နောက်ဆုံးစစ်ဆေးမှု
Vol. 3 Ch. 32
အခန်း (၃၂) : နောက်ဆုံးစစ်ဆေးမှု
တတိယအကြိမ်မြောက် ကြိုးစားမှု၌ ဝမ်ဝေ့က အားကောင်းသည့် ကျင့်ကြံသူအလုံအလောက်သာရှိလျှင် ကောင်းကင်ဘုံ အမျက်ဒေါသနှင့် ရင်ဆိုင်နိုင်ကြောင်း ယုံကြည်နေဆဲ ဖြစ်သည်။ ဤသို့ဖြင့် သူက ကမ္ဘာအနှံ့ ခရီးသွားကာ ကျင့်ကြံရေး နည်းစနစ်အမျိုးမျိုးကို တတ်နိုင်သမျှ အကုန်သင်ယူခဲ့ရသည်။
ထို့နောက် သူက မယုံနိုင်လောက်ဖွယ် ကျင့်ကြံဆင့်ကို ရောက်နိုင်မည့် ထိပ်သီးကျင့်စဉ်ကို ဖန်တီးခဲ့သည်။
သူ့မိဘများကိုလည်း ဒီတစ်ခါ ဝှက်မထားတော့သလို ကာကွယ်ပေးဖို့လည်း မကြိုးစားတော့ပေ။ ထို့အစား သူတို့အား ကျင့်ကြံရေးလမ်းစဉ်ပေါ် လျှောက်ခိုင်းလိုက်၏။ သူက သူတို့အတွက် ကောင်းကင်ဘုံ သွေဖယ်စေနိုင်သည့် အကာအကွယ်မျိုးနှင့် ကုသရေးစွမ်းရည်များကို ထောက်ပံ့ပေးနိုင်သည့် ကျင့်စဉ်မျိုးကို ဖန်တီးပေးခဲ့သည်။
သူတို့ အသက်အမျှင်လေး ကျန်ရှိနေသရွေ့၊ နောက်ဆုံးသော သွေးတစ်စက် ကျန်ရှိနေသရွေ့ သူတို့ ပြန်လည်ကောင်းမွန်လာလိမ့်မည်။ သူတို့က ထာဝရအသက်ရှင်သန်သူနီးပါးလို ဖြစ်နေလိမ့်မည်။
ဤကျင့်စဉ်က အင်မတန် ကြောက်စရာကောင်းသလို ကောင်းကင်ဘုံ သွေဖယ်နေသည်။ ဝမ်ဝေ့တစ်ယောက် အလွယ်တကူ ဖန်တီးနိုင်သည့် အကြောင်းအရင်းမှာ မျှော်နန်းဆောင် စစ်ဆေးမှုက ဘာမဆို ဖြစ်နိုင်သည့် ပုံရိပ်ယောင်ကမ္ဘာပေါ် အခြေခံထား၍ ဖြစ်သည်။
သို့သော်လည်း သူ အကောင်းဆုံး ကြိုးစားထားသော်လည်း တချို့ကိစ္စများက ရှောင်လွဲ၍ မရဘဲ ဖြစ်ကို ဖြစ်လာရမည့် ကံကြမ္မာပါလာသည်။ ဝမ်ဝေ့က လက်ကြီး သို့မဟုတ် ကောင်းကင်ဘုံ အမျက်ဒေါသကို တားဆီးဖို့ ကျရှုံးနေဆဲ ဖြစ်၏။
ဤတစ်ကြိမ်တွင် သူက ယခင်ထက် အချိန်အနည်းငယ်မျှ ပိုကြာမြင့်သော်လည်း ဧရာမလက်ကြီးက သူနှင့် သူ့မိသားစုကို သတ်ပစ်လိုက်ဆဲ ဖြစ်သည်။ သူ့ဖန်တီးထားသည့် ကျင့်စဉ်က သူ့မိဘများအတွက် မသေဆုံးခင် ပိုမိုခံစားရအောင် လုပ်သလိုမျိုးသာ ဖြစ်သွားခဲ့သည်။
သို့သော် ဝမ်ဝေ့က ဆုံးဖြတ်ချက်ကို နောင်တမရပေ။ ကောင်းကင်ဘုံ အမျက်ဒေါသက သူတို့တိုက်ပွဲအတွင်း သူ့မိဘများကိုပါ ဆွဲသွင်းဖို့ ဆုံးဖြတ်ထားသည် ဖြစ်ရာ သူ တားဆီးနိုင်သည့်အရာ မရှိပေ။
သို့သော်ငြား သူ့ဆန္ဒနှင့် ဆုံးဖြတ်ချက်တို့က နည်းနည်းလေးမျှ ယိမ်းယိုင်မသွားပေ။ သူ အသက်ရှုနေသရွေ့ ဆက်လက် တိုက်ခိုက်မည်သာ ဖြစ်၏။
ဤဆုံးဖြတ်ချက်က မကြာခင် သူ့အတွက် ကူကယ်ရာမဲ့မှု စတင်ရာ ဖြစ်လာပေတော့မည်။
………….....
ရာသီဥတုတွေလည်း တဖန် ပြောင်းလဲကာ ဆောင်းတွင်းမှ နွေဦး ရောက်လာခဲ့သည်။ သံသရာစက်ဝန်းထဲ သက်ရှိများက မလွတ်မြောက်နိုင်ဘဲ အဆုံးမဲ့ ပြန်လည်ဝင်စားခြင်း သံသရာထဲ တစ်ဘဝပြီး တစ်ဘဝပြီး ခံစားနေရသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အသက်အရွယ်အမျိုးမျိုးကို ဖြတ်သန်းကာ ဆင်းရဲဒုက္ခကို ခံစားရင်း တူညီသော အမှားကို ထပ်မံပြုလုပ်ကြသည်။
ဤသို့ဖြင့် နှစ်နှစ်တာ ကုန်ဆုံးသွားလေသည်။ ဝမ်ဝေ့က ကိုးခုမြောက် စစ်ဆေးမှု၌ တန့်နေဆဲ ဖြစ်၏။ ဤနှစ်တစ်လျှောက်လုံး ဝမ်ဝေ့က မျှော်နန်းဆောင်ထဲ ၉၉၉၉ ကြိမ်အထိ ကြိုးစားခဲ့သည်။ အားလုံးက ရှုံးနိမ့်ခြင်းသာ ဖြစ်ခဲ့၏။
သူ့မိသားစုနှင့် ချစ်ခင်ရသူတို့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို အကြိမ်ရေ ကိုးထောင်ထက်မနည်း ကြည့်နေခဲ့ရသည်။ သူကိုယ်တိုင်လည်း ထိုအရေအတွက်အတိုင်း သေခြင်းတရားကို ခံစားခဲ့ရသည်။
သေခြင်းတရားက သာယာဖွယ် အတွေ့အကြုံမျိုးတော့ မဟုတ်ချေ။ ဤစစ်ဆေးမှု၌ ပြန်လည်ဝင်စားခြင်းမျိုးသာ မရှိလျှင် သေခြင်းတရားက အဆုံးသတ် ဖြစ်သွားပေမည်။ နောက်ဘဝလည်း မရှိသလို ငရဲပြစ်ဒဏ်လည်း မရှိဘဲ အဆုံးမဲ့ တိတ်ဆိတ်မှုနှင့် အမှောင်ထုသာ ရှိနေပေလိမ့်မည်။
ဤအဆုံးမဲ့ တိတ်ဆိတ်မှုထဲ အလုပ်လုပ်နေသည့် တစ်ခုတည်းသော အရာမှာ စိတ်သာ ဖြစ်၏။ အရာအားလုံးနှင့် မတည်ရှိခြင်းအကြောင်း စဉ်းစားနေလိမ့်မည်။ အချိန်နှင့်နေရာ သဘောတရားလည်း မရှိတော့ပေ။ ပတ်သက်စရာ လူလည်း မရှိသလို စကားပြောစရာ လူလည်း မရှိနေချေ။ စိတ်ထဲမှ အတွေးများ၊ မှတ်ဉာဏ်များသာ ကျန်ရစ်ခဲ့မည်။
ဘဝတစ်လျှောက် အတွေးများ၊ အစီအစဉ်များ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့အား အသေးစိတ်အထိ တစ်ခုချင်းစီကို စစ်ဆေးမိလိမ့်မည်။
ဤဆိုးရွားလှသော အခြေအနေအတွင်း လူတစ်ယောက်က သူတို့ဘာသာ စတင်အကဲဖြတ်လာမိလိမ့်မည်။
သူတို့ အပြုအမူပေါ် မဟုတ်ဘဲ အတွေးပေါ် မူတည်၍ အကျင့်စာရိတ္တ၊ ကောင်းခြင်းဆိုးခြင်း ….
တခြားသူတွေရဲ့ အမြင်၊ သူတို့က တခြားသူအပေါ် တွေးထင်ခဲ့တဲ့ သက်ရောက်မှု၊ သူတို့ရဲ့ အတွေးအမြင် …
ထို့အပြင် သူတို့ ပတ်သက်သည့် လူများ သို့မဟုတ် သူတို့ဂရုစိုက်ခဲ့သည့် လူများက မှတ်ဉာဏ်ထဲ၌သာ တည်ရှိနိုင်တော့သည်။
ကိစ္စကောင်းတစ်ခုက ဤအဆုံးမဲ့ တိတ်ဆိတ်မှု အမှောင်ထုကြား မှတ်ဉာဏ်အားလုံးကို သေချာပြန်လည်တွေးတောနိုင်သည်။ သူတို့ မွေးဖွားလာကတည်းက အရာအားလုံးကို ပြန်လည်သုံးသပ်နိုင်သွားသည်။
သူတို့ တမ်းတမိသည့် လူအားလုံးက သူတို့မှတ်ဉာဏ်ထဲ၌သာ ထာဝရတည်ရှိပြီး သူတို့ဆန္ဒရှိသရွေ့ တွေ့နိုင်လေပြီ။
ဒီလိုအရာမျိုးက ထာဝရကြာမြင့်မည့် ကျိန်စာသဖွယ် ဖြစ်၏။ လူတစ်ယောက်က သူတို့တမ်းတလွမ်းဆွတ်နေသည့် လူများသည် မှတ်ဉာဏ်ကလွဲ၍ ဘာမှမဟုတ်တော့ကြောင်း အသိဝင်သွားသည့်အခါ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ပြိုလဲဖို့ လွယ်ကူလာသည်။
ရိုးရိုးရှင်းရှင်းဆိုရလျှင် သေခြင်းတရားက နှစ်သက်ဖွယ် မဟုတ်ပေ။ အကြိမ်ထောင်ချီ သေဆုံးခြင်းကို ကြုံတွေ့ခံစားခဲ့ရခြင်းက အားအကောင်းဆုံးလူကိုပင် ရူးသွပ်သွားစေနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က စိတ်လိုလက်ရ ပါဝင်နေသေးသည်။ သူက နည်းနည်းလေးမျှ တုန်လှုပ်သွားခြင်းမျိုး မရှိပေ။ သူ့တာအိုနှလုံးသား၊ သူ့ဧကရာဇ်လမ်းစဉ်အတွက် ရှေ့ဆက်လျှောက်လှမ်းနေဆဲ ဖြစ်၏။
ဤသည်က လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဝမ်ဝေ့ လုပ်ခဲ့သည့်အရာ ဖြစ်သည်။ သူက ကြိုးစားမှုအမျိုးမျိုး၊ ချည်းကပ်မှုအမျိုးမျိုးကို ကြိုးစားကြည့်ပြီးနောက် အားလုံးက ကျရှုံးမှုနှင့် သေဆုံးမှုသာ ရလဒ်ရခဲ့သည်။
ဆယ်ကြိမ်မြောက် ကြိုးစားမှု၌ ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသကို တိုက်ခိုက်ရန် အားကောင်းသည့် သူ့ကျင့်ကြံဆင့်ပေါ် မမှီခိုတော့ပေ။ သူက အားကောင်းသည့် အင်အားစုက တစ်ယောက်တည်းသမားထက် ပိုကောင်းကြောင်း သင်ယူခဲ့၏။
ဤသို့ဖြင့် သူက တစ်ကမ္ဘာလုံးအပေါ် လွှမ်းမိုးမှု လမ်းကြောင်းဆီ လျှောက်လှမ်းခဲ့သည်။ သူ လွှမ်းမိုးချုပ်ကိုင်ပြီးနောက် ကျင့်ကြံသူများကို စုဆောင်းကာ တစ်ကမ္ဘာလုံးအနှံ့ လွှမ်းခြုံထားသည့် ဧရာမအစီအရင်ကြီးတစ်ခု ဖန်တီးခဲ့သည်။ ထို့နောက် ကျင့်ကြံသူအားလုံးက သူတို့စွမ်းအားများ ထည့်သွင်းကာ ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် ရင်ဆိုင်ခဲ့သည်။
သူက မအောင်မြင်ဆဲ ဖြစ်နေသော်လည်း ဒီကြိုးပမ်းမှုမှ နောက်ထပ် ဘာထပ်လုပ်ရမည်ကို သင်ယူခဲ့သည်။ သူက ကမ္ဘာပေါ်ရှိ မွမ်းမံပြုပြင်သူများ အကူအညီဖြင့် အားကောင်းသည့် လက်နက်ကို ဖန်တီးခဲ့ပြီး နောက်ထပ် ကြိုးပမ်းမှု၌ အားကောင်းသည့် အဆောင်လက်ဖွဲ့ကို ဖန်တီးခဲ့သည်။ ထို့နောက် အားကောင်းသည့် ဆေးလုံးလည်း အပါအဝင် ဖြစ်၏။
အကြိမ်ငါးဆယ်မြောက် ကြိုးပမ်းမှု၌ ဝမ်ဝေ့က တစ်ကမ္ဘာလုံးကို အုပ်စိုးသည့် တိုင်းပြည် အရှင်သခင် ဖြစ်လာခဲ့သည်။ ထို့နောက် သူက သက်ရှိအားလုံး၏ ကံကောင်းမှုများ စုစည်းကာ သူ့ကိုယ်သူ ကောင်းချီးခံယူပြီး ကောင်းကင်ဘုံ အမျက်ဒေါသကို တိုက်ခိုက်ခဲ့သည်။ သူက ကျရှုံးနေဆဲ ဖြစ်ကာ သူ့တိုင်းပြည်မှ လူများလည်း ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။
အကြိမ်တစ်ရာမြောက် ကြိုးပမ်းမှု၌ ဝမ်ဝေ့က သူ့ကိုယ်သူ ထိပ်သီးနတ်ဘုရားဘွဲ့ ခံယူကာ သူ့ကရုဏာကို တစ်ကမ္ဘာလုံးဆီ ဖြန့်ကျက်ခဲ့သည်။ ထိုမှတဆင့် သူက ကမ္ဘာကို အုပ်စိုးကာ ယုံကြည်သက်ဝင်မှုအားလုံး စုဆောင်းခဲ့သည်။ သူက သေမျိုးလောကကို သူ့တိုင်းပြည်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့အား အယုံကြည်ဆုံးလူများကို အလင်းစကားပို့ဆောင်သူ သို့မဟုတ် တမန်တော်အဖြစ် ပြောင်းလဲလိုက်သည်။ တိုင်းပြည်တစ်ခုလုံးမှ ယုံကြည်သက်ဝင်မှု စွမ်းအားအားလုံးကို စုဆောင်းပြီးနောက် ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် ရင်ဆိုင်ခဲ့သည်။
အဆုံးသတ်၌ သူက ကျရှုံးဆဲ ဖြစ်ကာ သူ့တိုင်းပြည်လည်း ဖျက်ဆီးခံလိုက်ရသည်။ သူ့ယုံကြည်သက်ဝင်သူအားလုံး ပျောက်ကွယ်သွားကြသော်လည်း သူတို့မျက်နှာအထက် သူတို့ချစ်မြတ်နိုးရသည့် နတ်ဘုရားအတွက် သေဆုံးပေးရ၍ အပြုံးတို့ တည်ရှိနေသည်။
အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သော်လည်း ဝမ်ဝေ့၏ စိတ်ဆန္ဒနှင့် တိုက်ခိုက်လိုစိတ်က နည်းနည်းလေးမှ မမှေးမှိန်သွားပေ။ တိုက်ပွဲကို ဆက်လက် တိုက်ရမည်။