အခန်း(၃၄)
Vol. 3 Ch. 34
အခန်း (၃၄)
အကြိမ်ငါးထောင်မြောက်တွင် ဝမ်ဝေ့၏ အကျပ်ရိုက်မှုက ကြာမြင့်နေသည်။ သူက သူ့ဘာသာ ကန့်သတ်ချက်ရောက်သွားပြီလား၊ ရပ်တန့်လိုက်ရတော့မလား မေးခွန်းထုတ်နေမိ၏။
ဒီမေးခွန်းကို မေးပြီးနောက် ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့ကိုယ်သူ လေ့ကျင့်ပြီးသလို တပည့်များကြား အကောင်းဆုံး ရလဒ် ရထားခဲ့သည် မဟုတ်ပါလော။ သူ့အနေနှင့် နောက်ထပ် သက်သေပြစရာ မရှိတော့ပေ။
ဝမ်ဝေ့က သူ့အတွေးကို လုပ်ဆောင်တော့မည့်ဆဲဆဲတွင် သူ့အလိုလိုသိစိတ်က နိုးထလာကာ သူသာ ယခုလက်လျော့လိုက်လျှင် နှစ်များစွာကြာပြီးသည့်နောက် နောင်တရနေနိုင်ကြောင်း သတိပေးနေသည်။
ဝမ်ဝေ့က သူ့အလိုလိုသိစိတ်ကို အမြဲတမ်း ယုံကြည်ခဲ့သည်။ ထိုအရာက သူ့ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့ပြီး ပထမဆုံး ပြန်လည်ဝင်စားသည့်အခါ၌ပင် ခြွင်းချက် မဟုတ်ခဲ့ပေ။
ဝမ်ဝေ့က ရွေးချယ်လိုက်ပြီးနောက် မျှော်နန်းဆောင်ဆီ အကြိမ်ငါးထောင်မြောက် ကြိုးစားမှုအတွက် ဝင်ရောက်သွားလိုက်သည်။ ဤတစ်ကြိမ် သူက တစ်ခါမှ မကြိုးပမ်းဖူးသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။
အသနားခံခြင်း ဖြစ်၏။
ဒီလိုအရာမျိုးက သူ့အကျင့်စရိုက်နှင့် မာနတို့ဖြင့် မသင့်တော်သော်လည်း သူ့မိသားစုအတွက်၊ သူ့အနာဂတ် လေ့ကျင့်ရေးအတွက် သူ့ကိုယ်သူ နှိမ့်ချခြင်းက လက်မခံနိုင်ခြင်းတော့ မဟုတ်ပေ။ ယခင်စစ်ဆေးမှု၌ သူက အခြေအနေများကို မည်သို့အလျော့ပေးရသည်ကို သင်ယူခဲ့ပြီးလေပြီ။
ထို့အပြင် အသနားခံခြင်းက ဝမ်ဝေ့၏ လွတ်မြောက်ခြင်း နည်းလမ်းဖြင့် ကွဲလွဲနေသည်။ ပြီးပြည့်စုံသော လွတ်မြောက်မှုကို ဖမ်းဆုပ်သူတစ်ဦးအနေနှင့် သူလုပ်ချင်တာ လုပ်နိုင်လေသည်။
အကယ်၍ သူက အားလုံး ဦးညွှတ်ရသည့် ထိပ်သီးတည်ရှိမှု ဖြစ်လိုလျှင် ဖြစ်လာလိမ့်မည်။ တစ်ရက်ကျ သူ့အနေနှင့် တစ်ကမ္ဘာလုံးက သူ့စံချိန်အရ ညစ်ပတ်နေသည်ဟု ထင်ကာ သန့်ရှင်းရေး လုပ်ပစ်လိမ့်မည် သို့မဟုတ် သူ့မျက်လုံးကို ဖောက်ထုတ်ကာ အကန်းအတိုင်း နေလိမ့်မည်။
အကယ်၍ တစ်ရက် သူက သူတောင်းစား သို့မဟုတ် ကျွန်တစ်ယောက် ဖြစ်လိုလျှင် နှိမ့်ချတတ်ဆုံး သူတောင်းစား ဖြစ်လာသလို အဆင့်နိမ့်ကျွန် တစ်ယောက် ဖြစ်လာနိုင်သည်။ အရာအားလုံးက သူ့ဆန္ဒအတိုင်း ဖြစ်၏။
မျှော်နန်းဆောင်ထဲ နောက်ထပ် ကြိုးပမ်းမှုအတွက် ဝင်ရောက်လိုက်ပြီးနောက် သူက ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် တွေ့ဆုံရာ တောင်ကုန်းဆီ သွားကာ နေထိုင်ခဲ့သည်။ ထိုနေရာတွင် သူက ရိုးရှင်းသည့် သစ်သားအိမ်ပုလေး ဆောက်ကာ ကျင့်ကြံသူတစ်ယောက်အား မြစ်နှင့် တိရစ္ဆာန်၊ အပင်မျိုးစုံ ပါဝင်သည့် တောအုပ်တစ်ခုကို ဖန်တီးစေလိုက်သည်။
ဝမ်ဝေ့က နေ့စဉ်နေ့တိုင်း ရိုးရှင်းသည့် ဘဝတွင် နေထိုင်နေသည်။ သူက နေ့တိုင်းစောစောထကာ တိရစ္ဆာန်များကို အမဲလိုက်ကာ အပင်များကို ခူးစားလေသည်။ မြစ်မှ ရေကို သောက်သုံး၏။ ထို့နောက် သူက ဗလာကျင်းနေသည့် အိမ်ခန်းလေးထဲ ဝင်ကာ ကောင်းကင်ဘုံ အမျက်ဒေါသအား ခွင့်လွှတ်ပေးဖို့ရာ ဆုတောင်းလေသည်။
ဤတောင်းဆိုသည့် အပြုအမူကို တစ်ရက်လျှင် ၁၈ နာရီကြာ ဝပ်တွားရှိခိုးလေသည်။ ထို့နောက် ဝမ်ဝေ့က အိပ်ယာဝင်ကာ နောက်တစ်ရက်တွင်လည်း မနေ့ကလို အတူတူ လုပ်ပြန်သည်။
ဒီဖြစ်စဉ်က ဆယ်စုနှစ် ကြာမြင့်ခဲ့သည်။ နေ့တိုင်း မပျက်မကွက် သူက ၁၈ နာရီကြာ ဒူးထောက်ကာ ခွင့်လွတ်ပေးဖို့ တောင်းဆိုသည်။ နှင်းကျသည် ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ သူက ဆက်လုပ်နေဆဲ ဖြစ်၏။ သူက ရောဂါ ခံစားနေရလျှင်ပင်၊ အင်အားချိနှဲနေလျှင်ပင် ၁၈ နာရီကြာ ဆက်တိုက် တောင်းဆိုနေဆဲ ဖြစ်၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က အာဟာရမပြည့်ဝမှုကြောင့် ပိန်ချုံးလာသည်။ သူက နေ့တိုင်း စားသောက်နေသော်လည်း နောက်ရက် အသက်ဆက်နိုင်ရုံ ပမာဏသာ ဖြစ်လေသည်။
ထို့အပြင် ဆက်တိုက် ဒူးထောက်နေသောကြောင့် သူ့ဒူးတွင် အသားမာများ တက်နေသည်။ တကယ်တော့ သူ့အရိုးလည်း ပုံမကျ ဖြစ်နေတာကြာလေပြီ။ သို့သော်လည်း ဒီကြိုးပမ်းမှုများကို ဝမ်ဝေ့က တစ်ရက်မှ မရပ်တန့်လိုက်ပေ။
ဝမ်ဝေ့အတွက် ဒီဖြစ်စဉ်က စစ်ဆေးမှု အောင်မြင်ဖို့တင် မကဘဲ သူ့ကိုယ်ကို ရှာဖွေတွေ့ရှိဖို့ ခရီးအတွက်လည်း ပါဝင်သည်။ ဝမ်ဝေ့က တစ်စုံတစ်ယောက်၏ ဘဝတွင် အနာကျင်ရဆုံးအချိန်က သူတို့ကိုယ်တိုင် ဘယ်လိုလူဖြစ်ကြောင်း ရှာတွေ့သွားသည့်အခိုက်အတန့် ဖြစ်ကြောင်း ယုံကြည်သည်။
အချိန်က ကုန်လွန်သွားပြီး တွေ့ဆုံရမည့် နေ့ရက် ရောက်ရှိလာသည်။ ကောင်းကင်မှ ဧရာမလက်ကြီးသည် ဝမ်ဝေ့ထံ အရင်အချိန်တိုင်း ဆင်းသက်လာပြီး သူ့အား သုတ်သင်ဖို့ လုပ်လိုက်သည်။
သို့သော် ဒီတစ်ကြိမ်ကား ကွဲပြားပေသည်။ ပထမအချက်မှာ ဧရာမလက်ကြီးက ဝမ်ဝေ့၏ မိဘများကို မသတ်ဘဲ သူ့ကိုသာလျှင် သတ်သွားလေသည်။ ဒုတိယအချက်မှာ ကောင်းကင်ဘုံ အမျက်ဒေါသက သူနှင့် အမှန်တကယ် ဆက်သွယ်လာခဲ့၏။
ဝမ်ဝေ့ကို မဖျက်ဆီးပစ်ခင် စွမ်းအားကြီး အသံတစ်ခု ထွက်ပေါ်လာကာ အော်ပြောလိုက်သည်။
“ပါမွှားလေး မင်းက ထိုက်တန်ရဲ့လား ”
ထို့နောက် ဝမ်ဝေ့က အသတ်ခံလိုက်ရပြီး မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။
ဝမ်ဝေ့က ထွက်လာပြီးနောက် သူ့ဆယ်စုနှစ်ကြာ အပြုအမူများ အလကားဖြစ်သွားသည့်အတွက် ဒေါသမထွက်ပေ။ ဤသည်မှာ သူကိုယ်တိုင် လုပ်ခဲ့သည့် ရွေးချယ်မှု ဖြစ်ပြီး အကျိုးဆက်ကို လက်ခံရမည်။ မည်သူကမှ သူ့အပေါ် အကြွေးတင်မနေပေ။ အထူးသဖြင့် ကောင်းကင်ဘုံ အမျက်ဒေါသ ဖြစ်၏။ သူက ကြိုးစားခဲ့ခြင်းကြောင့် ဆုလာဘ်ရလိမ့်မည်ဟု မဆိုလိုပေ။ ဘဝက မမျှတသလို ကံကြမ္မာက ဘဝအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်ပေသည်။
ထို့အပြင် သူက စစ်ဆေးမှုတစ်လျှောက် အကျိုးမြတ်များစွာ ရခဲ့သည်။ သူ့ဆယ်စုနှစ်ကြာ ဘဝအတွင်း သူ့စိတ်အခြေအနေက နူးညံ့သိမ်မွေ့သွားလေသည်။ သူက သူ့အကြောင်းသူ သေချာသင်ယူခဲ့ရသည်။ သူ သိခဲ့ရသည့် သူ့သဘာဝတချို့က သိပ်အဆင်မပြေကြောင်း သဘောပေါက်မိသော်လည်း သူက အမှန်အတိုင်း နေဖို့ ဒါမှမဟုတ် ပြောင်းလဲပြီး နေဖို့ ရွေးချယ်နိုင်သည်။
ကျရှုံးသွားသည့် သူ့အစီအစဉ်အကြောင်း သောကပွားနေမည့်အစား ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသ၏ စကားကို သေချာပြန်စဉ်းစားနေသည်။
သူက ထိုက်တန်ရဲ့လား …
သူက အကြိမ်များစွာ တိုက်ခိုက်ခဲ့သော်လည်း သူက ထိုက်တန်သည့် ပြိုင်ဖက်တစ်ယောက် ဖြစ်ကြောင်း တစ်ခါမှ သက်သေမပြနိုင်ခဲ့ပေ။ အကောင်းဆုံးက ဝမ်ဝေ့ကို စိတ်အနှောင့်အယှက် ဖြစ်စရာအနေနှင့်သာ မြင်လောက်သည်။
ထိုက်တန်တဲ့ ပြိုင်ဖက်လား … ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
ထိုအရာကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။ ယခု သူက ဒီစစ်ဆေးမှု အောင်မြင်ရန် လမ်းစကို တွေ့သွားလေပြီ။ သူက ကောင်းကင်ဘုံ အမျက်ဒေါသကို အနိုင်မရလျှင်ပင် ထိုက်တန်သည့် ပြိုင်ဖက်တော့ ဖြစ်လာနိုင်လေ၏။
ဝမ်ဝေ့က စိတ်ကို ပြင်ဆင်လိုက်ပြီးနောက် နောက်တစ်ကြိမ် စစ်ဆေးမှုအတွက် စဉ်းစားချင့်ချိန်ရန် ရက်အနည်းငယ် နားခဲ့သည်။ ခဏကြာ စဉ်းစားနေပြီးနောက် သူက တွေးမိသမျှ နည်းလမ်းအကုန် သုံးပြီးသွားကြောင်း သိလိုက်ရသည်။ ကျန်ရှိနေသည့် အခြားနည်းလမ်းများက ယခင်အကြံများနှင့် အနည်းငယ်သာ သွေဖယ်နေသည်။ ဧကရာဇ်အဖြစ် သက်ရှိအားလုံး၏ ကံကောင်းမှုတွေကို အသုံးပြုပစ်တာမျိုး ဒါမှမဟုတ် ယုံကြည်မှုစုဆောင်းပြီး နတ်ဘုရား ဖြစ်လာတာမျိုး … သူတို့အားလုံးက ပုံစံကွဲ သုတ်သင်သည့် နည်းလမ်းတူများသာ ဖြစ်ကြသည်။
ဝမ်ဝေ့က ရုတ်ချည်းအသိဝင်လာပြီးနောက် တိုက်ခိုက်ဖို့ လက်မလျော့တော့ပေ။ သူသာ ဆက်တိုက်နေသရွေ့ ရှေ့ဆက်ရမည့် လမ်းကို ရှာနိုင်လိမ့်မည်။ သူ အသုံးပြုသည့် နည်းလမ်းများကလည်း ယခင်ထက် အနည်းငယ် ပိုကောင်းလာသရွေ့ သူ ဆက်တိုက်နိုင်လိမ့်မည်။
၆၅၄၆ ကြိမ်မြောက်၌ ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသဆီမှ ပုန်းနေဖို့ ကြိုးစားခဲ့သည်။ သူက ကံကြမ္မာကို ဖြတ်တောက်ကာ သူ့တည်ရှိမှုအကြောင်း သူ့ကို သိသည့်သူများ သို့မဟုတ် မြင်ဖူးသူများဆီမှ မှတ်ဉာဏ်ကိုပါ ဖျက်ပစ်လိုက်သည်။ သူ့မိဘများလည်း အပါအဝင် ဖြစ်၏။ သူက ကမ္ဘာကြီးမှ သူ့တည်ရှိမှုအကြောင်း လုံးဝ ဖယ်ရှားပစ်လိုက်သည်။ သူက သူ့တည်ရှိမှုအကြောင်း ပယ်ဖျက်ခဲ့ပြီး ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းမှ မွေးဖွားသည့် မှတ်တမ်းပါ ဖျောက်ပစ်ခဲ့သည်။ သူ့ကိုယ်သူ အချိန်မြစ်ထဲမှ ဖျက်ပစ်ခဲ့သည်။ သဘောအရ ဝမ်ဝေ့က ဒီကမ္ဘာတွင် တစ်ခါမှ မမွေးဖွားလာဖူးပေ။
သူ့တည်ရှိမှု နောက်ဆုံးသဲလွန်စဖြစ်သည့် ကံကြမ္မာကို တစ်ခြားတစ်ယောက်ဆီ လွဲလိုက်သည်။ ဝမ်ဝေ့က မိုးမြေကြား မတည်ရှိသည့် တစ္ဆေတစ်ကောင် ဖြစ်လာသည်။ သူက ကမ္ဘာတွင် တစ်ခါမှ ပေါ်ထွက်မလာတော့ပေ။ ထိုအရာအားလုံးလုပ်ဆောင်ပြီးနောက် သူက အဆုံးမဲ့ လေဟာနယ်ထဲ ဝင်ကာ ကမ္ဘာကြီးထဲမှ ထွက်သွားတော့သည်။
ကောင်းကင်ဘုံ အမျက်ဒေါသ ရောက်လာသည့်အခါ သူ့ပစ်မှတ်လေးကို ရှာမတွေ့တော့ပေ။ သူက ဒေါသတကြီးဖြင့် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ သူ့ပစ်မှတ်ကို ရှာမတွေ့သည့်နောက် ဧရာမလက်ကြီးက ပိုဒေါသထွက်လာကာ ဝမ်ဝေ့ရှိခဲ့သည့် စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသ၏ ကြီးကျယ်လှသည့် စွမ်းအားအကြောင်း ထိုအခါမှ သဘောပေါက်သွားသည်။ ယခင်တိုက်ပွဲအားလုံးက ကလေးကစားစရာသာ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က စိတ်ဓာတ်မကျသွားပေ။ တိုက်ပွဲက ဆက်လက် တိုက်ခိုက်ရမည်။
၇၉၂၃ ကြိမ်မြောက်၌ ဝမ်ဝေ့က မတူညီကွဲပြားသော ချည်းကပ်မှုအသစ် သုံးခဲ့သည်။ သူက တစ်ကမ္ဘာလုံးကို ဧကရာဇ်အဖြစ် အုပ်ချုပ်ခဲ့သည်။ ထို့နောက် သူက ပြည်သူများကို ကလေးများကို တတ်နိုင်သမျှမွေးဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ သူက ကလေးများများမွေးဖို့အတွက် မိသားစုများကို ဆုလာဘ်အမျိုးမျိုး ထောက်ပံ့ပေးခဲ့သည်။ မိသားစုတွင် လူများများရှိလေလေ သူတို့ချမ်းသာမှုနှင့် အဆင့်အတန်းလည်း မြင့်မားလေလေ ဖြစ်၏။
သူ့ရူးသွပ်မှုအောက်တွင် အမျိုးသမီးများက ကလေးမီးဖွားစက် ဖြစ်လာရသည်။ အမျိုးသားများက မိန်းမ ကိုယ်ဝန်ရအောင်သာ ရည်ရွယ်ချက်ရှိသည့် မြင်းလားတွေ ဖြစ်လာရသည်။ ဆယ်စုနှစ်အတွင်း ကမ္ဘာ့လူဦးရေက သန်းထောင်ချီမှ သန်းသိန်းချီ ဖြစ်လာလေသည်
ထို့နောက် သူက ကမ္ဘာကြီးအား သက်ရှိအားလုံး၏ ဝိညာဉ်စွမ်းအားကို ယူသည့် အားကောင်းကောင်း အစီအရင်ဖြင့် ရစ်ပတ်ထားကာ သူ့ဝိညာဉ်ကို ကောင်းချီပေးလိုက်သည်။ ကောင်းကင်ဘုံ အမျက်ဒေါသနှင့် တိုက်ပွဲအတွင်း ဝမ်ဝေ့က မျက်နှာချင်းဆိုင် မတိုက်ခိုက်ဘဲ ဝိညာဉ်အဆင့်ချင်း တိုက်ခိုက်ခဲ့၏။
ကံဆိုးစွာဖြင့် သူက ကျရှုံးကာ ကမ္ဘာကြီးနှင့်အတူ ဆိုးဆိုးရွားရွား သေဆုံးသွားသည်။
ဒီလိုမျိုး အားနည်းတဲ့ ဝိညာဉ်ရဲ့ အင်အားက ဘယ်လောက်ရှိမှာမလို့လဲ ...
ကောင်းကင်ဘုံ အမျက်ဒေါသအတွက် အဆင့်နိမ့်အရာက ဝိညာဉ် ဖြစ်နေနိုင်သည်။ အစကတည်းက ဝမ်ဝေ့က ကျရှုံးခဲ့ပြီးသား ဖြစ်၏။
၉၇၈၉ ကြိမ်မြောက် စစ်ဆေးမှုတွင် ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသကို ကပ်တွယ်ဖို့ ကြိုးစားခဲ့သည်။ သူသာ လက်ကြီး၏ အင်အားအနည်းငယ်ကို ရခဲ့လျှင် ရင်ဆိုင်တိုက်နိုင်ပြီး နောက်ဆုံးအနိုင်ရသူ ဖြစ်လာနိုင်ကြောင်း ယုံကြည်ထားသည်။
ထိုကြိုးပမ်းမှုက အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ ဝမ်ဝေ့က လက်ခံကိုယ်ကို ပူးကပ်နိုင်သည့် ကျင့်စဉ်ကို ဖန်တီးခဲ့ပြီး လက်ကြီး၏ စွမ်းအား ရာခိုင်နှုန်းအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ ဤတာအိုနည်းစနစ်ဖြင့် ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသဆီမှ စွမ်းအားတချို့ ရရှိလိုက်သည်။
သို့သော်လည်း သူက စွမ်းအားကို မထိန်းချုပ်နိုင်ခင် ဧရာမလက်ကြီးက စွမ်းအားအပေါ်ထားထားသည့် အမှတ်အသားကို အသက်သွင်းလိုက်သောကြောင့် ဝမ်ဝေ့က တန်ပြန်သက်ရောက်ခံရကာ သေဆုံးသွားသည်။
……….....
ဒီနေ့က တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အကြီးမားဆုံးနှင့် အမှတ်ရစရာအဖြစ်ဆုံး နေ့ရက်လေး ဖြစ်ပေသည်။ သခင်ငယ်လေးက မျှော်နန်းဆောင်အတွင်း သူ့နောက်ဆုံးကြိုးပမ်းမှု အကြိမ်တစ်သောင်းမြောက်ကို လုပ်ဆောင်တော့မည် ဖြစ်၏။ တပည့်များနှင့် အကြီးအကဲများစွာက ထိုအခိုက်အတန့်ကို လက်မလွတ်ရအောင် စောင့်ကြည့်နေကြသည်။
ဂိုဏ်းအတွင်း အစေခံမှအစ အကြီးအကဲများအထိ အားလုံးက ထိုအကြောင်းသာ ဆွေးနွေးနေကြသည်။
၁၁ နှစ်သာ ရှိသေးသည့် ဝမ်ဝေ့က မျှော်နန်းဆောင်ရှေ့ တည်ငြိမ်စွာ ရပ်နေသည်။ ယခင်နှစ်နှစ်အတွင်း သူက အများကြီးပြောင်းလဲသွားခဲ့သည်။ သူက အရပ်ပိုရှည်လာသလို ပိုမို ရင့်ကျက်လာကာ ပိုခန့်ညားလာခဲ့သည်။ အကြီးမားဆုံးပြောင်းလဲမှုများက သူ့မျက်ဝန်းနှင့် စိတ်နေသဘောထား ဖြစ်၏။
သူက အရင်ကလို စိတ်မြန်လက်မြန် မဟုတ်တော့ဘဲ တည်ငြိမ်အေးဆေးမှုက အစားထိုးဝင်ရောက်လာခဲ့သည်။ သူ့မျက်ဝန်းအတွင်း အလွယ်တကူ သတိထားမိနိုင်သည့် စိတ်ဆန္ဒဓနှင့် ဆုံးဖြတ်ချက်တို့က ယခုအခါ အရာအားလုံးကို လွှမ်းခြုံထားသည့် နက်နဲလှသည့် ကျယ်ပြောမှုက အစားထိုးဝင်ရောက်သွားလေပြီ။
ခဏကြာတိတ်ဆိတ်သွားပြီးနောက် တပည့်များစွာ၊ အကြီးအကဲများစွာ၏ အကြည့်အောက်တွင် ဝမ်ဝေ့က မျှော်နန်းဆောင်အတွင်း နောက်ဆုံးသော ကြိုးပမ်းမှုအတွက် ဝင်ရောက်သွားတော့သည်။