လဲကျပြီးရင် ပြန်ရပ်နိုင်ရမယ်
Vol. 3 Ch. 29
အခန်း (၂၉) : လဲကျပြီးရင် ပြန်ရပ်နိုင်ရမယ်
တပည့်များက ရှစ်ခုမြောက် စစ်ဆေးမှုဆီ ဝင်သွားကြသောကြောင့် ခုနှစ်ခုမြောက် စစ်ဆေးမှု မုန်တိုင်းက သိပ်မကြာမြင့်လိုက်ပေ။ ဤစစ်ဆေးမှုက ဝမ်ဝေ့အတွက် အလွယ်ဆုံးထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ အကြောင်းမှာ ထိုစစ်ဆေးမှုတွင် ဘဝမြင့်မှု၊ စိတ်ကြီးဝင်မှုနှင့် အရှုံးကို မည်သို့ကိုင်တွယ်ရမည် ဖြစ်ကြောင်း ပါဝင်နေသည်။
ဤစစ်ဆေးမှုတွင် ဝမ်ဝေ့က သူ့ကိုယ်သူ ရွယ်တူများကြား ပြိုင်ဖက်ကင်းကြောင်း ရှာတွေ့ခဲ့သည်။ ကောင်းကင်ရွေးချယ်ခံ မည်သူနှင့် တိုက်ခိုက်ရစေကာမူ သူက အောင်မြင်သူသာ ဖြစ်ခဲ့သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝမ်ဝေ့က ပြိုင်ဖက်ကင်း နှလုံးသား စတင် ကြီးထွားလာရသည်။
သူက မည်သူ့ကို ရင်ဆိုင်ရပါစေ အဆုံးသတ်၌ သူသာ အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက် ရှိလာခဲ့သည်။ သူ့မောက်မာမှုနှင့် ဘဝမြင့်မှုတို့က အချိန်နှင့်အမျှ ကြီးထွားလာကာ ကျင့်ကြံရေး၌ ကြိုးစားအားထုတ်မှုက သူ့ရွယ်တူများထက် နည်းပါးလာသည်။
တစ်ရက်ကျ သူ့ပထမဆုံး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြိုင်ဖက်က သူ ယခင်တုန်းက အကြိမ်များစွာ အနိုင်ယူထားဖူးသူ ဖြစ်၏။ ဤရှုံးနိမ့်မှုက သူ့မာနကို လာထိရောက်စေသည်။
အကယ်၍ တခြားတပည့်များဖြစ်နေလျှင် သူတို့က ယူကျုံးမရ စိတ်ထိခိုက်ကာ ကိုယ့်ဘာသာ အပြစ်တင်ပြီး ယုံကြည်ချက်ကင်းမဲ့လိမ့်မည်။ သို့သော် ဝမ်ဝေ့အတွက် မတူပေ။
နှစ်ဘဝ နေထိုင်ဖူးသည့် သူ့အတွက် ကျရှုံးမှုတစ်ခုက လူတစ်ယောက်၏ အနာဂတ် အောင်မြင်မှု သို့မဟုတ် ဘယ်လိုလူ ဖြစ်လာကြောင်းကို အဓိပ္ပါယ်ဖွဲ့ဆို၍ မရကြောင်း သင်ယူထားပြီးပြီ ဖြစ်၏။
တကယ်တော့ လူအများစုက သူတို့ဘဝတွင် ကျရှုံးမှုတစ်ခု သို့မဟုတ် နှစ်ခု ကြုံရလေ့ရှိသည်။ သို့သော်လည်း သူတို့က အောင်မြင်လာသရွေ့ ဘဝအတွက် သေချာသွားလိမ့်မည်။
တစ်ယောက်ယောက် အောင်မြင်လာသည်နှင့် သူ့အနားရှိ လူများက ယခင်ကျရှုံးမှုများစွာအား ဂရုမစိုက်ကြတော့ဘဲ အောင်မြင်မှုတစ်ခုကိုသာ အာရုံစိုက်ကြလိမ့်မည်။ သူတို့က တစ်ခုတည်းသော အောင်မြင်မှုအကြောင်းကို ပုံကြီးချဲ့ ချီးကျူးကြလိမ့်မည်။
အောင်မြင်မှုတစ်ခုက အခုကစပြီး ဘဝကို ဘာမှဂရုစိုက်စရာမလိုဘဲ ပျော်ပျော်ရွင်ရွင် နေနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ပြောရလျှင် ဆန့်ကျင်ဘက် ဖြစ်၏။ အောင်မြင်သွားသည်နှင့် အတိတ်မှ ရှုံးနိမ့်မှုများကို ပြန်လည်ဝေဖန်ပိုင်းခြားပြီး အောင်မြင်မှုအတွက် အကြောင်းအရင်းကို မှတ်သားထား တူညီသည့် လမ်းကြောင်း၊ နည်းလမ်းများဖြင့် အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားရမည် ဖြစ်၏။
ဤစိတ်အနေအထားဖြင့် ဝမ်ဝေ့က သိပ်မကြာခင် သူ့ကျရှုံးမှု အကြောင်းအရင်းမှာ အကြိမ်တိုင်း အနိုင်ရလာပြီးနောက် သူ့ကိုယ်သူ ဘဝင်မြင့်လာသည့် အချက်ကြောင့် ဖြစ်မှန်း သဘောပေါက်သွားသည်။
ပြိုင်ဖက်ကင်း ဖြစ်သွားပြီးနောက် သူက အားစိုက်ထုတ်မှု နည်းပါးလာသည်။ သူက မည်သူကမှ သူနှင့် မယှဉ်နိုင်ကြောင်း စတင် ယုံကြည်လာသောကြောင့် အားစိုက်ထုတ်ဖို့ မလိုကြောင်း ခံစားလာရသည်။
ပျင်းရိခြင်းက သူ့အား ဖြည်းဖြည်းချင်း ဝါးမျိုသွားစဉ် သူ့ပြိုင်ဖက်များက နေ့စဉ်နေ့တိုင်း မခိုမနား လေ့ကျင့်နေကြသည်။ သူတို့က ဝမ်ဝေ့နှင့် ရင်ဆိုင်ရစဉ် ကျရှုံးမှုမှ စိတ်ဓာတ်ကျသွားခြင်း မရှိကြပေ။
တကယ်တော့ ပြောင်းပြန် ဖြစ်၏။ သူတို့က နေ့တိုင်း ယခင်ထက် ပိုမိုကြိုးစားကာ လေ့ကျင့်ကြသည်။ သူတို့က ယခင်ထက် အဆရာချီ အားစိုက်ထုတ်ထားကြ၏။ နောက်ဆုံးတွင် အချိန်တစ်ခုကြာသည့်အခါ သူတို့ အနိုင်မယူနိုင်ခဲ့သည့် ပြိုင်ဖက်ကို အနိုင်ယူလာနိုင်ကြသည်။
ဝမ်ဝေ့လည်း သူ့ပြိုင်ဖက်များမှ အားစိုက်ထုတ်မှုနှင့် စိတ်ဓာတ်တို့ကို သင်ယူခဲ့ရသည်။ သူ့ပြိုင်ဖက်ကင်း နှလုံးသား ကွဲကြေသွားသော်လည်း စိတ်ထဲ မထားပေ။ သူက ဖြည်းဖြည်းချင်း တည်ဆောက်ကာ ယခင်ထက် အားကောင်းအောင် လုပ်မည် ဖြစ်၏။
ဝမ်ဝေ့က ရှစ်ခုမြောက် စစ်ဆေးမှုကို အောင်မြင်ဖို့ အချိန်သိပ်မကြာလိုက်ပေ။ ဒီစစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ တပည့်များအား ကြိုးစားအားထုတ်မှု တန်ဖိုးနှင့် ကျရှုံးမှုနှင့် ရင်ဆိုင်ရသည့်အခါ ထားရှိသင့်သည့် စိတ်သဘောထားတို့ကို သင်ကြားပေးခြင်း ဖြစ်သည်။
ဤကမ္ဘာ၌ ကျင့်ကြံရေးက အဆုံးမရှိ လမ်းကြောင်းပေါ် သွားနေသည့် အရှိန်မြင့် ရထားတစ်စင်းနှင့် တူပေသည်။ အကယ်၍ အနည်းငယ်မျှ နှေးကွေးသွားလျှင် မည်မျှရှေ့ကို ကြိုရောက်ထားစေကာမူ အခြားရထားများက ကျော်တက်သွားကြလိမ့်မည်။
ရှေ့ကို ဆက်တိုက်သွားနေမှသာ အရေးသာမှုကို ထိန်းထားနိုင်မည့် အခွင့်အရေးအနည်းငယ် ရရှိလိမ့်မည်။ ပို၍ ဆိုးသည်က အရှိန်မြင့် ရထားပြိုင်ပွဲတွင် အားလုံးက စမှတ်တူကြခြင်း မဟုတ်ပေ။ ထို့ကြောင့် ဆက်တိုက် တိုးတက်မှု မရှိလျှင် ပြိုင်ပွဲရလဒ်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။
ရှစ်ခုမြောက် စစ်ဆေးမှုမှ ထွက်လာပြီးနောက် ဝမ်ဝေ့က ပြိုင်ဖက်ကင်း နှလုံးသားအကြောင်း စတင် စဉ်းစားလာမိသည်။ သူ့အမြင်၌ မည်သူကမှ ပြိုင်ဖက်ကင်း အခြေအနေသို့ အမှန်တကယ် မရောက်ရှိနိုင်ပေ။
တချို့ကျင့်ကြံသူများက ဘဝ၌ တိုက်ပွဲ တစ်ပွဲပင် မရှုံးနိမ့်ဖူးကြပေ။
သူတို့က ပြိုင်ဖက်ကင်းပြီလား …
ဝမ်ဝေ့ စိတ်ထဲ၌ အဖြေကား မဟုတ်ပေ။
ကျင့်ကြံရေးလောကက ကြီးစဉ်ငယ်လိုက် ဖြစ်၏။
သဘာဝလွန် နယ်ပယ်အဆင့်မှာ ပြိုင်ဖက်ကင်းနေတော့ရော ဘာဖြစ်လဲ … လေဟာနယ်ကြေမွခြင်း နယ်ပယ်အဆင့် သို့မဟုတ် သူတော်စင်အဆင့်က ကျင့်ကြံသူကို အနိုင်ယူနိုင်မည်လား။ အဖြေကား မဟုတ်ပေ။
လူတစ်ယောက်ကို ပြိုင်ဖက်ကင်းသည်ဟု ပြောဆိုနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့တစ်ဘဝလုံး သူ့ထက် ကျင့်ကြံဆင့်မြင့်သူကို မတိုက်ခိုက်ဖူးဘဲ အချိန်ကုန်ခဲ့၍သာ ဖြစ်၏။
ဤသို့ဖြင့် ပြိုင်ဖက်ကင်း နှလုံးသားဆိုသည်မှာ အတုအယောင် ဘဝ၌ နေထိုင်ပြီး ဘဝင်မြင့်သူများအတွက် မဟုတ်ပေ။
ဝမ်ဝေ့က ပြိုင်ဖက်ကင်း နှလုံးသားမျိုး မလိုချင်ပေ။ ဝမ်ဝေ့က မထီမဲ့မြင် သဘောထားသော်လည်း ပြိုင်ဖက်ကင်း နှလုံးသားလို အရာမျိုးက ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်မှန်း သိထားသည်။
တိုက်ပွဲအတွင်း ကျင့်ကြံသူတစ်ယောက်၏ ယုံကြည်ချက်ကို မြင့်တင်ပေးနိုင်ပြီး ရန်သူကို အားနည်းသွားစေသည်။ ထို့အပြင် ပြိုင်ဖက်ကင်း နှလုံးသားကို လေ့ကျင့်ကြသည့် ကျင့်ကြံသူများကို ကောင်းကင်တာအိုက အသိအမှတ်ပြုပြီး ချီကံကောင်းမှု တိုးမြင့်နိုင်သည်။
အကယ်၍ တာအိုနှလုံးသားက ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်မြင့် နယ်ပယ်အဆင့်ကို ချိုးဖောက်တက်လှမ်းနိုင်မည့် အခွင့်အရေးတိုးမြင့်ပေးလျှင် ပြိုင်ဖက်ကင်း နှလုံးသားက တိုက်ခိုက်နှုန်းကို မြင့်တင်ပေးသည်။
ဝမ်ဝေ့အတွက် ပြိုင်ဖက်ကင်း နှလုံးသားဆိုသည့်အရာမှာ ကွဲကြေလွယ်လွန်းသည်။ ရှုံးနိမ့်မှုတစ်ခု သို့မဟုတ် သံသယတစ်ခုတည်းဖြင့် ကြေမွပျက်စီးသွားနိုင်သည်။ ဝမ်ဝေ့က သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိသော်လည်း သူက တိုက်ပွဲတွင် အရှုံးကို ဘယ်တော့မှ မရှုံးကြောင်း ယုံကြည်ရလောက်အောင်အထိတော့ မဟုတ်ပေ။
ထို့ကြောင့် သူက ပြိုင်ဖက်ကင်း နှလုံးသားသည် သူ့အတွက် မဟုတ်ကြောင်း နိဂုန်းချုပ်လိုက်သည်။ ထိုအရာမှလွဲ၍ ထိုနိဂုန်းချုပ်မှုက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိလိုက်ပေ။
အကြောင်းအရင်းမှာ သူက အားကောင်းသည့် ယုံကြည်မှု ရှိသည်။
မည်သို့သော ကံဆိုးမှုနှင့် ကြုံတွေ့ရပါစေ၊ မည်မျှ တိုက်ခိုက်ရစေကာမူ နောက်ဆုံးတွင် သူက ပြုံးရယ်သူ ဖြစ်လိမ့်မည်ဟူသော ယုံကြည်ချက် တစ်ခု …
သူက နောက်ဆုံးရပ်နေသူသာ ဖြစ်လိမ့်မည်။ သူက ပထမတိုက်ပွဲအနည်းငယ် မနိုင်ကောင်း မနိုင်နိုင်သော်လည်း တကယ့် အရေးကြီးကိစ္စ ဖြစ်လာသည့်အခါ သူသာ နောက်ဆုံး အနိုင်ရသူ ဖြစ်လာလိမ့်မည်။
ဤယုံကြည်ချက်က သူ့အတွက် ပြိုင်ဖက်ကင်း နှလုံးသားထက် အလွန်အရေးပါကာ တန်ဖိုးရှိသည်။
သူ့စိတ်အနေအထားကို လမ်းကြောင်းမှန် တည့်လိုက်ပြီးနောက် ဝမ်ဝေ့က နောက်ဆုံးသော စစ်ဆေးမှုအတွက် စတင် ပြင်ဆင်လိုက်သည်။ နောက်ဆုံးစစ်ဆေးမှုသည် သူ့အတွက်ပင် အတော်လေး ဆိုးရွားကြောင်း သိထားလေသည်။ သူ အာရုံစိုက်ထားသလောက် ဒီစစ်ဆေးမှုကို အောင်မြင်ဖို့ သိပ်ဖြစ်နိုင်ခြေ မရှိပေ။