်။ ထန်ရှုသည် အမှုမဲ့ အမှတ်မဲ့ ခုန်ထွက်လိုက်မိပါက ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အား ပြန်လည်ဖော်စပ်ရပေတော့မည်။ ထိုအရာသည် အင်မတန်မှ လွယ်ကူလှသောအရာ မဟုတ်ပါချေ။ ထိုဆေးရည်အတွက် လိုအပ်သည့်၊ ထိုဆေးရည်တွင် ပါဝင်သည့် အရာများအား ထန်ရှုသည် လွယ်လင့်တကူ ရှာတွေ့ခဲ့သည်မဟုတ်ဘဲ ပင်ပန်းကြီးစွာဖြင့် ကြိုးစားရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သောကြောင့် သူသည်သာ ဆေးအိုးထဲမှ ခုန်ထွက်မိပါက မည်မျှကြာအောင် မူလအခြေခံဆင့်တွင် သောင်တင်နေမည်မှန်း သူမသိနိုင်ပါချေ။

ထိုအဖြစ်အပျက်အား သင်ခန်းစာယူကာ ထန်ရှုသည် သူ၏သတိအား တိုးမြှင့်လိုက်ပြီး တိတ်ဆိတ်စွာ အသက်ရှူလျက် အနှောင့်အယှက်ပေးမည့် အတွေးများ ထပ်မံဝင်မလာစေရန် သတိရှိထားတော့သည်။

ထန်ရှု မည်မျှပင် တည်ငြိမ်အောင် လုပ်စေကာမူ သူ၏မျက်နှာသည် ရှုံ့မဲ့လာပြီး နာကျင်စွာ အော်ဟစ် လိုက်မိတော့သည်။

နာကျင်ခြင်း …

အင်မတန် နာကျင်လှခြင်း …

အသည်းခိုက်လုမတတ် နာကျင်လှခြင်း ...

ကျောက်စိမ်းတုံး အဆီအနှစ်မှ ပြုလုပ်ထားသည့် ပတ်တီးဖြင့် သူ၏ခန္ဓာကိုယ်အား ရစ်ပတ်ကာကွယ်ထား ပါသော်လည်း သူ၏အရိုးများသည် ဓားအစင်းပေါင်း မြောက်များစွာဖြင့် အထိုးခံ အခြစ်ခံရနေဘိ သကဲ့သို့ ထန်ရှု ခံစားနေရပြီး ထိုမှရသော နာကျင်မှုသည် အသည်းခိုက် လုမတတ်ပင် ခံစားနေရသောကြောင့် ထန်ရှုသည် သေချင်သောစိတ်ပင် ဖြစ်ပေါ်လာခဲ့ရသည်။ ထိုအသည်းခိုက်လုမတတ် နာကျင်မှုမှာ နာကျင်လွန်း လှသောကြောင့် စကားလုံးများဖြင့်ပင် မဖော်ပြနိုင်ပေ။

ထိုနာကျင်မှုသည် သူ၏ခန္ဓာကိုယ် အပေါ်ယံမှ လာသည်မဟုတ်ဘဲ သူ၏ကိုယ်တွင်းတွင် ရှိသော စပါးအုံးကြီး၏ သွေးအဆီအနှစ်မှ ဖြစ်ပေါ်လာသောကြောင့် သူ၏အတွင်း ကလီစာများနှင့် သွေးများသည် ပွက်ပွက်ဆူပွက်လျက် ရှိပေသည်။

ထန်ရှုသည် နာကျင်မှုဆီမှ အာရုံလွှဲရန် ကြိုးစားလိုက်ပါသော်လည်း အဆုံးမသတ်နိုင်သော ရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်နေသော နာကျင်မှုအား နည်းနည်းလေးမှပင် အာရုံဖျောက်မရပါချေ။ ကံကောင်းထောက်မစွာဖြင့် ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းများစွာ ကောင်းကင်စကြဝဠာ ပညာရပ်အား အချိန်များစွာပေးကာ ရူးရုးမူးမူး ရွတ်ဖတ်လေ့လာ ထားခဲ့သော အကျိုးကျေးဇူးသည် သူ၏ ခန္ဓာကိုယ်တွင် အလေ့အကျင့်အဖြစ် သက်ရောက်စေခဲ့သည်။ သို့ဖြစ်ရာ သည်ကျင့်ကြံမှုအား လေ့ကျင့်ရန်အတွက် သူ၏ခန္ဓာကိုယ်အား အထူးတလည် ထိန်းချုပ်ရန် မလိုပေ။

တစ်ချိန်တည်းတွင် သူတို့၏ အထူးပြည့်စုံသော စွမ်းရည်များနှင့် ကျင့်ကြံနိုင်သော နတ်ဘုရားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များ ကဲ့သို့ပင် ဖြစ်ချေသည်။ ကောင်းကင်စကြဝဠာ ပညာရပ်သည် နတ်ဘုရားအာရုံကို ကျင့်ကြံရန်အတွက် သာမကဘဲ ရှေးကျပြီး စွမ်းအားကြီးသော ခန္ဓာကိုယ် တည်ဆောက်မှု ဖြစ်ပေါ်စေရန်အတွက်လည်း ကျင့်ကြံရသော ကျင့်စဉ်ပညာရပ် တစ်ခုဖြစ်ပေသည်။

ကောင်းကင်စကြဝဠာ ပညာရပ်သည် ခြေလက် ခန္ဓာကိုယ် လှုပ်ရှားမှုဖြင့် ခန္ဓာကိုယ်အား နာကျင်စေပြီး နှိုးဆွပေးနိုင်လေသည်။

ထိုလှုပ်ရှားမှုများတွင် အနှိပ်အဆိတ်၊ အကွေးအခေါက်၊ အထုအလိမ်နှင့် အခြားလှုပ်ရှားမှုများ ပါဝင်ပြီး ၎င်းတို့သည် ခန္ဓာကိုယ်အား နာကျင်နှိုးဆွခြင်းဖြင့် နတ်ဆိုးတစ်ယောက်၏ သန်စွမ်းလှသော ခန္ဓာကိုယ် တစ်ခုကဲ့သို့ ဖြစ်ပေါ်စေနိုင်သည်။ သည်ကျင့်ကြံမှုအား လေ့ကျင့်ခြင်းဖြင့် ပေါ်ပေါက်လာမည် ဖြစ်သော ထိုလှုပ်ရှားမှုများအတွက် သင့်တော်သော ဆေးဝါးများလည်း လိုအပ်လေမည် ဖြစ်သည်။

ထန်ရှုသည် ခန္ဓာကိုယ်မှ နာကျင်မှုအား လျစ်လျူမရှုခဲ့သောကြောင့် အနည်းငယ် ပျော်ရွှင်နေသည်။ ထို့ကြောင့် သူသည် ယခင်ကထက်စာပါက နာကျင်မှုနှင့် အကျွမ်းတဝင် ရှိလာသည်ဟု ဆိုနိုင်ပေမည်။ အချိန်အချို့အား ဖြတ်ကျော်ပြီးနောက် ထန်ရှုသည် ချွေးများ စိုရွှဲလာပြီးလျှင် သူ၏စိတ်နှင့် စိတ်ဝိညာဉ်မှာလည်း ဖရိုဖရဲဖြစ်လာသည်။

ထန်ရှု၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် ကျောက်စိမ်းတုံး အဆီအနှစ်မှ ပြုလုပ်ထားသည့် အကာအကွယ် ပတ်တီးသည် ပျော်ကျသွားသဖြင့် ထိုအကာအကွယ်အောက်မှ သူ၏အရေပြားသည် ဆူပွက်နေသော ဆေးရည်နှင့် ထိတွေ့လာသောကြောင့် နီရဲလာသဖြင့် ထန်ရှုအား ကျက်နေသော ပုဇွန်တစ်ကောင်နှင့်ပင် တူစေသည်။

သူ၏ခံနိုင်ရည်အားထက် ကျော်လွန်လာသော စွမ်းအားသည် ထန်ရှု၏ ခန္ဓာကိုယ်အား ဆုတ်ဖြဲနေသောကြောင့် သူ၏အတွင်းအင်္ဂါများနှင့် ကြွက်သားများသည် နာကျင်လာပြီး ပျက်စီးလုနီးပါး ဖြစ်လာရသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုသည် ထိုပျက်စီးလာသော သူ၏အတွင်းအင်္ဂါများနှင့် ကြွက်သားများအား ရစ်ပတ်ပြီး လျင်မြန်စွာ ကုစားပေးကာ ကြီးထွားလာစေလျက် ပြန်လည်ကောင်းမွန် သန်မာစေသည်။

ဖျက်ဆီးခြင်း၊ တည်ဆောက်ခြင်း၊ ခိုင်မာတောင့်တင်းစေခြင်း ဖြစ်စဉ်၏ အလယ်တွင် နာကျင်မှု ပြင်းထန်လှသဖြင့် မချိတင်ကဲ ညည်းတွားသံ အမျိုးမျိုးသည် တေးဂီတသံကဲ့သို့ ထန်ရှု၏လည်ချောင်းမှ သံစုံမြည်ကာ ထွက်ပေါ်လျက်ရှိနေသည်။

အု … အီး … အ … အာ … အား …

အု … အီး … အ … အာ … အား …

ထိုစဉ်မှာပင် သူ၏စိတ်အား ပြင်ဆင်ထားခြင်း မရှိပါဘဲ ထန်ရှုသည် ကျင့်ကြံမှု အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး နာကျင်မှုကြောင့် အလွန်အမင်း ရှုံ့မဲ့နေသော သူ၏မျက်နှာသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ထိုအခြေအနေသို့ ထန်ရှု ရောက်ရှိသွားခဲ့ချိန်တွင် ကောင်းကင်ထက်မှ လမင်းသည် အတောက်ပဆုံး ထွန်းလင်းနေသော အချိန်ဖြစ်ပြီး ထန်ရှုသည် ခြံဝင်းထဲတွင် လရောင်အောက်၌ ထိုင်နေသကဲ့သို့ ဖြစ်နေသည်ကို သတိမပြုမိလိုက်ပါပေ။

ဖြာကျတောက်ပနေသော အလင်းတို့နှင့် လမင်းကြီးအား မရေမတွက်နိုင်သော ကြယ်များစွာမှ ကောင်းကင်တွင် ဝန်းရံလျက်ရှိသော အချိန်လေးအား ညငှက်လေးများ တေးဆိုသံနှင့် သင်းပျံ့သော ပန်းရနံ့များက အထောက်အပံ့ပြုလျက် ထန်ရှုဆီမှ တေးဂီတသံကပါ ဖြည့်စွက်လျက် ရှိပေသည်။

ရုတ်တရက် မိုးကုတ်စက်ဝိုင်းရှိ မိုင်ပေါင်း သန်းရာပေါင်းများစွာ အကွာမှ မရေမတွက်နိုင်သော ကြယ်များစွာသည် ကြယ်ရောင် အမှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ မီးရှူးမီးပန်းများသဖွယ် ဖြစ်တော့သည်။ ထိုကြယ်မှုန်လေးများသည် တောင်တံခါးမြို့အပေါ်ရှိ ကောင်းကင်ယံမှ ရွာကျလာပြီး ထိုနေရာအကုန်လုံးအား ဖုံးလွှမ်းရစ်ပတ် သွားလေတော့သည်။

တောင်တံခါးမြို့လေး၏ နေရာသည် မြို့နှင့်အတော် ဝေးကွာသောကြောင့် ညနက်နက်တွင် ဖြစ်ပေါ်လာသော ထိုခမ်းနား ဆန်းကြယ်လှသည့် သဘာဝဖြစ်စဉ်အား လူအများစုသည် မရိပ်မိလိုက်ကြပါချေ။

ထန်ရှု၏ ခန္ဓာကိုယ်သည် ကြီးမားသော သံလိုက်တုံးသဖွယ် ကောင်းကင်မှ ကြယ်ရောင်များအား ဆက်လက်ဆွဲငင်နေပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်စေသည်။

ထန်ရှု၏ ယနေ့ကျင့်ကြံမှု အချိန်သည် သိသာစွာပင် ရှည်လျားလှပြီး ကြယ်ရောင် အများအပြားအား သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ခဲ့သည်မှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ကြောင့် ဖြစ်ပေသည်။

ကြယ်ရောင်များ စုပ်ယူမှုတိုးတက် လာသည်နှင့်အမျှ ထန်ရှု၏ ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားလုံးသည် တဖြည်းဖြည်းချင်း တိုးမြှင့်လာခဲ့သည်။

ငါးလုံး …

ခြောက်လုံး …

ခုနစ်လုံး …

***

ထန်ရှု ရုတ်တရက် မျက်လုံး ဖွင့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်းမှ အရုဏ်ဦး ရောင်ခြည်သည် သူ၏ခြံဝင်းထဲသို့ ဖြာကျနေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အလွန်အမင်း ခွန်အား ကြီးထွားနေသော ခံစားမှုသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ရောက်ရှိ နေသောကြောင့် ထန်ရှုသည် ညည်းတွားသံအား မထိန်းနိုင်ခဲ့ပေ။

ထန်ရှုသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်အား ထွင်းဖောက် မြင်နေရသည်။ ၎င်းသည် အိုး၏အောက်ခြေတွင် အနက်ရောင် အကြွင်းအကျန်များ ကပ်ငြိနေသော ရေနွေးအိုး တစ်လုံးနှင့်ပင် တူနေချေသေးသည်။

ထန်ရှုသည် သူ၏လက်မောင်းအား ဆန့်ထုတ်လိုက်ရာ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ကြားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် အလွန်အင်မတန်ပင် သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ထန်ရှုသည် အိုးထဲမှ ခုန်ထွက်လိုက်သည်။

ထန်ရှု အိုးထဲမှ ခုန်ထွက်လိုက်ချိန်တွင် တဂျွတ်ဂျွတ် တဖျောက်ဖျောက် မြည်သံများသည် ထပ်ကာထပ်ကာ ဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သောညက အစားအစာများ ရောင်းသောဈေးမှ ထန်ရှု ဝယ်ယူလာသော အထူးစပါယ်ရှယ် သံအိုးကြီးထဲတွင် ခြေရာကြီး ၂ ခုသည် ထွင်းထုထားသည့်နှယ် ဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်အောက်မှ ကျောက်တုံးပြာသည် ၂ ခြမ်းကွဲ သွားသည်ကို သူတွေ့လိုက်ရလေသည်။

“ငါ့ အရပ်မြင့်လာတာ ဖြစ်နိုင်လား”

ထန်ရှုသည် ပထမဆုံးအနေဖြင့် သူ၏ အမြင်နှင့် အမြင်အာရုံမြင်ကွင်းများသည် ယခင်နှင့် မတူညီဘဲ ပုံမှန် မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တံခါးဆီသို့ လျှောက်သွားသောအခါ သူ၏အရပ်အမြင့်သည် အနည်းငယ် မြင့်သွားကြောင်း သူ နားလည်လာခဲ့သည်။

ထန်ရှု၏အရပ်သည် မူလက ၁၆၇ မီတာသာ ရှိသည်။ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မည့် ဆေးရည်ထဲတွင် တစ်ညလုံး စိမ်လိုက်ရာတွင် သူ၏အရပ်သည် ၁၀ စင်တီမီတာခန့် တိုးလာခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုသည် ထန်ရှု၏အရပ် မဟုတ်ဘဲ သူ၏ခွန်အား ဖြစ်သည်။ သူ၏ခွန်အား အလွန်အမင်း တိုးမြင့်လာသည်ကို စစ်ဆေးသိရှိရပြီးနောက် ထန်ရှုသည် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ တိုးမြင့်လာသော ခွန်အားသည် ယခင်ထက် အဆ ၁၀ ဆနီးပါး သန်မာလာခဲ့သည်။

ထန်ရှုသည် ဘေးပတ်လည်အား ကြည့်လိုက်ရာ ခြံဝင်းထဲတွင် လက်ဖက်ရည်အိုးအဖြစ် ထွင်းထုထားသော ကြီးမားသည့် ကျောက်တုံးတစ်ခုအား တွေ့လိုက်ရပြီး ထိုကျောက်တုံးပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးထိုးထားလေသည်။

“တန်ဖိုးမဲ့သောအရာ ဖြစ်စေကာမူ လိုအပ်သော အချိန်တွင် အလွန်တန်ဖိုးရှိသော အရာ ဖြစ်လာပေလိမ့်မည်”

ထန်ရှုသည် ပြုံးလိုက်ပြီး သူ၏လက်များအား ထိုလက်ဖက်ရည်အိုး၏ ကိုယ်ထည်အား ကိုင်ရန် ဆန့်ထန်းလိုက်ပြီး ပေါ့ပေါ့ပါးပါး မလိုက်သည်။

ထိုရေနွေးအိုးကြီးသည် ၅၀၀ ကီလို လေးသောကြောင့် အဆိုပါအိုးအား မရာ၌ သူသည် လက်မောင်းအား တစ်ခုကိုသာလျှင် အသုံးပြုထားသည်သာ ဖြစ်သဖြင့် ထန်ရှုသည် သူ၏ခွန်အားမှာ ၁၅၀၀ ကီလို အနည်းဆုံးရှိမည်ဟု ခန့်မှန်းလိုက်သည်။

အရပ်နှင့် ခွန်အား တိုးမြင့်လာရုံသာမက ထန်ရှု၏ စိတ်ဝိညာဉ် အာရုံသည်လည်း စူးရှထက်မြက်စွာ တိုးမြင့်လာခဲ့သည်။ ယခင်က သူ၏စိတ်ဝိညာဉ် အာရုံသည် သူ့အနားပတ်လည်ရှိ မီတာအနည်းငယ်ကိုသာ လွှမ်းခြုံနိုင်ခဲ့သည်။ ယခုမူ သူ၏စိတ်ဝိညာဉ်အာရုံသည် မီတာ ၁၀၀ နီးပါး လွှမ်းခြုံနိုင်ပြီဖြစ်ပြီး ယခင်ကလောက် အာရုံစူးစိုက်ရန် မလိုတော့ပါချေ။

“ကြယ်၉လုံး ... ငါ့ ခန္ဓာကိုယ်ထဲမှာ အခု ကြယ် ၉ လုံးရှိနေပြီကွ။ ၉ ဆိုတာ ကောင်းကင်စကြဝဠာ ပညာရပ်မှာ အမြင့်ဆုံးအဆင့်လို့ ဖော်ပြထားတယ်။ ဝိုး ... ငါက အသက်ရှူ လေ့ကျင့်ခြင်း (ခန္ဓာကိုယ် ပြောင်းလဲခြင်း) မှာ အမြင်ဆုံးအဆင့် ရောက်သွားပြီပေါ့။ ဒါဆို နောက်တစ်ဆင့်က အရေပြား သန်မာအောင် လုပ်ခြင်းများလား”

ထန်ရှုသည် သူ၏စိတ်ဝိညာဉ် အာရုံဖြင့် သူ၏ ခန္ဓာကိုယ်ထဲအား ဖြန့်ကြက် ကြည့်လိုက်သော အခါတွင် ယခင်ကြယ် ၄ လုံးမှ ကြယ် ၉ လုံးသို့ ရောက်ရှိနေသည်ကို သိလိုက်ရသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိတော့သည်။

နတ်ဘုရားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံမှု ကျင့်စဉ်အဖြစ် ကောင်းကင်စကြဝဠာ ပညာရပ်သည် ခွန်အား တိုးမြင့်ရာတွင် အလွန်မြန်လိမ့်မည်ဟု ထန်ရှု သိထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ ထိုအကျိုးကျေးဇူးအား ခံစားရသောအခါ သူ့အနေဖြင့် အလွန် တုန်လှုပ်သွားရသည်။

“အခု ငါ့မှာ ကြီးမားတဲ့ ခွန်အားပဲ ရှိတယ်။ ငါ့ရဲ့ကာကွယ်နိုင်စွမ်းအား ဘယ်လောက်ထိ တိုးမြှင့်ရမလဲဆိုတာ ငါမသိသေးဘူး။ အရေပြား သန်မာအောင် လုပ်ခြင်းအဆင့်ကို ပြီးမြောက်အောင် ကျင့်နိုင်မှပဲ ငါ့ကိုယ်ငါ ကာကွယ်ဖို့ အပြည့်အ၀ စိတ်ချရလိမ့်မယ်”

ထန်ရှုသည် သူ၏တိုးတက်လာသော ခွန်အားများကြောင့် အံ့အားသင့်နေသော အခြေအနေမှ လျင်မြန်စွာ နိုးထွက်လာခဲ့ပြီး သူ၏စိတ်သည် ပုံမှန်အခြေအနေတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော် သူသည် အဝတ်အစားများ ပြန်လည်ဝတ်ဆင်ရန် ပြင်ဆင်သောအခါ ကြက်သေသေ သွားတော့သည်။ ယခုမူ သူသည် အရပ်ရှည်လာရုံမျှမက သူ၏ ခန္ဓာကိုယ်မှာ သန်မာကျစ်လျစ်လာခဲ့ရာ သူ ချွတ်ထားခဲ့သော အဝတ်အစားဟောင်းများအား ပြန်လည် မဝတ်ဆင်နိုင်တော့ပေ။

“အာ ... ငါ အဝတ်အစားသစ် မဝယ်လို့ မရတော့ဘူးပဲ”

ထန်ရှုသည် သူနှင့်မတော်တော့ဘဲ တိုနံ့နံ့ဖြစ်နေသော အဝတ်အစားဟောင်းများအား ကြည့်ပြီး အဝတ်အစားအတွက် အကူအညီတောင်းရန် သူ၏ဖုန်းအား ထိုအဝတ်ဟောင်းထဲမှ ဖုန်းအား ဆွဲထုတ်လိုက်သည်။

သူ၏ဖုန်းမျက်နှာပြင်တွင် ပေါ်နေသည့် ခေါ်ဆိုထားသော ဖုန်းနံပါတ်များအား ကြည့်မိသောအခါ ပဟေဠိ ဖြစ်သွားသော အမူအရာသည် သူ၏မျက်နှာထက်တွင် ဖြစ်ပေါ် လာလေတော့သည်။

***

All Chapters