အရာအားလုံးက အဆုံးသတ်သွားမှာပဲ
Vol. 3 Ch. 36
အခန်း (၃၆) : အရာအားလုံးက အဆုံးသတ်သွားမှာပဲ
ကောင်းကင်ဘုံ အမျက်ဒေါသနှင့် ရင်ဆိုင်နေစဉ် ဆယ်မိနစ်အတွင်း ဝမ်ဝေ့က ဒဏ်ရာတချို့ ရခဲ့သော်လည်း ထိုဧရာမလက်ကြီးကြောင့် မဟုတ်ပေ။ သူကိုယ်တိုင်ကြောင့်သာ ဖြစ်၏။
တိုက်ပွဲ ငါးမိနစ်အတွင်း ဝမ်ဝေ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပြိုကွဲကာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့ဝိညာဉ် ပျက်သုန်းသွားလေသည်။ သို့သော်လည်း သူက မသေသေးပေ။
ဝမ်ဝေ့၏ နဂိုနေရာတွင် ဝမ်ဝေ့နှင့် တစ်ပုံစံတည်းတူသည့် ပုံရိပ်ယောင်တစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်ယောင်က သူ့ဝိညာဉ် မဟုတ်ဘဲ သူ့စိတ်ဆန္ဒမှ ကိုယ်ထင်ပြခြင်း ဖြစ်၏။
ဝမ်ဝေ့၏ သေမျိုးခန္ဓာကိုယ်က သူ့အထွတ်အထိပ် စွမ်းအားကြီး စိတ်ဆန္ဒကို သယ်ဆောင်ထားဖို့ အားနည်းလွန်းနေသောကြောင့် ပျက်စီးသွားလေသည်။ သို့သော်လည်း သူ့စိတ်ဆန္ဒက ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် ဆက်လက် တိုက်ခိုက်နေ၏။
တကယ်တော့ ဝမ်ဝေ့က အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်လျှင်ပင် သူ့ခန္ဓာကိုယ်က ဒီလိုမျိုး အားကောင်းသည့် စိတ်ဆန္ဒကို ထောက်ပံ့ပေးထားနိုင်မည် မဟုတ်ကြောင်း ယုံကြည်သည်။
တိုက်ပွဲ၌ ကောင်းကင်ဘုံ အမျက်ဒေါသဖြင့် ထိပ်တိုက်တွေ့နေစဉ်အတွင်း ဒေါသတကြီး အော်ဟစ်သံတစ်သံက ပဲ့တင်ထွက်လာသည်။ ကောင်းကင်ဘုံ အမျက်ဒေါသက သူ အလွယ်တကူ ခြေမွပစ်နိုင်သည့် ပုရွက်ဆိတ်လေးက ဒီမျှတောင့်ခံနေသည်ကို မြင်သည့်အခါ ဒေါသထွက်လာသည်။ ဤသည်မှာ စော်ကားလိုက်ခြင်းသာ ဖြစ်၏။
ထို့ကြောင့် ဧရာမလက်ကြီးသည် စွမ်းအားတိုးဖို့ ဆုံးဖြတ်လိုက်သည်။ လက်တစ်ချက်အဝေ့တွင် မိုးမြေကို ဖန်တီးသည့် တာအိုသုံးထောင်က လုံးဝ ပျက်သုန်းသွားပြီး အဆုံးမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုများလည်း ကြေမွသွားကာ ပုံရိပ်ယောင်ကမ္ဘာက နဂိုဗလာနတ္ထိအဖြစ် ပြန်ရောက်သွားသည်။
သို့သော် ထိုအရာများ ဖြစ်ခဲ့သော်လည်း ဝမ်ဝေ့က အကောင်းတိုင်း ရပ်နေဆဲ ဖြစ်သည်။
အရင်အတိုင်း မဖျက်စီးနိုင် မချိုးဖောက်နိုင်သလိုမျိုး …
ထိုစဉ် မျှော်နန်းဆောင် အပြင်ဘက်၌ ကောင်းကင်ဘုံ အမျက်ဒေါသက အားကောင်းသည့် နည်းလမ်းမျိုး ထုတ်သုံးလိုက်သည့်အခါ အပြောင်းအလဲကြီး ဖြစ်သွားသည်။ မျှော်နန်းဆောင်က စတင် တုန်ခါလာကာ အပြင်းအထန် လှုပ်ခါလာသည်။
တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံး၏ လေထုလည်း ရုတ်ချည်း ပြောင်းလဲသွားသည်။ ဂိုဏ်းတစ်ခုလုံး လျို့ဝှက်ဆန်းကြယ် ခံစားချက်မျိုး လွှမ်းခြုံသွားကာ အရာအားလုံးက ရုတ်ချည်းဆိုသလို မှိုင်းညို့လာကာ မျှော်လင့်ချက် ကုန်ခမ်းသွားသလို ဖြစ်လာသည်။
တာအိုအခွင့်အလမ်းဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူများက တပည့်များထက် ပို၍ လေထုကို ခံစားမိလိုက်ကြသည်။ သူတို့က ဝမ်ဝေ့နှင့် ဧရာမလက်ကြီး ထိပ်တိုက်ရင်ဆိုင်မှုမှာ စစ်ဆေးမှုတစ်ခုမျှသာ မကကြောင်း ခံစားမိလိုက်ပြီး ထိုထိပ်တိုက်ရင်ဆိုင်မှုတွင် ကမ္ဘာကြီးရှိ လူအားလုံး၏ ကံကြမ္မာတို့ ပါဝင်ပတ်သက်နေသည်။
လျို့ဝှက်ဆန်းကြယ် ခံစားမှုက မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး ပျောက်ကွယ်သွားသည်။ ဂိုဏ်းရှိ အဆင့်မြင့် ကျင့်ကြံသူများက သူတို့ခံစားချက်မှာ မမှားယွင်းကြောင်း သိသည်။ သူတို့က သူတို့နားလည်နိုင်သည်ထက်ပို၍ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ကြောင်း တန်းသိလိုက်ကြသည်။
သူတို့က အပြောင်းအလဲကို မှတ်သားကာ သတင်းအချက်အလက် ရလိုရငြား ဂိုဏ်းမှတ်တမ်းများအား ပြန်လည်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဝမ်ဝေ့နှင့် ကောင်းကင်ဘုံ အမျက်ဒေါသတို့၏ ဆယ်မိနစ်ကြာ တိုက်ပွဲအတွင်း သူ မျှော်နန်းဆောင်မှ ထွက်မလာခင် ထင်မှတ်မထားသည့် အရာတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။
ဧရာမလက်ကြီးဆီမှ သွေးတစ်စက် ကျလာကာ ဗလာကျင်းနေသည့် စကြဝဠာကြီးဆီ ပြုတ်ကျသွားသည်။ ကောင်းကင်ဘုံ အမျက်ဒေါသ လက်ဝါးတွင် သွေးစက်ထွက်လာနိုင်သည့် ဒဏ်ရာအသေးလေးတစ်ခု ရှိနေသည်။
ကောင်းကင်ဘုံ အမျက်ဒေါသ ဒဏ်ရာရသွားလေပြီ။ အကြိမ်တစ်သောင်းတိုင်တိုင် တိုက်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဧရာမလက်ကြီးက ဒဏ်ရာရကာ သွေးထွက်သွားခဲ့သည်။
အမှန်တကယ် အံ့ဖွယ် ဖြစ်၏။
မျှော်နန်းဆောင် အပြင်ဘက်တွင် စောင့်ကြည့်နေကြသည့် အားလုံးက တုန်လှုပ်အံ့အားသင့်သွားကြသည်။ အကြီးအကဲများလည်း အပါအဝင် ဖြစ်၏။ မဟာအကြီးအကဲများနှင့် ဂိုဏ်းချုပ်ပင် ထိုလက်ကြီးအား ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ကြပေ။
တကယ်တော့ အံ့အားအသင့်ဆုံးလူတို့မှာ အစီအရင်ခန်းမဆောင်နှင့် သန့်စင်ရေးခန်းမဆောင်မှ မဟာအကြီးအကဲများ ဖြစ်ကြသည်။
သူတို့က မျှော်နန်းဆောင် တည်ဆောက်မွမ်းမံရာတွင် ပါဝင်ခဲ့ကြသောကြောင့် ကိုးခုမြောက် စစ်ဆေးမှုသည် စွမ်းအားကြီး ထိပ်သီးတည်ရှိမှုက ပါဝင်ယှဉ်ပြိုင်သူများထံ အဆုံးမဲ့စိတ်ဓာတ်ကျမှု၊ ကူကယ်ရာမဲ့မှုတို့ကို ဆောင်ကျဉ်းပေးသည့် ပုံစံအဖြစ် တည်ဆာက်ထားကြောင်း သိကြသည်။
ထိုပုံစံအရ ကောင်းကင်ဘုံ အမျက်ဒေါသကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ သို့သော် သခင်ငယ်လေး လုပ်လိုက်သည်ကား တကယ့်ဘဝတွင် အဖျက်ကောင်ကို ရှာတွေ့သူနှင့် တူနေသည်။
ဘဝကို ချောမွေ့ကာ ဖြောင့်တန်းနေသည့် ပြီးပြည့်စုံသော ပရိုဂရမ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဂိမ်းထဲက အဖျက်ကောင်က ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ …
သို့သော်လည်း ဝမ်ဝေ့ လုပ်ခဲ့သည်နှင့် ကွက်တိ ဖြစ်၏။ သူက ပြီးပြည့်စုံသော ပရိုဂရမ်တစ်ခု၌ အဖျက်ကောင် ဖန်တီးခဲ့သည် သို့မဟုတ် ရှာတွေ့ခဲ့သည်ဟု ဆိုရမည်။ ဤသည်မှာ အနှစ်သာရ ဖြစ်သလို တကယ့်အံ့ဖွယ်လည်း ဖြစ်ပေသည်။
…….
ထိုစဉ် မျှော်နန်းဆောင်အတွင်း
ဝမ်ဝေ့က ကောင်းကင်ဘုံ အမျက်ဒေါသ၏ သွေးစက် ဗလာနတ္ထိထဲ စီးကျသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူက ပြုံးပြုံးရွှင်ရွှင် ရယ်လိုက်ပြီး ဧရာမလက်ကြီးအား ပြောလိုက်သည် “ အခု ကျွန်တော်က ထိုက်တန်တာထက် ပိုတယ် ”
သိပ်မကြာခင် ဝမ်ဝေ့၏ စိတ်ဆန္ဒ ပျောက်ကွယ်သွားကာ မျှော်နန်းဆောင်ထဲမှ ထွက်လာလိုက်သည်။ သူ ထွက်လာပြီးနောက် မျှော်နန်းဆောင်ထဲမှ သူ တွေ့ကြုံခဲ့သည့် အခြေအနေကို ပြန်စဉ်းစားကြည့်နေသည်။ သူက ထပ်လုပ်ဖို့ ကြိုးစားသော်လည်း ကျရှုံးသွားသည်။ ဤသည်မှာ အဆန်းတော့ မဟုတ်ပေ။ ယခုက မျှော်နန်းဆောင်ထဲတွင် မဟုတ်ဘဲ ပြင်ပလောကတွင် ရောက်နေလေပြီ။
သို့သော်လည်း ဝမ်ဝေ့က ထိုမျိုးစေ့ စိုက်ပျိုးထားပြီဖြစ်ကြောင်း သိလိုက်သည်။ အခြေအနေမှန် ရောက်လာသည့်အခါ သူ့တွင် ထိုအနေအထားကို ပြန်ရောက်နိုင်သည့် အခြေခံအုတ်မြစ်ရှိသွားလေပြီ။ သူ လုပ်ဖို့လိုအပ်သည်က အချိန်မှန်နေရာမှန်ကို စောင့်ဆိုင်းဖို့သာ ဖြစ်၏။
ဝမ်ဝေ့က သူ့အတွေ့အကြုံများအကြောင်း စဉ်းစားနေစဉ် သူ့နောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအရိပ်က ကြီးပျင်းလာသည့် ဝမ်ဝေ့နှင့် တစ်ပုံစံတည်း ဖြစ်ကာ သက်ရှိများစွာ၏ ဦးညွှတ်မှုကို ခံယူရင်း ပုလ္လင်ပေါ်တွင် ထိုင်နေလေသည်။
ထိုအရာက ဧကရာဇ်ငယ်ကို ကိုယ်စားပြုသည့် အရိပ် ဖြစ်၏။ ယခင်တစ်ခါနှင့် မတူသည်က အရိပ်သည် ပိုမိုပြတ်သားလာသလို ပုလ္လင်ပါ ပါရှိလာသည်။
အရိပ် ပေါ်ထွက်လာသည့်အခါ တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံး၌ လွှမ်းမိုးအားကောင်းသည့် အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသည်။ အပြိုင်အမွေခံသားတော်များမှလွဲ၍ တပည့်အားလုံးက ဒူးထောက်ကာ ဝမ်ဝေ့အား ဦးညွှတ်လိုက်ကြသည်။ တကယ်တော့ အပြိုင်အမွေခံသားတော်များနှင့် အကြီးအကဲများလည်း ဦးညွှတ်စေလောက်အောင် ဖိအားပြင်းပြင်းကို ခံစားနေရသည်။
သူတို့က ကျင့်ကြံဆင့်ကွာခြားချက်ကြောင့် ဖိအားကို လျစ်လျူရှုထားနိုင်သည်။ သို့သော်လည်း သူတို့သာ ထိုဖိအားကို ခုခံရင်း တိုက်ခိုက်ရမည်ဆိုလျှင် ခက်ခဲလှသည့် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
ကံဆိုးစွာဖြင့် အရိပ်က သိပ်ကြာကြာမခံလိုက်ပေ။ ဝမ်ဝေ့တစ်ယောက် စဉ်းစားပြီးနောက် အရိပ်ကလည်း ပုံရိပ်ယောင်လို ပျောက်ကွယ်သွားသည်။
ဝမ်ဝေ့က အသိပြန်ကပ်လာပြီးနောက် တပည့်များစွာက သူ့အား ဒူးထောက်နေသည်ကို မြင်လိုက်ရသောကြောင့် အံ့ဩသွားလေသည်။ သူက တစ်ခုခုကို တွေးမိသွားကာ “ အားလုံး ထကြပါ ”
သူ့စကားများအား ကြားပြီးနောက် တပည့်အားလုံးက ထရပ်ကာ ဝမ်ဝေ့အား တအံ့တဩ လေးစားမှုအပြည့်၊ ကြောက်ရွံ့မှုအနည်းငယ်စွက်ကာ ကြည့်လိုက်ကြသည်။
ဂိုဏ်းသားများ၏ စိတ်အခြေအနေ အပြောင်းအလဲကို အာရုံခံမိသော ဝမ်ဝေ့က ဂိုဏ်းအတွင်း သူ့အနေအထားမှာ ပိုမိုမြင့်တက်လာကြောင်း သိလိုက်သည်။ မည်သူမှ သူ့အဆင့်အတန်းကို မကိုင်လှုပ်နိုင်တော့ပေ။
သူက အနာဂတ်တွင် ဆွဲဆောင်မှုတချို့ဖြင့် ရင်ဆိုင်ရမည် ဖြစ်သော်လည်း သူသာ ကောင်းကောင်းကိုင်တွယ်နိုင်သရွေ့ အရာအားလုံးက အဆင်ပြေသွားလိမ့်မည်။
ဝမ်ဝေ့က သူ့အစေခံခေါင်းဆောင်ဆီ လက်ဟန်ပြလိုက်ပြီးနောက် ဝမ်မိသားစု စံအိမ်ဆီ ပြန်သွားကြသည်။
ဝမ်ဝေ့က ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းမည့် ပထမခြေလှမ်းကို နေရာယူထားပြီးပြီ ဖြစ်ကြောင်းသိလိုက်သည်။ သူ လုပ်ဖို့လိုအပ်သည်ကား ထွင်းထားသည့် လမ်းကို ဖြည်းဖြည်းချင်း လျှောက်ပြီး အနာဂတ်အတွက် ပြင်ဆင်ထားရန် ဖြစ်၏။ သူ တတ်နိုင်သမျှ များများပြင်ဆင်ထားနိုင်လေလေ ရလဒ်က မည်သို့ပင် ဖြစ်စေကာမူ သူက လက်ခံနိုင်ပြီး အကောင်းဆုံး ကြိုးစားခဲ့သည်ဟု တည်တည်ငြိမ်ငြိမ် ပြောနိုင်လိမ့်မည်။