← Chapters

ါ့စိတ်ဆန္ဒအလိုက မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပစ်လိမ့်မယ်

Vol. 3 Ch. 35

ါ့စိတ်ဆန္ဒအလိုက မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပစ်လိမ့်မယ်

Vol. 3 Ch. 35

အခန်း (၃၅)  :  ငါ့စိတ်ဆန္ဒအလိုက မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပစ်လိမ့်မယ်

ဝမ်ဝေ့ မျှော်နန်းဆောင်ထဲ ဝင်သွားပြီးနောက် အပြင်ဘက်၌ တပည့်များနှင့် အကြီးအကဲများက စက္ခုအစီအရင်မှ ကြည့်နေကြသည်။ တိမ်တိုက်ကြား ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် မဟာအကြီးအကဲအားလုံးက လေထဲရပ်နေရင်း ယခင်နှစ်နှစ်တာကာလအကြောင်း ဆွေးနေရင်း စစ်ဆေးမှုကို ကြည့်ရှုနေကြသည်။

အစီအရင်ခန်းမ၏ မဟာအကြီးအကဲက ပြောလိုက်သည်  “ အရင်နှစ်နှစ်အတွင်း ဂိုဏ်းထဲ အပြောင်းအလဲ ပမာဏကို ယုံတောင် မယုံနိုင်ဘူး။ တာအိုနှလုံးသား မွမ်းမံပြုပြင်ရေး မျှော်နန်းဆောင်က တကယ်ကို ပြောင်မြောက်တဲ့ အကြံကောင်းပဲ ”

“ ဟုတ်တယ်။ တပည့်အားလုံးလည်း ရင့်ကျက်လာပြီးတော့ ကျင့်ကြံဆင့်တွေ တိုးတက်လာကြတယ်” မဟာအကြီးအကဲလီကျန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

မဟာအကြီးအကဲလုံပေါ်က သရော်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာ တုံ့ပြန်လိုက်သည်  “ အဲဒါ ခင်ဗျားရဲ့ သား လုပ်ဆောင်မှုကြောင့် ပြောနေတာလေ ”

မဟာအကြီးအကဲလုံပေါ်၏ စကားကို ကြားပြီး အခြားအကြီးအကဲများက သက်ပြင်းချလိုက်ကြသည်။ နှစ်နှစ်တာအတွင်း သူတို့အား အံ့ဩမှုများ ယူဆောင်လာခဲ့သည်။ ဂိုဏ်းရှိတပည့်များကြား ဝမ်ဝေ့အပြင် အကောင်းဆုံး ထူးချွန်ပြောင်မြောက်သည့်သူမှာ မဟာအကြီးအကဲလီကျန်း၏ သားဖြစ်သူ  လီကျွင်းသာ ဖြစ်၏။

နံပါတ်တစ် အပြိုင်အမွေခံသားတော် ဟန်လီပင် လီကျွင်းလောက် ရလဒ် မကောင်းခဲ့ပေ။ ဟန်လီတွင် အဆင့် ၁၂ ရုပ်ခန္ဓာဖြစ်သည့် ကောင်းကင်မိုးကြိုးရုပ်ခန္ဓာရှိထားပြီး နှစ်များစွာ ကျင့်ကြံထားသည့်အကြောင်းကို သိထားရမည်။

လီကျွင်းအတွက်မူ သူက တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း သို့မဟုတ် အသင်္ချေအင်ပါယာကမ္ဘာအတွင်း ဒီမျိုးဆက်၌ သာမန်အကျဆုံး ပါရမီရှင်တစ်ယောက်မျှသာ ဖြစ်၏။ ထို့အပြင် သူက တစ်ခါမှ မကျင့်ကြံရသေးသည့် သေမျိုးတစ်ယောက် ဖြစ်နေသေးသည်။ ထိုအရာများ ဖြစ်နေသော်လည်း သူ့လုပ်ဆောင်မှုက ဟန်လီကို ကျော်လွန်နေဆဲ ဖြစ်ပေသည်။

ဒီလိုဆိုရင် လူများစွာက ဝမ်ဝေ့ကရော ဘယ်လိုလဲဟု မေးလာနိုင်ဖွယ် ရှိသည်။ သို့သော် အကြီးအကဲများက သူ့ကို တစ်ခါမှ သာမန်လူအဖြစ် မယူဆထားပေ။ သခင်ငယ်လေးက ဉာဏ်ပညာနှင့် မွေးဖွားလာခဲ့ပြီး ကောင်းကင်ဘုံမှ ကောင်းချီးပေးခံထားရသူ ဖြစ်၏။ ဤအချက်က သူ့မွေးဖွားလာစဉ် ပေါ်ထွက်လာသည့် မြင်ကွင်းများကို ကြည့်၍ သိနိုင်သည်။

ဒီမျိုးဆက်အတွင်း လူတချို့သာ မြင်ကွင်းမျိုးဖြင့် မွေးဖွားလာကြသည်။ လူများစွာက ထိုလူများသည် ကောင်းကင်အလိုဆန္ဒအတွက် အဓိကပါဝင်ယှဉ်ပြိုင်သူထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြ၏။

မဟာအကြီးအကဲလီကျွင်းက ပြုံးနေဆဲ ဖြစ်ကာ ပြန်ဖြေလိုက်သည်  “ လုံပေါ် … ခင်ဗျားကလည်း ဘာမှအားကျစရာ မလိုပါဘူး။ ခင်ဗျားရဲ့ တိုက်ရိုက်တပည့် ဟန်လီကလည်း ဒီစစ်ဆေးမှုမှာ အကောင်းဆုံး လုပ်ခဲ့တာပဲလေ။ တတိယအကောင်းဆုံး ရလဒ် ရထားတာလည်း ကြွားလို့ရတုန်းပါပဲဗျာ ”

ထိုစကားများကို ကြားကာ မဟာအကြီးအကဲလုံပေါ်၏ မျက်နှာထားက ပိုဒေါသထွက်လာလေသည်။ သူက မဟာအကြီးအကဲလီကျန်းအား စူးစူးဝါးဝါး ကြည့်လိုက်၏။

နှစ်ယောက်သား စကားများတော့မည်ကို မြင်ပြီး မဟာအကြီးအကဲယန်းမိန်က စကားလမ်းကြောင်းလွဲလိုက်သည်  “ တပည့်တွေတင် အကျိုးမြတ်ရသွားကြတာ မဟုတ်ဘူး။ ကျွန်မတို့အားလုံးလည်း စစ်ဆေးမှု ကိုးခုလုံး ဖြတ်ကျော်ပြီးတဲ့နောက်မှာ ကျင့်ကြံရေးနဲ့ ပတ်သက်ပြီး တိုးတက်လာကြတယ်”

မဟာအကြီးအကဲယန်းမိန် ပြောသည့်အတိုင်း သူတို့အများစုက မျှော်နန်းဆောင်မှ အကျိုးမြတ် ရရှိထားကြသည်။ သူတို့တာအိုနှလုံးသားကို လေ့ကျင့်ပေးထားသောကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခြေက သိသိသာသာ မြင့်တက်လာကာ လိုအပ်မည့်အချိန်လည်း လျော့ကျသွားသည်။

သူတို့အများစုက သူတော်စင်နယ်ပယ်အဆင့်တွင် ရှိကြသည်။ ထို့ကြောင့် အဆင့်သေးတက်ခြင်းကပင် စွမ်းအားများစွာ တိုးပွားလာစေကာ အချိန်လည်း အမြောက်အများ ယူရသည်။

သို့သော်လည်း ဒီမျှော်နန်းဆောင်၏ အကြီးမားဆုံး အကျိုးကျေးဇူးက သူတော်စင်နယ်ပယ်အဆင့်အတွင်းက အဆင့်သေး တက်လှမ်းခြင်း မဟုတ်ဘဲ အထွတ်အထိပ်နယ်ပယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်သည့် စိတ်နေစိတ်ထားကို ပြင်ပေးသည်။

အထွတ်အထိပ်နယ်ပယ်အဆင့် တက်လှမ်းရန် လိုအပ်ဆုံးအရာမှာ မိုးမြေနှင့် တစ်သားတည်း၊ သဘာဝနှင့် တစ်သားတည်း၊ မဟာတာအိုနှင့် တစ်သားတည်းကျနေမည့် စိတ်အခြေအနေ ဖြစ်၏။

ကျင့်ကြံသူအများစုက အားကောင်းကြသော်လည်း သူတို့က တိုက်ခိုက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းနှင့်သာ အချိန်ကုန်နေကြသည်။ ကျင့်ကြံသူများက မိုးမြေစည်းမျဉ်းများကို သင်ယူကာ အသုံးပြုနိုင်သော်ငြား စည်းမျဉ်းနှင့် တာအိုကြား ကွဲပြားမှုကို နားမလည်သောကြောင့် ထိုစည်းမျဉ်းမျိုးကို သေချာထိန်းချုပ်နိုင်မည့် တွေးခေါ်မှုတို့ မရှိကြပေ။

အထွတ်အထိပ်နယ်ပယ်အဆင့် ခြေချနိုင်ဖို့ရန် ဒီလိုတွေးခေါ်မှုမျိုးက လိုအပ်ပေသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုက သေမျိုးတဖန်ဆီ ပြန်သွားကာ သူတို့၏ တွေးခေါ်မှုကို ပြုပြင်မွမ်းမံကြသည်။

သေမျိုးတဖန်ဆိုတာ ဘာလဲ … နာမည်အတိုင်း ကျင့်ကြံသူများက သူတို့ကျင့်ကြံဆင့်ကို စည်းပိတ်ကာ သေမျိုးဘဝကို ဖြတ်သန်းပြီး သေမျိုးများ၏ အညစ်အကြေးနှင့် သုခ၊ ဒုက္ခ၊ သံသရာအစရှိသည့် လောကဓံတရားကို တွေ့ကြုံခံစားကြခြင်း ဖြစ်သည်။

သေမျိုးဘဝက နှစ်တစ်ရာမျှသာ ရှိကာ တိုတောင်းလေသည်။ သို့သော်လည်း တိုတောင်းမှုကြောင့် လူတစ်ယောက်က ထိုအချိန်လေးအတွင်း အတွေ့အကြုံများစွာနှင့် အရာများစွာ သင်ယူနိုင်ကြသည်။

ကျင့်ကြံသူများအတွက် သေမျိုးတဖန်ကို ပြန်လည်ခံစားနိုင်ဖို့ သူတို့က သေမျိုးတစ်ယောက်၏ အခန်းကဏ္ဍထဲ ဝင်ရောက်ရမည်။ သူတို့က သူတို့တွေးခေါ်မှုကို သက်တမ်းတိုသည့် သက်ရှိသဖွယ် ပြောင်းလဲရမည်။ ကျင့်ကြံသူအများစုက သေမျိုးဘဝကို ပြန်လည်မသွားခင် နှစ်ရာချီ သံသရာစက်ဝန်းကြား တွေ့ကြုံခံစားကြရ၏။

တချို့အစွန်းရောက်သည့် ကျင့်ကြံသူများက အထွတ်အထိပ်နယ်ပယ်ကို ရောက်နိုင်ဖို့အတွက် သေမျိုး၏ တွေးခေါ်မှုကို ရနိုင်မည့် နည်းလမ်းအဖြစ် သူတို့မှတ်ဉာဏ်များကိုပါ စည်းပိတ်လိုက်ကြသည်။

မျှော်နန်းဆောင်အတွင်း ဝင်ရောက်သည့် အကြီးအကဲများက စစ်ဆေးမှုကိုးခု တစ်လျှောက်လုံး သူတို့တွေးခေါ်မှုကို လေ့ကျင့်ပြုပြင်ပြီးသလို ဖြစ်သွားသည်။ စစ်ဆေးမှုအများစုထဲ ကိုယ်တိုင်ကိုက သေမျိုးများ ဖြစ်နေကြသည် မဟုတ်ပါလော။ တချို့စစ်ဆေးမှုများက သူတို့မှတ်ဉာဏ်ကိုပင် စည်းပိတ်ပြီး သူတို့အား ဇစ်မြစ်အမှတ်အသားအသစ်တစ်ခု ထုတ်ပေးထားသေးသည်။ ထို့ကြောင့် သေမျိုးတဖန် ကြုံတွေ့ခံစားရသည်နှင့် တူညီပေသည်။

ထို့ကြောင့် သူတို့ သေမျိုးတဖန် ခံစားရမည့် အလှည့်ကျလာသည့်အခါ သူတို့တွင် တခြားသူများထက် အရေးသာမှုများစွာ ရှိနေပေသည်။ မျှော်နန်းဆောင်က သူတို့အတွက် အထွတ်အထိပ်နယ်ပယ်အဆင့်ထဲ တက်လှမ်းနိုင်ရန် အနည်းဆုံး ၅ ရာခိုင်နှုန်း မြင့်မားသွားစေသည်။ သူတို့အနေနှင့် အထွတ်အထိပ်နယ်ပယ်အဆင့်က လူတစ်ယောက် တက်လှမ်းနိုင်သည့် အမြင့်မားဆုံး ကျင့်ကြံဆင့် ဖြစ်သည်။

မျှော်နန်းဆောင်အတွင်း …

ဝမ်ဝေ့က မျှော်နန်းဆောင်ထဲ ဝင်သွားပြီးနောက် ကောင်းကင်ဘုံ အမျက်ဒေါသနှင့် တိုက်ခိုက်ဖို့ ဘာမှမတန်တဆ မလုပ်တော့ပေ။ တကယ်တော့ သူက ထူးထူးခြားခြား ဘာမှကို မလုပ်တော့ပေ။

သူက နေ့စဉ်နေ့တိုင်း သူ့မိသားစုဝင်များနှင့် အေးအေးဆေးဆေး အချိန်ကုန်ဆုံးသည်။ သူက မကျင့်ကြံသလို ကမ္ဘာကြီးကိုလည်း မအုပ်စိုးပေ။ ဟိတ်ဟန်လည်း မများသလို ဘာမှအစီအစဉ်မှလည်း မရှိပေ။ သူက ချမ်းသာကြွယ်ဝမှု၊ ကျန်းမာမှုနှင့် ချစ်ခင်ရသည့် မိသားစုရှိသည့်အတွက် ကောင်းချီးပေးခံထားရသည့်အတိုင်း သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်လိုက်သည်။

အပြင်ဘက်ရှိ စောင့်ကြည့်နေသည့်လူများက နားမလည်ဖြစ်လာကြသည်။ သို့သော်လည်း သူတို့က အကြည့်မပျက်ကြပေ။ သူတို့က ကိစ္စများသည် မြင်ရသလောက် မရိုးရှင်းကြောင်း သိနေကြသည်။ သူတို့ထင်ထားသည့်အတိုင်းလည်း မှန်ကန်နေသည်။

ကံပါရာနေ့ရက် ရောက်လာသည့်အခါ ဝမ်ဝေ့က သူ ကောင်းကင်ဘုံ အမျက်ဒေါသနှင့် တိုက်ခိုက်လေ့ရှိသည့် နေရာဆီ ထွက်လာလိုက်သည်။ ဤနေရာသည် အရာအားလုံး စတင်ရာ ဖြစ်သလို အရာအားလုံး အဆုံးသတ်သင့်သည့် နေရာလည်း ဖြစ်ပေသည်။

ဝမ်ဝေ့က တောင်ပေါ်ကို တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ရောက်လာကာ ကြိုတင်ပြဌာန်းထားပြီးသား သူ့ကံကြမ္မာ ရောက်လာဖို့ စောင့်ဆိုင်းနေသည်။ သူက ကြာကြာမစောင့်လိုက်ရပေ။

သိပ်မကြာခင် ဧရာမလက်ကြီးက ကောင်းကင်မှ ဝမ်ဝေ့ကို ဖိဖိညက်ချေမှုန်းပစ်ဖို့ ကျရောက်လာသည်။ ကိစ္စများက အရင်အတိုင်း ဖြစ်၏။ သို့သော်လည်း ထိုဖြစ်စဉ်တွင် တစ်ဖက်က ကောင်းကင်ဘုံ အမျက်ဒေါသ  ဖြစ်နေ၍ မျှော်မှန်းထားသလို မလွယ်ကူတော့ပေ။

ဧရာမလက်ကြီး ဝမ်ဝေ့ဆီ ကျရောက်လာသည့်အခါ ဝမ်ဝေ့က ပြန်တိုက်ခိုက်ခြင်း မရှိသလို ရုန်းကန်ခြင်းလည်း မရှိပေ။ ထို့အစား သူက ဧရာမလက်ကြီးကိုသာ တည့်တည့်စိုက်ကြည့်လိုက်သည်။

အထွတ်အထိပ် ပြိုင်ဖက်ကင်း စိတ်ဆန္ဒအလိုတစ်ခုက ဝမ်ဝေ့၏ အားနည်းလှသည့် သေမျိုးခန္ဓာမှ စီးဆင်းထွက်လာသည်။

ထိုဆန္ဒက ကောင်းကင်ဘုံ အမျက်ဒေါသကို ဆယ်မိနစ်ကြာ တောင့်ခံထားနိုင်ခဲ့သည်။ ထိုဆယ်မိနစ်အတွင်း ဧရာမလက်ကြီးက သန်းချီနေသည့် သက်ရှိများနှင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် အရင်ကလို စကြဝဠာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ခဲ့၏။

သို့သော်လည်း သူက ဝမ်ဝေ့ကို မသတ်နိုင်သေးပေ။ သူက ဒဏ်ရာပင် မပေးနိုင်ပေ။ ကမ္ဘာကြီးကို ဖျက်ဆီးကာ စကြဝဠာကြီးကို အဆုံးသတ်ခဲ့သော်လည်း ဝမ်ဝေ့က သေမျိုးတစ်ယောက်ဖြစ်လင့်ကစား ဧရာမလက်ကြီးအား တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ဆယ်မိနစ်လုံးလုံး စိုက်ကြည့်နေဆဲ ဖြစ်သည်။

သူ့အကြည့်တို့တွင် သူ့စိတ်ဆန္ဒက ကောင်းကင်ဘုံ အမျက်ဒေါသက မည်မျှအားကောင်းစေကာမူ ထိုဆယ်မိနှစ်အတွင်း သူ့စိတ်ဆန္ဒကသာ ထိပ်သီး ဖြစ်၏။ သူ့ဆန္ဒသည် လုံလုံလောက်လောက် ခိုင်မာအားကောင်းနေသရွေ့ မိုးမြေတွင် သူက စွမ်းအားအကြီးဆုံး ဖြစ်သလို သူသည်သာ အထွတ်အထိပ် တည်ရှိမှု ဖြစ်သည်။

မည်သူမှ သူ့ကို မသတ်နိုင်ပေ။ သူက ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေလျှင်ပင် နတ်ဘုရား၊ ဗုဒ္ဓနှင့် အင်မော်တယ်များပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။ ကောင်းကင်စွမ်းအားပင်  ယခု သူ့အား မသတ်နိုင်တော့ချေ။

All Chapters