← Chapters

တချို့ကိစ္စက လုပ်ကိုလုပ်ရမယ်

Vol. 3 Ch. 37

တချို့ကိစ္စက လုပ်ကိုလုပ်ရမယ်

Vol. 3 Ch. 37

အခန်း (၃၇)  :  တချို့ကိစ္စက လုပ်ကိုလုပ်ရမယ်

ဝမ်ဝေ့ ကိုးခုမြောက် စစ်ဆေးမှု အောင်မြင်သွားသည့် သက်ရောက်မှုက တစ်လကျော် ကြာမြင့်ခဲ့သည်။ တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း တပည့်များစွာက သူတို့သခင်ငယ်လေး ဘယ်လောက်အင်အားကောင်းကြောင်းသာ ပျော်ပျော်ရွင်ရွင် ဆွေးနွေးနေကြသည်။ သူတို့က အနာဂတ်အတွက်လည်း မျှော်လင့်နေကြ၏။

သူတို့အားလုံးက ဂိုဏ်းတွင် မဟာဧကရာဇ်အသစ်ရှိလာဖို့ရာ မျှော်လင့်ထားကြသည်။

ထိုစဉ် ဝမ်မိသားစု တောင်ထိပ်၌ ဝမ်ဝေ့သည် စစ်ဆေးမှု ကိုးခုလုံး၌ သင်ယူဖြတ်ကျော်ခဲ့ရသည်များကို ပြန်လည်တွေးတောနေသည်။

စစ်ဆေးမှုတစ်ခု ဖြတ်ကျော်ပြီးတိုင်း သူက လူကောင်းတစ်ယောက် ပိုဖြစ်လာသလို အရည်အချင်းပြည့်မှီသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပိုမိုနီးစပ်လာသည်။ သူ့အပေါ် သက်ရောက်မှုအရှိဆုံး စစ်ဆေးမှုက ငါးခုမြောက် စစ်ဆေးမှုတွင် ဖြစ်၏။ စစ်ဆေးမှုအတွင်း ဝမ်ဝေ့က သူ့ဘာသာ ပျောက်ဆုံးတော့မလို ဖြစ်ခဲ့ရသည်။ အာဏာအတွင်း သူက ဘာမဆိုလုပ်ဖို့ ဆန္ဒရှိကာ ဘာသတ်မှတ်ချက်မှ မရှိတော့ပေ။ သူ့မိခင်ကိုပင် သတ်ပစ်ဖို့အထိ လုပ်ခဲ့မိသည်။

နောက်ဆုံးမိနစ်ပိုင်းလေး၌ သူ ပြန်သတိကပ်လာခဲ့သော်လည်း အာဏာအတွက် သူ့ဘာသာ ပျောက်ဆုံးခံကာ ကျွန်တစ်ယောက်လို ဖြစ်လာဖို့ ဘယ်လောက်အထိ နီးစပ်သွားလဲ တွေးကြည့်ရုံဖြင့် ကျောချမ်းလာမိသည်။

ဤစစ်ဆေးမှုမှား ဒီကမ္ဘာရောက်လာပြီးနောက် ဝမ်ဝေ့၏ အကြီးမားဆုံး အကြောက်တရား ဖြစ်လာခဲ့သည်။ သူက ဧကရာဇ်လမ်းစဉ်လျှောက်လှမ်းရာ ခရီးလမ်းတစ်လျှောက် ကျင့်ကြံရေးလောကကြီးက သူ့အား ဖြည်းဖြည်းချင်း ပြောင်းလဲသွားစေပြီး အာဏာနှင့် စွမ်းအားအကြောင်းသာ သိတော့သည့် နှလုံးသားမဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်သွားစေမည်ကို စိုးမိသည်။

ဆယ်နှစ်အတွင်း ဝမ်ဝေ့ထံ အပြောင်းအလဲများစွာ ဖြစ်ခဲ့သော်လည်း သူ့နဂိုသဘာဝက စည်းမျဉ်းစည်းကမ်းအောက် နေထိုင်ခဲ့သည့် ခေတ်သစ်သူ ဖြစ်နေဆဲ ဖြစ်၏။

သူက ဒီကမ္ဘာနှင့် တစ်သားတည်း မဖြစ်သေးပေ။ ယနေ့ သူက တွေးခေါ်မှုကို အဆင့်မြင့်ဖို့ နောက်တစ်ဆင့် တိုးကာလုပ်ဆောင်မည် ဖြစ်သည်။ ထိုအရာက သူ့အနာဂတ်အတွက် ပြင်ဆင်ခြင်း ဖြစ်၏။

သူ့ဘာသာ တရားထိုင်နေပြီးနောက် ဝမ်မိသားစုခွဲမှ တစ်ယောက်ဖြစ်သည့် အစေခံခေါင်းဆောင် ဝမ်ကျူကို ခေါ်လိုက်သည်။ ရွေးချယ်ခံ အယောက်တစ်ထောင်ကျော်ကြား ခက်ထန်ကြမ်းတမ်းသည့် လေ့ကျင့်မှုကို ကျော်ဖြတ်ပြီးမှ သူမက ဝမ်ဝေ့ကို ခစားဖို့ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်သည်။

ဝမ်ကျူက အခန်းထဲ လျှောက်လာကာ ဦးညွှတ်လိုက်သည်  “သခင်လေး ”

“ ကျွန်တော် တောင်းထားတာ ရလာလား” ဝမ်ဝေ့က တိုက်ရိုက်မေးလိုက်သည်။

“ ဟုတ်ကဲ့ … သခင်လေး တောင်းထားတဲ့အတိုင်းပါပဲ။ သေမျိုးလောကရဲ့ အပြစ်သားဆယ်ယောက်ကို အခု မြေအောက်ခန်းထဲ ထည့်ပိတ်ထားပါတယ်။ တစ်ယောက်ချင်းစီက မုဒိမ်းကျင့်ခဲ့တဲ့သူတွေ၊ ကလေးတွေကို သတ်ခဲ့တဲ့သူတွေ ပြီးတော့ လူသားစားတဲ့သူတွေတောင် ပါသေးတယ် ”

ဝမ်ကျူ၏ စကားများကို ကြားပြီး ဝမ်ဝေ့က ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်  “ထွက်သွားလို့ ရပြီ ”

ဝမ်ကျူက သူ့အား ဦးညွှတ်လိုက်ပြီးနောက် ဘာမှပြန်မမေးဘဲ ထွက်သွားဖို့ ပြင်လိုက်သည်။ သူမ၏ အစေခံခေါင်းဆောင် လေ့ကျင့်ရေးထဲ သင်ယူခဲ့ရသည်မှာ အထက်လူကြီးအား ဘာမှ မေးခွန်းပြန်မထုတ်ရန် ဖြစ်၏။

သူမ သိသင့်သည့်အရာအားလုံးကို သူမဆီ ပြောပြထားလိမ့်မည်။ သူမ မသိသည့်အရာများကိုတော့ မမေးရဲပေ။ ဤသည်မှာ ကောင်းကောင်းလေ့ကျင့်ထားသည့် အစေခံများ၏ ဆောင်ပုဒ် ဖြစ်၏။ အကယ်၍ တစ်ရက် သူမ ထိုစည်းမျဉ်းနှစ်ခုကို ဖြတ်ကျော်မိခဲ့လျှင် သူမကို စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်ကြောင်း သိထားပေသည်။

သူ့အစေခံခေါင်းဆောင် ထွက်သွားသည်ကို မြင်ပြီးနောက် ဝမ်ဝေ့က သူမကို ပိုကျေနပ်သွားသည်။ ဝမ်မိသားစုက သူမကို ကောင်းကောင်း လေ့ကျင့်ပေးထားလေသည်။ ဝမ်ကျူက အတော်လေး လုပ်ရည်ကိုင်ရည်ကောင်း၏။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မြေအောက်ခန်းဆီ ဦးတည်လိုက်သည်။ ယနေ့ သူက အနာဂတ်အတွက် ပြင်ဆင်ဖို့ တစ်ခုခု လုပ်ရမည် ဖြစ်ရာ အနာဂတ်အတွက် နောက်တစ်လှမ်း ထပ်လှမ်းရတော့မည်။

ဒီနေ့ သူက ကိုယ်တိုင် သွေးထိရမည့် နေ့ ဖြစ်ပေသည်။ သူက လူသတ်တော့မည် ဖြစ်၏။

ဝမ်ဝေ့က မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း အစုလိုက်အပြုံလိုက် များစွာ သတ်ပစ်ခဲ့သော်လည်း တကယ့်ဘဝ၌ ကွာခြားလှသည်။ စစ်ဆေးမှုအတွင်း သူက ဒီကမ္ဘာသည် အရမ်းကို အသက်ဝင်လှသည့် ပုံရိပ်ယောင် အိပ်မက်မျှသာ ဖြစ်ကြောင်း အမြဲတမ်း ပြောနေခဲ့သည်။

သူ့အပြုအမူများတွင် အကျိုးဆက် မရှိပေ။ ပုံရိပ်ယောင်အတွင်း လူများက ဂိမ်းများရှိ ကစားသမား မဟုတ်သည့် ဇာတ်ကောင်များနှင့် အတူတူသာ ဖြစ်၏။ ထို့ကြောင့် သူက တစ်ယောက်ယောက်ကို သတ်သည့်အခါ ဘာမှမခံစားမိပေ။

သို့သော်လည်း တကယ့်လက်တွေ့ကား ကွာခြားလွန်းလှသည်။ ဤတစ်ကြိမ် သူက အသက်အစစ်အမှန်ကို ဇိဝိန်ချုပ်ပေးရတော့မည်။

ခေတ်သစ်တွင် မွေးဖွားခဲ့သူတစ်ဦးအနေနှင့် သူက လူတစ်ယောက်ကို ဘယ်လိုလုပ် အလွယ်လေး သတ်ပစ်ကာ ဘာမှမဖြစ်သလို နေနိုင်မည်နည်း။

ဝမ်ဝေ့က ယခင်အတိတ်ဘဝတုန်းက ဖတ်ဖူးသည့် ဝတ္ထုများထဲမှ ဇာတ်လိုက်ကျော်များအကြောင်း အမှတ်ရသွားသည်။ သူတို့ ပထမဆုံး လူသတ်လိုက်စဉ် သူတို့က ဘာမှမဖြစ်သလို နေကြသည်။ သူတို့လုပ်လိုက်တာက နေ့တိုင်း ရေသောက်နေသည်နှင့်ပင် ယှဉ်နိုင်သည်။

ထိုဇာတ်လိုက်ကျော်များက ကမ္ဘာကြီးက ကြီးသူငယ်ညှင်းဟု ဆိုကာ သူတို့ဘာသာ ကာကွယ်ကြ၊ သတ်ဖြတ်ကြသည်။

သူတို့ ပြောသည်မှာလည်း အမှန်ဖြစ်၏။ ကျင့်ကြံရေးလောကကြီးက အမှန်တကယ် ရက်စက်လွန်းလှသော်လည်း ထိုဇာတ်လိုက်များက ကမ္ဘာထဲ ရောက်သည်နှင့် သူတို့စိတ်ဓာတ်ကို ချက်ချင်း ပြောင်းလဲနိုင်ကြသည်။

ဝမ်ဝေ့အတွက် ဇာတ်လိုက်ကျော်အများစုက စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေကြောင်းသာ ထင်မိသည်။ ကမ္ဘာကြီးက သူတို့ကို ပြောင်းလဲလိုက်ခြင်း မဟုတ်ဘဲ သူတို့၏ ရူးသွပ်မှု သို့မဟုတ် ပြဿနာရှာတတ်သည့် စိတ်တို့ကို ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်ပေသည်။ ခေတ်သစ်၏ စည်းမျဉ်းနှင့် လိုက်နာမှုတို့က ထိုဇာတ်လိုက်များအတွက် အတားအဆီးများသာ ဖြစ်ခဲ့၏။

သို့သော်လည်း ဝမ်ဝေ့က ကွဲပြားသည်။ သူက သာမန်အမြင်သာရှိသည့် သာမန်လူသားများသာ ဖြစ်သည်။ သူက စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်ခဲ့သော်လည်း သာမန်လူသာ ဖြစ်နေသေး၏။

ဝမ်ဝေ့က မြေအောက်ခန်းဆီ တည်တည်ငြိမ်ငြိမ် ဆက်လျှောက်လာသည်။ ယနေ့ သူက ထိုအကျဉ်းသားများကို သတ်ပစ်ရမည်။ ဤသည်က မိစ္ဆာများကို ဖယ်ရှားသုတ်သင်ပစ်ရမည့် သူ့စိတ်နေသဘောထားကြောင့် မဟုတ်ပေ။

အကြောင်းမှာ သူ့စိတ်ကို ပြောင်းလဲရန် လိုအပ်နေ၍ ဖြစ်၏။

ဒီကမ္ဘာ၌ အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် ဝမ်ဝေ့က သူသည် ဒီကမ္ဘာရှိ အခြားကလေးများနှင့် ကွဲပြားကြောင်း သတိပြုမိလာသည်။

သူနှင့်ရွယ်တူ ကလေးအားလုံးက သတ်ဖြတ်ခြင်းသည် မမှားယွင်းကြောင်း၊ သူရဲကောင်းဆန်မှုနှင့် စွမ်းအားကို ပြသသည့် နည်းလမ်းဖြစ်ကြောင်း စိတ်နေသဘောထားမျိုး ရှိကြသည်။ သူတို့က သူတို့အဖေနှင့် ဘိုးဘေးများဆီမှ ကျင့်ကြံသူများစွာ တိုက်ခိုက်သတ်ဖြတ်သည့် ဇာတ်ကြောင်းများနှင့် ကြီးပြင်းလာကြခြင်း ဖြစ်၏။ ထိုမိဘများက တစ်ရက်ကျ သူတို့လည်း ဒီလိုလုပ်ရမည် ဖြစ်ကြောင်း သဘောထားမျိုး ရိုက်သွင်းပေးထားကြသည်။

ရလဒ်အနေနှင့် ထိုကလေးများအတွက် သတ်ဖြတ်ခြင်းက ဘာမှမဟုတ်ပေ။ ဝမ်ဝေ့က ငါးနှစ်အရွယ် ကလေးတစ်ယောက်သည် အမှားတစ်ခုကြောင့် အစေခံကို သတ်ပစ်ဖူးကြောင်း မြင်ခဲ့ဖူးသည်။ သူက တားဆီးဖို့ ကြိုးပမ်းခဲ့သော်လည်း နောက်ကျသွားခဲ့၏။ သူ ရောက်သွားသည့်အချိန် အစေခံလေးက သေဆုံးသွားပြီးလေပြီ။

ထိုအခါမှ သူ့စိတ်နေသဘောထားသည် တခြားသူများနှင့် ကွဲပြားနေကြောင်း သတိပြုမိခဲ့၏။ သူ့အတွက် ကံဆိုးသည်က ဒီကမ္ဘာကြီးအတွင်း သူ့စိတ်နေသဘောထားမှာ မှားယွင်းကာ အန္တရာယ်များသည်ဟု ယူဆရမည်။

ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းရမည့် လူတစ်ဦးအနေနှင့် ကရုဏာကြီးမားနေဖို့က သိပ်မလိုအပ်ပေ။ ဧကရာဇ်ပုလ္လင်က ကျင့်ကြံသူမြောက်များစွာ၏ သွေးနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

ထိုအရာကို သိပြီးနောက် ဝမ်ဝေ့က မပြင်မဆင်ဘဲ သူ့ချို့ယွင်းချက်များကို ရင်ဆိုင်ပစ်ရမည့် အခြေအနေဖြစ်လာစောမည့်အလား သူ့စိတ်နေသဘောထားကို ပြောင်းလဲဖို့ ဖြည်းဖြည်းချင်း ပြင်ဆင်ထားခဲ့သည်။

ဝမ်ဝေ့က မြေအောက်ခန်းထဲ ဖြည်းဖြည်းလေး ဝင်သွားလိုက်သည်။ အထဲတွင် စုတ်ပြတ်နေသည့် ချည်သားအင်္ကျီ ဝတ်ဆင်ထားပြီး လက်ရောခြေပါ ကြိုးတုပ်ခံထားရသည့် လူဆယ်ယောက် ရှိနေသည်။ ပါးစပ်ရှိ အဝတ်က သူတို့အား ဘာမှမပြောနိုင်အောင် တားဆီးထားလေသည်။

ဝမ်ဝေ့က သူတို့တစ်ယောက်ချင်းစီကို သေချာကြည့်လိုက်သည်။ သူတို့၏ မျက်နှာအမူအရာအရ သူတို့မျက်ဝန်းထဲမှ အကြောက်တရားကို မြင်နေရသည်။ ဤသည်မှာ သေခြင်းတရား သူတို့ဆီ ချည်းကပ်လာပြီ ဖြစ်သော်လည်း ဘာမှမလုပ်နိုင်ဘဲ အင်အားမဲ့နေသည့် အကြောက်တရားမျိုး ဖြစ်သည်။

တကယ်တော့ အားလုံးက အမှန်တကယ် ကြောက်နေကြခြင်း မဟုတ်ပေ။ ဝမ်ဝေ့ အာရုံခံနိုင်သည့် ဝိညာဉ်လှိုင်းအတက်အကျမှ တချို့လူများသည် အင်မတန် တည်ငြိမ်ကာ သူတို့မျက်ဝန်းထဲ ဉာဏ်များသည့် အလင်းမျိုး ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်သည်။

ဝမ်ဝေ့က ထိုအပြစ်သားများသည် အသက်ရှင်နိုင်ဖို့ အခွင့်အရေးကို ကြိုးစားရှာဖွေနေကြကြောင်း ပြောနိုင်၏။ သူတို့ ပြသထားသည့် အကြောက်တရားမှာ တကယ်မဟုတ်ဘဲ သူတို့အပေါ် သတိလက်လွတ်ဖြစ်သွားစေရန် သို့မဟုတ် သနားလာစေရန်သာ ဖြစ်သည်။

ဝမ်ဝေ့က ထိုအကျဉ်းသားများ၏ အမူအရာများကို လျစ်လျူရှုထားသည်။ သူက အခန်းအတွင်းမှ စားပွဲဆီ သွားလိုက်ပြီး ဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ပထမအကျဉ်းသားဆီ သွားလိုက်သည်။ ဝမ်ဝေ့က လက်ထဲတွင် ဓားကို တုန်တုန်ယင်ယင် ကိုင်ထားရင်း အကျဉ်းသားကို ကြည့်လိုက်သည်။ သူ့ဆီ အကြောက်တရား အငွေ့အသက်များ ခြုံလွှမ်းလာကာ တုံ့ဆိုင်းနေမိသည်။ သူက အသက်တစ်ချောင်းကို ယူရတော့မည် ဖြစ်၏။

ဘဝတွင် မည်မျှအပြစ်ကြွေးများသည်ဟု ပြောစေကာမူ သက်ရှိတစ်ယောက်သာ ဖြစ်သည်။ သူက ဘာလုပ်ပိုင်ခွင့်နဲ့ အသက်နှုတ်လိုက်ရမည်နည်း။ သူသာ သူတို့အသက်တွေကို နှုတ်ယူလိုက်လျှင် သူက သူတို့ထက် ဘာများ ပိုကောင်းသွားမည်နည်း။

ဝမ်ဝေ့က ကျင့်ဝတ်ပိုင်းရာနှင့် စိတ်ပိုင်းဆိုင်ရာ လွန်ဆွဲနေစဉ် အကျဉ်းသားများက မျှော်လင့်ချက် စရှိလာကြသည်။ သူတို့က သခင်ငယ်လေးသည် သူတို့ကို သနားကာ သူတို့တစ်ဘဝလုံး အကျဉ်းထောင်ထဲ၌ ပစ်ထားဖို့သာ မျှော်လင့်နေမိသည်။

ဝမ်ဝေ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ မိနစ်သုံးဆယ်ကြာ ကြာမြင့်ခဲ့သည်။ သူက ပထမအကျဉ်းသားကို ကြည့်ကာ တုန်တုန်ယင်ယင် လက်များဖြင့် အားရပါးရ အော်ဟစ်ပြီး ဆက်တိုက် ထိုးချလိုက်သည်။

ဝမ်ဝေ့က အချက်ရေ မည်မျှထိုးစိုက်လိုက်မှန်းပင် မသိတော့ပေ။ ပထမတစ်ချက် ထိုးချလိုက်ပြီးနောက် သူက အသိစိတ်လွတ်သွားသည်။ ကျန်အရာအားလုံးက သူ့အလိုလို ဖြစ်လာခြင်းသာ ဖြစ်၏။

သူ အသိပြန်ကပ်လာသည့်အခါ သူ့ဝတ်ရုံ၌ သွေးအပြည့် ဖြစ်နေသည်။

သူက လူသေတစ်လောင်းနှင့် အကျဉ်းသားကိုးယောက်ရှိသည့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူက ဘာလုပ်ခဲ့မိကြောင်း စတွေးလာမိသည်။

သိပ်မကြာခင် သူက အသက်တစ်သက်ကို နှုတ်ယူလိုက်ကြောင်း သဘောပေါက်သွား၏။

သူ့ကိုယ်သူ  နောင်တရလားဟု မေးလျှင် အဖြေက ရသည်ဟုသာ ဖြစ်လိမ့်မည်။

ထိုလူများက ဆိုးသွမ်းလွန်း၍ သေဖို့ ထိုက်တန်သော်လည်း သူက မည်မျှပင် အကြောင်းပြချက်ရှာစေကာမူ အသက်က အသက်သာ ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က သူ့ဘာသာ မေးလိုက်သည်  “ တကယ်လို့ ပြန်လုပ်ဖို့ နောက်ထပ် အခွင့်အရေးပေးရင် အရင်လို ရွေးချယ်မှာလား ”

အဖြေကား အရင်အတိုင်းလုပ်မည်သာ ဖြစ်၏။ သူက ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းဖို့ ကံကြမ္မာပါလာပြီးသားသူ ဖြစ်၏။ နောင်ကျ သူ့လက်ဖြင့် ကိုယ်တိုင်အဆုံးသတ်ရမည့် အသက်များက ရေတွက်ရမည်ပင် မဟုတ်ပေ။

သူ ယခုလုပ်လိုက်သသည်ကား နေသားကျသွားစေရန် ပထမခြေလှမ်းသာ ဖြစ်၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းက အမှန်တကယ် ဆိုးရွားလှသည့် ခံစားချက်တစ်ခု ဖြစ်ပေသည်။

ကံဆိုးစွာဖြင့် သူက ထုံထိုင်းလာသည့်အထိ ဒါမှမဟုတ် လုံးဝ လျစ်လျူရှုထားပစ်နိုင်သည့်အထိ ထိုခံစားချက်ဖြင့် အသားကျရမည်။

ထိုအရာအားလုံး သဘောပေါက်ပြီးနောက် ဝမ်ဝေ့က သူ့ဆီမှ အရေးကြီးရာတစ်ခုခု ယူဆောင်သွားခံရသလို ခံစားလိုက်ရသည်။ ထိုအရာကို သူ ဘယ်တော့မှ ပြန်မယူနိုင်မှန်းလည်း သိလိုက်၏။

All Chapters