← Chapters

အခန်း(၁၅၆)

Vol. 11-16 Ch. 156

အခန်း(၁၅၆)

Vol. 11-16 Ch. 156

အခန်း (၁၅၆)  

ရှန်ထျန်း ထရပ်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံးရှိ အရိုးအဆစ်များ တဂျွတ်ဂျွတ် မြည်လာလေသည်။ သူ့မျက်ခုံးစပ်ရှိ ရွှေရောင် မိုးကြိုးနှင့် နဂိုထောင်တက်နေသော ဆံပင်သည်လည်း ပြန်လည် ပြေလျော့သွားသည်။

သူက ဘေးတစ်ဝိုက် အကုန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ဧရာမတောင်ကြားမှာ ယခုအခါ အပြိုအပျက် ဖြစ်သွားကြောင်း သိလိုက်ရတော့သည်။

သူ့တစ်ကိုယ်လုံးမှာလည်း ဖုန်အလိမ်းလိမ်း ဖြစ်နေပြီး ပေတူးနေလေသည်။

“ ဖယ်ရှားစမ်း ”

သူ့ချီစွမ်းအားလှိုင်း ထွက်ပေါ်လာကာ ရှန်ထျန်း ကိုယ်ပေါ်မှ ဖုန်မှုန့်များအား ရှင်းထုတ်ပေးလိုက်သောကြောင့် အဝတ်အစားများက ပြန်လည် သန့်ရှင်းသွားလေသည်။

လက်ရှိ ရှန်ထျန်းက ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့မျက်နှာ၌ ဇာမဏီငှက်မွှေးမျက်နှာဖုံးကို ဝတ်ဆင်ထားလေသည်။ သူက လောကကြီးနှင့် မသက်ဆိုင်သည့်အလား ပြိုင်ဖက်ကင်း အမူအယာနှင့် ဝင့်ကြွားစွာ ရပ်နေသည်။

သူက အပျက်အစီးပုံ ဖြစ်နေသည့် တောင်ကြားအလယ်ကို လှမ်းကြည့်လိုက်ပြီး ခဏတာ တွေဝေမိသွားသည်။

ငါ အခြေအနေ သွားစစ်ကြည့်လိုက်သင့်လား …

ဖန်ချန်း၏ ရောင်ဝါစက်ဝန်းမှ ကံအပြောင်းအလဲ အခွင့်အရေးအရ သူ ကြုံတွေ့ခဲ့ရသော အခွင့်အရေး ဖြစ်ပေသည်။ သို့သော်လည်း အချိန်တော့ မကိုက်ပေ။

ဟုတ်တယ် … ရှန်ထျန်းက စောစော ရောက်လာမိခြင်း ဖြစ်၏။

အခြေအနေသုံးသပ်ချက်အရ ရှန်ထျန်းသာ တစ်ရက်၊ နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်လာခဲ့လျှင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ မြို့တော်ကို လာတိုက်ခိုက်သည်နှင့် ကြုံရမည် မဟုတ်ပေ။

သို့သော်လည်း ရှန်ထျန်း၏ ရောင်ဝါဖြင့် ဤနေရာကို သူ့ဘာသာ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အချုပ်အားဖြင့်ဆိုရလျှင် အဆိုးထဲမှ အကောင်းသာ ဖြစ်၏။ လက်ရှိ သိပ်မဆိုးလှချေ။

မြူခိုးဟင်းလင်းပြင်၏ မြူခိုးများက မပျောက်ကွယ်သွားသေးသောကြောင့် တောင်ကြားကို တဖန်ပြန်လည် လွှမ်းခြုံသွားပြန်သည်။

သို့သော်လည်း အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်တော်တော်များများကို သောက်သုံးပြီးနောက် မြူခိုးအပေါ် ရှန်ထျန်း၏ ခံနိုင်ရည်အားက အတော်လေး မြင့်မားလာလေသည်။ သူက တောင်ကြားအတွင်း မည်သည့် လှုပ်ရှားမှုမှ မရှိကြောင်း မြင်တွေ့နေရပြီး လုကျီသည်လည်း မိုးကြိုးစမ်းသပ်ချက်အပြီးတွင် ပြာဖြစ်သွားလောက်လေပြီ။

ထိုသို့ဆိုလျှင်ပင် ရှန်ထျန်းက တောင်ကြားထဲ အပြေးအလွှား ဝင်မသွားသေးချေ။ ထို့အစား သူက ပိုဝေးသည့် လမ်းကို ရွေးလိုက်သည်။ သူက ယခင်ကလို ပြဿနာမျိုး မကြုံတွေ့စေရန် သေချာဖို့အတွက် တောင်ကြားကို အဖက်ဖက်မှ သေချာစစ်ဆေးကြည့်ချင်မိ၏။

လုကျီက အတိဒုက္ခစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ ကြိုးစားသည့် အားကောင်းသည့် တည်ရှိမှုမျိုး ဖြစ်သည့်အတွက် သူမ လှည့်ကွက်တွေ ရှိနေမည်ကို မည်သူကများ သိထားမည်နည်း။

ရှန်ထျန်းက တောင်ကြားတစ်ဝိုက် လျှောက်လှမ်းလာပြီးနောက် တစ်ခုခု မြင်လိုက်ရသည့်အခါ မျက်လုံးများပင် လင်းလက်လာသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီး၏ ပုတ်ဆွေးနေသော ကိုယ်ထည်ပေါ်တွင် မီးလုံးလေး တစ်လုံး ကျန်ရှိနေလေ၏။ ဤသည်မှာ ပြန့်နှံ့သွားခြင်း မရှိသလို ငြိမ်းသွားခြင်းမျိုးလည်း မရှိချေ။

ရှန်ထျန်းက ထိုအရာသည် ဓားအသျှင် ချန်းယန်၏ နန်မင်လီ မီးတောက်ဇာစ်မြစ် ဖြစ်ကြောင်း မှတ်မိလိုက်သည်။ နန်မင်လီ မီးတောက်ဇစ်မြစ် ကျိုးပျက်သွားပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်၏။ ဤသည်မှာ နန်မင်လီ မီးတောက်ဇစ်မြစ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး ဓားအသျှင် ချန်းယန်လက်ထဲတွင် ရှိခဲ့စဉ်အခါထက် အင်အားအချို့သာ ပါဝင်တော့သည်။

ရှန်ထျန်းက ထိုမီးလုံးလေးသည် နီရဲတောက်နေကြောင်း မြင်လိုက်ရ၏။ ထိုအရာလေးက ဇာမဏီငှက်လေးသဖွယ် အသက်ဝင်လှုပ်ရှားကာ အားပြင်းလွန်းလှဟန်ပေါ်သည်။

ထိုစဉ် ရှန်ထျန်းက ထိုမီးလုံးလေးကို ကြည့်နေရင်း ရင်းနှီးသည့် ခံစားချက်က တဖန်ပြန်လည် ကြီးစိုးလာပြန်သည်။

 “ ငါ လိုချင်တယ် …”

ဟုတ်ပေ၏။ ဤသည်မှာ မီးစာကျမ်းဆီမှ ထွက်ပေါ်လာကာ ရှန်ထျန်းအား မီးလုံးလေးအပေါ် လိုလားမှုကို ပြသနေခြင်း ဖြစ်၏။

ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။

ဘာလို့ အားလုံးကို မဟားတရား စားပစ်ချင်နေရတာလဲ…

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းအနေနှင့် သူ့ကျင့်စဉ်က နန်မင်လီ မီးလျှံကို ဝါးမျိုပစ်နိုင်သောကြောင့် လိုလိုလားလား ဆန္ဒရှိပေသည်။ ရှန်ထျန်း စိတ်ပူမိသည့် တစ်ခုတည်းသောအရာမှာ သူ့ကျောက်ကပ်ထဲ၌ လေးလံအဆီအနှစ် ရေစင် ရှိထားပြီးပြီ ဖြစ်ရာ နန်မင်လီ မီးလျှံအတွက် နေရာကျန်သေးရဲ့လားဟူ၍ ဖြစ်၏။

သူတို့က သဟဇာတ မဖြစ်ဘဲ အချင်းချင်း တိုက်ကုန်လို့ ငါ ပေါက်ကွဲထွက်သွားရင် ဘယ်လိုလုပ်မလဲ …

ဟူး …. မဖြစ်ဘူး … ငါ မစတေးရဲဘူး …

ဘေးကင်းဖို့က အဓိက … ကျင့်ကြံခြင်းက ဒုတိယ …

ထိုအတွေးဖြင့် ရှန်ထျန်းက ကျောက်သေတ္တာတစ်လုံးကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ဤသည်မှာ နတ်ရေစင် ဝိညာဉ်အသျှင်ဆီမှ ရရှိလာသော သေတ္တာလေး ဖြစ်၏။

ဤသည်မှာ နဂိုမူလ သေတ္တာသုံးလုံးအနက် တစ်လုံး ဖြစ်၏။ ယခင်က လေးလံအဆီအနှစ် ရေစင် ရှိနေခဲ့သည်။ ရှန်ထျန်းက နန်မင်လီ မီးလျှံလေးကို ဂရုတစိုက် ထည့်သိမ်းထားလိုက်သည်။

သူ့ခန္ဓာကိုယ်က အလွန်အမင်း လိုချင်နေသော်လည်း ရှန်ထျန်းက ခန္ဓာကိုယ် စိတ်ခံစားချက်ကို အနိုင်ပေးလိုက်မည့် ပျော့ညံ့သောသူ မဟုတ်ချေ။ သူက တောင့်ခံထားပြီး မစားလိုက်ပေ။

နန်မင်လီ မီးလျှံလေးကို သိမ်းဆည်းပြီးနောက် ခန်းမင်လက်စွပ်ထဲ ထည့်ထားလိုက်သည်။ ရှန်ထျန်းက တောင်ကြားဆီ တစ်ပတ်ထပ်လျှောက်လိုက်၏။

ရှန်ထျန်းက တစ်ပတ်ပြီး တစ်ပတ် လျှောက်နေသော်လည်း မူမမှန်သည့်အရာ မတွေ့ရသေးပေ။ ထို့ကြောင့် သူက ဓားသခင် အမှတ်အသားပြားကို ထုတ်ကာ ဘေးနား ဆောင်ထားလိုက်သည်။ သူက ဓားသခင် အမှတ်အသားပြားကို ဘယ်လက်နှင့် ကိုင်ထားပြီး ညာဘက်လက်တွင် လိပ်နက်ဒိုင်းကာနှင့်အတူ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ် ကိုးလက်ကို ဆောင်ထားလေ၏။

လက်ရှိ ရှန်ထျန်းက အပြည့်အဝ ဘေးကင်းလုံခြုံနေလေပြီ။

နောက်ဆုံးတွင် ရှန်ထျန်းက တောင်ကြားအလယ်သို့ တစ်လှမ်းချင်း ချည်းကပ်သွားလိုက်သည်။

ထိုနေရာ၌ သူက ကောင်းကင်အရှိန်အဝါ ထုတ်လွှင့်နေသည့် ငွေရောင် ရေကန်ငယ်ဘေးကို မြင်လိုက်ရသည်။ ရှန်ထျန်းက ရေကို မထိတွေ့သေးခင် သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

ရေကန်လေးမှ အသက်ဓာတ်များ ထုတ်လွှင့်နေကာ တစ်စက်လောက် သောက်ရုံဖြင့် လူများကို ပြန်လည် ရှင်သန်လာစေနိုင်လောက်၏။

ရှန်ထျန်းက ဤသည်မှာ နှစ်ထောင်ချီအတွင်း လုကျီ စုပ်ယူထားသော ဝိညာဉ်ချီများမှ အဆီအနှစ်အရည်များ ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

ဤဝိညာဉ်စမ်းရေကို အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ကိုယ်ထည် ၉၀ ရာခိုင်နှုန်းလောက်ကို စတေး၍ ဖန်တီးထားခြင်း ဖြစ်၏။ အံ့ဖွယ်ဝါးမျိုနွယ်ပင်က မီတာသုံးထောင် ရှည်လျားပြီး အမြစ်များက တောင်ကြားတစ်ခုလုံးကို ဖောက်ထွင်းထားလေသည်။ ထို့ကြောင့် ဤဝိညာဉ်စမ်းရေ၏ အဖိုးတန်မှုကို သိသာပေသည်။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာသာ ဖြစ်၏။

ရွှေရောင်စက်ဝန်းရှိသော ဖန်ချန်းပင် ဝိညာဉ်စမ်းရေ ပမာဏနည်းနည်းသာ ရရှိခဲ့ရသည်။

အဟမ်း … အဟွတ်ဟွတ် ခဏနေပါဦး …

ရှန်ထျန်း တစ်ယောက် ကြောင်သွားလေသည်။

တစ်ခုခုတော့ မှားနေပြီ … မဟုတ်သေးဘူး အကြီးကြီး မှားနေပြီ …

ဘာလို့ အများကြီးရှိနေတာလဲ …

ဖန်ချန်း၏ ကံကြမ္မာအပြောင်းအလဲ အခွင့်အရေး၌ တစ်ကုဗမီတာမျှ ရှိသော စမ်းရေလေးမျှသာ ဖြစ်၏။  သို့သော်လည်း ရှန်ထျန်း မြင်လိုက်ရသည့် ဝိညာဉ်စမ်းရေမှာ တစ်ကုဗမီတာထက် အများကြီးသာလွန်နေသည်။

ဒါက ရေကန်တောင် ဖြစ်နေပြီလေ …

ရှန်ထျန်း တစ်ယောက် သေချာကြည့်လိုက်ပြီးနောက် ငါးမီတာမျှ ကျယ်ဝန်းပြီး အနက်မှာ တစ်မီတာမျှသာ ရှိကြောင်း သိလိုက်ရသည်။ တစ်နည်းအားဖြင့် ဤဝိညာဉ်စမ်းရေသည် ဖန်ချန် ရရှိသည့် ပမာဏထက် ဆယ်ဆမက များပြားနေလေပြီ။

ထိုအရာက ရှန်ထျန်းအား မပျော်သွားစေပေ။ ထို့အစား သူက သတိကြီးလာလေ၏။

အဲဆို ဒီအရည်တွေက ဘယ်ရောက်သွားတာလဲ … ဒီတောင်ကြားထဲ တခြားသူတွေ ရှိနေသေးတာလား  …

ရှန်ထျန်းက ဓားသခင် အမှတ်အသားပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး အချိန်မရွေး ဆင့်ခေါ်နိုင်ရန် အသင့်ပြင်ထားသည်။ ထိုအချိန် ရေကန်ငယ်လေးမှ ပွက်ခနဲ ဖြစ်ကာ ပိစိလေးတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ တစ်မီတာမျှ အရှည်ရှိသည့် နွယ်ပင်လေး ဖြစ်ပြီး တစ်ကိုယ်လုံးက မြစိမ်းရောင်လေး ဖြစ်၏။ ခန္ဓာကိုယ်ဘေးကို စမ်းရေထဲ စိမ်ကာ အတော်ပျော်ရွှင်တက်ကြွနေဟန် ပေါ်သည်။

ရေကန်ထဲမှ ထွက်လာသည့်အခါ ရှန်ထျန်းနှင့် အကြည့်ချင်းဆုံသွားကြလေသည်။

သူတို့နှစ်ယောက်လုံး ကြောင်အမ်းသွားကြလေ၏။ ရှန်ထျန်းနှင့် ထိုနွယ်ပင်လေး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မလှုပ်မရှားဘဲ အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။

ရှန်ထျန်းက သူ့လက်ဖဝါး၌ ချွေးများထွက်လာကြောင်း ခံစားမိလိုက်သည်။ သူ့ရှေ့ရှိ နွယ်ပင်လေး၏ အရောင်အရ အံ့ဖွယ်ဝါးမျိုနွယ်ပင် ဖြစ်နေမှန်း သိသာလှလေရာ လုကျီနှင့် သေချာပေါက် ပတ်သတ်နေရမည်။

ဤနွယ်ပင်လေး မည်မျှ အားကောင်းသည်ကို မည်သူ သိမည်နည်း။

အကယ်၍ ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူကို တစ်ခါတည်း သတ်ပစ်နိုင်လျှင် …  ရှန်ထျန်း လှုပ်ရှားလိုက်သည်နှင့် သေလူ ဖြစ်ပြီးသား မဟုတ်ပါလော။

ငါ့ကို မမြင်ရဘူး … ငါ့ကို မမြင်ရဘူး …

ရှန်ထျန်းက စိတ်ထဲမှ ဆက်တိုက် ဆုတောင်းနေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အံ့ဖွယ်ဝါးမျိုနွယ်ပင် အသေးလေးက ရှန်ထျန်းကို တွေ့သွားကာ တိုက်ခိုက်တော့သည်။

ထိုအပင်လေးက ရုတ်ချည်း တုန်ခါလာပြီး ရှန်ထျန်းဆီ ငွေရောင်ဝိညာဉ် စမ်းရေဖြင့် ပစ်ခတ်တော့သည်။ ထိုစဉ် သူက စမ်းချောင်းအောက်ခြေအထိ သွားလိုက်ပြီးနောက် မြေကြီးကို အသည်းအသန် တူးလေသည်။

ဟုတ်တယ် … အံ့ဖွယ်ဝါးမျိုနွယ်ပင်ဘေးက လန့်ဖြတ်ကာ အောက်ခြေအထိ ထွက်ပြေးနေခြင်း ဖြစ်၏။

လက်ဦးမှုရယူထားသည့် ရှန်ထျန်းက သူ့ကာကွယ်ရေးကို အပြည့်အဝ အသက်သွင်းလိုက်သော်လည်း ဝိညာဉ်စမ်းရေဖြင့် ပစ်ခတ်ခံရပြီးနောက် ကာကွယ်ရေး အလွှာပေါ် ဘာမှဖြစ်မလာခဲ့ပေ။

ရှန်ထျန်းက စွမ်းအား၏ သက်ရောက်မှုမှာ အလွန်ဆုံး အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုလောက်သာ ရှိကြောင်း ခံစားမိလိုက်သည်။

"…"

မြေကြီးတူးကာ အတွင်းထဲ ဝင်သွားသည့် အံ့ဖွယ်ဝါးမျိုနွယ်ပင် အသေးလေးကို မြင်လိုက်ပြီးနောက် ရှန်ထျန်းကို ကြောက်နေမှန်း သေချာသွားတော့သည်။

ရှန်ထျန်းက ပျော်ရွှင်မိသွားသည်။

မင်းက ငါ့ကို ကြောက်နေမှတော့ ငါက မင်းကို မကြောက်တော့ဘူး …

နတ်ဆိုးလေး … မင်းကို အပိုင်သိမ်းပါရစေ …

All Chapters