ရှင်သန်ခြင်းမရှိ၊ သေဆုံးခြင်းမရှိသော နေရာ
Vol. 38 Ch. 526
ဓားကိုယ်ထည်ပိုင်း၏ အထက်ရှိ ကောင်းကင်ယံကြီးမှာ အကွက်အကွက်လိုက် ဖြစ်နေ၏။ ရှေးဟောင်းဓားကြီးမှာ နေမင်းကြီးအား ခုခံတွန်းလှန်နေသည့် အားများကို ထုတ်လွှတ်နေသောကြောင့် နယ်မြေအမျိုးမျိုးတွင် ရှိနေကြသည် ကောင်းကင်ယံများမှာ မတူညီဘဲ ကွဲပြားနေရခြင်းဖြစ်သည်။ ယခုတွင် ဓားကိုယ်ထည်ပိုင်း၏ အထက်ရှိ ကောင်းကင်ယံကြီးမှာ မည်းနက်နေပြီး အက်ကွဲကြောင်း သုံးခုရှိနေ၏။ ထိုအက်ကွဲကြောင်းများထဲတွင် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် ကြောက်မက်ဖွယ်ရာ အနီရောင် အလင်းတန်းကြီးတစ်ခု ရှိနေသည်။
ထို့ကြောင့် ထိုအက်ကွဲကြောင်းများထဲမှနေ၍ နေမင်းကြီး၏ အတွင်းပိုင်းကို မြင်နေရသကဲ့သို့ ဖြစ်နေတော့သည်။ ထို အက်ကွဲကြောင်းသုံးခုထဲမှ ထွက်ပေါ်လာသည့် အလင်းတန်းသုံးခုမှာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို အလင်းပေးထားသောကြောင့် အရာအားလုံးမှာ မှောက်မိုက်နေသည့်တိုင်အောင် ဘေးပတ်ဝန်းကျင်အား မြင်နေရ၏။
ထိုနေရာကြီးမှာ ကျယ်ပြောလွန်းလှပြီး မီးပင်လယ်များသာမက ချော်ရည်ပူများနှင့် တစ်ဝက်တစ်ပျက် ကျိုးပဲ့နေကြသည့် တောင်ထိပ်များလည်း မရှိပေ။ အဝေးမှ ကြည့်လိုက်ပါက ထိုနေရာကြီးတစ်ခုလုံးမှာ ပြောင်သလင်းခါနေပြီး သုဿာန်တစပြင်ခဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်မှာ နှစ်ပေါင်းဒါဇင်များစွာ ရှိနေပြီဖြစ်သည်။ လေထုထဲတွင်မူ သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ထိုအချိန်တွင် ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသော ကမ္ဘာကြီးထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားသည်။ နောက်ဆုံးတွင် ဒဏ်ရာအပြင်းအထန်ရထားပြီး အားပြတ်နေသည့်ပုံပေါ်သော လူရိပ်သုံးခု ပေါ်ပေါက်လာသည်။
ထိုသုံးယောက်မှာ အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြဆဲဖြစ်သည့် ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေနှစ်ယောက်ပင် ဖြစ်သည်။ သူတို့ ထိုနေရာ၌ ပေါ်ပေါက်လာသည်နှင့် ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့၏ အပြင်ခန္ဓာကိုယ်များမှာ တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် သူတို့မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး ဘေးပတ်ဝန်းကျင်အား အကဲမခတ်နိုင်ခင်မှာပင် သတိလစ်သွားကြတော့သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်သို့ မရောက်သေးသည့်အပြင် သူတို့မှာ ဂူဗိမာန်ကြီး၏ စုပ်ယူအားများကို ခုခံတွန်းလှန်ခဲ့ရစဉ်တုန်းက ဒဏ်ရာအမြောက်အမြား ရရှိခဲ့သည်မဟုတ်ပါလော။ ထို့အပြင် တည်နေရာပြောင်းရွှေ့မှု လုပ်ငန်းစဉ်ကြီး၏ ပြင်းအားကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ တစ်စစီကြေမွသွားတော့မည့်အလား ဖြစ်နေရ၏။ ယခုတွင် သူတို့မှာ လုံးဝတောင့်မခံနိုင်တော့သဖြင့် အရုပ်ကြိုးပြတ် လဲကျသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်တိုင်အောင် သတိလစ်သွားခြင်းမရှိပေ။ ထို့အပြင် သူသည် တိုက်ခိုက်နိုင်စွမ်းပါ ရှိနေသေးသည်။ ထို့ကြောင့် ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့ သတိလစ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များ ဖော်ပြီးသွားပြီဖြစ်သည်။ ထိုအခါ ရုပ်သေးရုပ်ပေါင်းမြောက်မြားစွာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာကြပြီး ထိုနေရာကြီးအား ကာကွယ်ပေးထားလိုက်ကြ၏။
" နံရံပေါ်က စာလုံးတွေက ထောင်ချောက်ကြီးတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီ ဖြစ်သည်။ သူသည် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သောအခါ ထိုနေရာကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်အင်မတန်မှ ကျယ်ပြောနေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားရပါသော်လည်း လတ်တလောတွင် ဘေးကင်းလုံခြုံမှု ရှိနေမည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ သူသည် မကြာသေးမီတုန်းက ဖြစ်ပျက်သွားခဲ့သည့် အရာများကို တွေးတောမနေဘဲ ဆေးလုံးများထုတ်ယူကာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ဆီသို့ ချဉ်းကပ်သွားလိုက်ပြီးနောက် သူတို့၏ ဒဏ်ရာများအား ကုသပေးရန် သူတို့အား ဆေးတိုက်လိုက်၏။ ထို့နောက် သူသည် သူတို့၏ဘေး၌ တင်ပျဉ်ခွေထိုင်ကာ စောင့်ရှောက်ပေးနေလိုက်ပြီး သူ၏ဒဏ်ရာများကို ကုသနိုင်ရန် ဆေးလုံးများ သောက်သုံးလိုက်၏။
ထိုသို့ဖြင့် အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွား၏။ ထိုနေရာတွင် နေ့နှင့်ည ခွဲခြားပေးသည့် မန္တန်အစီအရင်များ ရှိမနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်အတိအကျကို မသိနိုင်ဘဲ ဖြစ်နေရသည်။ သို့သော် သူ၏ မှန်းဆချက်များအရဆိုလျှင် နှစ်ရက်နီးပါး ကုန်ဆုံးသွားပြီဖြစ်သည်။
ထိုနှစ်ရက်အတွင်းတွင် သူသည် ကိုးဆယ်ရာခိုင်နှုန်းခန့် ပြန်လည်သက်သာလာ၏။ ကျောက်ယမုန့်သည်လည်း လွန်ခဲ့သည့်တစ်ရက်က သတိပြန်ရလာခဲ့ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ ဝမ်ပေါင်လဲ့၏ ဆေးလုံးများကိုသောက်သုံးကာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဒဏ်ရာများမှ ပြန်လည်သက်သာလာနိုင်စေရန် တရားထိုင်နေလိုက်၏။
ကျောက်ယမုန့်မှာ ငါးဆယ်ရာခိုင်နှုန်းအထိ ပြန်လည်သက်သာလာပြီဖြစ်သောကြောင့် အခြေအနေကောင်းသည်ဟု ဆိုရပေမည်။ သို့သော် အလွန်အင်မတန်မှ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ဝမ်ပေါင်လဲ့ကဲ့သို့ အစွမ်းထက်သော အပြင်ခန္ဓာကိုယ်တစ်ခုနှင့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းများကို ပိုင်ဆိုင်ထားခြင်းမရှိသည့် ကျိုးရိဖန်းမှာမူ သတိမေ့မျောနေဆဲပင်။ သူ၏ ခန္ဓာကိုယ်မှာ အားအင်ချည့်နဲ့နေပြီး သူသည် ပြန်လည်နိုးထလာခြင်း မရှိသေးပါသော်လည်း သူ၏ အသက်ရှူနှုန်းများနှင့် ဒဏ်ရာများမှာ ပြန်လည်တည်ငြိမ်လာပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်း၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ သို့သော် သူသည် စိုးရိမ်စိတ်များ ကိန်းအောင်းနေသည့် မျက်ဝန်းများဖြင့် သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ မျက်မှောင်ကြုတ်နေဆဲပင်။
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ စိတ်သောကရောက်နေရသည်ကို အာရုံခံမိလိုက်သောကြောင့် တရားထိုင်နေရာမှ မျက်လုံးများပွင့်လာ၏။ သူမသည် သူမ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအား စိုက်ကြည့်ရင်း နှလုံးသားထဲ၌ အထီးကျန်မှုများကို ခံစားလာရတော့သည်။ ထို့ကြောင့် သူမသည် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာလေးဖြင့် တိုးတိုးလေး ဆိုလိုက်၏။
" ငါတို့တွေ ဒီမှာဆက်နေလိုမဖြစ်ဘူး။ ပေါင်လဲ့။ ငါ သတိပြန်ရလာတဲ့ အချိန်ကတည်းက ဒီနေရာကြီးက ထူးဆန်းနေတယ်လို့ ခံစားနေရတာ။ ပြီးတော့ စောစောတုန်းက အချုပ်အနှောင်တွေအားလုံးကို ကြိုမမြင်ခဲ့မိတာ ငါ့အမှားပါ... တကယ်လို့ ငါသာ ကြိုတင်မှန်းဆနိုင်ခဲ့မယ်ဆိုရင်... ငါတို့တွေ... " ကျောက်ယမုန့်မှာ အားပြတ်နေသည့် လေသံဖြင့် သူမကိုယ်သူမ အပြစ်တင်လိုက်၏။ သူမ၏ အားနည်းမှုများကြောင့် ယခုလိုဖြစ်သွားရခြင်း ဖြစ်သည်ဟု သူမ၏ စိတ်ထဲ၌ ခံစားနေရသည်။ အကယ်၍ သူမသာ မန္တန်အစီအရင်များ၏ အကြောင်းကို ယခုထက်ပို၍ နားလည်နေခဲ့မည်ဆိုပါက ထို သေရေးရှင်ရေး အခိုက်အတန့်ကြီးအား ကျော်လွှားနိုင်ခဲ့လောက်ပေသည်။
" ဒါ နင်နဲ့ မဆိုင်ပါဘူး။ ဂူဗိမာန်ပိုင်ရှင် သေမသွားခင်တုန်းက သူ့ရဲ့ ရန်သူတော်ကြီးတွေကို တိုက်ခိုက်နိုင်အောင် ချန်ထားခဲ့တဲ့ ကျိန်စာကြီးကြောင့် အခုလိုဖြစ်သွားရတာ။ ငါတို့တွေက ကံဆိုးသွားရုံ သက်သက်ပဲ " ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့မဲ့နှင့် ပြုံးလိုက်ပြီး ကျောက်ယမုန့်အား နှစ်သိမ့်ကာ ဂူဗိမာန်ကြီး၏ နံရံပေါ်၌ သူ မြင်ခဲ့ရသော စာလုံးများအကြောင်းကို ပြောပြလိုက်၏။
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ စကားများကိုကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး ပင့်သက်ရှိုက်မိသွား၏။ သူမသည် ဂူဗိမာန်ထဲမှ ဘေးအန္တရာယ်ကြီးအား ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အံအားသင့်သွားရဆဲပင်။ သို့သော် အကယ်၍ ဝမ်ပေါင်လဲ့သာ သူ၏ ဆန္ဒများကို ချုပ်တည်းနိုင်ခဲ့ခြင်းမရှိဘဲ ထိုနံရံပေါ်တွင် ရေးသားထားသည့် အမွေအနှစ်ဟုဆိုသော အရာများ၏ အနီးသို့ ရောက်သွားခဲ့မည်သာ ဆိုပါက သူတို့သုံးယောက်စလုံးမှာ ထိုနေရာမှ ထွက်ပြေးနိုင်ရန် အခွင့်အရေးပင် ရခဲ့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုနံရံကြီးအား ရှောင်တိမ်းကာ တောင်ထိပ်ပေါ်မှ ပြေးထွက်လာခဲ့သည့်တိုင်အောင် ထိုဂူဗိမာန်ကြီးထဲမှ ပေါက်ကွဲမှုကြောင့် သူတို့မှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော...
" ဒီနေရာက အန္တရာယ်များလွန်းတယ်။ ပြီးတော့ ငါတို့ကလည်း တော်တော်လေးကို အားနည်းနေတာ " ကျောက်ယမုန့်မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေလိုက်ပြီးနောက် မျှော်လင့်ချက်ကင်းမဲ့နေသည့် မျက်ဝန်းများဖြင့် သူမ၏ ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှူလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း နှုတ်ဆိတ်နေပြီး အပြစ်ရှိသလိုခံစားနေရတော့သည်။ သူသည် ယခင်အကြိမ်များတုန်းက ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့သောကြောင့် ပေါ့ဆမိခဲ့ခြင်း ဖြစ်ရပေမည်ဟု တွေးမိနေ၏။ သူသည် ထိုအန္တရာယ်အား ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု မှတ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသောအခါမှ သူသည် အထိနာသွားရသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီး အမူအရာ တည်ကြည်သွား၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးပတ်ဝန်းကျင်အား အကဲခတ်နေသော ကျောက်ယမုန့်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွားရပြီး သူမ၏ အသက်ရှူသံများမှာလည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားတော့မည့်အလား ဖြစ်သွား၏။ ထို့နောက် သူမသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အလောတကြီး သတိပေးလိုက်တော့သည်။
" ပေါင်လဲ့။ ဟိုဘက်ကို လှမ်းကြည့်လိုက်... လူ... လူတစ်ယောက် ရှိနေတယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နောက်သို့လှည့်လာပြီး ကျောက်ယမုန့် ညွှန်ပြနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် အံ့ဩတုန်လှုပ်သွားရတော့သည်။ သူတို့နှင့် ပေတစ်ထောင်အကွာဝေးတွင်ရှိသော နေရာတစ်ခုတွင် လူရိပ်ကြီးတစ်ခုမှာ ခပ်ရေးရေးခန့် တောက်ပနေသည့် အလင်းရောင်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေ၏။
ထိုလူကြီးမှာ ကျယ်ပြန့်တာအိုနန်းတော် ဝတ်ရုံတစ်ခုအား ဆင်းမြန်းထားသည်ကို မြင်နိုင်ပေသည်။ သူသည် ထို သုံးယောက်အား မျက်နှာမူလျက် မလှုပ်မယှက် တရားထိုင်နေပြီး မျက်လုံးများမှိတ်ထား၏။
ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ဗြောင်းဆန်နေပြီး အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသောကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ ကြည့်ရှုစစ်ဆေးခဲ့သည့်တိုင်အောင် အခြားမည်သူ့ကိုမှ မတွေ့ခဲ့ရသည် မဟုတ်ပါလော။
သို့သော် ယခုတွင်မူ လူရိပ်ကြီးတစ်ခုမှာ တိတ်တဆိတ် ပေါ်ပေါက်လာပြီဖြစ်သည်။ ထို့အပြင် ထိုလူရိပ်ကြီး၏ မျက်နှာအမူအရာမှာ ခံစားချက်မရှိသည့်ပုံ ပေါက်နေပြီး ဝမ်ပေါင်လဲ့မှာ သူ့ဆီမှ ရှင်သန်ခြင်း အငွေ့အသက်များကို အာရုံနိုင်ခြင်း မရှိဘဲ ဖြစ်နေရ၏။ ထို့အပြင် သူသည် အမှောင်ပညာရပ်အား အသုံးပြုလိုက်သည့် အချိန်တွင်လည်း သူ့ဆီမှ သေဆုံးခြင်း အငွေ့အသက်များကို အာရုံခံနိုင်စွမ်းမရှိပေ။
" သေနေတာလဲမဟုတ် ရှင်နေတာလဲမဟုတ်ပါလား " ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းပင်ထုတ်လွှတ်လိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို ပြောင်းပြန်လှန်လိုက်သောအခါ သူ၏လက်ဖဝါးထဲ၌ အားမာန်အပြည့်ဖြင့် တလက်လက်တောက်ပနေသော သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ပေါ်ပေါက်လာသည်။ တစ်ချိန်ထဲမှာပင် သူသည် မျက်လုံးများမှေးသွားပြီး တရိုတသေ လျှောက်တင်လိုက်၏။
" ဝါရင့်ကြီးခဗျား။ ကျွန်တော်တို့ သုံးယောက်က မျက်စိလည် လမ်းမှားပြီးတော့ ဒီနေရာကို ရောက်လာတာပါ။ ဝါရင့်ကြီးရဲ့ လေ့ကျင်မူကို နှောက်ယှက်သလိုဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့က ဘယ်ရောက်နေမှန်းမသိလို့ ဝါရင့်ကြီး လမ်းပြပေးနိုင်မလားဗျ " ဝမ်ပေါင်လဲ့မှာ ထိုလူရိပ်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ သတိကြီးကြီးထားနေတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရခဲ့ပေ။ ထိုလူရိပ်ကြီးမှာ အသက်မပါသော မျက်နှာအမူအရာဖြင့် တရားထိုင်နေဆဲဖြစ်ပြီး မျက်လုံးများဖွင့်လာခြင်း မရှိသလို လှုပ်ရှားသွားခြင်းလည်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ မျက်ဝန်းထောင့်၌ တစ်စုံတစ်ခုပေါ်လာသည်ကို အာရုံခံမိလိုက်သည်ပုံပင်။ ထို့ကြောင့် သူသည် ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်သောအခါ အံ့ဩတုန်လှုပ်သွားရတော့သည်။
သူ၏ရှေ့ ပေတစ်ထောင်ကျော်အကွာတွင် နဂိုမူလတုန်းက ဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ရှိနေခဲ့သော နေရာကြီးထဲတွင် တရားထိုင်နေသည့် လူရိပ်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းမှာ ရှိပြီးသား လူရိပ်ကြီးနှင့် မတူဘဲ ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေပါသော်လည်း သူတို့နှစ်ယောက်စလုံး၏ မျက်နှာအမူအရာမှာ အသက်မဲ့နေကြ၏။
" ပေါင်လဲ့။ ဒီဘက်မှာလည်း ရှိသေးတယ် " ဝမ်ပေါင်လဲ့တစ်ယောက် အံ့ဩတုန်လှုပ်နေစဉ် ကျောက်ယမုန့်မှာ သူမ၏ မန္တန်အစီအရင် ရတနာကြီးအား ထုတ်ယူလိုက်၏။ ထိုနေရာကြီးမှာ ကျောချမ်းစရာ ကောင်းနေပါသော်လည်း ကျောက်ယမုန့်မှာလည်း သာမန်အမျိုးသမီးတစ်ယောက်တော့ မဟုတ်ပေ။ ထို့ကြောင့် သူမသည် အသက်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သောအခါ သူမ၏ မျက်ဝန်းများထဲ၌ တည်ကြည်မှုအရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူမ ထိုသို့ပြောလိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှုလိုက်သောကြောင့် အချိန်အနည်းငယ်အတွင်းတွင် သူတို့၏ ပတ်ပတ်လည်၌ ပုံစံတူ လူရိပ်များ ရာနှင့်ချီ၍ ပေါ်ပေါက်လာကြသည်ကို မြင်လိုက်ရတော့သည်။
ထိုလူရိပ်များထဲတွင် လူကြီးလူငယ် ကျားမမရွေး ပါဝင်နေ၏။ သူတို့အားလုံးမှာ မျက်နှာအမူအရာများ အသက်မဲ့နေကြပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေကြ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့တို့ သုံးယောက်အား မျက်နှာချင်းဆိုင်ထားကြပြီး အသက်မရှိတော့သည့်ပုံလည်း မပေါ်သလို အသက်ရှင်နေသေးသည့်ပုံလည်း မပေါ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းသွားကာ စိတ်ထဲမှနေ၍ မမလေးအား ချက်ချင်းပင် လှမ်း၍ ဆက်သွယ်လိုက်ပြီး သူတို့ရောက်နေသည့် နယ်မြေကြီး၏ အကြောင်းနှင့် ထိုနယ်မြေကြီး ယခုလို ကျောချမ်းစရာ ကောင်းနေရသည့် အကြောင်းအရင်းအား မေးမြန်းလိုက်သည်။ ဝမ်ပေါင်လဲ့မှာ လူရိပ်တစ်ခုကို မြင်လိုက်ရတိုင်း အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားနေရသည်ဖြစ်သည်။
သို့သော် မမလေးမှာ အိပ်မောကျနေဆဲဖြစ်ပြီး အကြောင်းပြန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီး ခိုကိုးရာမဲ့သလို ခံစားနေရတော့သည်။ နောက်ဆုံးတွင် သူသည် သတိလစ်နေသော ကျိုးရိဖန်းအား တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် သူ၏နောက်ကျောပေါ်၌ ပိုးလိုက်ပြီး ကျောက်ယမုန့်အား ပြတ်သားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။
" ဒီလို ရပ်စောင့်နေမယ့်အစား ဒီနေရာကနေ လွတ်အောင် ထွက်ပြေးနိုင်မလားဆိုတာ စွန့်စားကြည့်ကြတာပေါ့ " ကျောက်ယမုန့်မှာ လေသံတိုးတိုးဖြင့်ဆိုလိုက်၏။ ထို့နောက် သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် မန္တန်အစီအရင် ကျောက်စိမ်းပေလွှာထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ ထိုနေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွား၏ ထို့နောက် မန္တန်အစီအရင်ကြီး၏ အကာအကွယ်စွမ်းအားများလည်း ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ပြလိုက်ပြီး ကျောက်ယမုန့်နှင့်အတူ ထိုနေရာမှ ပြေးထွက်သွားရန် ပြင်လိုက်တော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် မျက်လုံးများမှိတ်ကာ တရားထိုင်နေခဲ့သည့် လူရိပ်ပေါင်း တစ်ရာကျော်မှာ ရုတ်တရက်ဆိုသလို တစ်ပြိုင်နက်တည်း မျက်လုံးများ ပွင့်လာကြတော့သည်။