အပြင်ပိုင်းကြယ်တာရာချီ အစောပိုင်းအဆင့် မဟုတ်တော့
Vol. 1-9 Ch. 63
အခန်း (၆၃) အပြင်ပိုင်းကြယ်တာရာချီ အစောပိုင်းအဆင့် မဟုတ်တော့
အရှေ့ တက်နေဝန်းဘုရင် ပြန်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့ပြီးနောက် အကြီးအကဲချင်သည် အရှေ့တန်တော်ဝင်နန်းတော်ဘက်သို့ ကျေးဇူးတင်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် မင်းကြီးကျောက်၊ ကျွန်တော့်ဝါဒတောင်က ဒီကျေးဇူးကို အမှတ်ရနေပါမယ်"
"နေသူတော်စင်ဂိုဏ်း ပြန်လာပြီး အရှေ့တန်ကို ဒုက္ခပေးရင် ဝါဒတောင်ဂိုဏ်းကလည်း ဒီဝန်ထုတ်ဝန်ပိုးကို ကူညီထမ်းပေးပါမယ်"
အရှေ့တန်ဘုရင် ကျောက်ရှီချန်း၏အသံက အဝေးမှ ပျံ့လွင့်လာသည်။ "အကြီးအကဲချင်က ယဉ်ကျေးလွန်းပါတယ်၊ ဝါဒတောင်ဂိုဏ်းဟာ တကယ်တော့ ဒီကောင်းကင်နယ်မြေရဲ့ ပိုင်ရှင်ပါပဲ"
ကျောက်ရှီချန်းက ထိုနေရာတွင် ရှိမနေသဖြင့် မြင်နိုင်မည် မဟုတ်သော်လည်း ရန်ကျောက်ကဲက မတ်တပ်ရပ်၍ ကျောက်ရှီချန်းဘက်သို့ ဂါဝရပြုလိုက်သည်။ "ကျွန်တော် ဦးလေးကျောက်ကို ဒုက္ခပေးမိပါပြီ"
အကြီးအကဲချင်နှင့် ရှု့ချင်တို့ စံအိမ်ထဲသို့ ပြန်သွားကာ ထိုင်ခုံပေါ်၌ နောက်တစ်ကြိမ် ထိုင်လိုက်ကြသည်။
"အရှေ့တက်နေဝန်းဘုရင်တစ်ပါးထဲ လာတာကို ထောက်ရင် နေသူတော်စင်ဂိုဏ်းက ဒီကိစ္စကို သူတို့မဖြစ်မနေ ဖြေရှင်းရမယ့် အရမ်းအရေးကြီးတဲ့ကိစ္စအနေနဲ့ သဘောမထားဘူးဆိုတာ ပြသနေတယ်"
ရန်ရှု့က ဖြေးညှင်းစွာ ပြောလိုက်သည်။ "သူတို့ရဲ့ သစ္စာဖောက်သွားတဲ့ တပည့်တစ်ယောက်ကို ဝါဒတောင်က လက်ခံထားတယ်လို့ပဲ လက်ရှိ သူတို့စိတ်ထဲမှာ သိထားတာပဲ"
"သူတို့ဟာ ထူးကဲယင်မိန်းမပျိုတစ်ယောက် ဆုံးရှုံးသွားတယ်ဆိုတာ သဘောမပေါက်သေးဘူး၊ ပြီးတော့ သူတို့ရန်ဘက် ဝါဒတောင်ဂိုဏ်းကိုမှ ပေးလိုက်သလို ဖြစ်တာ"
ထိုစကားများအား ပြောပြီးသောအခါ ရန်ရှု့၏အကြည့်က ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့ပေါ်သို့ ဦးတည်သွားသည်။
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်၏။ ရန်ရှု့၏သုံးသပ်ချက်က တကယ်တော့ မမှားယွင်းပေ။ သူ တွေးထားသည်နှင့် လုံးဝ ကိုက်ညီနေသည်။
ဖန်းယွမ်ရှန်းသည် နေသူတော်စင်ဂိုဏ်းထိပ်သီးကျင့်ကြံသူများ၏ အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုများကို ခံယူခဲ့ပြီးဖြစ်သည်။ သူမ၏ထူးကဲယင်ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားပြီဟု သူတို့အားလုံး ကောက်ချက်ချခဲ့ကြသည်။
မဟုတ်ပါက အရင်နှစ်နှစ်က ဖြစ်ရပ်မှာ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထိုဖြစ်ရပ်သာ မဖြစ်ခဲ့ပါက ရန်ကျောက်ကဲနှင့် ဝါဒတောင်ဂိုဏ်းကလည်း သူတို့လက်ကြားမှ လွတ်လာသော ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ကောက်ယူရရှိလိမ့်မည် မဟုတ်ပေ။
အကြီးအကဲချင်က ပြောလိုက်သည်။ "ဒါ ငါတို့ဂိုဏ်းအတွက် ကောင်းတဲ့အရာပဲ"
ဤပုံအတိုင်းဆို နေသူတော်စင်ဂိုဏ်း၏တုံ့ပြန်မှုများမှာ အလွန်အမင်းပြင်းထန်လောက်မည် မဟုတ်ပေ။
ဝါဒတောင်ဂိုဏ်းသည် နေသူတော်စင်ဂိုဏ်းအား မကြောက်ရွံ့သော်လည်း မလိုအပ်ဘဲ ဂိုဏ်းနှစ်ခုအကြား စစ်မဖြစ်စေချင်ပေ။ ထိပ်သီးနယ်မြေနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုမှ ထိန်းမနိုင် သိမ်းမနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်၏။
စစ်ဟူသည် နှစ်ဖက်စလုံးအတွက် မကောင်းသောအရာဖြစ်သည်။ မည်သည့် ဘက်မှ နိုင်သည်ဖြစ်စေ နှစ်ဖက်စလုံးက အနည်းနှင့်အများ အထိနာနိုင်သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ထိပ်သီးနယ်မြေခုနစ်ခုရှိလေရာ သူတို့အထိနာသည်နှင့် သူတို့ နေရာကို အခြားထိပ်သီးနယ်မြေက ဝင်ယူသွားနိုင်လေသည်။ ထို့ကြောင့် သာမာန် တပည့်တစ်ယောက်အတွက်နှင့် စစ်ဖြစ်နိုင်လောက်သည်အထိ နေသူတော်စင်ဂိုဏ်းက အဘယ်သို့ အားထုတ်ရမည်နည်း။
တစ်ဖက်တွင် နေသူတော်စင်ဂိုဏ်းက ပိုမို အင်အားကြီးမားလေရာ ဝါဒတောင်ဂိုဏ်းကလည်း နေသူတော်စင်ဂိုဏ်းနှင့် အင်အားမျှချေရောက်သည်အထိ အေးအေးချမ်းချမ်းဖြင့် အင်အားကို ဆက်လက် စုဆောင်းချင်သည်။
ထို့ကြောင် ရန်ရှု့ ထွက်တိုက်စဉ်က သူ့သဘောထားမှာ တင်းမာ၍ အလျော့မပေးသော်လည်း သူတို့ဘက်က ဖန်းယွမ်ရှန်းကို လက်ခံထားသည်ဟူသောအချက်ကို တွင်တွင် ဘူးခံ ငြင်းနေခဲ့သည်။ ဤသို့ဖြင့် နေသူတော်စင်ဂိုဏ်းကလည်း ဂုဏ်သိက္ခာအချို့ ပြန်ဆည်နိုင်ခဲ့သလို သူတို့ ပြန်ဆုတ်စရာ လမ်းကြောင်းကိုပါ ဝါဒတောင်ဂိုဏ်းက ဖွင့်ပေးထားသည်ဟု ဆိုရပေမည်။
နေသူတော်စင်ဂိုဏ်းနှင့် ပတ်သတ်၍ ပိုမို သဘောထားတင်းမာသော အကြီးအကဲချင်ကပင် ဤသည်ကို တိတ်ဆိတ်လျက် သဘောတူခဲ့သည်။
သူတို့နှစ်ယောက်လုံး ဤအချက်ကို တိတ်တဆိတ် သဘောတူထားလေရာ ရန်ကျောက်ကဲကလည်း သူ့အကြီးအကဲများအား ဖျက်လိုဖျက်စီးလုပ်မည်မဟုတ်ပေ။
နေသူတော်စင်ဂိုဏ်း၏ထူးကဲယင်မိန်းမပျိုဖန်းမူကီသည် သူ၊ ဝါဒတောင်ဂိုဏ်းတို့နှင့် ဆက်နွယ်မှု ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် အိမ်မဲ့ရာမဲ့လေးဖြစ်နေသော ထူးကဲယင်မိန်းမပျိုဖန်းယွမ်ရှန်းကတော့ မတူ ခြားနားသောကိစ္စဖြစ်သည်။
ဘာလဲ၊ သူတို့ရုပ်တွေဟာ တစ်ပုံစံထဲလို့ ပြောချင်တာလား။
ကျယ်ပြောလှသည့် ကောင်းကင်နှင့် မြေကြီးကြားမှာ ထူးဆန်းအံ့ဩဖွယ်ရာတွေ များစွာ ရှိသည်။ လူတစ်ယောက်နှင့် တစ်ယောက် ဆင်တူနေတာ ယခုမှ ပထမဆုံး မဟုတ်ချေ။
လှပလွန်းတယ်၊ ပြီးတော့ မျက်နှာကပါ တထေရာတည်း ဟုတ်လား။
ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးမလား။ မွေးကတည်းက ကွဲကွာသွားတဲ့ အမွှာညီအမတွေတောင် ဖြစ်နိုင်သေးတယ်။
အဆုံးမှာတော့ မပိုင်ဆိုင်ရသေးသော လူကို လိုချင်သည်။ အကျိုးအမြတ်ရှိလျှင် တိုက်ခိုက်ချင်သည်။
မင်းတို့ နောက်ကြောင်း ပြန်ဆုတ်လို့ရအောင် ငါတို့ လမ်းဖွင့်ပေးထားတယ်။ အဲ့လိုဆို အားလုံး ဘေးကင်းကင်းနဲ့ ပြီးသွားမယ်။ အဲ့လိုမှ မဟုတ်ရင် ငါတို့ အကြမ်းတမ်းဆုံးနည်းနဲ့ ရင်ဆိုင်ကြတာပေါ့။
ရန်ရှု့က ပြောသည်။ "အရင် ထူးကဲယင်ပြိုင်ပွဲမှာ မန်ဝမ် ရှုံးနိမ့်ပြီး ထူးကဲယင်သရဖူကို လက်လွှတ်လိုက်ရတယ်၊ အဲ့သရဖူက ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့လက်ထဲ ကျရောက်သွားတယ်၊ ကျောက်စိမ်းပင်လယ်မြို့တော်က နေသူတော်စင်ဂိုဏ်းနဲ့ မတည့်ပေမယ့် ကျွန်တော်တို့နဲ့တော့ တော်တော် ဆက်ဆံရေးကောင်းတယ်"
"သူတို့ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံတာ အချိန်တော်တော်ကြာနေပြီ၊ အခုထိ ပြန်ထွက်မလာသေးဘူး၊ အင်မတန် အရေးကြီးတဲ့ကိစ္စမှမဟုတ်ရင် နေသူတော်စင်ဂိုဏ်းက ကျွန်တော်တို့နဲ့ စစ်ဖြစ်ချင်မှာ မဟုတ်ဘူး"
အကြီးအကဲရှု့က ဖန်းယွမ်ရှန်းအား ကြည့်လိုက်သည်။ "ဒီပြဿနာရဲ့ ဇစ်မြစ်က မိတ်ဆွေလေးဖန်းပဲ"
"အခြေအနေအရပ်ရပ်ကို ခြုံငုံစဉ်းစားလိုက်တဲ့အခါမှာတော့ မိတ်ဆွေလေးဖန်းက အရှေ့တန်နိုင်ငံ၊ အရှေ့ကောင်းကင်ဒေသမှာ ဆက်မနေသင့်တော့ဘူး"
"ပင်မဂိုဏ်းက စေလွှတ်လိုက်တဲ့ လူတွေ ရောက်ရင် သူတို့က မင်းကို ဝါဒတောင်ဆီ ပြန်ခေါ်သွားလိမ့်မယ်"
အကြီးအကဲချင်က ရန်ကျောက်ကဲဘက်ကို ကြည့်လိုက်သည်။ "ကျောက်ကဲ၊ မင်းလဲ သူနဲ့ လိုက်သွားတော့၊ ဒီတကြိမ် ဆုံးရှုံးမှုကြုံတွေ့ပြီးတဲ့နောက်မှာ နေသူတော်စင်ဂိုဏ်းက မင်းကို ပစ်မှတ်ထားလာလိမ့်မယ်"
"ပင်မဂိုဏ်းကို ပြန်ရောက်ရင် မိတ်ဆွေလေးဖန်းရဲ့ ထူးကဲယင်ခန္ဓာကိုယ်ပြန်ရဖို့ မင်းက ဘေးက ကူညီပေးလိုက်"
ရန်ကျောက်ကဲက ပြန်လည်ဖြေကြားသည်။ "စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါပေမယ့် ကျွန်တော် အရှေ့တန်မှာ အချိန်တချို့တော့ ဆက်နေရပါဦးမယ်၊ ကျွန်တော်လုပ်ဖို့ လိုသေးတဲ့ ကိစ္စတချို့ ရှိသေးတယ်"
"ဂျူနီယာညီမလေးဖန်းကိုသာ ပင်မဂိုဏ်းကို အမြန်ဆုံး ပို့ပေးလိုက်ပါ၊ ကျွန်တော့်ကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်လာပါမယ်"
"ဒီကြားထဲမှာတော့ ကျွန်တော်ဟာ မြို့ထဲမှာပဲ တတ်နိုင်သလောက် သိုသိုသိပ်သိပ် နေပါမယ်၊ နေသူတော်စင်ဂိုဏ်းကို လှုပ်ရှားဖို့ အခွင့်အရေး မပေးပါဘူး"
အကြီးအကဲချင် အနည်းငယ် မျက်မှောင်ကုပ်သွားသည်။ "မင်းလုပ်ဖို့ ကျန်သေးတဲ့ ကိစ္စတွေက ဘာတွေလဲ"
ရန်ကျောက်ကဲ ပြန်မဖြေသေးခင် ဘေးမှ ရှု့ချွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အမှန်ပဲ၊ သူ အတည်ပြုဖို့ လိုသေးတဲ့ ကိစ္စတချို့ ကျန်သေးတယ်"
အကြီးအကဲချင်၏အကြည့်က ရှု့ချင်ဘက်သို့ ရောက်သွားရာ ရှု့ချင်က ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ဂိုဏ်းရဲ့တပည့် လင်းယုရှောင်က အရှေ့တန်နိုင်ငံထဲမှာ အသတ်ခံရတယ်၊ သူမက ကျွန်တော်တို့ဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက် သိုင်းပညာဖြစ်တဲ့ တုရှိတလက်ဝါးနဲ့ အသတ်ခံရတာပဲ"
"လင်းယုရှောင်၊ ဒီနာမည်က…..၊ ဒီလူအိုကြီး အမှတ်မမှားဘူးဆိုရင်၊ ကျောက်ကဲ…” အကြီးအကဲချင်၏ တည်ငြိမ်သောအသံ ထွက်လာသည်နှင့်အတူ သူ့အကြည့်ကလည်း ရန်ကျောက်ကဲဆီသို့ ရောက်သွားသည်။
တည်ငြိမ်သော အမူအရာဖြင့် ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်၏။ "ဒီတပည့် သူ့ကို တောင်ပေါ် ခေါ်လာပြီး ဂိုဏ်းထဲ သွင်းခဲ့တာပါ"
"ရီကျင်းလိုပဲ သူမရဲ့ ဇာတိက အရှေ့တန်နိုင်ငံကပါ"
"အတိတ်တုန်းက ကျွန်တော်တို့က ချစ်သူတွေပါ" ထိုစကားကို ပြောစဉ် ရန်ကျောက်ကဲ အနည်းငယ် တုံ့ဆိုင်းသွားသည်။
သွားလေသူ လင်းယုရှောင်အတွက် ရန်ကျောက်ကဲ၏စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းမိသလို စိတ်မကောင်းလည်း ဖြစိမသည်။ မည်သို့ပင်ဆိုစေ ဤအရာကား အသက်တစ်ချောင်းပင်။ သူမ၏လုပ်ရပ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူမအသက်ကို နှုတ်ယူသည့် အတိုင်းအတာအထိတော့ မလုပ်သင့်ပေ။
တိတိကျကျ ပြောရရင် သူတို့နှစ်ယောက်သည် မည်သည့်အချိန်တုန်းကမှ စကားတစ်ခွန်းမျှ မပြောခဲ့ဖူးချေ။ သူမအပေါ် သူ၏နားလည်မှုက ရုပ်ရှင်ကားတစ်ကား ကြည့်နေရသည်နှင့်တူသော သူ့ခန္ဓာကိုယ်မူလပိုင်ရှင်၏ မှတ်ဉာဏ်အစိတ်အပိုင်းများမှ လာလေသည်။
သူ့ခန္ဓာကိုယ်မူလပိုင်ရှင်၏ မှတ်ဉာဏ်အစိတ်အပိုင်းများထဲမှအပ ရန်ကျောက်ကဲသည် လင်းယုရှောင်ကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ချေ။
သည်ဖြစ်ရပ်အပေါ် သူသည်လည်း ထပ်တူ ခံစားရပါသည်ဟု ပြောလျှင် မည်သူက ယုံကြည်မည်နည်း။
သို့တစေ အခြားသူများ၏ မျက်လုံးထဲ၌ သူတို့နှစ်ယောက်သည် သမီးရည်းစားများဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲသည် ဝမ်းနည်းသော အမူအရာကို ဆင်မြန်းလျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "လျူလျောင်တောင်တန်းမှာထဲက ကျွန်တော်ဟာ ဒီအကြောင်းကို သိရတာပါ"
"အဲ့တုန်းက ကျွန်တော့မှာ အရေးကြီးကိစ္စ ရှိနေလို့၊ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်နိုင်ခင် အဲ့တာကို အရင်ပြီးအောင် လုပ်ခဲ့ရတယ်"
"အခု ဂျူနီယာညီမလေးဖန်းရဲ့ကိစ္စလည်း ပြီးသွားပြီဆိုတော့ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး ဂျူနီယာညီမလေးလင်းရဲ့ဝိဉာဉ် အေးအေးချမ်းချမ်း အနားယူနိုင်အောင် တကယ့်တရားခံကို သတ်ဖြတ်ခွင့်ပေးဖို့ တောင်းဆိုပါတယ်"
ရန်ရှု့က ရန်ကျောက်ကဲအား ကြည့်လျက် ခပ်တည်တည် ပြောလိုက်သည်။ "ဒီလူအိုကြီး မြင်သလောက်တော့ မင်းကိုယ်တိုင်က သံသယဖြစ်စရာပဲ"
ရန်ကျောက်ကဲက ရန်ရှု့အား ကြည့်လိုက်သည်။ ရန်ရှု့က အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ချောက်နက်ကြီးကြပ်ခြင်းမြို့ထဲမှာ မင်းမကောင်းကြောင်းကောလဟာလတွေ ပလူပျံနေတာပဲ"
အကြီးအကဲချင် မျက်မှောင်ကုပ်သွား၏။ "ဘာ ကောလဟာလတွေလဲ"
ရန်ရှု့က ဖြေကြားသည်။ "နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ရန်ကျောက်ကဲက စစ်ခုန်ချင်းလို့ခေါ်တဲ့ တပည့်မနဲ့ ရင်းနှီးသထက် ရင်းနှီးလာတဲ့ ကောလဟာလအကြောင်းပါ၊ အခု သူတို့နှစ်ယောက် တော်တော် နီးစပ်နေတဲ့ ဆက်ဆံရေးမျိုးပါ"
"ဒီသတင်းကို ကြားတော့ လင်းယုရှောင်က သူမ ထားခဲ့ခံရမှာ စိုးရိမ်ပြီး အရှေ့တန်ကို အလျင်အမြန်လိုက်လာပါတယ်"
သူ ပြော၍ မပြီးသေးခင်မှာပင် သူ့စကားလမ်းကြောင်းက မည်သည်ကို ဦးတည်နေကြောင်း အကြီးအကဲချင် သဘောပေါက်မိသည်။ "ဒီကောလဟာလတွေက အခြေအမြစ်မရှိပါဘူးကွာ၊ ယုံကြည်နိုင်လောက်တဲ့ ဟာတွေ မဟုတ်ပါဘူး"
"လင်းယုရှောင် အရှေ့တန်မှာ နေတုန်းက ဘာရန်သူမှ မရှိပါဘူး" ရန်ရှု့က ပြောသည်။ "ပြီးတော့ သူမက ကျွန်တော်တို့ဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက် သိုင်းပညာရပ်ဖြစ်တဲ့ တုရှိတလက်ဝါးချက်အောက်မှာ သေဆုံးသွားတာပါ"
သူက ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ "ဒီလူအိုကြီး ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပြီးပြီ၊ ဒီလူအိုကြီးရဲ့ အသေးစိတ် စစ်ဆေးချက်အရတော့ တရားခံဟာ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်မှာ ရှိလောက်တယ်"
"သွေးဝိဉာဉ်ပြန်လည်တမ်းတခြင်းနည်းစနစ်ဆိုတာကလည်း နှစ်ဘက်စလုံးက အသက်ရှင်နေမှ လုပ်လို့ရတဲ့ အရာမျိုးပဲ"
"လူတစ်ယောက်ချင်းစီကို ခွဲထုတ်ပြီး သီးခြားမေးရင်တောင် ကြိုဇာတ်တိုက်ထားရင် တစ်ပုံစံထဲ ထွက်လာမှာပဲ၊ အဲ့တာကြောင့် မင်းလူတွေနဲ့ ဒီက မိတ်ဆွေလေးဖန်းဟာ သက်သေအနေနဲ့ မသင့်တော်ဘူး"
"အခု လင်းယုရှောင်က သေသွားပြီ၊ သူမ သေဆုံးမှုမှာ မျက်မြင်သက်သေမရှိဘူး ဖြစ်နေတယ်"
ရန်ရှု့က သူ့ခေါင်းကို လှည့်၍ အကြီးအကဲချင်အား ကြည့်လိုက်သည်။ "လက်ရှိမှာ ဘယ်အရာကိုမှ တပ်အပ် မပြောနိုင်သေးပါဘူး၊ ဒါပေမယ့် ရန်ကျောက်ကဲကတော့ သူ့အပေါ်မှာရှိနေတဲ့ သံသယကို ကင်းရှင်းအောင် လုပ်သင့်တယ်လို့ ဒီလူအိုကြီး ထင်မိတယ်"
သူ့စကားကို ကြားသောအခါ အကြီးအကဲချင်က ဖြည်းညှင်းစွာ ခေါင်းငြိမ့်သည်။
သို့ရာတွင် ရန်ကျောက်ကဲက လှောင်ရီနေ၏။
အကြီးအကဲချင် မျက်မှောင်ကုပ်သွားသည်။ "ကျောက်ကဲ၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ်ကြည့်ဦး"
ရန်ကျောက်ကဲသည် ပြုံးနေသည်ကို ရပ်ကာ အလွန်လေးနက်သော အသွင်အပြင်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ "အပြင်ပိုင်းကြယ်တာရာချီအစောပိုင်းအဆင့်လား၊ ကျွန်တော်က အဲ့အဆင့်မှာ မဟုတ်ပါဘူး"
ထိုသို့ပြောပြီးသည်နှင့် သူ့ ကြယ်တာရာချီကို ထုတ်ဖော်လိုက်သည်။ သူ့ကြယ်တာရာချီသည် လက်နက်သဏ္ဌာန်ဖွဲ့၍ ခန္ဓာကိုယ်ပတ်လည်တွင် ဝဲပျံနေ၏။
ရန်ရှု့မှာ ထိုင်ခုံပေါ်မှ ထခုန်လိုက်ရာ ထိုင်ခုံပင် လဲလုမတတ် ဖြစ်သွား၏။
ရန်ကျောက်ကဲသည် တချိန်လုံး မလှုပ်ရှားခဲ့ဘဲ သူ့ကြယ်တာရာချီကို သိုဝှက်ထားခဲ့သည်။ ယခုမှသာ ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို ရောက်နေကြောင်း အကြီးအကဲရှု့ သတိထားမိတော့သည်။
"ဒါမေယ့်…. ဒါ… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရန်ရှု့သည် မျက်လုံးအပြူးသားဖြင့် မည်သည့်အသံမှ မထွက်နိုင်တော့သည်အထိ ကြက်သေသေနေသည်။ "သူ ဒီလူအိုကြီးမျက်စိရှေ့မှာတင် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကနေ အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်ကို ချိုးဖြတ်ပြီးတာ တစ်လလောက်ပဲ ရှိသေးတယ်"