← Chapters

နှိမ့်ချခြင်းက နှလုံးသားကို အလင်းရောင်ပေးသည်

Vol. 2 Ch. 26

နှိမ့်ချခြင်းက နှလုံးသားကို အလင်းရောင်ပေးသည်

Vol. 2 Ch. 26

အခန်း (၂၆) : နှိမ့်ချခြင်းက နှလုံးသားကို အလင်းရောင်ပေးသည်

စစ်ဆေးမှု ကျရှုံးသွားသည့်အတွက် ဝမ်ဝေ့ ခဏတာ ထိတ်လန့်သွားသည်။ ထို့နောက် သူ ကျရှုံးရသည့် အကြောင်းအရင်းကို သေချာစဉ်းစားလိုက်သည်။

သေချာသည်က သူ စစ်ဆေးမှုကို ဖြတ်ကျော်ဖို့အတွက် သင်ယူဖို့လိုအပ်သည့် သင်ခန်းစာကို သတိမထားမိသည့်အတွက် ကျရှုံးသွားခြင်း ဖြစ်သည်။ ထိုအရာက သူ၏ မူလပုံစံကြောင့် မဟုတ်ပေ။

ဝမ်ဝေ့ အိမ်ပြန်လာပြီးနောက် နောက်နေ့ မျှော်နန်းဆောင်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေသည်။ နောက်ထပ် စစ်ဆေးမှုကလည်း ယခင်တစ်ခေါက်နှင့် တစ်ထပ်တည်းတူသည်။

အာဟာရချို့တဲ့မှု၊ အစာရေစာ ရှားပါးမှုနှင့် ရေဓာတ်ခမ်းခြောက်မှုအဆင့်တို့ကို ရောက်ရှိပြီးနောက် တူညီသော ရွေးချယ်မှုက သူ့ဆီသို့ တစ်ခေါက် ရောက်လာပြန်သည်။ သေးစိုနေသည့် ပေါင်မုန်းအပိုင်းအစကို စားခြင်း ဖြစ်သည်။

ဤစစ်ဆေးမှု၏ ရည်ရွယ်ချက်က အားနည်းပြီး ကူကယ်ရာမဲ့နေသည့်အချိန်တွင် မာနနှင့် ဂုဏ်မောက်မှုကို စွန့်လွှတ်ပြီး နှိမ့်ချမှုအကြောင်း သင်ပေးလိုခြင်းဖြစ်ကြောင်း ဝမ်ဝေ့ သတိထားမိသွားသည်။

ထိုအရာအားလုံးကို သိသွားလျှင်ပင် ဝမ်ဝေ့ ထိုပေါင်မုန့်အပိုင်းအစကို မစားနိုင်ပေ။ စစ်ဆေးမှု၏ ထိုအပိုင်းသို့ ရောက်ရှိသွားတိုင်း အမြဲတမ်း စစ်ဆေးမှု ကျရှုံးနေရသည်။

မကြာခင်မှာပင် နှစ်လထက်ပိုသောအချိန် ကုန်ဆုံးသွားသည်။ ဝမ်ဝေ့က ခြောက်ခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှုမှာ ရပ်တန့်နေဆဲ ဖြစ်သည်။ သူ စုစုပေါင်းကိုးကြိမ် ကြိုးစားခဲ့ပြီးနောက် အမြဲတမ်း ရှုံးနိမ့်နေခဲ့သည်။

လီကျွင်းအပါအဝင် တခြားတပည့်များက ခုနစ်ခုမြောက် စစ်ဆေးမှုကို စတင်နေပြီ ဖြစ်သည်။ ဂိုဏ်းထဲမှ လူအများကြီးက ဂိုဏ်းချုပ်လေးက အားအင်ကုန်ခမ်းသွားပြီလားဆိုပြီး အံ့ဩနေကြသည်။

ထျန်းဝေ့တောင်ထိပ်တွင် အကြီးအကဲများ၏ အစည်းအဝေးကို ကျင်းပနေသည်။ သူတို့၏ ဆွေးနွေးမှုထဲတွင် ဝမ်ဝေ့နှင့် ခြောက်ခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှုကို ဖြတ်ကျော်နေသည့် အရည်အချင်းအကြောင်း ပါဝင်သည်။

ဝမ်ဝေ့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အစီအရင်ခန်းမဆောင်၏ မဟာအကြီးအကဲက မေးမြန်းလိုက်သည်

“ ဂိုဏ်းချုပ် ကျွန်တော်တို့ ဂိုဏ်းချုပ်ငယ်လေးကို ကူညီဖို့အတွက် တစ်ခုခုလုပ်ရင် ကောင်းမလားဟင်”

ထိုစကားကို ကြားပြီးနောက် လူအများကြီးက သဘောမတူသည့် ဝမ်ထျန်းကို စိုက်ကြည့်လိုက်ကြသည်

“ အဲလိုမျိုး လုပ်ဖို့ မလိုပါဘူး။ ဒီစစ်ဆေးမှုက တာအိုနှလုံးသားရဲ့ ခံနိုင်ရည်ကို စစ်ဆေးတာလေ။ ငါတို့ သူ့ကို ကူညီလိုက်ရင်တောင် သူ့အတွက် ကောင်းတာ မရှိဘူး”

မဟာအကြီးအကဲ ယန်းမိန်က မေးလိုက်သည်

“ အနည်းဆုံးတော့ အပြင်ကလူတွေ စစ်ဆေးမှုကို ကြည့်လို့မရအောင် စက္ခုပသာဓ အစီအရင်ကိုတော့ ပိတ်ချလို့ ရပါသေးတယ်။ သေးစိုနေတဲ့ ပေါင်မုန့်ကို စားရမှာက သခင်လေးအတွက်တော့ ကြီးမားတဲ့ စော်ကားမှုတစ်ခုပဲ။ အထူးသဖြင့် သူ တာအိုကို သက်သေပြနိုင်သွားတဲ့ အချိန်မျိုးမှာပေါ့”

မဟာအကြီးအကဲ ယန်းမိန်၏ စကားများကြောင့် အခန်းက ချက်ချင်း တိတ်ဆိတ်သွားသည်။ လူအများစုကလည်း ထိုအရာကို စိတ်ပူနေကြသည်။ ဤစစ်ဆေးမှုမှ အကျိုးသက်ရောက်မှုရှိသည်က အနာဂတ် မဟာဧကရာဇ်တစ်ပါး၏ ပုံရိပ် ဖြစ်သည်။

မဟာဧကရာဇ်ဆိုတာ ဘာလဲ

အချိန်၊ သေခြင်း၊ ရှင်ခြင်း စတဲ့ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်နိုင်တဲ့ ဖြစ်တည်မှု။ မဟာတာအိုကိုယ်တိုင်ပဲ။ ဘယ်လိုလုပ်ပြီးတော့ အဲလိုဖြစ်တည်မှုက အလှောင်ခံနေရမှာလဲ

ဂိုဏ်းချုပ် ဝမ်ထျန်းက အစည်းအဝေးတွင် ရှိနေသောသူအားလုံးကို ကြည့်ကာ ဖြေလိုက်သည်

“ ဒါက ဒီစစ်ဆေးမှုကို လုပ်ထားရတဲ့ တိကျတဲ့ ရည်ရွယ်ချက်ပဲ။ အနာဂတ်မှာ ဝေ့အာ ဘယ်လောက်မြင့်မြင့်ပဲ ရောက်ရောက် သူ့ရဲ့ မူလကို မေ့မသွားရဘူးဆိုတာကို သင်ပေးဖို့ပဲ။ သူက သူတောင်းစား ဖြစ်ရင်တောင် နှိမ့်ချလို့ ရတယ်ဆိုတဲ့ သဘောပဲပေါ့။

သူ အဲဒီလိုမျိုး စိတ်ကူးမယဉ်နိုင်တဲ့ နယ်ပယ်အဆင့်ကို ရောက်ရှိသွားရင် သူ့ရဲ့ ကောင်းမှုနဲ့ အတိတ်မှာ လုပ်ခဲ့တာတွေကို အနာဂတ် မျိုးဆက်တွေက အမြဲတမ်း ဂုဏ်ယူနေမှာ။ ဒါပေမဲ့ အဲလိုမျိုး အမြင့်ကို မရောက်ခင် သူ့ရဲ့ မာန၊ မောက်မာမှုတွေက သူက စစ်မှန်တဲ့ တောက်ပမှုကို ရဖို့ မထိုက်တန်သေးဘူးဆိုတာကို ပြသတယ်”

ဝမ်မိသားစု၏ သီးသန့်တောင်တွင် အစည်းအဝေးတစ်ခု ကျင်းပနေသည်။ လွန်ခဲ့သည့်နှစ်လလုံး စိတ်မကောင်းဖြစ်နေသည့် ဝမ်ဝေ့ကို သူ့အမေယုယန်က အခန်းထဲသို့ ခေါ်လိုက်သည်။

အခန်းထဲသို့ ဝင်ပြီးနောက် ယုယန်က သူမ၏ ဖရိုဖရဲဖြစ်နေသော သားကို စိတ်ဖိစီးစွာဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်လကနှင့် ခြားနားသွားသည်ကို သူမ အလွယ်လေး သတိထားမိသည်။

သူ့မျက်လုံးများ နီရဲနေသည်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သောလများတွင် သူ အိပ်ရေးမဝခဲ့သည်ကို သိနိုင်သည်။ သူ့ အဝတ်အစားများက သန့်ရှင်းသပ်ရပ်မှုလည်း မရှိတော့ပေ။ ဉာဏ်ပညာ၊ ရင့်ကျက်မှုနှင့် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်ခဲ့သော သူ့မျက်လုံးများက ယခု  သံသယများ၊ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ယုယန်က သူမ၏ သားကို ချစ်မြတ်နိုးစွာဖြင့် စိုက်ကြည့်လိုက်ပြီး ထိုစစ်ဆေးမှုက မလိုအပ်ဘူးဟု သွားပြောပစ်ချင်နေသည်။ ထိုအရာမရှိလျှင်ပင် ဘဝမှာ ကြီးမားသည့်အရာများကို လုပ်နိုင်သေးသည်။ သို့သော် ယခုက နူးညံ့နေရမည့်အချိန် မဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။

သူမက ပြောလိုက်သည်

“ ဝေ့အာ သားရဲ့အဖေက အခု အကြီးအကဲတွေနဲ့ အစည်းအဝေး လုပ်နေတုန်းပဲ။ ဒီရှုံးနိမ့်မှုကို အသုံးချပြီးတော့ မင်းကို တစ်ယောက်ယောက်က တိုက်ခိုက်မှာ စိုးရိမ်တယ်။ လာပြီးကြည့်လိုက်ဦး။ ဒါမှ အချက်အလက်ကို ကြိုရထားပြီးတော့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားနိုင်မှာ”

ထို့နောက် သူမက ကြေးမုံတစ်ချပ်ကို ထုတ်ကာ ထျန်းဝေ့တောင်ထိပ်ရှိ အစည်းအဝေး မြင်ကွင်းကို ပြသလိုက်သည်။ ဝမ်ဝေ့က သူ့အမေဘေးတွင် ထိုင်ကာ မျှော်နန်းဆောင်စစ်ဆေးမှု ကျရှုံးခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အကြီးအကဲများ ဆွေးနွေးနေသည်ကို ကြည့်နေသည်။ ထို့နောက် သူ့အဖေပြောသော လူသားဆန်မှုနှင့် ဂုဏ်ရှိမှုကြားက ဆက်နွယ်မှုအကြောင်းကို သူ နားထောင်လိုက်ရသည်။

ထို့နောက် သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို သတိရသွားမိသည်။

ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ မာနက ဘယ်နေရာကနေ ရောက်လာတာလဲ။ သူက ချမ်းသာပြီး ကံကောင်းစွာနဲ့ မွေးဖွားလာတာတော့ မှန်ပါတယ်။ သူ့အရင်ဘဝမှာတောင် သူ့ကို ဒုတိယမျိုးဆက် လူချမ်းသာ သခင်လေးအဖြစ် သတ်မှတ်ခံထားရတာ

သို့သော် သူ မွေးဖွားလာသည့် အခြေအနေက အနာဂတ် အောင်မြင်မှုနှင့် ဘာမှမဆိုင်ပေ။ အထူးသဖြင့် ဤကျင့်ကြံရေးကမ္ဘာတွင် ပို၍ မှတ်ယူနိုင်သည်။  အနိမ့်ကျဆုံး သူတောင်းစားလေးပင် တစ်နေ့ ဧကရာဇ်ပလ္လင်မှာ ထိုင်နိုင်ပြီး အဆုံးမဲ့ ဖြစ်တည်မှုများကို ကြည့်ရှုနိုင်သည်။

မျက်လုံးတစ်ဖက် ဧကရာဇ်က ဤဥပမာအတွက် အသင့်တော်ဆုံး ဖြစ်သည်။ သူက အနောက်ပိုင်း ကျားဖြူကုန်းမြေရှိ အစေခံမိသားစုတွင် မွေးဖွားလာခဲ့သည်။ သို့သော် တစ်နေ့ သူ အလုပ်လုပ်သော အိမ်ရှင်များ ရက်စက်စွာ အသတ်ခံခဲ့ရသည်။

သနားစရာ သေမျိုးတစ်ယောက်ဖြစ်သည့်အတွက် အသက်ရှင်ဖို့အတွက် တောင်းပန်ဖို့ ဖိအားပေးခံခဲ့ရသည်။ သူ ထိုအချိန်က တွေ့ခဲ့သော သူများထဲတွင် ချမ်းသာသော အရာရှိတချို့က သူ့မျက်လုံးတစ်လုံးကို ဓားဖြင့်ထိုးကာ ထာဝရကန်းသွားစေခဲ့သည်။

သို့သော် ကံကြမ္မာက ထိုကဲ့သို့ အဆင့်နိမ့် သူတောင်းစားထံတွင် ရှိနေသည်။ ကံကောင်းသော တွေ့ဆုံမှုတစ်ခုနှင့် ဆုံတွေ့ပြီးနောက် ကျင့်ကြံရေးလမ်းစဉ်ကို စတင်တော့သည်။ သူ၏ ကြိုးစားမှု၊ အရည်အချင်းဖြင့် စွမ်းအားကြီးအင်အားစုမှ ကောင်းကင်ရွေးချယ်ခံ အားလုံးကို အနိုင်ယူကာ တာအိုကို သက်သေပြခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံး ဤဧကရာဇ်က သူ၏ ကန်းနေသော မျက်လုံးတစ်ဖက်ကို မကုသခဲ့ပေ။ သူ မဟာဧကရာဇ်ဖြစ်လာသည့်အချိန်တွင်ပင် မကုသခဲ့ပေ။ ထို့ကြောင့် တာအိုကို သက်သေပြပြီးနောက် သူ၏ မူလဇစ်မြစ်ကို မမေ့စေရန်အတွက် မျက်လုံးတစ်ဖက်ဆိုသော နာမည်ကိုပင် ယူခဲ့သည်။

ဒါဆိုရင် မျက်လုံးတစ်ဖက် ဧကရာဇ်ရဲ့ဘဝနဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်တဲ့သူက ဝမ်ဝေ့ ပြောတဲ့ မာနနဲ့ ယှဉ်နိုင်လား

သူ့ရဲ့မာနကို လွှင့်ပစ်ပြီး သူတောင်းစားတစ်ယောက်ထက် နိမ့်ကျရမယ်၊ ပြီးတော့ အထွတ်အထိပ်ဧကရာဇ်ဖြစ်လာဖို့ တစ်ရာရာခိုင်နှုန်းသေချာဖို့ အစေခံဖြစ်ရမယ်ဆိုရင် သူ လက်ခံမှာလား

သူ သေချာပေါက် လုပ်မှာပေါ့

တစ်စုံတစ်ယောက်၏ စတင်မှတ်က သူတို့၏ အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်သည့်အရာ မဟုတ်ပေ။ နှိမ့်ချခြင်းက အကျိုးဆုတ်ယုတ်သွားခြင်း မဟုတ်ဘဲ ကောင်းမွန်သည့် စိတ်ဓာတ် ဖြစ်သည်။ ထိုအရာက လူများကို ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ လက်မလျှော့ဖို့အတွက် သင်ကြားပေးသည်။

ထိုအရာကို သတိထားမိပြီးနောက် ဝမ်ဝေ့၏ အကြည့်ထဲတွင် ရှိနေသော သံသယနှင့် ရှုပ်ထွေးမှုတို့က ချက်ချင်း ကွယ်ပျောက်သွားသည်။

သူက ရုတ်တရက် သူ့အမေဘက် လှည့်ကာ ပြောလိုက်သည်

“ အမေ သား ဒီနေ့ ညစာစားဖို့ ပြန်လာခဲ့မယ်နော်” ထို့နောက် သူ အပြင်သို့ အမြန်ပြေးထွက်သွားကာ အစေခံခေါင်းဆောင်က သူ့ကို စောင့်နေသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး မျှော်နန်းဆောင်စစ်ဆေးမှု တည်နေရာသို့ ဦးတည်သွားကြသည်။

ယုယန်က သူမ၏ သား ထွက်သွားသည်ကိုကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ ဝမ်ဝေ့ ထွက်သွားပြီး ခဏအကြာတွင် ဝမ်ထျန်းက သူ့မိန်းမဘေးသို့ ရောက်လာပြီး ပြောလိုက်သည်

“ ကြည့်ရတာ ငါတို့လှည့်စားမှု သေးသေးလေးက ထင်ထားတာထက် အဆင်ပြေသွားပုံရတယ်”

“ ဘာလို့ ရှင်နဲ့ အကြီးအကဲတွေက ဒီဒုက္ခတွေကို ခံစားနေရမှာလဲ။ သူ့ကို အရာအားလုံး တိုက်ရိုက် ပြောပြလိုက်တာ ပိုမကောင်းဘူးလား”

“ ဝေ့အာက အရမ်းဉာဏ်ကောင်းတဲ့ ကလေးပါ။ ကိုယ်တို့သာ ဒီလိုအရာတွေကို တိုက်ရိုက်ပြောပြလိုက်မယ်ဆိုရင် ကောင်းတဲ့ ရလဒ်ရှိမှာ မဟုတ်ဘူး။ သူကိုယ်တိုင် သတိထားမိသွားမှ တစ်ခုခုကို သင်ယူနိုင်ပြီးတော့ သူ့စိတ်သူ ရှင်းနိုင်မှာ။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး တစ်ခုတည်းသောဒုက္ခက ဝေ့အာကို တိုက်ရိုက်လှည့်စားထားတယ်ဆိုတာ သိသွားတော့မှာ။ ကံကောင်းစွာနဲ့ လွန်ခဲ့တဲ့နှစ်လတုန်းက သူ့အခြေအနေက ပုံမှန် မဟုတ်ခဲ့ဘူး”

အိမ်မှ ထွက်ခွာသွားပြီးနောက် ဝမ်ဝေ့က ခြောက်ခုမြောက် စစ်ဆေးမှုကို ဆယ်ကြိမ်မြောက် ဖြတ်ကျော်ဖို့အတွက် မျှော်နန်းဆောင်ထဲသို့ ဝင်သွားသည်။

ယခုတစ်ခေါက်လည်း ဇာတ်ကြောင်းက အတူတူပင် ဖြစ်သည်။ ဝမ်ဝေ့ ထပ်ပြီးတော့ သူတောင်းစားတစ်ယောက် ဖြစ်သွားပြန်သည်။ သို့သော် ယခုတစ်ခေါက် သူ့စိတ်အခြေအနေက မတူတော့ပေ။

သူ့ဘဝ၏ နိမ့်ကျမှုကို လက်ခံလိုက်သည်။ သူက သူ့ဘဝကို ပြောင်းလဲဖို့ အခွင့်အရေးရှာရင်း အသက်ရှင်ဖို့ အကောင်းဆုံး ကြိုးစားနေသည်။

မောက်မာသည့် အမျိုးသားတစ်ယောက်က သူ့ကို သေးစိုနေသည့် ပေါင်မုန့်အပိုင်းအစ ပေးသည့်အခါ တွေဝေခြင်းမရှိ ကောက်စားလိုက်သည်။ ရုန်းကန်နာကျင်နေရသည့် ခံစားချက်မျိုး မဟုတ်ဘဲ အသက်ရှင်ချင်သည့် ဆန္ဒနှင့် မနက်ဖြန်အတွက် မျှော်လင့်ချက် ဖြစ်သည်။

ဝမ်ဝေ့အတွက် အရာအားလုံး ပိုမိုကောင်းမွန်လာသည်။ သူ ဆာလောင်မွတ်သိပ်မှုမှ ရှင်သန်လာပြီးနောက် ဂိုဏ်းမှ သစ္စာရှိ အကြံပေးဟောင်းတစ်ယောက်က သူ့ကို ရှာတွေ့သွားကာ ကျင့်ကြံဆင့် ပျောက်ဆုံးသွား၍ ချို့တဲ့နေသော ခန္ဓာကို ပြန်လည်ကုစားရန်အတွက် ဆေးလုံး ပေးလိုက်သည်။

သူ ထိုအရာအားလုံးကို စိတ်ထဲမထားပေ။ သူ အောက်ဆုံးအဆင့်မှ ပြန်လည်စတင်ပြီး တစ်စစီဖြစ်နေသော တာအိုကို ကုစားဖို့ နှစ်အနည်းငယ်သာ ကြာလိုက်ပြီး ယခင်အဆင့်ထက် ပိုမြင့်သော အဆင့်သို့ ရောက်ရှိသွားသည်။

ထို့နောက် သူ့ရန်သူများနှင့် သူ့ကို သစ္စာဖောက်ခဲ့သူများအားလုံးကို သတ်ဖြတ်လိုက်သည်။ သူက တာအို အခွင့်အလမ်းဂိုဏ်းကို အလွယ်တကူ ပြန်လည်ထိန်းချုပ်နိုင်ပြီး ပိုမိုပေါကြွယ်ဝအောင် လုပ်နိုင်သွားသည်။ ထို့နောက် သူနေထိုင်ခဲ့သည့် ဆင်းရဲသားရက်ကွက်သို့ ပြန်သွားကာ သူ့ကို ကူညီခဲ့သည့်သူများကို ဆုချလိုက်သည်။

သူ မလုပ်ခဲ့သည့် တစ်ခုတည်းသောအရာက သူ သူတောင်းစားဖြစ်နေစဉ် သူ့ကို အနိုင်ကျင့်ခဲ့သည့်သူများကို မသတ်ဖြတ်ခြင်း ဖြစ်သည်။ သူ ဒီလိုဘဝမျိုး ရောက်ခဲ့သည့်အကြောင်းကို လျှို့ဝှက်ထားခြင်း မရှိပေ။ ထို့ကြောင့် သူ သူတောင်းစားဘဝမှ အထွတ်အထိပ်ဖြစ်တည်မှု ဖြစ်သွားသည့်အကြောင်းက ကမ္ဘာတစ်ဝန်းသို့ စိတ်ခွန်အားတစ်ခုအဖြစ် ပျံ့နှံ့သွားသည်။ မူလဇစ်မြစ်က နိမ့်ကျလည်း ဘဝမှာ မအောင်မြင်တာ မဟုတ်ဘူးဟု လူအများကို အသိပေးလိုက်သလို ဖြစ်သွားသည်။

ထို့နောက် သူ ခြောက်ခုမြောက် စစ်ဆေးမှုကို အောင်မြင်သွားပြီဆိုသော အသိပေးစာနှင့်အတူ ဝမ်ဝေ့ မျှော်နန်းဆောင်ထဲမှ ထွက်သွားသည်။

All Chapters