နောက်ဆုံးစစ်ဆေးမှု၊ ကူကယ်ရာမဲ့မှု
Vol. 3 Ch. 30
အခန်း (၃၀) : နောက်ဆုံးစစ်ဆေးမှု၊ ကူကယ်ရာမဲ့မှု
ဝမ်ဝေ့က မျှော်နန်းဆောင်၏ နောက်ဆုံးသော စစ်ဆေးမှု ဖြစ်သည့် ကိုးခုမြောက် စစ်ဆေးမှုအတွက် ဆယ်ရက်ကြာ အနားယူကာ ပြင်ဆင်ခဲ့သည်။ စိတ်အားထက်သန်ကာ အကောင်းမြင်စိတ်ဓာတ်ဖြင့် သူက မျှော်နန်းဆောင်ထဲ နောက်ဆုံး စစ်ဆေးမှုအတွက် ဝင်သွားလိုက်သည်။
ဤစစ်ဆေးမှု၌ ဝမ်ဝေ့က ပျော်ရွင်ချမ်းမြေ့သော သာမန်ဘဝ၌ နေထိုင်ခဲ့ရသည်။ သူ့ကို ချစ်မြတ်နိုးသည့် မိသားစုရှိပြီး ဘဝကို သက်တောင့်သက်သာ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းစေနိုင်သည့် ချမ်းသာကြွယ်ဝမှုမျိုး ရှိသည်။ ထို့အပြင် တိုင်းသူပြည်သားများက ချစ်ကြသည့် အမှုထမ်းတစ်ယောက်လည်း ဖြစ်သလို ဘာရောဂါမှ မရှိသည့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ထို့အပြင် သူက မူးယစ်ဆေး၊ အရက်သေစာနှင့် မိန်းမကိစ္စများတွင် မပတ်သက်ခဲ့ပေ။ ဝမ်ဝေ့ကို သိတတ်သည့် သားလိမ္မာတစ်ဦး အဖြစ် မှတ်ယူနိုင်သည်။ သူ့ဘဝ၌ အဓိက အဖြစ်အပျက်မှာ သူ အိမ်ထောင်ပြုဖို့ အိမ်ထောင်ဘက် ရွေးချယ်သည့် နေရက်တွင် ဖြစ်၏။
ကံဆိုးစွာဖြင့် သူ့အတွက် ဒီလို နေ့ရက်များက မကြာမြင့်ခဲ့ပေ။ တစ်ရက် ဝမ်ဝေ့က ရုံးတော်မှ ပိတ်ရက်ရထား၍ မိဘများနှင့် ဥယျာဉ်အတွင်း စကားတပြောပြောနှင့် လမ်းလျှောက်နေစဉ် ရုတ်ချည်းဆိုသလို ကောင်းကင်ကြီးက တုန်ခါသွားလေသည်။
ဝမ်ဝေ့နှင့် သူ့မိသားစုတို့က အချင်းချင်း ထိန်းထားပေးလိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းမော့ကြည့်လိုက်ကြ၏။
သူတို့ မြင်လိုက်ရသည်ကား သူတို့တည်ရှိသမျှ ကာလပတ်လုံး စိတ်ဝိညာဉ်ထဲအထိ စွဲကျန်ရစ်နေမည့်အရာမျိုး ဖြစ်သည်။
ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ကောင်းကင်မှ သူ့ဆီ ဧရာမလက်ကြီး တစ်ဖက် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ သူ့ပထမဆုံး တုံ့ပြန်မှုက သူ့အမြင်မှာ အဓိပ္ပါယ်မရှိကြောင်း ဖြစ်၏။ သို့သော် ထိုဧရာမလက်ကြီးက တဖြည်းဖြည်း ပိုကြီးမားလာသည့်အခါ သူ့အမြင်မမှားကြောင်း တန်းသဘောပေါက်သွားသည်။
တကယ်တော့ လက်ကြီးက ကြီးလာရုံသာမက သူ့ဆီ ချည်းကပ်လာနေသည်။ ဝမ်ဝေ့ မြင်နိုင်သည်ကား သူ့အရွယ်အစားနှင့် မယှဉ်နိုင်လောက်အောင် ကြီးမားနေသည့် လက်ဖဝါးပြင်ကြီး တစ်ခုသာ ဖြစ်၏။
လက်ကြီး ချည်းကပ်လာသည့်အခါ ဝမ်ဝေ့က သူ့ကိုယ်သူ စကားမပြောနိုင်တော့သလို လှုပ်ရှားနိုင်စွမ်းလည်း မရှိတော့ကြောင်း သိလိုက်ရသည်။ သူ့အတွေးများပင် နှေးကွေးထုံထိုင်းလာသလို ခံစားလိုက်ရသည်။
ဝမ်ဝေ့အနားရှိ လေထုက ပို၍ တင်းကျပ်လာကာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ဖိအားများလာသည်။ လူတစ်ယောက်က သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သူတို့ဘဝတစ်လျှောက် အရေးပါသည့် မှတ်ဉာဏ်များကို ပြန်လည်မြင်ယောင်လာသည်ဟု ဆိုကြသည်။
သို့သော် ဝမ်ဝေ့အတွက် ထိုသို့ မဟုတ်ပေ။ သူ တွေးမိသည့်အရာက သူ မည်မျှအင်အားမဲ့သည့် အကြောင်း ဖြစ်ပြီး ဒေါသတရားက ကပ်ပါလာသည်။ ထို့နောက် သူက နောင်တတရားတို့၊ အကြောက်တရားတို့ဖြင့် ဖုံးလွှမ်းသွားလေသည်။
ဝမ်ဝေ့က သူ သေဆုံးသွားပြီးနောက် မျှော်နန်းဆောင်မှ ချက်ချင်း ထွက်မလာပေ။ ဤတစ်ကြိမ် စစ်ဆေးမှု အပြင်အဆင်က ကွဲပြားလေသည်။ ပထမတစ်ကြိမ် သေဆုံးပြီးနောက် ပါဝင်စစ်ဆေးခံသူက ၁၅ နှစ်အရွယ် ငယ်ဘဝသို့ ယခင်ဘဝမှ မှတ်ဉာဏ်များဖြင့် ပြန်လည်ဝင်စားသွားကြသည်။
ဒီစစ်ဆေးမှုအတွက် သူတို့တာဝန်က ဒီဧရာမလက်ကြီးမှ အသက်ရှင်နိုင်ဖို့ တောင့်ခံရမည် ဖြစ်၏။
ဒုတိယအကြိမ်မြောက် ကြိုးစားမှုအောက်တွင် ဝမ်ဝေ့က အားကောင်းသူများကို တိုက်ခိုက်နိုင်ရန်အတွက် ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သည်။ ဆယ်စုနှစ်အတွင်း ဝမ်ဝေ့က ကျင့်ကြံရေးလောက၏ ထိပ်သီး ရောက်လာခဲ့သည်။
ကံဆုံရာ ည၌ ဝမ်ဝေ့က လူသူကင်းမဲ့သည့် တောင်ထိပ်ဆီ လျှောက်လာလိုက်သည်။ သူက သူ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေသည်။
မျှော်လင့်ထားသည့်အတိုင်း ဧရာမလက်ကြီးက ကောင်းကင်ကို ခွဲကာ သူ့ဆီ ဆင်းသက်လာသည်။ ဝမ်ဝေ့က သူ့ရန်သူကို ပြုံးပန်းဆင်ကာ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် စောင့်ဆိုင်းနေသည်။ ကံဆိုးစွာဖြင့် ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်သွားခဲ့သည်။
မျှော်လင့်မထားသည့် လူနှစ်ယောက်က သူ့အနား ပေါ်လာကြသည်။ ထိုသူတို့က သူ့မိဘများ ဖြစ်ကြ၏။ ထိုစဉ် ဝမ်ဝေ့က ထိုအားကောင်းသည့် တည်ရှိမှုက သူ့ကို အမြစ်ဖြတ်ရှင်းထုတ်ချင်ရုံသာမက သူ့ကို စိတ်ပိုင်းဆိုင်ရာအရပါ နှိပ်စက်လိုကြောင်း သဘောပေါက်လိုက်သည်။ ထိုအရာက သူ့ရှေ့မှာ သူ ဂရုစိုက်သည့် လူများ သေစေကာ သူ့အား မျှော်လင့်ချက် ကုန်ဆုံးသွားသလို ဖြစ်စေချင်သည်။
ဝမ်ဝေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အော်သံက ကျယ်လောင်လွန်းပြီး ကမ္ဘာတစ်ခုလုံးကိုပင် ပဲ့တင်ရိုက်သွားသည်။ သူက ဆင်းသက်လာဆဲ ဖြစ်သည့် လက်ကြီးဆီ ရပ်တန့်ဖို့ အပြေးအလွှား သွားလိုက်သည်။
ကံဆိုးစွာဖြင့် ကိစ္စများက သူ မျှော်လင့်ထားသလို ဖြစ်မလာပေ။ သိပ်မကြာခင် ဝမ်ဝေ့က ထိုလက်ကြီး ဒါမှမဟုတ် ကောင်းကင်ဘုံ အမျက်ဒေါသဟု ဆိုရမလား သူ့အနေနှင့် တားဆီးဖို့ လုံလုံလောက်လောက် အားမကောင်းကြောင်း သိသွားရသည်။
ဝမ်ဝေ့က အတွေးများနေသော်လည်း ယခုအခါ အခြေအနေ မကောင်းတော့ပေ။ သူက ပထမဘဝလို ချက်ချင်း ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်သော်လည်း သူ့ကြိုးစားမှုက လက်ကြီးအပေါ် သက်ရောက်မှု မရှိခဲ့ပေ။
သူ့တိုက်ခိုက်မှုအားလုံးက အသုံးမဝင်ဘဲ လက်ကိုပင် မထိဘဲ ပျောက်ကွယ်သွားရသည်။ ဝမ်ဝေ့ကိုယ်တိုင်အတွက်မူ သူ့အနားတွင် ကျင့်ကြံဆင့်ဖြင့် အကာအရံအလွှာ ဖန်တီးထားရသည်။ သို့သော်လည်း ထိုနည်းလမ်းက ယာယီမျှသာ ဖြစ်၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝမ်ဝေ့အနားရှိ အကာအရံအလွှာက အက်ကွဲလာသည်။ သို့သော်လည်း ဝမ်ဝေ့က နောက်ဆုံးထွက်သက်အထိ ခုခံဖို့ အားစိုက်နေဆဲ ဖြစ်၏။ သို့သော် သိပ်မကြာခင် မချိတင်ကဲ ဝေဒနာတစ်ခု သူ့အား လွှမ်းခြုံသွားလေသည်။
ဝမ်ဝေ့က မြေပေါ် လဲကျနေဆဲ ဖြစ်သည့် သူ့မိဘများ တဖြည်းဖြည်း လေထဲ မြောက်သွားကာ လက်ကြီးရှေ့ ရောက်သွားသည်ကို ကြည့်နေရသည်။ ထို့နောက် သူတို့က တဖြည်းဖြည်း သဲမှုန့်လို အရွယ်အစားအဖြစ် ပြိုကွဲသွားကာ လေနှင့်အတူ လွှင့်မျှောသွားလေသည်။
ထိုစဉ် ဝမ်ဝေ့က နောက်ထပ် အော်ဟစ်လိုက်သည်။ ဤတစ်ခါက ဒေါသတင် မကဘဲ ကူကယ်ရာမဲ့မှုပါ ပါဝင်နေသည်။ စိတ်ခံစားချက် ပေါက်ကွဲထွက်လာခြင်းက သူ့စွမ်းအားကို တိုးပွားလာစေသည်။ အက်ကြောင်းအပြည့် ဖြစ်ကာ ပျက်စီးလုနီးပါး ဖြစ်နေသည့် သူ့အကာအရံက ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာပြီး အားကောင်းလာသည်။
ဒေါသတရားနှင့် အားကောင်းသည့် အကာအရံဖြင့် ဝမ်ဝေ့က လက်ကြီးဆီ ပြေးဝင်သွားပြီး ရင်ဆိုင်လိုက်သည်။
အရင်တစ်ခေါက်နှင့် မတူသည်က ဝမ်ဝေ့သည် ကျရှုံးသွားခြင်း မရှိပေ။ ထို့အစား သူက လက်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်လိုက်၏။
ခဏအကြာတွင် ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် လိပ်ခဲတည်းလည်း အခြေအနေထဲ ရောက်ရှိသွားသည်။ သူက ဒီလိုအားကောင်းသည့် စွမ်းအားမျိုးနှင့် ရင်ဆိုင်ရင်း မြေပေါ် မားမားမတ်မတ်ရပ်နိုင်ဆဲ ဖြစ်၏။ ဝမ်ဝေ့တစ်ယောက် အဆုံးမဲ့ အိပ်စက်ခြင်း ဟူသော သေခြင်းတရားနှင့် မထိတွေ့ခင် ထိုကြိုးစားမှုက ခဏတာမျှသာ ကြာမြင့်လိုက်သော်လည်း သူ့အတွက် အရေးပါခဲ့ပြီး သိသာသည့် သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့သည်။
ထိုခဏတာမျှအချိန်လေးက ဝမ်ဝေ့အတွက် မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
တစ်ရက်ကျ သူ အနိုင်မယူနိုင်ခဲ့တဲ့ ရန်သူကို အောင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက် …
သူ့ချစ်ခင်ရသူတွေ သူ့မျက်စိရှေ့ ကူကယ်ရာမဲ့စွာ အသတ်ခံရမှုကို ထိုင်ကြည့်စရာ မလိုတော့တဲ့ မျှော်လင့်ချက် …
ထိုမျှော်လင့်ချက်က အလွန်သေးငယ်သော်လည်း ဝမ်ဝေ့တစ်ယောက် အဆုံးမဲ့ နာကျင်စွာများစွာ ခံစားရမည်ဆိုလျှင်ပင်၊ အကြိမ်မြောက်များစွာ သေဆုံးရမည်ဆိုလျှင်ပင် စိတ်ထဲ မထားပေ။ မျှော်လင့်ချက်အနည်းငယ်က ဘာမှမရှိခြင်းထက် ပိုကောင်းပေသည်။
ဝမ်ဝေ့အတွက် ကံဆိုးသည်က ထိုအတွေးသည် သူ့အဆုံးမဲ့ ကူကယ်ရာမဲ့မှု၏ အစ ဖြစ်ကြောင်း မသိခဲ့ခြင်းသာ ဖြစ်၏။