နောက်ဆုံးစစ်ဆေးမှု
Vol. 3 Ch. 33
အခန်း (၃၃) : နောက်ဆုံးစစ်ဆေးမှု
၂၅၀ ကြိမ်မြောက် ကြိုးပမ်းမှုတွင် ဝမ်ဝေ့တစ်ယောက် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကောင်းကင်ဘုံ အမျက်ဒေါသကို အနိုင်ရဖို့အတွက် သူက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် အစီအရင်ကြီး ခင်းကျင်းကာ ထိုလက်ကြီးကို ရင်ဆိုင်ဖို့ ကမ္ဘာကို ဗုံးကြီးသဖွယ် အသုံးချခဲ့သည်။
ထို့နောက် ဝမ်ဝေ့နှင့် သူ့မိဘများသာ အကောင်းတိုင်း ကျန်ရှိနေပြီး စကြဝဠာ လေဟာနယ်ထဲ အသက်ရှင်လွင့်မျှောနေကြသည်။ သို့သော်လည်း ထိုအချိန်က သိပ်မကြာလိုက်ပေ။ ကမ္ဘာဗုံးက လက်ကြီးကို မတားလိုက်နိုင်သလို နာကျင်မှုပင် မဖြစ်စေလိုက်ပေ။ သိပ်မကြာခင် ကောင်းကင်ဘုံ အမျက်ဒေါသက ဝမ်ဝေ့တို့ မိသားစုကို သတ်သွားတော့သည်။
၅၈၀ အကြိမ်မြောက် ကြိုးပမ်းမှုတွင် ဝမ်ဝေ့က နောက်တစ်ကြိမ် ကမ္ဘာကို လွှမ်းခြုံထားသည့် ထိပ်သီး ဘာသာရေး ယုံကြည်မှုကို တည်ထောင်ခဲ့သည်။ သို့သော်လည်း လူများစွာ ကိုးကွယ်ကြသည့် နတ်ဘုရားက သူ မဟုတ်ဘဲ ဧရာမလက်ကြီးကို ဖြစ်၏။
ဤကြိုးပမ်းအားထုတ်မှုတွင် ဝမ်ဝေ့က သူ့ကိုယ်သူ အစေခံနေရာမှာ ထားခဲ့ပြီး ကောင်းကင်ဘုံ အမျက်ဒေါသ၏ ဂုဏ်ကျက်သရေကို ထွန်းတောက်စေခဲ့သည်။ ဝမ်ဝေ့က လက်ကြီးရှေ့တွင် သူ့ကိုယ်သူ နှိမ့်ချရုံမှအပ မတတ်နိုင်ပေ။ အနည်းဆုံးတော့ သူ့မိသားစုကို ချမ်းသာပေးမလားဟု မျှော်လင့်မိ၏။
ကံဆိုးသည်မှာ သူ့အပြုအမူက သူ့ကို လိုချင်သည့် သက်ရောက်မှုမျိုး မဖြစ်လာစေပေ။ ကောင်းကင်ဘုံ အမျက်ဒေါသက သူနှင့် သူ့မိသားစုအား သတ်ပစ်ဆဲ ဖြစ်၏။
ထိုကြိုးပမ်းမှု ကျရှုံးပြီးနောက် ဝမ်ဝေ့က ရှက်ရွံ့ကာ ဒေါသထွက်လာပြီး ယခင်ထက် ပိုမို ခက်ထန်စွာ တိုက်ခိုက်တော့သည်။
၁၂၀၀ ကြိမ်မြောက် ကြိုးပမ်းမှုတွင် သူက ကမ္ဘာရှိ လူများ၏ သွေးသား၊ ဝိညာဉ်များကို အသုံးပြုကာ လက်ကြီးအပေါ် အားကောင်းသည့် ကျိန်စာတိုက်ခဲ့သည်။ ထိုကြိုးပမ်းမှုက သူ့အား အောင်မြင်မှုအနည်းငယ် ရစေခဲ့၏။
အားကောင်းလှသည့် ကျိန်စာက ကောင်းကင်ဘုံ အမျက်ဒေါသအား အားလျော့သွားစေခဲ့သောကြောင့် ဝမ်ဝေ့အနေနှင့် အနည်းငယ် ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်လည်း ရလဒ်က အတူတူသာ ဖြစ်၏။
သေဆုံးခြင်းနှင့် ပျက်စီးခြင်း …
၂၇၂၉ ကြိမ်မြောက် ကြိုးပမ်းမှုတွင် ဝမ်ဝေ့က နောက်ထပ် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ ကောင်းကင်ဘုံ အမျက်ဒေါသ ကျရောက်လာသည့်အခါ သူက မတိုက်တော့ပေ။ ထို့အစား သူက ဆက်တိုက် ရှောင်တိမ်းလိုက်သည်။ သူတို့တိုက်ပွဲက ကမ္ဘာအနှံ့ ဖြစ်သွားသောကြောင့် ကမ္ဘာပျက်စီးသွားသလို အသက်များစွာလည်း ပျက်သုန်းသွားရသည်။
ဤသည်မှာ ဝမ်ဝေ့၏ အစီအစဉ် ဖြစ်၏။ ကောင်းကင်ဘုံ အမျက်ဒေါသက ကမ္ဘာကို ဖျက်ဆီးပစ်ပြီးသည့်နောက် ဝမ်ဝေ့က တာအို ကံကြမ္မာနည်းစနစ်ကို သုံးကာ လက်ကြီးအား တန်ပြန်သက်ရောက်မှု ခံစားစေခဲ့သည်။ ကမ္ဘာကို ဖျက်စီးခဲ့သောကြောင့် အသက်သန်းပေါင်းများစွာ၏ အငြိုးတေးများက လက်ကြီးအား ယခင်တစ်ခေါက် ကျိန်စာထက် ပိုအားနည်းလာစေခဲ့သည်။ ကံဆိုးသည်က သူက ကျရှုံးကာ သေရစမြဲ ဖြစ်၏။
အကြိမ်ရေ ငါးထောင်မြောက် ကြိုးပမ်းမှု၌ ဝမ်ဝေ့တစ်ယောက် သူ ဘယ်လိုပင် ကြိုးစားပါစေ တစ်ဖက်လူကို ဒဏ်ရာရအောင် မလုပ်နိုင်ကြောင်း သဘောပေါက်သွား၍ သူ့အား နက်ရှိုင်းလှသည့် ကူကယ်ရာမဲ့မှုတို့ ဖုံးလွှမ်းသွားလေသည်။ သူက ရံဖန်ရံခါ အားနည်းအောင် လုပ်ခဲ့သော်လည်း၊ သူက အချိန်အတော်ကြာ တိုက်ခိုက်နိုင်အောင် လုပ်နိုင်ခဲ့သော်လည်း ထိုလက်ကြီးအား ဘယ်တော့မှ ကောင်းကောင်း မထိခိုက်စေခဲ့ပေ။ ဝမ်ဝေ့က ထိုလက်ကြီး သွေးထွက်သည်ကို တစ်ခါမှ မမြင်ဖူးပေ။
ထိုအတွေးများဖြင့် ဝမ်ဝေ့က စစ်ဆေးမှု ရပ်နားဖို့ စဉ်းစားလိုက်သည်။ ဒီအချိန်မှာ သူသာ ဆက်တိုက်ကြိုးစားနေခြင်း ဖြစ်၏။ ပထမ အပြိုင် အမွေခံသားတော်နှင့် ဒုတိယ အပြိုင်အမွေခံသားတော်တို့က အကြိမ်ရေ နှစ်ထောင်ပြီးနောက် ရပ်နားလိုက်ကြသည်။ သူသာလျှင် ဆက်လုပ်နေခြင်း ဖြစ်သည်။
ထိုစဉ် ဝမ်ဝေ့က အနိုင်ရဖို့ နည်းလမ်း မရှိကြောင်း သဘောပေါက်သွားသည်။ ဒီစစ်ဆေးမှု၏ ရည်ရွယ်ချက်က လုံးဝ အနိုင်မယူနိုင်သည့် ရန်သူရှိကာ ကူကယ်ရာမဲ့မှု၊ မျှော်လင့်ချက် ကုန်ဆုံးမှုတို့ကို ခံစားစေရန် ဖြစ်၏။ အကြီးအကဲများက သူတို့အား နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ဖို့ သင်ပြပေးခြင်းသာ ဖြစ်သည်။ ဒီဖြစ်စဉ်အတွင်း စိတ်ဆန္ဒနှင့် နှလုံးသားကို တတ်နိုင်သမျှ များများ လေ့ကျင့်ပေးထားသည်။
ဝမ်ဝေ့က သူ့ဘာသာ မေးလိုက်သည် “ဒီစစ်ဆေးမှုမှာ သူ့စိတ်ဆန္ဒနဲ့ နှလုံးသားကို လေ့ကျင့်ပေးနိုင်ခဲ့လား ”
အဖြေက “ လေ့ကျင့်ပေးနိုင်ခဲ့တယ်” ဟုသာ ဖြစ်၏။ အကြိမ်ရေ ငါးထောင်အတွင်း သူက မြောက်များစွာ သေဆုံးခဲ့ရသည်။ ထို့အပြင် သူက ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံကို သင်ယူခဲ့ရပြီး ကမ္ဘာကြီး၏ ထူးခြားအံ့ဖွယ်များကို ကြုံတွေ့ခဲ့ရသည်။ ဒီစစ်ဆေးမှုက စိတ်ကူးယဉ်ကမ္ဘာဖြစ်ကာ သူ လုပ်ခဲ့သမျှအရာအားလုံးက တကယ့်လက်တွေ့ကမ္ဘာတွင် ဖြစ်နိုင်ခြေ မရှိသော်လည်း သူ့အတွေ့အကြုံအများစုနှင့် ဗဟုသုတအများစုက အမှန်တကယ် အသုံးဝင်လှသည်။ အထူးသဖြင့် ပုံရိပ်ယောင်အတွင်း ပြန့်ကျဲနေသည့် ကျမ်းများ ဖြစ်၏။
တကယ်တော့ သူ့လိုမျိုး မျိုးရိုးမြင့် မိသားစုဝင်ကို လေ့ကျင့်ပေးခြင်းက အမှန်တကယ် ပြင်းထန်လှသည်။
သူ့ယခင်ဘဝ၌ ဝတ္ထုများတွင် ဘာမှမတတ်သလို သင်ယူခြင်း မရှိသည့် သခင်လေးများကို မကြည့်သင့်ပါ။ သို့သော် သူတို့က အားကောင်းသည့် ကျင့်ကြံဆင့်ရှိသည့် မိသားစု၏ အမွေဆက်ခံသူ ဖြစ်နေဆဲ မဟုတ်ပါလော။
တကယ်တော့ အနည်းဆုံး ဒီကမ္ဘာတွင် မဖြစ်နိုင်ပေ။ ဝမ်ဝေ့နှင့် လီကျွင်းလို ကလေးများ သို့မဟုတ် မိသားစုခွဲမှ ကလေးများပင် ငယ်ငယ်ရွယ်ရွယ်ဖြင့် လေ့လာကြရသည်။ သူတို့က ကျင့်ဝတ်ထုံးတမ်း၊ အပြုအမူ၊ အပြောအဆို၊ စာပေ၊ ကဗျာ၊ လက်ရေးလှ အစရှိသဖြင့် သင်ယူရသည်။ ထို့အပြင် သူတို့က မိုးမြေ၏ စည်းမျဉ်းနှင့် အမှန်တရားအကြောင်း ရေးသားထားသည့် ကျမ်းအမျိုးမျိုးကိုလည်း လေ့လာကြရသေးသည်။
ထိုကျမ်းများက တာအိုအခွင့်အလမ်းဂိုဏ်း တစ်လျှောက်လုံး မြောက်များစွာသော ဝိဇ္ဇာများနှင့် အားကောင်းသည့် ကျင့်ကြံသူများ စုဆောင်းထားခြင်း ဖြစ်၏။ ထိုကျမ်းအများစုကို ဂိုဏ်း၏ မဟာဧကရာဇ်များ ရေးသားထားကြသည်။ သူတို့က နောက်မျိုးဆက်အတွက် အခြေခံအုတ်မြစ် ခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ထားရစ်ခဲ့ခြင်း ဖြစ်၏။
ထိုကလေးများက ကျမ်းများ၏ ပါဝင်အကြောင်းအရာများကို နားမလည်နိုင်ကြပေ။ ကောင်းကင်ဘုံ သွေဖယ်လောက်သည့် စွမ်းအားကြီး ဝိညာဉ်မျိုး ရှိသည့် ဝမ်ဝေ့ပင် တချို့အား အပြည့်အစုံ နားမလည်ပေ။ သို့သော်လည်း သူတို့ နားမလည်လျှင်ပင် မှတ်သားနေရဆဲ ဖြစ်၏။
ထိုအချက်က ဂိုဏ်းသားတွေအတွက်လည်း အတူတူ ဖြစ်သည်။ သူတို့က အားကောင်းသည့် အကြီးအကဲများ၏ တိုက်ရိုက်တပည့် မဟုတ်သရွေ့ သူတို့လေ့ကျင့်ရေးက အမွေခံကလေးများလောက် တင်းကြပ်ခြင်း မရှိသော်လည်း ပျင်းရိဖွယ်ကျမ်းများကို မှတ်သားရဆဲ ဖြစ်သည်။
အကြောင်းအရင်းမှာ အနာဂတ် ကျင့်ကြံရေးအတွက် ခိုင်မာသည့် အုတ်မြစ် ဖွဲ့စည်းနိုင်သည့် နည်းလမ်း ဖြစ်သည့် တာအို ဉာဏ်အလင်းပွင့်သည့် ပုံစံကြောင့် ဖြစ်သည်။ တချို့ကျင့်ကြံသူများက လောကီရေးရာ ကိစ္စများလုပ်ရင်း သို့မဟုတ် တိုက်ပွဲအတွင်း ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားကာ ကျင့်ကြံဆင့် ချိုးဖောက်တက်လှမ်းသွားတာမျိုး ဖြစ်တတ်ကြသည်။
ထိုအကြောင်းအရင်းမှာ သူတို့ငယ်ရွယ်စဉ်ကတည်းက လေ့လာခဲ့သည့် ကျမ်းများကြောင့် ဖြစ်၏။ သူတို့ငယ်စဉ်က ဉာဏ်ပညာ၏ စကားလုံးများကို နားမလည်သော်လည်း အခါအခွင့်သင့်သည်နှင့် ထိုကျမ်းများ၏ စစ်မှန်သည့် အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားကာ ဉာဏ်အလင်းပွင့်သွားပြီး မိုးမြေသဘောတရားများ နားလည်လာကြသည်။ ထို့ကြောင့် သူတို့ကျင့်ကြံရေးလမ်းစဉ်ကို ရှေ့ရောက်သွားစေသည်။
ထိုသည်က အားကောင်းသည့် ဂိုဏ်းများနှင့် မိသားစုများမှ ကောင်းကင်ရွေးချယ်ခံတို့သည် အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးကြသည့် အဓိကအကြောင်းအရင်းထဲမှ တစ်ခု ဖြစ်ပေသည်။ သူတို့က ပါရမီထူးကဲကာ ပိုအားကောင်းသည့် ကျင့်စဉ်များရှိသည့်အတွက်ကြောင့်သာ မကပေ။ ထိုကျမ်းများက မိသားစုများနှင့် ဂိုဏ်းများအတွက် နှစ်သန်းချီ စုဆောင်းလာရသည့် အုတ်မြစ် ဖြစ်၏။
ဤကမ္ဘာ၌ သာမန်မိသားမှ ကျင့်ကြံရေး ပါရမီရှင်များစွာ ရှိခဲ့ကာ သူတို့တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာခဲ့ဖူးသည်။ မိသားစုများ သို့မဟုတ် ဂိုဏ်းများ မဖွဲ့စည်းခဲ့သည့် ထိုလူများ၏ အမွေအနှစ်များက ကမ္ဘာအနှံ့ ပြန့်ကျဲသွားလေသည်။
တစ်ယောက်ယောက်က ကံပါလာသရွေ့ သူတို့သည် ကောင်းကင်ရွေးချယ်ခံများထက် မနိမ့်ကျသည့် ထိုကျမ်းများကို ရရှိကြသည်။ သို့သော်လည်း ကံကောင်းသူအားလုံးက နာမည်တစ်လုံး ချန်နိုင်ခဲ့ခြင်း မဟုတ်ပေ။
အကြောင်းအရင်းက သူတို့သည် အားကောင်းသည့် ဂိုဏ်းများမှ အရင်းအမြစ်လောက် မရနိုင်သည့် အချက်ကြောင့်သာ မကဘဲ သူတို့တွင် နောက်ခံ လိုအပ်နေ၍ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ပြိုင်ဖက်ကင်း ကျင့်ကြံရေးကျမ်းကို ရသွားခဲ့လျှင်ပင် ထိုလူက အပြည့်အဝ နားမလည်နိုင်လျှင် ဘာမှထူးမည် မဟုတ်ပေ။ အနည်းဆုံးတော့ အလားအလာ မရှိပေ။
ထို့ကြောင့် မျှော်နန်းဆောင် စစ်ဆေးမှုက တာအိုနှလုံးသား လေ့ကျင့်ပေးခြင်းထက် ပိုပေသည်။ ဤသည်က ထိုတပည့်များ၏ အတွေ့အကြုံများနှင့် ဗဟုသုတများကို တိတ်တဆိတ် လေ့ကျင့်ပေးနေခြင်း ဖြစ်၏။ မျှော်နန်းဆောင်အတွင်း ကျင့်စဉ်နှင့် နယ်ပယ်အဆင့်က တကယ် မဟုတ်သော်လည်း တပည့်များက ပါရမီရှိလျှင် သူတို့ကိုယ်ပိုင် ကျင့်စဉ် ဖန်တီးသည့်အခါ ကိုးကားနိုင်လေသည်။
အကြိမ်ရေ ငါးထောင်မြောက်တွင် ဝမ်ဝေ့က အတွေ့အကြုံနှင့် ဗဟုသုတများစွာကို သင်ယူခဲ့ရပြီး သူ့တာအိုနှလုံးသားကို များစွာ လေ့ကျင့်ပေးခဲ့နိုင်ကြောင်း နိဂုန်းချုပ်နိုင်လိက်သည်။
သို့သော်လည်း သူက သူ့ဘာသာ ပြန်မေးလိုက်၏ “ ငါ ကန့်သတ်ချက် ရောက်နေပြီလား ”