ကျားလွေဒေါင် အကူအညီတောင်းခြင်း
Vol. 01 Ch. 50
ထန်ရှုသည် ထိုဖုန်းအား ဂိမ်းခန်းမမှ အနိုင်ရရှိသော ပိုက်ဆံဖြင့် ဝယ်ထားသည်မှာ မကြာသေးသောကြောင့် ထန်ရှု၏ဖုန်းနံပါတ်အား သိသူမှာ လူနည်းစုသာ ရှိလေသည်။
ယွမ်ချူးလင်၊ ဘန်ရှို၊ ဒင်ဇီနှင့်အဖွဲ့၊ ယွမ်ချူးလင်မှတဆင့် သိသော လုံကျန့်လင်းတို့သည်သာ ရှိပြီး ထိုသူများအားလည်း သူ၏ဖုန်းထဲတွင် မှတ်သားထားပြီး ဖြစ်သည်။ ယခုမူ ယွမ်ချူးလင်ထံမှ ခေါ်သောဖုန်းအပြင် သူမသိသော ဖုန်းနံပါတ်အစိမ်း ၂ ခုသည် သူ့အား ခေါ်ထားသည်ကို တွေ့ရလေသည်။ ထိုနံပါတ် ၂ ခုသည် တစ်ခုသည် ၃ ကြိမ် ခေါ်ထားပြီး နောက်တစ်ခုသည် ၁၄ ကြိမ်ထိအောင် ခေါ်ဆိုထားလေသည်။ ထိုနံပါတ် ၂ ခုသည် ဖုန်းမှားခေါ်ခြင်း ဖြစ်မည်ဟုသာ သူတွေးလိုက်မိသည်။
“တစ်ရက်ပဲ ရှိသေးတာကို။ ဘာလို့ ဖုန်းအဝင်က ၆၀ တောင် ရှိနေရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ”
ထန်ရှု၏ရင်ထဲ အေးစက်သွားရပြီး ယွမ်ချူးလင်အား ဖုန်းခေါ်ရန် ဟန်ပြင်လိုက်သည်။ အဝင်ဖုန်းခေါ်ဆိုမှုအား ကြည့်လိုက်ရာတွင် ယွမ်ချူးလင်သည် အများဆုံးဖြစ်ပြီး အကြိမ် ၅၀ တောင် ခေါ်ဆိုထားခြင်း ဖြစ်သည်။ ထန်ရှုသည် ယွမ်ချူးလင်၏ နံပါတ်အား မနှိပ်ရသေးခင် သူ၏ဖုန်းသည် မြည်လာပြီး ယွမ်ချူးလင်ဆီမှ ဖုန်းဝင်လာသည်။ သူ ပြုံးလိုက်ပြီး ဖြေဆိုရန် အမြန်နှိပ်လိုက်သည်။
“အစ်ကိုကြီး ... နောက်ဆုံးတော့ ကျွန်တော့်ဖုန်းကို ကိုင်ပြီပေါ့နော်။ ဆရာမဟန် လုပ်တာနဲ့ ကျွန်တော် ရူးတော့မှာပဲ။ အစ်ကိုကြီး ကျောင်းက ထွက်သွားတဲ့နေ့မှာ အစ်ကိုကြီး နောက်လိုက်ဖို့ ထွက်သွားခဲ့တယ်”
ဖုန်းအဆက်အသွယ် ရသည်နှင့် ယွမ်ချူးလင်သည် ထန်ရှုအား ပြောခွင့်ပင် မပေးတော့ဘဲ စိတ်မရှည်စွာ ပြောတော့သည်။ ထန်ရှု၏စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။ သူ ကျောင်းကနေ ထွက်လာသည်မှာ တစ်ရက်ပင် ရှိသေးသော်လည်း ယွမ်ချူးလင်၏ စကားများအရ အချိန်အကြာကြီး ဖြစ်နေသည့်ဟန် ရှိနေသည်။
ဇဝေဇဝါ ဖြစ်လျက် ထန်ရှုသည် ဖုန်းမှ အချိန်အား လှမ်းကြည့်လိုက်သောအခါ သည်အိမ်ခြံဝင်းထဲ ရောက်နေသည်မှာ ၁၀ ရက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသဖြင့် သူ၏မျက်ဝန်းအစုံ ပြူးကျယ် သွားရသည်။
“ဒါကြောင့် ငါ့ခွန်အားတွေ တိုးတာမြန်လာတာ အံ့သြစရာမရှိတော့ဘူးပဲ။ ဒီလောက် ရက်ကြာသွားတာကို”
သူ၏ခွန်အား တိုးပွားလာသည်အား ပြန်လည်တွေးမိရင်း နောက်ဆုံးတော့ ထန်ရှု နားလည် သွားခဲ့ရသည်။
“ဖက်တီး ... ဆရာမဟန် ရှာတာအပြင် တခြား ဘာအထွေအထူး ရှိသေးလဲ”
ယွမ်ချူးလင်သည် အရေးကြီးသော အကြောင်းအရာများ မပါဘဲ အာလာပသလာပ ပြောနေသည်မှာ အချိန်ကြာနေပြီ ဖြစ်သောကြောင့် ထန်ရှုသည် သူ၏စကားအား ကြားဖြတ်ကာ မေးလိုက်ရသည်။
“ဆရာမဟန်က အစ်ကိုကြီးအမေနဲ့ တွေ့ပြီး အတန်းပျက်တဲ့ ကိစ္စကို ပြောချင်နေခဲ့တယ်။ ကျွန်တော်က ဒါ အန်တီ့အတွက် မကောင်းဘူးဆိုပြီး သူမကို ပြောလိုက်ရတယ်။ အန်တီက အစ်ကိုကြီးကို အရမ်းချစ်တော့ အစ်ကိုကြီး ကျောင်းမတက်တာ သိခဲ့ရင် ဆေးရုံ ရောက်သွားလိမ့်မယ်ဆိုပြီး”
“ဒါ အရေးကြီးတဲ့ အခြားအချက်ပဲ ... ကျွန်တော့်မှာ ထပ်ကာထပ်ကာ အာမခံချက်တွေ ဆရာမကို ပေးနေခဲ့ရတာ”
“…”
လွန်ခဲ့သော ၁၀ ရက်မတိုင်မီက ထန်ရှုသည် ဟန်ကျင်းဝူအား ခွင့်စာ ပေးခဲ့ကာ သူသည် လဝက်ခန့် ခွင့်ယူဖြစ်မည်ဟု ပြောခဲ့သော်လည်း ဟန်ကျင်းဝူသည် ရှင်းလင်းစွာ ခွင့်ပြုချက် မပေးချင်ခဲ့ပေ။ ထန်ရှု ထွက်သွားသောကြောင့် သူမသည် မတုံ့ပြန်ခဲ့ရပေ။
သူမသည် ထန်ရှုအား စာသင်ခန်းထဲတွင် မမီလိုက်သောအခါ ကျောင်းဂိတ်ဝသို့ ဆက်လိုက်ခဲ့သည်။ သို့သော် ထန်ရှုအား မမီလိုက်သောကြောင့် သူမသည် ကျောင်းရုံးခန်းသို့ ပြန်လာခဲ့ပြီး ဒီကိစ္စအား မည်သို့ ရှင်းရမည်ကို တွေးနေခဲ့သည်။
နေ့လယ် ကျောင်းတက်ချိန်တွင် ဟန်ကျင်းဝူသည် ကားမတော်တဆမှု တစ်ခုအား ကြားခဲ့သည်။ ထန်ရှု ယခင်က ဖြစ်ဖူးသည်အား ပြန်သတိရရင်း ဟန်ကျင်းဝူသည် စိုးရိမ်ပူပန်လာကာ ထန်ရှုဆီ ယွမ်ချူးလင်အား အမြန် ဆက်သွယ်ခိုင်းတော့သည်။
သို့သော် ထန်ရှုသည် ဖုန်းဝယ်ပြီးစဉ် ကတည်းက သူ့အား မနှောင့်ယှက်နိုင်ရန် တိတ်ဆိတ်ခလုပ်အား ဖွင့်ထားသောကြောင့် ထန်ရှု ဖုန်းမကိုင်မချင်း၊ ဖုန်းမျက်နှာပြင်အား မတွေ့မချင်း သူသည် ခေါ်ဆိုသော ဖုန်းများအား လက်ခံနိုင်မည်မဟုတ်ချေ။ ဟန်ကျင်းဝူနှင့် ယွမ်ချူးလင်သည် သူ၏ဖုန်းအား အကြိမ်ပေါင်းများစွာ ခေါ်ပါသော်လည်း မည်သူမျှ မကိုင်သည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။
ဖုန်းမကိုင်သော်လည်း ဖုန်းဖွင့်ထားသည်ကို သိရသောကြောင့် ဟန်ကျင်းဝူနှင့် ယွမ်ချူးလင်သည် ထန်ရှု ဘေးကင်း သေးသည်ဟု ယူဆကာ စိတ်သက်သာရာ ရခဲ့သည်။
ထန်ရှုအား ဖုန်းဖြင့် အဆက်အသွယ် မရသောကြောင့် ဟန်ကျင်းဝူသည် စိတ်မအေးနိုင်ဘဲ သူ၏မိခင်ဖြစ်သူ စုလင်းယွမ်အား သွားရောက်တွေ့ဆုံခဲ့သည်။ ယွမ်ချူးလင်၏ ကြိုတင် ကာကွယ်ထားမှုကြောင့် သူမသည် စုလင်းယွမ်နှင့် စကားပြောသည့်အခါ အထူးသတိထားပြီး ထန်ရှု အတန်းပျက်နေသည့် အကြောင်းအား လေသံပင် မဟဘဲ ထန်ရှု အမှတ်များ အဆင့်များ ကောင်းလာသည့် အကြောင်းကိုသာ ပြောပြဖြစ်ခဲ့သည်။
“ဖက်တီး ... ကျေးဇူးတင်ပါတယ်”
ယွမ်ချူးလင် ပြောသည်အား နားထောင်ပြီး ထန်ရှု အမှန်တကယ် ကျေးဇူးတင်မိသည်။ သူ ၁၀ ရက်တောင် ပျောက်သွားခြင်းသည် ယွမ်ချူးလင်နှင့် ဟန်ကျင်းဝူအား များစွာသော အခက်အခဲ ဖြစ်စေမည်ကို သူ သဘောပေါက်ခဲ့သည်။
“အစ်ကိုကြီး ... ငါတို့က ညီအစ်ကိုတွေပဲလေ။ သူစိမ်းတစ်ယောက်လို လုပ်မနေပါနဲ့။ ဒါပေမဲ့ အစ်ကိုကြီး တကယ်ပြန်မလာဘူး ဆိုရင် ကျွန်တော် နေနိုင်တော့မှာ မဟုတ်ဘူး”
ယွမ်ချူးလင်သည် ရယ်လိုက်ရင်း ထပ်မံ ဖြည့်စွက် ပြောလိုက်သည်။
“အစ်ကိုကြီး အဆင်ပြေမယ်ဆိုရင် ဆရာမဟန်ကို ဆက်လိုက်တာ ပိုကောင်းတယ်။ ဒီရက်ပိုင်း အစ်ကိုကြီးကြောင့် ဆရာမမှာ စိတ်နဲ့ လူ မကပ်ဘူး။ စားတာ သောက်တာ စာသင်တာ ငူငူငိုင်ငိုင်နဲ့။ ပိန်ပြီး ဖြူဖပ်ဖြူရော်တောင် ဖြစ်သွားတယ်”
“အေးပါ ... ငါ ခေါ်လိုက်ပါမယ်”
ထန်ရှုသည် သူ ဘေးကင်းကြောင်း ဟန်ကျင်းဝူအား ပြောရန် တွေဝေ နေခဲ့သော်လည်း ယွမ်ချူးလင်၏ သတိပေးမှုကို ကြားရသောအခါ သူ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ယွမ်ချူးလင်၏ ဖုန်းအား ချပြီးသွားသည်နှင့် သူ့အား ၁၄ ကြိမ်တိုင်တိုင် ခေါ်ထားသော ဖုန်းအား သူဆက်လိုက်သည်။ ထိုနံပါတ်သည် မည်သူ၏နံပါတ်မှန်း ထန်ရှု မသိသော်လည်း သူ၏မသိစိတ်ထဲတွင် ထိုနံပါတ်သည် ဟန်ကျင်းဝူ၏ ဖုန်းနံပါတ် ဖြစ်ရမည်ဟု ထင်နေသည်။
“ဟယ်လို … ဟယ်လို …”
ဖုန်းဝင်သွားသည်နှင့် ကြည်လင် ချိုသာ၍ ထူးခြားသော အမျိုးသမီးတစ်ဦး၏ အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ဟန်ကျင်းဝူ၏အသံအား ကြားပြီး ထန်ရှုသည် မည်သည့် စကားဆိုရမည်မသိ ဖြစ်နေသည်။
“ထန်ရှု ... ထန်ရှု မဟုတ်လား။ နင် ကျောင်းကနေ တိတ်တဆိတ် ပျောက်သွားတယ်။ အိမ်လည်း မပြန်ဘူး။ အခု နင် ဘယ်ရောက်နေတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တောင် နင့်အမေကိုတော့ ဂရုစိုက်သင့်တယ်”
ဖုန်းသံ ခဏတိတ်ဆိတ်သွားပြီး ဟန်ကျင်းဝူ၏ ဆူပူကြိမ်းမောင်းသံသည် ဖြတ်သန်း ရောက်ရှိလာခဲ့သည်။
ဟန်ကျင်းဝူသည် ဖုန်းမြည်လာသဖြင့် ကိုင်ကာ ထူးလိုက်ပြီးနောက် တစ်စုံတစ်ခု မူမမှန်သည်ကို ရိပ်မိသွားသဖြင့် သူမသည် ချက်ချင်း ဖုန်းနံပါတ်အား ကြည့်လိုက်မိသည်။ ထို့နောက် သူသည် ဖုန်းနံပါတ်ပိုင်ရှင်အား ရှာဖွေလေတော့သည်။
ဖုန်းထဲမှ ဖြတ်သန်း ရောက်ရှိလာသော အသံသည် သူ၏နားနားတွင် ကပ်ကာ အော်လိုက်ဘိသကဲ့သို့ ကျယ်လောင် လှသောကြောင့် သနားစရာကောင်းသော ထန်ရှုသည် သူ၏နားများ ကန်းသွားပြီလားဟု ထင်ရလောက်အောင် ထိတ်လန့်သွားသည်။
အလွန်ရင်းနှီးပြီး ဆူပူနေသော အသံကြောင့် ထန်ရှုသည် စိတ်ဆိုးရမည့်အစား ပြုံးပင် ပြုံးမိလိုက်သေးသည်။
ဟန်ကျင်းဝူသည် သူ့အား ဆူပူကြိမ်းမောင်း နေသော်လည်း သူမ၏ စကားလုံးများတွင် ကွယ်ဝှက်နေသော ချစ်ခြင်းမေတ္တာအား ထန်ရှု နားလည်လိုက်သဖြင့် သူ့အား ကြည်နူးစေခဲ့သည်။
ထန်ရှုသည် ရှင်းပြချင်ခဲ့သော်လည်း ဟန်ကျင်းဝူသည် သူ့အား ဆက်တိုက် ပြောနေသောကြောင့် စကားပြောခွင့်မရချေ။ သူသည် ပါးစပ်ကို ပိတ်ကာ နားထောင်နေရသည်။
“ဟေး ... နင်က ထန်ရှုမဟုတ်လား။ ထန်ရှုဆိုရင် ငါ့ကို တစ်ခုခု ပြောစရာ မရှိတော့ဘူးလား” ဟန်ကျင်းဝူသည် အတန်ငယ်ကြာအောင် ပြောဆိုပြီးသောအခါ တုံ့ပြန်မှု တစ်စုံတစ်ရာ မရသောကြောင့် သူမတစ်ယောက်တည်း ပြောနေရသည်ကို နားလည်လာသဖြင့် ထန်ရှုမဟုတ်ဘဲ ပြောနေမိမည်ကို စိုးရိမ်လာသည်။
ဟန်ကျင်းဝူ၏ စကားသံအား နားထောင်ရင်း သူမဖြစ်ပျက်နေမည် အမူအရာအား ပုံဖော်ကြည့်ကာ ထန်ရှုသည် ရယ်ချင်လာရသည်။
“ဆရာမဟန် ... ကျွန်တော် ထန်ရှုပါ။ ဆရာမတို့ကို စိတ်ပူစေခဲ့မိလို့ ကျွန်တော် တောင်းပန်ပါတယ်။ တိတ်ဆိတ်ခလုပ်အား ဖွင့်ထားမိပြီး ဖုန်းက တစ်နေရာ လူကတစ်နေရာ ဖြစ်နေလို့ ကျွန်တော် ဖုန်းသံ မကြားမိလိုက်တာပါ” ထန်ရှုသည် သူမအား မစတော့ဘဲ စိတ်ရှည်ရှည် ရှင်းပြလိုက်သည်။
“နင် ... နင် ဘာလို့ ငြိမ်သက်ပြီး မလှုပ်ရှားဘဲ နေရတာလဲ။ ခွင့်မပေးရင် တခြားကျောင်း ပြောင်းမယ်ဆိုပြီး ဆရာမကိုလည်း ခြိမ်းခြောက် သွားသေးတယ်။ နင် ကောင်းတာတွေ မသင်ခဲ့ရဘူးလား။ ဟွန့်”
ထန်ရှု၏ ပေါ့ပါးသော အသံအား ကြားလိုက်ရသော ဟန်ကျင်းဝူသည် မူလက ဆဲဆိုချင်နေခဲ့သည်။ သို့သော် စုလင်းယွမ်ဆီ အလည်သွားခဲ့စဉ်က ပြောခဲ့သော စကားများအား ကြားယောင်ပြီး သူမ၏စိတ်နှလုံးသည် နူးညံ့ခဲ့ရသည်။
ဆရာမဟန်၏ နူးညံ့သော လေသံဖျော့ဖျော့လေးသည် ထန်ရှု၏ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်သွားသည်။
“ဆရာမဟန် ... စိတ်မဆိုးပါနဲ့။ စိတ်ဆိုးရင် နေမကောင်း ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး အဲဒါကို စိတ်ထဲမထားပါနဲ့”
တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ထန်ရှုသည် ဆရာမဟန်အား စနောက်လိုက်သည်။
“နင် ဘာဖြစ်လို့ ငါ့အတွက် မသေပေးသေးတာလဲ”
ထန်ရှုစကား ဆုံးသည်နှင့် ဟန်ကျင်းဝူ၏ဒေါသတကြီး ပြောဆိုသံအား ကြားလိုက်ရပြီး ဘန်းခနဲ ဖုန်းချသွား လေတော့သည်။
“ဆရာမ အဆင်ပြေသွားပြီပဲ”
ဟန်ကျင်းဝူသည် သူမ၏ပုံမှန်အတိုင်း ပြန်ဖြစ်သွား သောကြောင့် ထန်ရှုသည် စိတ်အေးသွားရကာ နောက်ဆုံး ကျန်ရှိသည့် ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။
“ခွင့်ပြုပါခင်ဗျာ။ မစ္စတာထန် ဘယ်မှာရှိလဲလို့ မေးပါရစေ။ ကျွန်တော့်ဆရာက ပွဲတစ်ခုကို ထိန်းနေရလို့ ဖုန်းမကိုင်နိုင်သေးလို့ပါ။ ဒါပေမဲ့ ကျွန်တော့်ဆရာ ကျင်းမန်ကျွန်းမှာ အခက်အခဲ ဖြစ်နေလို့ မစ္စတာထန်ကို အကူအညီ တောင်းခိုင်းထားပါတယ် ခင်ဗျာ။ မစ္စတာထန် လာပြီး ကူညီနိုင်မယ် ဆိုရင် လေယာဉ်လက်မှတ် ချက်ချင်း စီစဉ်ပါမယ်ဗျာ”
ဖုန်းအဆက်အသွယ် ရသွားသည်နှင့် တစ်ဖက်မှလူသည် သူ့အား လေးစားမှု အပြည့်ဖြင့် နှုတ်ဆက်ကာ ထန်ရှု မေးရန်ပင် အခွင့်မပေးနိုင်တော့ဘဲ ခေါ်ဆိုရသည့် အကြောင်းရင်းအား စိတ်လှုပ်ရှားစွာ ရှင်းပြလေသည်။
အခက်အခဲ ကြီးကြီးမားမားနှင့် တွေ့ကြုံနေရသောကြောင့် ထန်ရှုအား အချိန်ကြာမြင့်စွာ ကြိုးစား ဆက်သွယ် နေရဟန်တူကြောင်း ထင်ထင်ရှားရှား သိနိုင်ပေသည်။
“ခင်ဗျားဆရာက ဘယ်သူလဲ”
ထန်ရှုသည် ထိုလူ ဖုန်းမှားခေါ်သည်ဟု သံသယ ဖြစ်ပါသော်လည်း ဖုန်းအား ချက်ချင်း မချသေးဘဲ မေးလိုက်သည်။
“အာ ... ကျွန်တော့်ဆရာက ကျားလွေဒေါင်ပါ။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က လုံခန်းမမှာ ဆရာနဲ့ ကစားခဲ့သေးတယ် မဟုတ်လား။ ဆရာက အဲဒီကနေ ပြန်လာပြီး ကျွန်တော်တို့ကို မစ္စတာထန်အကြောင်း ပြောပြခဲ့လို့ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်က ဆရာက အခက်အခဲနဲ့ ကြုံတွေ့နေရလို့ သူပိုင်သမျှ အရာရာတင်မကဘူး သူ့အသက် သူ့ဘဝပါ ဆုံးရှုံးသွားလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ မစ္စတာထန်ကို ဆက်သွယ်ပြီး အကူအညီ တောင်းရတာပါ” ထိုလူသည် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်က ဆရာကြီးကျားနဲ့ ကစားခဲ့တယ် ဆိုပေမဲ့ ကျွန်တော့် လောင်းကစားစွမ်းရည်က ဆရာကြီးအဆင့် မဟုတ်ပါဘူး။ ဆရာကြီးလို လူစားမျိုးတောင် ဒီပြဿနာ မရှင်းနိုင်တာ ကျွန်တော် ကူညီနိုင်မယ် မထင်ဘူး”
အဖြစ်အပျက် အကြောင်းစုံအား သိပြီးသွားသော် ထန်ရှုသည် ရှင်းပြလိုက်ပြီး ဖုန်းအား တုံ့ဆိုင်းခြင်းမရှိဘဲ ချလိုက်သည်။
လုံခန်းမ၌ သူသည် အနိုင်ရခဲ့ပြီး ကျားလွေဒေါင်၏ စွမ်းရည်အား လေးစားသော်လည်း သူနှင့် နက်နက်ရှိုင်းရှိုင်း ရင်းနှီးမှုရှိသည်ဟု ထန်ရှု မခံစားရပေ။
ထို့အပြင် ထန်ရှုသည် လောင်းကစားခြင်းအား မနှစ်သက်ဘဲ မုန်းတီးလှသည်။ သူ့အတွက် ပိုက်ဆံလိုအပ်နေမှုသာ မရှိခဲ့ပါလျှင် သူသည် ဂိမ်းခန်းမ သို့မဟုတ် လုံကျန့်လင်းအား ကူညီ၍ ကျားလွေဒေါင်နှင့် ကစားရန်အတွက် လုံခန်းမအား ဝင်ခဲ့လိမ့်မည် မဟုတ်ပါချေ။
***