ကျောက်ဟောင် … ရှင်က လူကောင်းပါ
Vol. 11-16 Ch. 159
အခန်း (၁၅၉) : ကျောက်ဟောင် … ရှင်က လူကောင်းပါ
မြူခိုးမြို့တော်အပြင်ဘက် မြို့ငယ်လေးက လုံးဝ ပျက်စီးသွားလေပြီ။ ယခင် မြူခိုးလှိုင်းလုံးများက မြူခိုးမြို့တော်ဆီ ချီတက်သွားစဉ် ဤမြို့ငယ်လေးက အရင်ဆုံး ဖျက်စီးခံခဲ့ရသည်။
ကျောက်ဟောင်က အလောင်းများနှင့်အပြည့် ဖြစ်နေသည့် မြို့ငယ်လေးဆီ လျှောက်လာစဉ် ကြောက်ရွံ့နေမိခဲ့သည်။ သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိထားခါစ မဟုတ်ပါလော။ သူက ဓားအလေးကြီး တစ်လက်ကို ကိုင်ဆွဲရင်း သူ့ဓမ္မစွမ်းအားတို့ကလည်း အားမာန်အပြည့် ဖြစ်နေသည်။
သူ့ကိုယ်အတွင်း နတ်ဆိုးများ၏ သဘာဝရန်သူဖြစ်သည့် နန်မင်လီ မီးလုံးလေး တောက်လောင်နေသည်။ ထို့ကြောင့် သူက ရှန်ထျန်းကို ရှာဖို မြူခိုးမြို့ငယ်လေးဆီ လာရဲခြင်း ဖြစ်၏။
ကျောက်ဟောင်က ရှန်ထျန်းအား လိုက်ရှာနေသော်လည်း ယခုအထိ မတွေ့ရသေးပေ။ သို့သော် ထိုအခိုက်အတန့် အမျိုးသမီးတစ်ယောက်၏ အကူအညီတောင်းသံကို ကြားလိုက်ရသည်။ သူမအသံမှာ နာကျင်မှုအပြည့် ဖြစ်နေသည့်အတွက် ကြားရသူအဖို့ မကယ်တင်ပေးဘဲ မနေနိုင်လောက်ကြပေ။
ကျောက်ဟောင်က အသက်ပြင်းပြင်းရှုကာ ဓမ္မစွမ်းအားကို အသက်သွင်းလိုက်သည်။ ထို့နောက် အသံကြားရာဆီ ဦးတည်ပြေးလိုက်သောကြောင့် ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ သူက ခရမ်းရောင် ဝံပုလွေနတ်ဆိုးကြီးတစ်ကောင်က ဝတ်စုံဖြူနှင့် မိန်းကလေးနောက် လိုက်နေကြောင်း မြင်လိုက်ရသည်။ ထိုနတ်ဆိုးက ကောင်မလေးအား မိလုမတတ် ဖြစ်နေလေပြီ။
ကျောက်ဟောင်က ဓားအလေးကြီးကို ဝံပုလွေနတ်ဆိုးဆီ ချိန်ရွယ်ပစ်ချလိုက်သည်။ ဓားက လေဟုန်ခွင်းကာ ဝံပုလွေနတ်ဆိုးအား ပိုင်းဖြတ်သွားလေ၏။
“ အာဝူး … ”
ဝံပုလွေနတ်ဆိုးက ခါးမှ ပိုင်းဖြတ်ခံလိုက်ရသောကြောင့် နာနာကျင်ကျင် မြည်တမ်းလိုက်၏။
ဝံပုလွေများတွင် ကြေးနီလို ဦးခေါင်း၊ သံမဏိလို အရိုးများရှိသော်လည်း တို့ဖူးလို ခါး ရှိနေသည်။ သူတို့ နတ်ဆိုးသားရဲ ဖြစ်လာလျှင်ပင် ခါးက အားနည်းချက် ဖြစ်နေဆဲ ဖြစ်၏။ ယခု ခါးဖြတ်ခံလိုက်ရသည့်အခါ ဝံပုလွေနတ်ဆိုးကြီးက ဆိုးဆိုးရွားရွား အူလိုက်ပြီး ထွက်ပြေးသွားတော့သည်။
ကျောက်ဟောင်က မြေကြီးပေါ်ကျသွားသည့် ဓားကို ပြန်ကောက်ယူလိုက်ပြီးနောက် သူ့နောက်ကျောဘက်ရှိ ဓားအိမ်ထဲ ပြန်သိမ်းထားလိုက်သည်။
ကျောက်ဟောင်က သူ့ကိုယ်သူ ခန့်ချောဆွဲဆောင်မှုရှိသည်ဟု ထင်နေသော အပြုံးလေးဖြင့် ပြောလိုက်သည် “ မိန်းကလေး စိုးရိမ်စရာ မရှိတော့ပါဘူး။ နတ်ဆိုးက ထွက်ပြေးသွားပါပြီ ”
ဝတ်စုံဖြူ မိန်းကလေးက ဆက်မပြေးတော့ဘဲ သူမ၏ ညစ်ပတ်ပေတူးနေသော မျက်နှာလေး၌ ပျော်ရွှင်မှုအပြည့် ဖြစ်သွားလေသည်။
သူမက ကျောက်ဟောင်ကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည် “ ရှင်လား ”
ရင်းနှီးပြီးသား အသံကြောင့် ကျောက်ဟောင်လည်း ကြောင်အမ်းသွားမိသည်။ သူက ဝတ်စုံဖြူ မိန်းကလေးကိ သေချာကြည့်လိုက်ပြီးနောက် ရုတ်ချည်း ပြန်မှတ်မိသွားသည်။
ကျောက်ဟောင်က ထိုအမျိုးသမီးကို မှတ်မိလိုက်သည်။ သူမက လျို့ဝှက်မြူခိုးတိုင်းပြည်၏ မင်းသမီး ရွယ်ဝူရှားမှလွဲ၍ အခြားသူ မဟုတ်ပေ။
သူတို့ကြား လိုက်လျောညီထွေ ဆက်ဆံရေး မရှိသောကြောင့် ကျောက်ဟောင် မျက်နှာ၌ အပြုံးတို့ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။ ထို့အစား သူတို့ကြား အမုန်းတရားသာ ရှိ၏။
ရွယ်ဝူရှားက ဓားလွယ်ထားသော ကျောက်ဟောင်အား ကြည့်လိုက်ပြီးနောက် သူမ မျက်နှာအမူအယာကား နားမလည်နိုင် ဖြစ်နေဟန်ပေါ်သည်။
“ ကံကောင်းမှုဆိုတာ အမြဲတသတ်မတ်တည်း မဟုတ်ဘူး။ နောက်နှစ် ၃၀ ကြာရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ … ” ဟု စေ့စပ်ပွဲဖျက်သိမ်းခဲ့စဉ်အခါက ပြောခဲ့ဖူးသူ မဟုတ်ပါလော။
ထိုစဉ် သူမက သူ့စကားများအား အရေးမစိုက်ခဲ့ပေ။ သူ အမှန်တကယ် အောင်မြင်လာလိမ့်မည်ဟု မည်သူကများ တွေးထားမိမည်နည်း။
ယခု ကျောက်ဟောင်က ကျင့်ကြံဆင့် ပြန်ရလာပြီ ဖြစ်ရာ မြူခိုးတိုင်းပြည်၏ အတော်ဆုံး ပါရမီရှင်တစ်ယောက် ပြန်ဖြစ်လာလိမ့်မည်။
ထိုစဉ် သူမက မြူခိုးမြို့တော်ဆီ သွားနေစဉ် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရပြီး သူမ သက်တော်စောင့်များ၏ စတေးမှုကြောင့် သူမအသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။
ယခု မြူခိုးများ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ရွယ်ဝူရှားက ဖုံးကွယ်ရေး အစီအရင်မှ ထွက်လာရာ နတ်ဆိုးသားရဲတစ်ကောင်၏ လိုက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူမက ကျောက်ဟောင် ကယ်ပေးလိုက်သောကြောင့် အနည်းငယ် နေရခက်နေမိသည်။
ယခင် သူ့အခြေအနေထက် သာလွန်သော ရွယ်ဝူရှားက ယခုဆိုးဆိုးရွားရွား ဖြစ်နေသောကြောင့် သူမအား အရှက်ရစေမိသည်။ သို့သော်လည်း ရွယ်ဝူရှားက ကျေးဇူးမသိတတ်သည့်သူ မဟုတ်သောကြောင့် သူမ၏ လုပ်ရပ်များကို တောင်းပန်ကာ သူ့အား ကျေးဇူးတင်ဖို့ ဆန္ဒရှိပေသည်။
ရွယ်ဝူရှားက အသက်ပြင်းပြင်းရှုလိုက်ကာ “ ကျွန်မ အရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ အခုလို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျောက်ဟောင်က ရွယ်ဝူရှားက အေးစက်စက် ကြည့်လိုက်သည် “ ကျေးဇူးတင်ဖို့ မလိုပါဘူး။ လိုက်ဖမ်းခံနေရတာ မင်းဆိုတာ သိရင် မကယ်ဖြစ်လောက်ဘူး ”
ရွယ်ဝူရှားက စိတ်မဆိုးပေ
“ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်တာ ကျွန်မရဲ့ အမှားပါ။ အဲအတွက်လည်း တောင်းပန်ပါတယ်။ အခုကစပြီး ကျွန်မ ရှင့်အပေါ် အသက်ကြွေးတင်သွားပြီ။ ကျွန်မကို ကယ်ပေးလို့ ပြန်ပေးဆပ်ချင်ပေမဲ့ နှလုံးသားကို ဆရာနတ်မင်းဆီ ပေးအပ်ပြီးပြီဆိုတော့ ဒီဘဝတော့ ကျွန်မတို့ ကံမပါဘူး ထင်ပါတယ် …
နောက်ဘဝမှာ ဆုံစည်းဖြစ်ခဲ့ရင် ရှင့်ရဲ့ အစေခံ ဖြစ်လာပြီး ပြန်ပေးဆပ်ပါ့မယ် ”
ရွယ်ဝူရှား မျက်ဝန်း၌ စိတ်အားထက်သန်မှုများ ပြည့်နှက်နေလေသည်။
ထိုစဉ် ကျောက်ဟောင်က ဒေါသထွက်ဖို့ အနည်းငယ် ရှက်လာမိသည်။ သူက ရှန်ထျန်း၏ သွင်ပြင်ကို မြင်ထားပြီးပြီ ဖြစ်ရာ ရွယ်ဝူရှား မိန်းကလေး ဖြစ်နေသည့်အချက်ကို ထည့်မတွက်လျှင်ပင် သူသာ မိန်းကလေး ဖြစ်နေပါက ရှန်ထျန်း၏ ဆွဲဆောင်မှုကို ခံနိုင်ရည် မရှိလောက်ပေ။ ရွယ်ဝူရှားအနေနှင့် ရှန်ထျန်း၏ ခန့်ညားချောမောလှသော ရုပ်ရည်ကို မြင်တွေ့ပြီးနောက် မိဘများ စီစဉ်ပေးထားသည့် လက်ထပ်ပွဲကြောင့် ကျောက်ဟောင်အား လက်မထပ်လိုတော့သည်မှာ ပုံမှန်သာ ဖြစ်၏။
ကျောက်ဟောင်၏ ကျင့်ကြံဆင့်လည်း ရှန်ထျန်း၏ အကူအညီကြောင့် ပြန်ကောင်းလာသည် မဟုတ်ပါလော။ ရှန်ထျန်းအပေါ် ကျေးဇူးကြွေးကြီး ရှိနေလေရာ သူနှင့် ရွယ်ဝူရှားကြားရှိ အမုန်းတရားအကြောင်း ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍ သူတို့သာ လက်တွဲဖော် မဖြစ်လာခဲ့လျှင်လည်း မိတ်ဆွေကောင်း ဖြစ်လာနိုင်သေး၏။ သူတို့နှစ်ယောက်လုံးက ရှန်ထျန်းကို လေးစားနှစ်ခြိုက်ကြသည် မဟုတ်ပါလော။ တကယ့် အစစ်အမှန်ပရိတ်သတ်အနေနှင့် သူတို့ စံပြ(အိုင်ဒေါ) အတူတူ ဖြစ်နေသရွေ့ ခွင့်မလွှတ်နိုင်သည့်အရာ မရှိပေ။
ကျောက်ဟောင်က မေးလိုက်သည် “ မင်းသမီးလေး … ဆရာနတ်မင်းကို တွေ့မိသေးလား ”
ရွယ်ဝူရှားက ခေါင်းခါကာ “ ကျွန်မက မြို့ငယ်လေးထဲ တစ်ချိန်လုံး ရှိနေပေမဲ့ ဆရာနတ်မင်းကိုတော့ မမြင်လိုက်မိဘူး ”
သူမ မျက်နှာအထက်၌ လေးစားမှုအပြည့် ဖြစ်နေလေသည် “ ကြားမိတာတော့ ဆရာနတ်မင်းက ဒီကပ်ဘေးကို ကြိုသိပြီးပြီတဲ့လေ။ ဆရာနတ်မင်းက မြူခိုးဟင်းလင်းပြင်ထဲ ဝင်သွားပြီး ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့ သွားပြီတဲ့ ”
ကျောက်ဟောင်လည်း အတွေးနက်သွားလေ၏။
ညီအစ်ကိုရှန်က ငါ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ တွေ့ပြီး ကျင့်ကြံဆင့် ပြန်ရလာမယ်ဆိုတာတောင် အတိအကျ ဟောကိန်းထုတ်ခဲ့တာဆိုတော့ ဒီကပ်ဘေးလောက်က ညီအစ်ကိုရှန်ကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်လောက်ဘူး …
ငါ ညီအစ်ကိုရှန်ကို စိတ်ပူလွန်းနေတာနဲ့ အကဲဖြတ်မှားသွားတယ်… ငါ့အပြုအမူတွေက ဟာသတောင် ဖြစ်နေပြီကိုး …
ကျောက်ဟောင်က စိတ်သက်သာရာ သက်ပြင်းချလိုက်မိတော့သည်။
“ မင်းသမီးလေး … မြူခိုးမြို့ငယ်က မလုံခြုံသေးဘူးဆိုတော့ မြူခိုးမြို့တော်ဆီ ပြန်ပို့ပေးမယ် ”
ကျောက်ဟောင်၏ အပြုအမူများက သူမ လုပ်ခဲ့သည့်အရာများကို ခွင့်လွှတ်ကြောင်း ပြသပြီးပြီ ဖြစ်၍ ရွယ်ဝူရှားအား ပိုရှက်ရွံ့လာစေသည် “ ကျောက်ဟောင် … ရှင်က တကယ်ကို လူကောင်းတစ်ယောက်ပါ။ ရှင်လည်း ပျော်ရွှင်မှုကို ရှာတွေ့မှာပါ ”
ကျောက်ဟောင်က ခေါင်းညိတ်ကာ
“ အရင်တစ်ခါတုန်းက ဆရာနတ်မင်းကို မီးတိုင်းပြည်မှာ တွေ့ခဲ့တာလို့ ပြောခဲ့တာမလား။ အဲအကြောင်း ထပ်ပြောပြလို့ ရမလား။ တကယ်တော့ ငါ့ကျင့်ကြံဆင့် ပြန်ကောင်းလာတာ ဆရာနတ်မင်းကြောင့်ပဲလေ … အဲကြောင့် သူ့အကြောင်း သိချင်လို့ ”
ကျောက်ဟောင်၏ စကားများကို ကြားလိုက်ရသည့်အခါ သူ့အား စောစောစီးစီး မတွေ့လိုက်ရသည့်အခါ နောင်တရလာမိသည် “ ဆရာနတ်မင်းအကြောင်းကို သိချင်တာလား။ ဘယ်လိုအကြောင်းကို သိချင်လဲ … ကျွန်မက ဆရာနတ်မင်း နောက်လိုက်အဖွဲ့ရဲ့ သစ္စာရှိအဖွဲ့ဝင်လေ။ ရှင့်ကို အဖွဲ့ထဲက အကြီးအကဲတွေနဲ့ မိတ်ဆက်ပေးရမလား … ”
ကျောက်ဟောင်က မျက်လုံးများ လင်းလက်လာကာ “ အဲ … အဲလိုရော ရလား ”
………………...
တောင်ကြားထဲ ရှိနေသည့် ရှန်ထျန်းတစ်ယောက် နှာချေလိုက်မိသည်။
ငါ့နောက်ကွယ်မှာ တစ်ယောက်ယောက် ငါ့ရုပ်ရည်ချောမောမှုကို ချီးကျူးနေသလိုပဲ …
ရှန်ထျန်းက နွယ်ပင်များကို ဖယ်ကာ မျက်လုံးမှိတ်လိုက်ပြီး ခန္ဓာကိုယ် အတွင်းပိုင်း အခြေအနေကို စတင် အာရုံခံလိုက်သည်။ ထိုစဉ် သူ အတော်လေး စိတ်အေးသွားလေ၏။
တောင်ကြား၌ စွန့်စားခြင်းက အန္တရာယ်ကြီးသော်လည်း သူ့အကျိုးမြတ်က မနည်းမနော ဖြစ်သည်။ ပြောရလျှင် ဧရာမပွပေါက်ကြီး ဖြစ်၏။
သူက အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် နိဗာနတော်ဝင်အရည်အစရှိသော ထိပ်တန်းရတနာများစွာကို ရရှိခဲ့ရုံသာမက သူ့ကျင့်ကြံဆင့်လည်း သိသိသာသာ တိုးတက်လာရသည်။
ရွှေအမြုတေ သန့်စင်မှုတပိုင်းတစကြောင့် ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက် ဓမ္မအုတ်မြစ်လည်း စတင် ဖွဲ့စည်းလာသည်။ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်မှ ရရှိလိုက်သော အံ့ဖွယ်သင်္ကေတများက ရှန်ထျန်း၏ ဓမ္မစွမ်းအားကို ပိုမို သန့်စင်လာအောင် ကူညီပေးနေသည်။
လက်ရှိ ရှန်ထျန်းအတွင်း ဓမ္မစွမ်းအားက အဆများစွာ တိုးမြင့်လာပြီး သူ့နတ်မိုးကြိုးငါးပါး စွမ်းအားကလည်း အဆုံးအစွန်အထိ အားကောင်းလာသည်။
ပို၍ အရေးကြီးသည်က ရှန်ထျန်းက မူလ နတ်မိုးကြိုးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်ပြီး နတ်မိုးကြိုးငါးပါးကလည်း အင်အားတိုးလာသည်။ ထို့ကြောင့် ရှန်ထျန်း၏ သဏ္ဍာန်ငါးခုက ယခင်ထက် အရွယ်အစား ကြီးမားလာလေ၏။ သူတို့က နတ်သားရဲများ ထုတ်လွှင့်သည့် အရှိန်အဝါကိုပင် စတင် ထုတ်လွှင့်လာနိုင်ကြလေပြီ။
သူ့ကျင့်ကြံဆင့်က အလယ်အလတ် အခြေတည်အဆင့်မျှသာ ရှိသေးသော်လည်း သူ့နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကြောင့် ရွှေအမြုတေ ကျင့်ကြံသူနှင့် တိုက်ခိုက်ဖို့ ယုံကြည်ချက် ရှိလာသည်။
သူ့ရွှေအမြုတေ တပိုင်းတစ သန့်စင်နေသည့်အချက်မှလွဲလျှင် ရှန်ထျန်း၏ နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်က အတိုးတက်လာဆုံး ဖြစ်၏။ သူ့ရုပ်ခန္ဓာက ယန်နတ်မိုးကြိုး ကိုယ်ထည်အဖြစ် ဖွဲ့စည်းထားနိုင်ပြီး တိုက်ပွဲခန္ဓာအသစ်ပုံစံတချို့ကို ဖမ်းဆုပ်မိထားသည်။
မိုးကြိုးဆိုင်ယန် ၊ သွေးလောင်ကျွမ်း ဆိုင်ယန် …
ခရမ်းရွှေတူ … လိပ်နက်ဒိုင်းကာ …. တူဒိုင်းကာ
လေးလံရေစင် အဆင့်မြင့်ပုံစံ၊ အံ့ဖွယ်ဝါးမျိုနွယ်ပင် ပုံစံ၊ ရေနွယ်ပင် ပုံစံ …
ထို့အပြင် သူ့ကာကွယ်ရေးကို အပြည့်အဝ အသက်သွင်းလိုက်သည့်အခါ ပြိုင်ဖက်ကင်း ကာကွယ်ရေးသွင်ပြင် ရလာပေဦးမည်။
ဤသည်မှာ အနီးကပ် တိုက်ပွဲအတွက် သူ့ဝှက်ဖဲများ ဖြစ်၏။
အကယ်၍ မျိုးဆက်တူအတွင်း အခြားသော ပါရမီရှင်များက ရှန်ထျန်း၏ အဝေး တိုက်ခိုက်မှုမှာ အားကောင်းလွန်းကြောင်း ခံစားမိပြီး အနီးကပ်လာတိုက်ခိုက်ကြလျှင် … သူတို့ နီးကပ်လာသည်နှင့် ရှန်ထျန်း၏ တကယ့် ကျွမ်းကျင်မှု အနီးတိုက်ခိုက်မှုကို မြည်းစမ်းသွားရစေမည်။