အပိုင်း (၂၈၉) – ဆေးမှောင်ကျခြင်း
Vol. 003 Ch. 289
“ဒါဆို မင်းသူနဲ့ ဘယ်တော့ပေါင်းစပ်ဖို့ စဉ်းစားထားလဲ” သူမ မေးလိုက်သည်။
“မလောပါနဲ့ အခြေအနေတွေမကောင်းသေးဘူး” မိုရှားပြောလိုက်သည်။
“ဘာအခြေအနေတွေလည်း”
သူက သူနဲ့ပေါင်းစပ်ဖို့ကို အချိန်ကောင်းနဲ့ အခြေအနေစောင့်ရဦးမှာလား။
သူမ စိတ်တွင်တွေးနေသည်ကို မိုရှား နားလည်သဖြင့် ပြောလိုက်သည် “သူက အခုမဖြစ်နိုင်သေးဘူး မင်းရောပဲ”
“ငါ မဖြစ်သေးဘူးလား” ရှီမာယူယူ စိုက်ကြည့်လိုက်သည်။ သူ့စကားများသည် ဒွိဟဖြစ်စရာပင်။ သူမက ထိုလူမဖြစ်လို့တော်သေးသည် မဟုတ်လျှင် သူမ စိတ်ဖိစီးလို့သေတော့မည်။
“မင်း အားကောင်းဖို့လိုသေးတယ် မင်း အတင်းကြီးငါနဲ့ စာချုပ်ဖျက်မယ်ဆိုရင် မသေဘူးဆိုရင်တောင် မသန်မစွမ်းဖြစ်သွားလိမ့်မယ်” မိုရှား ပြောလိုက်သည်။
ရှီမာယူယူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အဲလောက်တောင် အန္တရာယ်များတာလား။ ဝူလင်းယူအတွက်လည်း မဖြစ်နိုင်သေးဟု သူပြောလိုက်သည်ကို စဉ်းစားမိပြီး မေးလိုက်သည် “ဒါဆို စီနီယာအစ်ကိုကရော ဘာလို့မဖြစ်နိုင်တာလဲ”
“သူ့အားက တိုးတာမြန်တယ်၊ ပြီးတော့ သူ့လိပ်ပြာက အားနည်းနေတယ်၊ အခု ငါ သူနဲ့ ပေါင်းစပ်လိုက်ရင် သူ အမှုန့်ဖြစ်သွားပြီး ငါလည်း ငါ့လိပ်ပြာအပြည့်အစုံဖြစ်တော့မှာမဟုတ်ဘူး” မိုရှားပြောလိုက်သည်။
ရှီမာယူယူ တိတ်သွားသည်။ သူတို့သည် လူကိုရှာတွေ့ပြီးဖြစ်သော်လည်း ပေါင်းစပ်၍မရပေ။
“ဒါဆို အခုငါတို့ဘာလုပ်ကြမလဲ” သူမ မေးလိုက်သည်။
“မင်းရဲ့ အားကိုမြင့်ပြီးရင် သူ့လိပ်ပြာကို အားပြည့်အောင်ကူညီပေး” မိုရှားပြောလိုက်သည်။
“သူ့လိပ်ပြာကို အားပြည့်အောင် လုပ်ပေးစေချင်တာလား” ရှီမာယူယူ သဘောမကျပေ “အဲလူက ငါ့ဆရာတူအစ်ကိုဆိုပေမယ့် မုန်းစရာကောင်းတယ်၊ ငါ မလုပ်ချင်ရင် ဘာဖြစ်မလဲ”
“မင်းမှာ ရွေးစရာမရှိဘူး” မိုရှား ပြောလိုက်သည်။
“တကယ်ကြီးလား…..ဘဝကြီးကလည်း ဆင်းရဲဒုက္ခတွေ ညဉ်းပန်းမှုတွေနဲ့ ပြည့်နေလိုက်တာ” ရှီမာယူယူ ညည်းညူလေသည် “ဆရာနဲ့ စီနီယာအစ်ကိုနဲ့ မင်းအကြောင်းအသိပေးလိုက်ရင် ဘယ်လိုဖြစ်မလဲ သိချင်တယ် သူတို့ကို ငါပြောလိုက်ရမလား”
“မင်းဘယ်လိုထင်လဲ” မိုရှားသည် မေးခွန်းပြန်ထုတ်သော်လည်း သူ့အသံမှာ မသေချာပေ။
“ဟူး သူတို့နှစ်ယောက်က ဒီလောက်ဉာဏ်ကောင်းတာ စီနီယာအစ်ကိုကို ငါ လိပ်ပြာအရည်ပေးဖို့ဆို ငါရိုးသားမှရမယ်” ရှီမာယူယူသည် သူမဆံပင်အားဖွလိုက်သောကြောင့် ရှုပ်ပွသွားလေသည်။
အဲဒီဝူလင်းယူသည် သူမအား အရင်ကတည်းက လာရှုပ်ထားသောသူဖြစ်သော်လည်း သူမ သူ့အားကယ်ခဲ့သေး သည်။ အရင်ကဆိုလျှင် သူမသည် သူ၏ ကယ်တင်ရှင်…ပြီးတော့ သူမအား ဆက်ဆံပုံကိုတွေးကြည့်လိုက်လျှင် ရူးသွားနိုင်သည်။
“ဟူး….” သူမ သက်ပြင်းချလိုက်သော်လည်း သူမစိတ်ထဲမှ မွမ်းကြပ်မှုမှာ ထွက်မသွားပေ။
တောင်ဘက်မှ အဘိုးနတ်ဆိုးအသံကြားသောအခါ သူပြန်လာသည်ကို သူမ သိလိုက်သည်။ သူမ မတ်တတ်ရပ်ကာ တောင်အောက်ဆင်းသွားလိုက်သည်။
“ယူယူ နင်ဘယ်သွားနေတာလဲ” ရှီမာယူယူပြန်လာသည်ကို မြင်သောအခါ ဘေဂုံထန် မေးလိုက်သည်။
“ငါတောင်ထိပ်သွားပြီး လေကောင်းလေသန့်သွားရှုတာ” ဘေဂုံထန်၏ စိုးရိမ်နေသော မျက်လုံးများကို မြင်သောအခါ သူမ အဆင်ပြေသည့် သဘောနှင့် ရှီမာယူယူ ခေါင်းရမ်းပြလိုက်သည်။
အဘိုးနတ်ဆိုးကို မြင်သောအခါ သူမ တိတ်တဆိတ် သက်ပြင်းချမိပြန်သည်။ သူ့တပည့်နှစ်ယောက်သည် နတ်ဆိုးမျိုးနွယ်နှင့် ပတ်သတ်မှုရှိသည်ကို သူသိပါက ဘယ်လိုတုန့်ပြန်မလဲ။
“မင်းပြန်လာပြီဆိုတော့ စလိုက်ကြအောင်” အဘိုးနတ်ဆိုးသည် ရှေးဟောင်းဆေးဖို ထုတ်ပြီး တောင်တစ်ဝက်တင်ပင် ဆေးစတင်ကျိုတော့သည်။
ရှီမာယူယူသည် အဘိုးနတ်ဆိုး ဆေးဖော်ရာတွင် လှုပ်ရှားသမျှကို အာရုံစိုက်ကြည့်နေသည်။ သတို့ အဆင့် ၉ ဆေးဖော်ခြင်းကို တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ သင်ယူစရာဖြစ်သည်။
သုံးယွမ်ဆေးဖော်ရန် ဆေးဖက်ဝင်ပစ္စည်း အမျိုးစုံ ၁၀၀ ကျော်လိုအပ်ကာ ထိုဆေးများမှာ ဝိညာဉ်ပါဝင်ရသည်။ ထိုဆေးသည် တခြားဆေးများထက် ဖော်ရန် ခက်ခဲသည်။
သို့သော် အဘိုးနတ်ဆိုး၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်လှသည်။ သူသည် ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီကို လွတ်လပ်စွာပစ်ထည့်သည်။ ထိုဆေးများ သေချာစွာ ပေါင်းစပ်သည် မပေါင်းစပ်သည်ကို ဂရုမစိုက်ပေ။ ထို့အပြင် သူ ပါဝင်ပစ္စည်းတစ်ခု သန့်စင်ပြီးတိုင်းတွင် ဝိညာဉ်စွမ်းအင်ထည့်ကာ သန့်စင်ရန် ပြန်မထုတ်တော့ပေ။
ဝိညာဉ်စွမ်းအင်ကို သုံး၍ အဆီအနှစ်အရည်ကို ဖော်စပ်ရန် အချိန်ရောက်လာသည်။ ဆေး၏ အာနိသင် နိုးထရမည်။ တစ်ခုချင်းစီသည် သပ်သပ်စီဖြစ်နေကာ မပေါင်းစပ်ရပေ။ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုအဆင့်သည် အဂ္ဂိရတ်ပညာရှင်အတွက် ခက်ခဲသည်။
“ဒီလိုလုပ်ရတာပဲ” ရှီမာယူယူသည် မေးစေ့အားကိုင်ကာ သူ၏ ထိန်းချုပ်မှု ပမာဏကို သင်ယူနေသည်။
အဘိုးနတ်ဆိုးသည် ပါဝင်ပစ္စည်းများကို ပေါင်းစပ်ပြီးနောက်တွင် ချည်နှောင်ခြင်းစတင်သည်။ ထို လုပ်ငန်းစဉ်မှာ နှေးသည်၊ ၃နာရီမှ ၄နာရီကြာမှပင် ပြီးစီးသည်။
အမှုန့်များကို ခဲစေသည့်အဆင့်တွင် အဘိုးနတ်ဆိုးသည် သာမာန်ကာလျှံကာဖြစ်သွားသည်။ သို့သော် သူ၏ လှုပ်ရှားမှုတိုင်းသည် ရှုပ်ထွေးမှုအသေးစားများ ဖြစ်ပေါ်နေသည်။ လှုပ်ရှားမှုတိုင်းတွင် ဝိညာဉ်စွမ်းအင် ကွဲထွက်ကာ နောက်ဆုံးတွင် ရှေးဟောင်းဆေးဖိုတွင် ဗလာဖြစ်သွားတော့သည်။ သူတို့နှစ်ယောက်သည် ရှုပ်ထွေးသွားသောကြောင့် သူလုပ်လိုက်သည့်အရာကို ကောင်းစွာ မမြင်လိုက်ရပေ။
သူ ဆေးဖော်သည်နှင့် ကောင်းကင်သည် ရုတ်တရက် မည်းလာသည်။ တိမ်တိုက်များသည် ကောင်းကင်တွင် အစုလိုက်ဖြစ်ပေါ်နေသည်။
“ဆေးမှောင်ကျခြင်း” ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အော်လိုက်ကြသည်။ သုံးယွမ်ဆေးဖော်စပ်ခြင်းသည် ကောင်းကင်တွင် မိုးကြိုးများဖြစ်ပေါ်စေသည်။ ထိုသည်မှာ ဆေး၏အဆင့်မှာ အနည်းဆုံး အဆင့် ၇ ရှိနေသည်ကို သက်သေပြနေသည်။
အဘိုးနတ်ဆိုးသည်လည်း ကောင်းကင်မှ တိမ်တိုက်များကို မြင်သည်။ သို့သော် သူ ဂရုမပြုပဲ ဆေးဆက်ဖော်နေသည်။
“ဆေးအနံ့ကတော့ထွက်လာပြီ” ရှီမာယူယူသည် ဆေးအနံ့အား ရှုရှိုက်ပြီး ပြောလိုက်သည်။
ဘေဂုံထန်သည်လည်း အနံ့ရသည်။ အနံ့တစ်ချက် ရှုရှိုက်လိုက်ရုံနှင့်ပင် သူမ လိပ်ပြာလန်းဆန်း သွားသည်ကို ခံစားရသည်။ သူမသည် ပြောမပြတတ်အောင် စိတ်အားရကာ ထိုဆေးစားလိုက်ခြင်း၏ အကျိုးသက်ရောက်မှုကို သိချင်မိသည်။
“တက်တော့”
အဘိုးနတ်ဆိုး အော်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်သည် အရှိန်နှင့် သုံးယွမ်ဆေးအား ကြပ်စည်း လိုက်ပြီးနောက် ဆေးဖိုအတွင်း အလျင်ဖြင့် ဝင်လေသည်။
မှောင်ကျသည့်အခိုက်တွင် မိုးကြိုးသုံးလုံးသည် သုံးယွမ်ဆေးအား တည့်တည့်ပင် ထိမှန်လေသည်။
“ဟူး” အဘိုးနတ်ဆိုးသည် အင်္ကျိလက်ဖြင့် ချွေးများသုတ်ကာ ဆေးကောက်ယူလိုက်ပြီး ထိုမျိုးကြိုးသုံးလုံးအား ညာဘက်လက်ဖြင့် လေးကြိမ်တိုက်ခိုက်ပြီး ဖျက်ဆီးလိုက်သည်။ နောက်ဆုံး ဦးတည်တိုက်ခိုက်သော အမှောင်တိမ်တိုက်သည်လည်း ပျက်စီးသွားတော့သည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် မျက်လုံးပြူးများဖြင့် ကြည့်နေကြသည်။ သူတို့သည် ပါးစပ်အဟောင်းသားဖြင့် အဘိုးနတ်ဆိုးအား စိုက်ကြည့်နေကြသည်။
“မိုက်လိုက်တာ” ရှီမာယူယူသည် တအံ့တသြဖြင့် ပြောလေသည်။
“ဝိညာဉ်စွမ်းအင်က အမှောင်တိမ်တိုက်ကို တိုက်ရိုက် နှင်ထုတ်နိုင်တယ်” ဘေဂုံထန်သည်လည်း ထိုကဲ့သို့ အံ့သြလောက်သော လူကို မမြင်ဖူးပေ။
သူမမျိုးနွယ်တွင်လည်း ထိုဆေးဖော်နိုင်သောသူ ရှိခဲ့ဖူးသည်။ သူမသည် သူ့အား အဝေးရှိ သူမအိမ်မှသာ စောင့်ကြည့်ခဲ့ရသည်။ ထိုအချိန်တွင် သူတို့သည် အမှောင်တိမ်တိုက်ကို ခုခံရန် ဝိညာဉ်လက်နက် ထုတ်လိုက်သော်လည်း အဘိုးနတ်ဆိုးသည် အမှောင်တိမ်တိုက်တိုက်ထုတ်ရန် သူ့ကိုယ်ပိုင် စွမ်းအင်ကိုသာ သုံးသွားလေသည်။
တကယ်ကိုပဲ…သန်မာတယ်။
အဘိုးနတ်ဆိုးသည် မြေပေါ်တွင်လဲသွားသည်။ သူသည် ကျောက်စိမ်းပုလင်းထုတ်ကာ ကျေနပ်မှု အပြည့်ဖြင့် ဆေးအားသိမ်းဆည်းလိုက်သည်။
“ဟားဟား ငါဒီတစ်ခါတော့ ငါ့ရဲ့အဓိကမစ်ရှင်ပြီးသွားပြီ” အဘိုးနတ်ဆိုးသည် အားရပါးရပြုံးကာ ပြောလိုက်သည်။
သူ ပျော်ရွှင်နေသည်ကို ရှီမာယူယူခံစားမိပြီး ဝူလင်းယူ၏အသက်ကို ဆွဲဆန့်နိုင်မည့်အတွက် ပျော်ရွှင်နေသည်ကို သူမ သိသည်။ သူသည် ဝူလင်းယူအား စကားပြောတိုင်း ကောင်စုတ်လေးဟု အမြဲခေါ်နေသော်လည်း စိတ်ထဲတွင် ထိုလူအား အမှန်အကန် ဂရုစိုက်သည်ကို ရှီမာယူယူ သတိထားမိသည်။
သူမသည် သူမ၏ နတ်ဆိုးညွှတ်လက်ကောက်အားထိပြီး အနည်းငယ်ပို ယုံကြည်ချက်ရှိလာသည်။
“ကောင်းပြီ ပြန်ရအောင်” အဘိုးနတ်ဆိုးသည် ဆေးဖိုအားသိမ်းပြီး ပြောလိုက်သည်။
“ဆရာ ဘာလို့ စီနီယာအစ်ကိုကို ဆေးမပေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဝူလင်းယူ အဆင်ပြေနေသည့်ပုံပေါ်ပေမယ့် သူ့အခြေအနေမှာ အလွန်ဆိုး၍ သူ့လိပ်ပြာမှာ အားနည်းနေသည်ကို သူမ သိသည်။
“ငါ အဲကောင်စုတ်လေးကို ဘယ်လိုသွားရှာမလဲ အဲဒီပညာရှိစံအိမ်တော်က ဟာတွေကို တွေ့ရင် ငါနေလို့မကောင်းဘူး” အဘိုးနတ်ဆိုးသည် ပြောရင်းနှင့် ကြည်လင်ကာတောက်ပနေသော ကျောက်တုံးအား ထုတ်လိုက်ပြီး ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ ကျောက်တုံးသည် အလင်းတန်းများ စတင်ထွက်ပေါ်လာသည်။
“ကောင်စုတ်လေး မင်း နဂါးတောင်ကိုသာ ပြန်တော့” သူသည် ကျောက်တုံးအား အော်လိုက်သည်။
ဝူလင်းယူ၏ အသံသည် ကျောက်တုံးမှ ချက်ချင်းပင် ထွက်လာသည် “အဘိုးကြီး ကျွန်တော် အခု အလုပ်များနေတယ်၊ ခဏနေရင် ကျွန်တော် ဆရာ့ကိုလာရှာမယ်”
ရှီမာယူယူ မျက်စိလည်သွားသည်။ ဒီကျောက်တုံးက ဘယ်လိုကျောက်တုံးလဲ။ အဝေးကြီကို တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်တာ ထူးဆန်းတယ်။
“မြန်မြန်လုပ် မဟုတ်ရင် မင်းရဲ့ စီနီယာအစ်ကိုကို ငါ ဒေါသထွက်မိတော့မယ်” အဘိုးနိတ်ဆိုးသည် ဒေါသဖြင့် ပြောလေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့” ရှီမာယူယူ အားရပါးရပြုံးပြီးပြောလိုက်သည်။
တစ်ဖက်တွင် ဝူလင်းယူသည် ရှီမာယူယူ၏ အသံကိုကြားပြီး သူမအားရပါးရပြုံးသည်ကို မြင်ယောင်လိုက်သည်။ သူသည် မဲ့ပြုံးပြုံးကာ “င့ါကို ကိုက်ချင်နေတုန်းလား”
ရှီမာယူယူ ဒေါသထွက်သွားသည်။ ဒီလူက သူမကို ဒီလိုပြောပြီး ထပ်ပြီးရန်ဖြစ်ချင်သေးတာလား။