မျက်လုံးကိုတော့ကျယ်ကျယ်ဖွင့်ထားဖို့လိုတယ်
Vol. 12 Ch. 160
အခန်း (၁၆၀) မျက်လုံးကိုတော့ကျယ်ကျယ်ဖွင့်ထားဖို့လိုတယ်
လေးကြိုးက သက်လတ်ပိုင်းလူရွယ် သိုင်းသမား၏လည်ပင်းတွင် ရစ်ပတ်လျှက် သွေးများချက်ချင်းစီးကျလာသည်။
နာကျင်မှုက သူ့တစ်ကိုယ်ဖုံးလွှမ်းသွားပြီး သေရတော့မည်ဆိုသောအသိက သူ့ကို စိတ်ပျက်အားလျော့သွားစေသည်။
လျိုရှန်းဖုန်းက လေးကြိုးကိုကိုင်ထားသည့် သူ့လက်မှစွမ်းအားကို ထိန်းထားပြီး ရန်ကျောက်ကဲနှင့် ကျန်းယောင်ကို ခေါင်းမော့ကြည့်ကာ ပြုံးပြသည်။ ထိုအပြုံးက သွေးဆာနေသည့်အပြုံးမျိုးပင်။
ကျန်းယောင်အနည်းငယ် မျက်နှာပျက်သွားပြီး...
“ရှင်က အဆုံးမဲ့တောင်တန်းက အစ်ကိုကြီး’လျိုရှန်းဖုန်း’ မဟုတ်လား ၊ ဒီလူက အစ်ကိုကြီးကို ဘယ်လိုအမှားများ ပြုမိလို့ ခုလိုဖြစ်ရတာလဲ”
လူရွယ်သိုင်းသမားသည် သူ့ကိုဘာမှမလုပ်နိုင်တော့သည်မှာ ထင်ရှားသော်လည်း လျိုရှန်းဖုန်းကတော့ သူ့ကို သတ်ဖြတ်ပစ်ချင်နေဆဲ ဖြစ်၏။
ကြည်လင်လျှို့ဝှက်ရေကန်ဆိုသည်က လှိုင်းနက်ဂေဟာ၏ပိုင်နက်ဖြစ်သလို ကောင်းမွန်သာယာသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။
လူရွယ်သိုင်းသမားသည်လည်း လှိုင်းနက်ဂေဟာ၏ ခွင့်ပြုချက်ဖြင့် ဤနေရာသို့ဝင်ရောက်ကာ ရတနာရှာဖွေခြင်း ဖြစ်သည်။ ယခုတော့ သေလုမျောပါး ဒဏ်ရာပြင်းထန်စွာ ရရှိရုံသာမက ရက်ရက်စက်စက်လည်း နှိပ်စက်ခံထားသည်။ ကျန်းယောင်အနေဖြင့် ထိုအချက်ကို မည်သို့မှ လက်မခံနိုင်ပေ။
သူတို့၏ကျင့်ကြံခြင်းအဆင့်က များစွာကွာခြားသည့်တိုင် ကျန်းယောင်က ငယ်စဉ်ကပင် လှိုင်းနက်ဂေဟာ၏ သင်ပြပေးမှုအောက်တွင် ကြီးပြင်းလာသူဖြစ်ရာ စကားသံက ထစ်ငေါ့ခြင်းမရှိဘဲ တည်ငြိမ်သည်။
သို့သော် လျိုရှန်းဖုန်း ပြောလိုက်သည့် ပထမဆုံးစကားက သူမကို အံ့အားသင့်သွားစေသည်။
“သူက ငါ့ကို မစော်ကားပါဘူး ၊ သူငါ့ကိုကြည့်တဲ့အကြည့်ကို သဘောမကျလို့ သူနဲ့ နည်းနည်းပါးပါး သွေးပူလေ့ကျင့်ခန်း လုပ်လိုက်တာ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လျိုရှန်းဖုန်းကို တိတ်တဆိတ်အကဲခတ်နေသည်။
ကျန်းယောင်က...
“ဒါပေမဲ့... အစ်ကိုကြီး’လျို’ ၊ ဒီလိုမျိုးက...”
သူမစကားမဆုံးခင် လျိုရှန်းဖုန်းက ပြုံးလိုက်ရင်း...
“ဘာလဲ... အရမ်းထူးဆန်းနေလား ၊ လှိုင်းနက်ဂေဟာက ညီမလေးက တခြားသူတွေကို အနိုင်ကျင့်ရတာ ပျော်စရာကောင်းတယ်ဆိုတာကို သဘောမပေါက်သေးဘူးထင်တယ်”
ကျန်းယောင်က မျက်မှောင်ကြုတ်ရင်း...
“အဲဒါ ဘယ်လိုမျိုးလဲ…”
လျိုရှန်းဖုန်းက ပြုံးလိုက်ရင်း...
“မင်း ငါဘယ်သူလဲဆိုတာ သိတာပဲ ၊ ဒါဆို ငါ့အကြောင်းကောလဟလတွေလည်း ကြားဖူးမှာပေါ့ ဟုတ်တယ်မလား ၊ ဒီနေရာမှာ ငါ့ကိုယ်ငါ ဝန်ခံစရာရှိတာက... အဲဒီကောလဟလတွေက တမင်သက်သက်ချဲ့ကားတာမဟုတ်ဘူး ၊ ပြီးတော့ အဲဒီကောလဟလတွေထက်တောင် ငါကဆိုးရွားသေးတယ်”
လျိုရှန်းဖန်းက ပေါ့ပေါ့ပါးပါးဖြင့် ဆက်ပြောသည်။
“ငါက ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေနဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့သူတွေကို အနိုင်ယူရတာထက် ငါ့ထက် အားနည်းတဲ့သူတွေကို သတ်ဖြတ်ရတာကို ပိုသဘောကျတယ် ၊ ဘာလို့လဲဆိုတော့ အချိန်ရော စွမ်းအားရော အကုန်သက်သာတယ်လေ ၊ ပြီးတော့ ငါက တခြားလူတွေကို ဖြည်းဖြည်းချင်း ညှင်းသတ်ရတာကို အရမ်းပျော်တယ်”
“ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေကို အနိုင်ယူပြီး သတ်ဖြတ်ပစ်ရတာလည်း ကောင်းတော့ကောင်းပါတယ် ၊ ဒါပေမဲ့ သူတို့ကိုဖမ်းပြီး အရှင်လတ်လတ် ဖြည်းဖြည်းချင်းနှိပ်စက်မယ်ဆိုရင်တော့ သိပ်ပြီးမပျော်ရတဲ့အပြင် အခန့်မသင့်ရင် ငါ့အတွက် အသက်အန္တရယ် ရှိတယ်လေ”
ပြောရင်း သူက လူရွယ်သိုင်းသမားကို ကြည့်လိုက်ပြီး...
“သူ တကယ်လုပ်မိတဲ့အမှားကတော့ ငါ့ထက် အားနည်းတဲ့သူ ဖြစ်နေတာပဲ”
လုံးဝရူးသွပ်နေသူတစ်ယောက်ပမာ စကားပြောနေသည့် လျိုရှန်းဖုန်းက ကျန်းယောင်က မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။
“အားနည်းသူကိုအနိုင်မကျင့်ရဘူးလို့ လူတိုင်းကပြောကြတယ် ၊ ဒါပေမဲ့ တကယ်တမ်းမှာ ဘယ်သူက အဲဒါကို လိုက်နာလို့လဲ”
“ညီမလေးရေ... အခု မင်းနဲ့ ဒီ ရန်ကျောက်ကဲဆိုတဲ့သူ (၂)ယောက်တည်းပဲ ရှိတယ် ၊ မင်းက ကျင့်ကြံခြင်းအဆင့် အားနည်းတယ်ဆိုပေမယ့် ရန်ကျောက်ကဲက မင်းကို အနိုင်မကျင့်ဘဲ လေးလေးစားစားဆက်ဆံတယ်ဆိုတာက မင်းက လှိုင်းနက်ဂေဟာက ဖြစ်နေလို့ပဲ ၊ မင်းက အားနည်းပေမယ့် မင်းရဲ့နောက်ခံက အားကြီးတယ်လေ”
“ဒါကြောင့် သူက ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်ဆိုပေမယ့် အတွင်းပိုင်းကြယ်တာရာချီအလယ်ဆင့်ဖြစ်တဲ့ မင်းကို ရိုင်းစိုင်းစော်ကားမှာ မဟုတ်ဘူး”
လျိုရှန်းဖုန်းက သွားများပေါ်သည်အထိ ပြုံးလိုက်ရင်း...
“ငါက အဆုံးမဲ့တောင်တန်းက ၊ မင်းက လှိုင်းနက်ဂေဟာက ၊ ဒီရန်ကျောက်ကဲက ဝါဒတောင်က”
“ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းရဲ့ မြင့်မားတဲ့ နောက်ခံတွေ ငါတို့မှာရှိတယ် ၊ ကောင်းတဲ့အရာတွေက ငါတို့ဆီကို အမြဲတမ်း အရင်ဆုံးရောက်လာတယ် ၊ အဖိုးတန်ရတနာတွေဆိုလည်း ငါတို့ပိုင်ဆိုင်တယ် ၊ ဒီတော့ ငါတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်စရာပဲရှိတယ် တစ်ယောက်နဲ့တစ်ယောက် အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး”
“ဥပမာပြောရရင်ကွာ... ထူးကဲယင်သရဖူကိစ္စကိုပဲကြည့် ၊ ထိပ်သီးသိုင်းဂိုဏ်း (၆)ခုက မဟုတ်ဘဲ ဘယ်ကမှန်းမသိတဲ့ ထူးကဲယင်မိန်းမပျိုတစ်ယောက် ရုတ်တရက်ပေါ်လာပြီး ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်ရသွားတယ်ဆိုပါစို့ ၊ သူ့ကို ဘယ်သူက ထူးကဲယင်သရဖူကို ပေးလိုက်မှာလဲ ၊ ဟုတ်တယ်မလား ၊ သူ့ကို ဝိုင်းပြီးတော့တောင် မောင်းထုတ်ကြဦးမယ်”
လျိုရှန်းဖုန်းက သိမ်မွေ့စွာဖြင့်...
“ဒါပဲလေ... အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တယ်ဆိုတာ အဲဒါမျိုးကိုပြောတာ ၊ နောက်ခံမကောင်းတဲ့ ကျင့်ကြံသူတွေအနေနဲ့ ငါတို့အနိုင်ကျင့်တာကို မကျေနပ်ဘူးဆိုရင်တောင် စိတ်ထဲကပဲ ကျိန်ဆဲရဲလိမ့်မယ် ၊ သူတို့အနေနဲ့ ငါတို့လို ဖြစ်ချင်ပေမယ် ငါတို့လို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”
ပြောရင်းဖြင့် လျိုရှန်းဖုန်းက သူ့လက်မှလေးကြိုးကို လွှတ်လိုက်သည့်အခါလူရွယ်သိုင်းသမားမှာ သေမင်းတံခါးမှ ပြန်ထွက်လာနိုင်ခဲ့သည်။ သို့သော် သူ၏သိုင်းစွမ်းအားလုံး ဆုံးရှုံးသွားပြီး ဒဏ်ရာလည်းပြင်းထန်လှသဖြင့် ထိန်းမထားနိုင်တော့ဘဲ သတိလစ်မေ့မျောသွားတော့သည်။
“ဒီကောင်သာ ငါ့ထက်သမန်မာတယ်ဆိုရင် ဒီလိုအခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး ၊ ငါ့နောက်ခံဖြစ်တဲ့ အဆုံးမဲ့တောင်တန်းကို ကြောက်ရွံ့လို့ ငါ့ကို မသတ်ဘူးဆိုရင်တောင် ငါ့လက်မှာ ဒီလိုဖမ်းဆီးခံရမှာ မဟုတ်ဘူး”
ပြောရင်းဖြင့် လျိုရှန်းဖုန်းက ခြေထောက်ကိုဆန့်ကာ သတိမေ့နေသည့် လူရွယ်ကို ကန်ထုတ်လိုက်သည်။
ထို့နောက် သူက ပြုံးလိုက်ရင်း...
“သူ့သိုင်းစွမ်းအားက ငါ့ထက်အားနည်းတယ် ၊ နောက်ခံလည်း ဘာမှမရှိဘူး ၊ ဒီတော့ ငါ ဘာပဲလုပ်လုပ် သူ ခံရမှာပဲပေါ့”
ကျန်းယောင်က စကားပြောရန်ဟန်ပြင်လိုက်စဉ် ရန်ကျောက်ကဲက လက်ကာပြပြီး သူမကို တားဆီးလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက လျိုရှန်းဖုန်းကို ကြည့်လိုက်ရင်း...
“မင်းရဲ့အမြင်တစ်စိတ်တစ်ပိုင်းကို ငါ သဘောမတူပေမယ့် မင်းအတွေးအမြင်တွေကိုတော့ ငါ နားလည်ပါတယ် ၊ မင်းမှာ ဒီလိုအတွေးမျိုးရှိနေမှတော့ အဆုံးမဲ့တောင်တန်းက မင်းကို ပြင်ပလောကကို ထွက်ခွင့်မပြုတာ မအံ့သြတော့ပါဘူး”
ထိုစကားကြောင့် လျိုရှန်းဖုန်းမျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားသည်။
“အင်း... ဂိုဏ်းက ငါ့အပေါ်အရမ်းကောင်းပေမယ့် ချုပ်ချယ်တာ များလွန်းတာတော့ အတော်ဆိုးတယ်”
ပြောရင်း ခေါင်းကိုမော့လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ နည်းနည်းတော့ မကျေမနပ် ဖြစ်နေဟန်ပင်။
“စည်းကမ်းမူဘောင်တွေ ၊ ဖုံးကွယ်ထားတဲ့အရာတွေများလွန်းတော့... ငါ့ဘဝကြီးက လူတိုင်းနဲ့ယှဉ်ပြီး အပြောခံ ရုန်းကန်နေရတယ် ၊ ဒါတွေကို ဝန်မခံချင်ပါဘူးကွာ ၊ လူတွေကို ကိုယ့်လက်ကိုယ့်ခြေလုပ်ခွင့်မပေးဘဲ အမြဲတမ်း စည်းကမ်းတင်းကျပ်နေတယ်”
လျိုရှန်းဖုန်းက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ပြီး ပြုံးလိုက်သည်။
“စောစောက မင်းကို စိန်ခေါ်မလို့ကို ဟို အမှိုက်ကောင် ကျိဟန်ရူနဲ့ ရှောင်ယွိတို့ ဝင်နှောက်ယှက်တာနဲ့ပဲ မလုပ်လိုက်ရဘူး ၊ အခုတော့ ဒီနေရာမှာ ဘာအတားအဆီးမှ မရှိတော့ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်အေးဆေးသည့် အမူအရာဖြင့်...
“ပြဿနာတစ်ခု ရှိတယ်”
ဟု ပြောလိုက်သည်။
ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည့် လျိုရှန်းဖုန်း၏ မျက်ဝန်းများတွင် အန္တရယ်အငွေ့အက်များဖြင့် ပြည့်နက်နေသည်။
"ဘာပြဿနာလဲ"
ရန်ကျောက်ကဲက...
“မင်းထက် စွမ်းအားမြင့်မားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ မင်း ဘာလုပ်မလဲ”
လျိုရှန်းဖုန်းက...
“ဘာလဲ... မင်းလိုလူမျိုးကို ဆိုလိုတာလား”
“စောစောက မင်းအော်လိုက်တဲ့ ကြုံးဝါးသံကြီးကိုကြားရတော့... မင်းက အားနည်းတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ် ၊ မင်း အပြင်ပိုင်းကြယ်တာရာချီစွမ်းအားအဆင့်တုန်းက ရှန်ထျန်း ကနဦးအဆင့်ရှိတဲ့ ကျိဟန်ရူကို အနိုင်ယူခဲ့တယ်ဆိုတာ အံ့သြစရာမရှိပါဘူး”
“ဒါပေမဲ့ ငါက မင်းထက်ပိုပြီးသန်မာတယ် ၊ အများကြီးပိုပြီး သန်မာတယ်”
လျိုရှန်းဖုန်းက သူ့လက်ထဲမှလေးကို လွှတ်ပစ်လိုက်ပြီး ရန်ကျောက်ကဲထံ လျှောက်လာရင်း သူ့လက်မောင်းကြွက်သားများကို ထုတ်ပြလိုက်သည်။
“ငါ့ထက်စွမ်းအားမြင့်မားတဲ့သူနဲ့တွေ့ရင်တော့ သူတို့ကို ရန်သွားစလို့ ဘယ်ဖြစ်မလဲ ၊ တစ်ဖက်လူက ငါ့ကိုတိုက်ခိုက်ချင်တယ်ဆိုရင်တောင် ငါက တတ်နိုင်သလောက် ဝေးဝေးပြေးမှာပဲ”
သူက အရေးမစိုက်ဟန်ဖြင့် ဆက်ပြောသည်။
“ကံကောင်းခြင်းကိုရှာဖွေပြီး ဘေးအန္တရယ်ကို ရှောင်တိမ်းတယ် ၊ အကျိုးရှိတာကိုလုပ်ပြီး ကိုယ်ထိခိုက်မယ်ဆိုရင် မလုပ်ဘူး ၊ ဒါက ချွင်းချက်မရှိ လူသားသဘာဝပဲ ၊ မင်းရော... ငါရော... လှိုင်းနက်ဂေဟာက ဒီညီမလေးရော အားလုံးအတွက် အတူတူပဲ”
“ဒါပေမဲ့ ငါ့မှာတော့ အများနဲ့မတူတဲ့ ဝါသနာလေးတစ်ခု ရှိတာပေါ့ကွာ ၊ ငါက ငါ့ထက်အားနည်းတဲ့သူတွေကို နာကျင်အောင်လုပ်ပြီး ပြဿနာရှာရတာကို သဘောကျတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက...
“ဟက်... အားနည်းတဲ့သူကိုအနိုင်ကျင့်ပြီး ကိုယ်ခံရမှာတော့ ကြောက်တယ်ဆိုပါတော့”
သူ့စကာကြားတော့ လျိုရှန်းဖုန်းက ခေါင်းညိတ်သည်။
“လူတိုင်းဒီအတိုင်းပဲလေ ၊ ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော ဘယ်သူမှ အန္တရယ်ကို ထိပ်တိုက်ရင်ဆိုင်ကြမှာ မဟုတ်ဘူး ၊ ဘယ်လောက် မြင့်မြတ်ပါတယ်ပြောပြော အားလုံးရဲ့ အရိုးထဲမှာ ဒီခံယူချက်အတိုင်း စွဲနေမှာပဲ ၊ အားကြီးတဲ့သူနဲ့ မတွေ့အောင် ရှောင်နိုင်ရင် မပျော်တဲ့သူ ဘယ်သူရှိမလဲ ၊ ကိုယ့်ထက်အားနည်းတဲ့သူကို နာကျင်အောင် အနိုင်မကျင့်ဘူးဆိုရင်တောင် တက်တော့နင်းကြတာပဲလေ ၊ တက်နင်းတာကိုရော မင်း ဘာပြောမလဲ”
အနားသို့ ခြေတစ်လှမ်းချင်းလှမ်းကာ ချဉ်းကပ်လာသည့် လျိုရှန်းဖုန်းကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းခါယမ်းသည်။
“မင်းနဲ့ ဒဿနိကဗေဒ ဆွေးနွေးဖို့ ငါ စိတ်မဝင်စားဘူး ၊ ဒါပေမဲ့ မင်းကို ကိစ္စတစ်ခု သတိပေးချင်တယ်”
ရန်ကျောက်ကဲ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အန္တရယ်များသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“မင်း ယုံကြည်ချင်တဲ့အရာကို ယုံကြည်ခွင့်ရှိတယ် ၊ ဒါပေမဲ့ ပြင်ပလောကမှာ မင်း စိတ်ရှိတဲ့အတိုင်းမလှုပ်ရှားခင် မျက်လုံးကိုတော့ ကျယ်ကျယ်ဖွင့်ထားဖို့လိုတယ်”