← Chapters

အပိုင်း (၂၈၂) - တပည့်ဖြစ်လက်ဆောင်ရှိဦးမလား

Vol. 003 Ch. 282

အပိုင်း (၂၈၂) - တပည့်ဖြစ်လက်ဆောင်ရှိဦးမလား

Vol. 003 Ch. 282

ရှီမာယူယူသည် ဘေဂုံထန်၏ တုန့်ပြန်ချက်ကိုရရှိသည်နှင့် ပြောလိုက်သည် “အံ့ဖွယ်နတ်ဆိုး တောင်ကြားက အဲလောက် အင်အားကြီးတာလား”

“ဒါပေါ့” အဘိုးနတ်ဆိုးက ပြောလိုက်သည် “မဟုတ်ရင် လူအများကြီးက ငါ့အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ဘယ်ဝင်ချင်ကြမလဲ”

“ကျွန်တော် တစ်ခါမှမရောက်ဖူးတော့ အဲလောက် အားကောင်းလား မကောင်းလားကို ဘယ်လိုသိမလဲ” ရှီမာယူယူ ပြောလိုက်သည်။

ဘေဂုံထန်သည် စားပွဲအောက်တွင် အကျီလက်ကိုပင့်ကာ သူမအား မျက်စိမှိတ်ပြလိုက်လေသည်။

ဘေဂုံထန်သည် ဆိုလိုချက်အားသဘောပေါက်လိုက်သည်။

ရှီမာယူယူသည် အဘိုးနတ်ဆိုးအားကြည့်ကာ ပြောလိုက်သည် “ဆေးတစ်ခုဖော်တာ စောင့်ကြည့်ဖို့ အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ရောင်းလိုက်ရတာ ဈေးပေါလွန်းတယ်လို့မထင်ဘူး အဘိုးနတ်ဆိုး၊ အဘိုးကို ဆရာတင်ရတဲ့အတွက် ဘာအကျိုးအမြတ်ရမလဲ၊ တခြားတပည့်ဖြစ်လက်ဆောင်လေးများ ရှိဦးမလား”

အဘိုးနတ်ဆိုးသည် ရှီမာယူယူအား ကြည့်လိုက်သည်။ ဘေးတွင်ရှိသော ဘေဂုံထန်သည် ကြောက်၍ သေတော့မည်။ ရှီမာယူယူကို သူဒေါသထွက်ရင် ဘယ်လိုလုပ်မလဲ။ သို့သော် သူ ရုတ်တရက် ရယ်မောမည်ဟု သူမ ထင်မထားပေ။

“ဟားဟား အားလုံးက ငါကို ဆရာတင်ချင်နေကြတာ၊ ပြီးတော့ ငါက မင်းကိုတပည့် အဖြစ်လက်ခံလိုက်တာ ဒါပေမယ့် မင်းက င့ါကိုတပည့်ဖြစ်လက်ဆောင်တောင်းတယ် ဟုတ်လား၊ ငါ မင်း အကျင့်စရိုက်ကို တကယ် သဘောကျတယ်၊ မင်းက ငါငယ်ငယ်တုန်းကနဲ့ လုံးဝ တူတယ်”

သူပြောသည်ကို ကြားပြီးနောက် ဘေဂုံထန် စိတ်အေးသွားရသည်။ အနည်းဆုံးတော့ သူ ယူယူကို ထိခိုက်အောင် မလုပ်ဘူး။

“ဒါဆို အသုံးဝင်မယ့်ဟာ ရှိလား မရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“တပည့်ဖြစ်လက်ဆောင်ကို မင်း ဘာပစ္စည်းလိုချင်တာလဲ” အဘိုး နတ်ဆိုး မေးလိုက်သည်။

“တန်ဖိုးကြီးပစ္စည်းပဲတောင်းမှာပေါ့ အံ့ဖွယ်အဆင့် ဝိညာဉ်လက်နက်လိုမျိုးပေါ့” ရှီမာယူယူ ပြောလိုက် သည်။

“အဟွတ် အဟွတ်” ရှီမာယူယူပြောသည်ကို ကြားသည်နှင့် ဘေဂုံထန်သည် ဒေါသထွက်လုနီးပါးဖြစ်ကာ ချောင်းနှစ်ခါ ဆိုးလိုက်သည်။

“ကောင်းတယ် ကောင်စုတ်လေး မင်းတောင်းဆိုတာက မနိမ့်ဘူးပဲ” အဘိုးအိုနတ်ဆိုးက ပြောလိုက်သည် “မင်း နောက်ကို ငါ့အတွက် အမြဲတမ်းစားစရာလုပ်ပေးမယ်လို့ ကတိပေးထားတော့ ငါ့ရဲ့ တပည့်ဖြစ်လက်ဆောင် ကလည်း မနည်းစေရဘူး”

“ကျွန်တော့်ကို ဘယ်လိုလက်ဆောင်ပေးမယ်ဆိုတာ အဘိုးမပြောရသေးဘူးနော်” ရှီမာယူယူသည် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ဝေကျိရွှီနှင့် တခြားသူများ အားလုံးကြားလိုက်သည်။

“မင်းကို ဘာလက်ဆောင်ပေးရမလဲ ငါမစဉ်းစားရသေးဘူး မင်း အံ့ဖွယ်နတ်ဆိုးလမ်းကြားသွားရင် ဂိုထောင်ထဲသွားပြီး ကိုယ့်ဘာသာရွေးပေါ့” အဘိုးမိုက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ကျေးဇူးပါဆရာ” ရှီမာယူယူသည် အဘိုးနတ်ဆိုးအား ထကာ အရိုအသေပေးလေသည်။ ထို့နောက်တွင် သူမသည် စားပွဲပေါ်မှ လက်ဖက်ရည်ယူကာ တစ်ခွက်ထည့်ပေးလေသည်။

“ကောင်စုတ်လေး မင်းဒီ လက်ဖက်ရည်နဲ့ပဲလား နှမြောတတ်လိုက်တာ” အဘိုးနတ်ဆိုးသည် သူမအား ကြည့်ုလိုက်သည်။

ရှီမာယူယူသည် အားရပါးရပြုံးကာ အဘိုးနတ်ဆိုး၏ လက်အား ခွက်ထည့်ပေးကာ “ဆရာ ခဏသည်းခံပေးပါ၊ ကျွန်တော်တို့ ဒီလိုအသေးအဖွဲ့တွေကို အာရုံမစိုက်နိုင်သေးဘူး၊ ဆရာကြည့်ရမှာက ဆရာ့အပေါ် ကျွန်တော့်စိတ်ရင်းက မှန်လား မမှန်လားကိုကြည့်ရမှာ၊ ကျွန်တော့်စိတ်ရင်းမှန်တယ်ဆိုရင် အဲဒီကိစ္စသေးသေးလေးတွေ မကောင်းဘူး       ဆိုရင်တောင် အဆင်ပြေတယ်မလား၊ ကျွန်တော့စိတ်ရင်းမမှန်ဘူးဆိုရင် ကျွန်တော်တို့ ဆရာတပည့်ဖြစ်မြောက်ရေး ပွဲလုပ်ရင်တောင် ဘာအသုံးဝင်မှာလဲ ဟုတ်တယ်မလား”

“ဟားဟား ဒီကောင်ကတော့ အဓိကကိုသိတာပဲ” အဘိုးနတ်ဆိုးသည် ခွက်ကိုင်ကာ ပါးစပ် အပြည့်သောက်ချ လိုက်လေသည်။ သူမအား လက်ခံသည့် သဘောပင်ဖြစ်သည်။

“ဒါပေါ့” ရှီမာယူယူ ပြန်ထိုင်ကာ ပြောလိုက်သည် “ကျွန်တော်က ပုံမှန်ဆို ဆရာလက်မခံဘူး၊ ကျွန်တော်ကလည်း ဆရာအဖြစ် မဆက်ဆံနိုင်ဘူး၊ တစ်ရက်ဆရာဆိုရင် တစ်သက်လုံး အဖေဆိုပြီး ပြောကြတယ်မလား၊ ရှုပ်ယှက်ခတ်နေတာပဲ”

အဘိုးနတ်ဆိုးသည် ရှီမာယူယူအားကြည့်လိုက်ရာ သူမ မျက်လုံးထဲမှ စိတ်ရင်းကိုတွေ့ရလေသည်။ မဟုတ်မမှန်တာ မတွေ့ရသဖြင့် သူ ထိုခဏအတွင်းတွင် စိတ်လှုပ်ရှားမိသည်။ ထိုတပည့်သည်လည်း နှစ်ပေါင်းများစွာပင် တူညီသောစကားကိုပြောခဲ့သည်။

လူအများစုမှာ သူ့အား ဆရာတင်ချင်သော်လည်း ထိုလူများသည် သူတို့နှစ်ယောက်နှင့် ဘယ်နှယောက် အတွေးတူမလဲ။

“ဆရာ ဘာဖြစ်လို့လဲ” သူစဉ်းစားနေသည်ကို ရှီမာယူယူမြင်သောအခါ မေးလိုက်သည်။

“အဟွတ် အဟွတ် ဘာမှမဟုတ်ဘူး” အဘိုးနတ်ဆိုးသည် စိတ်ခံစားချက်များကို ဖုံးကွယ်ကာ ပြောလိုက်သည် “ငါ မင်းကို တပည့်ဖြစ်လက်ဆောင်ပေးမယ်ဆိုတော့ မင်းရဲ့ ဆရာဖြစ်လက်ဆောင် ဘယ်မှာလဲ”

“ဟင်၊ ဆရာတွေကပဲ သူတို့တပည့်ကို တပည့်ဖြစ်လက်ဆောင်ပေးကြတာမလား၊ တပည့်က ဆရာဖြစ် လက်ဆောင်ကို မပေးကြပါဘူး” ရှီမာယူယူ မျက်လုံးပြူးဖြင့်ကြည့်လေသည်။

အဘိုးနတ်ဆိုးသည် မကျေမနပ်ဖြင့် ပြောလေသည် “ဆရာဖြစ်လက်ဆောင်မပေးရဘူးလို့ ဘယ်သူဆုံးဖြတ်တာလဲ၊ မရဘူး ငါ့ကို လက်ဆောင်တစ်ခုတော့ပေးရမယ်”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက အင်အားကောင်းတယ်လို့ ဆရာပြောခဲ့တယ်မလား၊ ဘာလို့ လက်ဆောင်လိုမျိုးကို တောင်းနေတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုလုပ်မယ်လေ ကျွန်တော် စဉ်းစားလို့ရရင် ဆရာ့ကို လက်ဆောင်ပေးမယ်၊ မဟုတ်ရင် ဆရာမကြိုက်တာကို ကျွန်တော်ပေးမိမှာစိုးလို့”

“ကောင်းပြီ” အဘိုးနတ်ဆိုးသည် ပြုံးပြီး ပြန်ဖြေလိုက်သည်။

အဘိုးနတ်ဆိုးသည် ရောက်ပြီး မကြာမီတွင် ပြန်သွားလေသည်။ သူ နောက်နေ့လာလျှင် သူမအား ဆေးယူလာမည်ဟု ပြောသွားလေသည်။

သူထွက်သွားတော့မှပင် ဘေဂုံထန် အသက်ရှုနိုင်တော့သည်။ သူမသည် ပျော်ရွှင်စွာပြောလေသည် “ယူယူ ဂုဏ်ပြုပါတယ်၊ အဘိုးနတ်ဆိုးကို မင်းတကယ် ဆရာတင်ရတော့မှာပဲ”

“ဘေဂုံ မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြား အကြောင်းကို တကယ်သိတာလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ဘေဂုံထန် ခေါင်းညိတ်လိုက်သည်။ “အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်တွေက မျိုးနွယ်ဝင်တွေ၊ ဂိုဏ်းဝင်တွေထက်တော့မပိုဘူး၊ ဒါပေမယ့် အများစုကတော့ မြင့်မြတ်တဲ့လောကက၊ အဲဒီ အဘိုးနတ်ဆိုးက မြင့်မြတ်တဲ့လောကမှ နာမည်ကြီးတယ်၊ အစက ငါသံသယဝင်သေးတယ်၊ သူ့ကို အရင်ကမမြင်ဖူးတော့ ယိလင်းတိုင်းပြည်က နာမည်တူတာပဲထင်တာ၊ ဒါပေမယ့် သူ အံ့ဖွယ်နတ်ဆိုးတောင်ကြားအကြောင်းပြောတော့ သိသွားတာ”

“ဆရာ့ရဲ့ နာမည်က လူသိများလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ပိုင်ရှင်နှစ်ယောက်ရှိတယ်။ တစ်ယောက်က အဘိုးအံ့ဖွယ် နောက်တစ်ယောက်က အဘိုးနတ်ဆိုးပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ဒါဆို ဆရာက ပိုင်ရှင်နှစ်ယောက်ထဲက တစ်ယောက်လို့ပြောနေတာလား” ရှီမာယူယူ အနည်းငယ်အံ့သြသွားသည်။ ထိုမျှလောက် အဆင်ပြေလိမ့်မည်ဟု သူမ ထင်မထားပေ “သူ့ကို ဘာလို့ အဘိုးနတ်ဆိုးလို့ခေါ်ကြတာလဲ”

“သူ့ အကျင့်စရိုက်က နည်းနည်းထူးဆန်းလို့၊ သူ့အရည်အချင်းက နတ်ဆိုးလိုပဲ မျက်လုံးနဲ့ပဲ တိုက်ခိုက်တယ်လို့ သူများတွေပြောကြတယ်” ဘေဂုံထန်ပြောလိုက်သည် “ဒါပေမယ့် ငါ့အဖေနဲ့ အမေ အရင်ကဆွေးနွေးတာကြားဖူးတယ် အံ့ဖွယ်နတ်ဆိုးမှာ အစကတည်းက ပိုင်ရှင်နှစ်ယောက်ရှိခဲ့တာ၊ ပိုင်ရှင် နတ်ဆိုးရဲ့ အကျင့်စရိုက်က ထူးဆန်းပေမယ့် လူတွေကို သတ်တဲ့ နတ်ဆိုးလိုမျိုးမဟုတ်ဘူးတဲ့”

ရှီမာယူယူ သူမ မေးစေ့အားကိုင်ကာ ပြောလိုက်သည် “ဆရာ့ရဲ့ ခန္ဓာကိုယ်ကနေ ကြောက်စရာ ကိုယ်ရောင်ကိုယ်ဝါကို ငါမခံစားမိဘူး၊ သူသာ အမြဲလူသတ်နေရင် သူ့ခန္ဓာကိုယ်က လူသတ်တဲ့ အငွေ့အသက်တွေ ထွက်နေရမှာ”

“အင်း အဲတော့ မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြားထဲဝင်ရင်တော့ မင်း မြင့်မြတ်တဲ့လောက သွားရင် နောက်ခံကောင်းကောင်းတော့ ရှိသွားတာပေါ့” ဘေဂုံထန် ပြောလိုက်သည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ လူနည်းနည်းပဲရှိတာလို့ ပြောတယ်မလား၊ ဘယ်လိုလုပ် သူတို့က အဲလောက် အားကောင်းရတာလဲ” ရှီမာယူယူ နားမလည်ပေ။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ စွမ်းဆောင်နိုင်တဲ့သူတွေချည်းပဲ” ဘေဂုံထန် ပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင် အသင်းနဲ့ တခြားအသင်းတွေကိုကြည့်လိုက်၊ အားကောင်းပေမယ့် အလုပ်တစ်ခုပဲကျွမ်းတာ၊ ဒါပေမယ့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ အဂ္ဂိရတ်ပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ၊ သားရဲထိန်း ကျောင်းသူတွေနဲ့ တည်ဆောက်မှုသခင်တွေရှိတယ်၊ ပြီးတော့ အပိုင်းတစ်ပိုင်းစီမှာအကျွမ်းဆုံးသူတွေက အဲမှာသွားစုနေတာ၊ မင်း ပညာရှိစံအိမ်တော်ကို သိလား”

ရှီမာယူူယူ ခေါင်းညိတ်သည်။ ဝူလင်းယူနှင့် ပတ်သက်၍ ပညာရှိစံအိမ်တော်အကြောင်းကို ဟိန်းသံလေးပြောလို့ သိပြီးဖြစ်သည်။ ထိုနေရာတွင် အင်အားအကြီးဆုံးဖြစ်သည်ကို သူမ သိသည်။

“ပညာရှိစံအိမ်တော်ကလူတွေတောင်မှ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မကမ်းလှမ်းရဲဘူး၊ သူတို့တွေ့ရင် တလေးတစားဆက်ဆံကြရတယ်၊ အခုတော့ မင်း ဘယ်လိုအင်အားထဲကို ဝင်သွားလဲဆိုတာ နားလည်ပြီလား” ဘေဂုံထန် ရှင်းပြသည်။

ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့် အံ့သြလေသည်။ သူမသည် ထိုနေရာကဲ့သို့ ဝင်သွားသည့်အပြင် ပိုင်ရှင်၏ တပည့်တစ်ယောက်ဖြစ်လေသည်။ သူမ ကံကောင်းမှုလမ်းကြောင်း ထဲရောက်သွားတာပဲ။

“ဆရာက အဆင့် ၉ဆေးကိုဖော်နိုင်တယ်လို့ပြောတော့ အဲဒါ သူ့အဆင့် အမြင့်ဆုံးလား” သူမ မေးလိုက်သည်။

“မဟုတ်ဘူး၊ အဲမှာ နောက်ထပ်ထူးဆန်းတဲ့ အဘိုးကြီးတွေရှိသေးတယ်လို့ပြောကြတယ်၊ သူတို့အဆင့် တွေ မြင့်တယ် ဒါပေမယ့် ထွက်လာလေ့မရှိဘူး” ဘေဂုံထန် ပြောလိုက်သည်။

“သူတို့လည်း ကိုယ့်အလုပ်ကိုရှိတယ်….” ရှီမာယူယူ မေးစေ့ကိုင်ပြီးနောက် ကျိတ်ရယ်ကာ “သူ့ကို ဘာလက်ဆောင်ပေးရမလဲ သိပြီ”

“ယူယူ မင်းဘာလုပ်မလို့လဲ” ဘေဂုံထန်သည် သူမအပြုံးအားတွေ့သောအခါ အနည်းငယ်ကြောက်မိသည်။

“ငါ့ဆရာအတွက် လက်ဆောင်ပြင်မလို့” ရှီမာယူယူ မတ်တတ်ရပ်ကာ ဘေဂုံထန်အားဆွဲပြီး ပြောလိုက်သည် “သွားရအောင် ဒီနေ့တော့ နားမယ်၊ မနက်ဖြန်မှ လုပ်ကြမယ်”

All Chapters